အဝါရောင်ရေပုံးတွေရဲ့ အလယ်မှာ အမျိုးသမီးတစ်ဦးအလုပ်များနေပါတယ်။ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်ထဲမှာရှိတဲ့ ရေနံတွင်းဟောင်းတစ်ခုဆီက သွယ်ယူထားတဲ့ ရေပိုက်ထဲက ရေတွေကို ပုံးတခုစီမှာ ပြည့်သွားအောင် သူကသတိထားပြီး ဖြည့်နေတာပါ။
အဝါရောင်ရေပုံးတွေရဲ့ အလယ်မှာ အမျိုးသမီးတစ်ဦးအလုပ်များနေပါတယ်။ မကွေးတိုင်းဒေသကြီး၊
စေတုတ္တရာ မြို့နယ်ထဲမှာရှိတဲ့ ရေနံတွင်းဟောင်းတစ်ခုဆီက သွယ်ယူထားတဲ့ ရေပိုက်ထဲက
ရေတွေကို ပုံးတခုစီမှာ ပြည့်သွားအောင် သူကသတိထားပြီး ဖြည့်နေတာပါ။
"ဒါကရွာသူရွာသားတွေ နေ့စဉ်သောက်သုံး ရေအတွက် ရေခပ်ရတဲ့ပုံစံဖြစ်ပါတယ်။ ကြီးအုံကြီးဝ
ဆည်နားမှာရှိတဲ့ ရေနံတွင်းဟောင်းက ရေတွေကို အဲဒီနားမှာရှိတဲ့ ၁၀ ရွာလောက်က
အားထားနေရပြီး မသန့်ရှင်းတဲ့ ရေတွေကို သောက်သုံးနေရတဲ့ အခြေအနေပါ။ ရေအတွက်
လူတစ်ယောက်အမြဲထားပြီး အိမ်ရှင်မတွေအနေနဲ့ရေကို အဲဒီလိုပုံစံနဲ့ နေ့စဉ်ရှာရပါတယ်" ဟု
ပွင့်ဖြူမြို့နယ်အခြေစိုက် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာဖွံ့ဖြိုးရေး အစုအဖွဲ့က
ဦးညွန့်ဝင်းက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်တို့ဟာ အရင်ကသောက်သုံးရေအတွက် မုန်းချောင်းကို အဓိက
အားထားခဲ့ရတဲ့ ဒေသများဖြစ်ခဲ့ပြီး မုန်းချောင်းပေါ်မှာ ဆည်တည်ဆောက်မှုများကြောင့်
ရွှေ့ပြောင်းခံခဲ့ရတဲ့ ကျေးရွာတွေမှာ သောက်သုံးရေအခက်အခဲ ကြံုတွေ့နေရခြင်းဖြစ်တယ်လို့
ဆိုပါတယ်။
"မုန်းချောင်းပေါ်မှာ ဗူး(ဗူးဝ) ရေလှောင်တမံ၊ စေတုတ္တရာ (မုန်း) ရေလှောင်တမံ၊ ကြီးအုံကြီးဝ
ရေလှောင်တမံနဲ့ မယ်ဇလီရေလွှဲဆည်တွေ ရှိပါတယ်။ ကြီးအုံကြီးဝရေလှောင်တမံနဲ့ စေတုတ္တရာ
ရေလှောင်တမံတွေ တည်ဆောက်မှုအတွက် ၂၀၀၀ - ၀၁ ခုနှစ် လောက်မှာ ကျေးရွာပေါင်း ၃၁ ရွာ
လောက်ရွှေ့ပြောင်းခံခဲ့ရပါတယ်။ ရေကို တောင်အောက်ကနေ သယ်ရတယ်။ ရွာတွေက
တောင်ပေါ်ကို ရွှေ့ပေးထားရတယ် ဆိုတော့ အမြင့်ပေ ရ၀၀ လောက်ကို ရောက်နေတဲ့ ရွာတွေဆီ
ကို သယ်ရတာပါ။ မသယ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ အနေနဲ့ ပုံးတစ်ပုံး (လေး ဂါလန်)
လောက်ကို ကျပ် ၅၀၀ လောက်ပေးပြီး သယ်ရတယ်" လို့ ဦးညွန့်ဝင်းက ပြောပါတယ်။
မုန်းချောင်းပေါ်မှာ ဆည်တွေ တည်ဆောက်ပြီးနောက် ပွင့်ဖြူမြို့နယ်ထဲက စိုက်ပျိုးမြေဧက
ငါးသောင်းကျော်မှာလည်း စိုက်ပျိုးရေအခက် အခဲတွေနဲ့ ကြံုတွေ့နေရပါတယ်။
"စေတုတ္တရာရဲ့ အောက်ဘက်မှာ ရှိနေတဲ့ ပွင့်ဖြူမြို့နယ်ကလည်း ဆည်ရေသောက်ကို အဓိက
ထားပြီး စိုက်ပျိုးရတဲ့ဒေသပါ။ ဒါပေမဲ့ ရေလွှဲဆည်ရဲ့အဝမှာ ရေကြောင်းပြောင်းလဲပြီး၊
ရေထွက်ပေါက်တွေမှာ သောင်ထွန်း၊ နုန်းပို့ချတာတွေ ဖြစ်တယ်။ ဒီဆည်တွေ တည်ဆောက်ပြီး
မုန်းချောင်းက ရေအားတွေလည်း လျော့သွားတဲ့အတွက် မုန်းချောင်းလွင်ပြင်နဲ့ အနီးတစ်ဝိုက်က
ဧက ငါးသောင်းကျော်ကလည်း မြေအောက် ရေတွင်း ရ,၀၀၀ ကျော်ကို အားထားပြီး
စိုက်နေရပါတယ်" လို့ ဦးညွန့်ဝင်းက ပြောပါတယ်။
"ကျွန်တော်တို့ ဒေသဟာ အပူပိုင်းဇုန်မှာ ကျရောက်တာဖြစ်လို့ ဆည်ရေကို သောက်ပြီး စိုက်ပျိုး
ရတာတော့ မှန်ပါတယ်။ ဆည်တွေကြောင့် အကျိုးယုတ်တယ်လို့တော့ မပြောလိုပါဘူး။ လူမှုရေး
တာဝန်ယူမှု ပျက်ကွက်တာကိုပြောချင်တာပါ။ ၂၀၀၀ - ၂၀၀၁ လောက်တည်းက ဒီကိစ္စတွေ
ဖြစ်ခဲ့ပေမယ့် ဒီနေ့အထိ ဘယ်ဌာန၊ အဖွဲ့ အစည်းကမှ ဒီလူမှုရေးတာဝန်ယူမှု ပျက်ကွက်တဲ့
ကိစ္စတွေအတွက် စုံစမ်းပ့ံပိုးတာမျိုး မရှိသေးပါဘူး"လို့ ဦးညွန့်ဝင်းက ပြောသည်။
စေတုတ္တရာနှင့် ပွင့်ဖြူ မြို့နယ်က ဒေသခံများ ခံစားနေရသော အခြေအနေဟာ မြန်မာနိုင်ငံမှာ
ရေအရင်းအမြစ် ပေါကြွယ်ဝပေမယ့် နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားနဲ့ ရေရှည်ဖွံ့ဖြိုးမှုကို
အထောက်အကူပြုတဲ့ ဘက်စုံရေစီမံခန့်ခွဲရေး စနစ်ကို လက်တွေ့အသုံးပြုဖို့ လိုအပ်လျက်ရှိ
နေသေးတယ်ဆိုတဲ့ ပညာရှင်များရဲ့ သုံးသပ်ချက် ကို မီးမောင်းထိုးပြလိုက်တာပါပဲ။ မြန်မာနိုင်ငံရဲ့
အဓိကမြစ်ကြီးလေးစင်းဖြစ်တဲ့ ဧရာဝတီ၊ စစ်တောင်း၊ သံလွင်၊ ချင်းတွင်းမြစ်နဲ့ ၎င်းတို့ရဲ့
မြစ်လက်တက်တွေဖြစ်တဲ့ မင်းတုန်း၊ ယော၊ စလင်း၊ မန်း၊ မုံး၊ မြစ်ငယ်၊ စမုံ၊ ပန်းလောင်၊ ဇော်ဂျီ၊
မူးနဲ့ မြစ်သာစတဲ့ မြစ်လက်တက်တွေကနေ တစ်နှစ်ကိုရေချို ၁,၀၈၂ ကုဗကီလိုမီတာခန့်ရရှိတယ်
လို့ မတ်လက ထုတ်ပြန်ခဲ့တဲ့ အမျိုးသားရေမူဝါဒမူကြမ်းမှာ ဖော်ပြထားပါတယ်။
စီပွားရေးဖွံ့ဖြိုးလာခြင်း၊ လျင်မြန်စွာ တိုးတက်လာတဲ့ စက်မှုလုပ်ငန်းများ၊ မြို့ပြများနဲ့ လူဦးရေ
တိုးပွားလာမှုများကြောင့် ရေလိုအပ်မှုက လျင်မြန်စွာ တိုးတက်လျက်ရှိတယ်လို့လည်း
ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ရေနှင့် ဆိုင်တဲ့ စီမံအုပ်ချုပ်မှု ကိစ္စရပ်များဟာ ကာလကြာမြင့်စွာကပင်
အုပ်ချုပ်စီမံမှု စနစ်မကျခြင်း၊ စုစည်းမှုမရှိဘဲ ၀ိ၀ါဒအမျိုးမျိုးကွဲပြားနေတာတွေကြောင့် တိုင်းပြည်၏
နေရာအသီးသီးတွင် ပြဿနာများ ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီအခြေအနေတွေကို ဖြေရှင်းပေးနိုင်မယ့် ဘက်စုံ ရေစီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးဖို့
လိုအပ်နေကြောင်းလည်း ပညာရှင်အများအပြား ပါ၀င်ရေးဆွဲထားတဲ့ အဲဒီမူကြမ်းမှာ ဖော်ပြထား
ပါတယ်။
ကမ္ဘာနဲ့ အဝန်းရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ်ဖြစ်တဲ့ ရာသီဥတုပြောင်းလဲခြင်းကလည်း ရေကဏ္ဍ
နှင့်ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ပိုနက်ရှိုင်းလာစေပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်အတွက် အရေးကြီးတဲ့ မုတ်သုံမိုး ရရှိမှုတွေ
ဟာလည်း ၁၉၈၀ ပြည့်နှစ်ခန့်ကစပြီး ပြောင်းလဲလာတယ်လို့ မိုးလေဝသပညာရှင်
ဒေါက်တာထွန်းလွင်က ဆိုပါတယ်။
"မုတ်သုံကာလဟာ ၁၉၈၀ လောက်က စပြီး ရက်ပေါင်း ၄၀ လောက် လျော့သွားတယ်။ ဒါဟာ
မုတ်သုံမိုး ၃၀ ရာခိုင်နှုန်းလောက် လျော့သွားတာနဲ့ ညီမျှတယ်။ ဒါကြောင့် မြန်မာနိုင်ငံမြစ်တွေရဲ့
ရေအရင်းအမြစ်ဖြစ်တဲ့ မိုးရေရရှိမှုကလည်း လျော့နည်းနေပြီဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့
လေ့လာချက်တွေအရ အရပ်ဒေသတစ်ခုမှာအပူချိန်တွေဟာ ပုံမှန်ထက် တစ်ဒီဂရီစင်တီဂရိတ်
တိုးလာခဲ့ရင် အဲဒီအရပ်ဒေသမှာ ရေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ စတွေ့ကြရတယ်။ အပူချိန်ဟာ
နှစ်ဒီဂရီကျော်အောင် မြင့်တက်သွားရင် အဲဒီဒေသမှာရှိတဲ့ မြစ်တွေဟာ ခန်းခြောက်သွားတယ်။
၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကျော်အောင် မြင့်တက်သွားမယ်ဆိုရင် မြေအောက်ရေတွေဟာ
ဆုတ်သွားမှာ ဖြစ်ပါတယ်။ အပူချိန်ခန့်မှန်းချက်တွေကို တွက်တဲ့ နေရာမှာ ကမ္ဘာကျော်
အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အင်္ဂလန်နိုင်ငံက Hadley Center ရဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ
ထုတ်ပြန်ချက်အရ သက္ကရာဇ် ၂၁၀၀ မှာ တက်လာနိုင်တဲ့ အပူချိန်ခန့်မှန်းချက်တွေကို ထုတ်ပြန်တဲ့
အခါမှာ ဒီရာစုအကုန် နောင် ၈၆ နှစ်အကြာကျရင် မြန်မာနိုင်ငံမှာ ပုံမှန်ထက် ငါးဒီဂရီစင်တီဂရိတ်
တက်မယ်လို့ မှန်းထားပါတယ်" လို့ သူကပြောပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာတွေ၊ သစ်တောပြုန်းတီးမှု
တွေရဲ့ အကျိုးဆက်ဖြစ်တဲ့ နှုန်းပို့ချမှုတွေကြောင့် မြစ်တွေကောလာတာတွေကြောင့် ကုန်းတွင်း
ရေချိုမြစ်နဲ့ မြေအောက်ရေချိုတွေ ခိုအောင်းတဲ့ ကျောက်လွှာချပ်တွေဆီကို ဆားငန်ရေတွေ
တိုးလာမှုတွေ ဖြစ်ပေါ်လာပါတယ်။
မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ ဒီအခြေ အနေတွေကို ကြံုတွေ့နေရတယ်လို့ ရေမူဝါဒ
မူကြမ်းမှာဖော်ပြထားပါတယ်။
ရာသီဥတုပြောင်းလဲမှုနဲ့ ရေအရင်းအမြစ်ထိန်းသိမ်းမှု လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက်
ရေဝေရေလဲဒေသမှာရှိတဲ့ သစ်တောပြုန်းတီးမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်မှသာ
အောင်မြင်နိုင်လိမ့်မယ်လို့ သစ်တောသယံဇာတဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ
ဦးအုန်းက ဆိုပါတယ်။
"အခုကြံုတွေ့နေရတဲ့ ရေကြီးတာ၊ ဆိုင်ကလုန်း တိုက်တာစတဲ့ ဘေးတွေဟာ သစ်တောပြုန်းတီးမှု
တွေကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး ကြံုနေရတဲ့ သိသာတဲ့ အကျိုးဆက်တွေပဲ။ နာဂစ်ဖြစ်တဲ့
အချိန်မှာ ဧရာဝတီတိုင်းမှာရှိတဲ့ တောက ၈၀ - ၈၅ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီ။ သစ်တော
ပြုန်းတီးမှုတွေကြောင့် အပေါ်ယံ မြေဆီလွှာ ပြုန်းတီးမှုတွေဖြစ်ပြီး မြစ်တွေမှာ နုန်းပို့ချမှုတွေ
ဖြစ်တယ်။ ဆိုးလာရင်တော့ အောက်ခံမြေဆီလွှာ ပျက်စီးမှုတွေပါဖြစ်ပြီး မြေရဲ့ အရည်အသွေးက
လုံးဝပျက်စီးသွားမှာပဲ။ ရာသီဥတုအတွက်ရော၊ ရေကဏ္ဍအတွက်ရော အရေးကြီးတဲ့
ရေဝေရေလဲဒေသ ထိန်းသိမ်းရေးကို ထည့်မစဉ်းစားလို့တော့ မဖြစ်ဘူး" ဟု ဦးအုန်း က
ပြောပါတယ်။
ဘက်စုံရေစီမံခန့်ခွဲရေးစနစ်ဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိက သော့ချက်
တစ်ခုလည်း ဖြစ်တယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရဲ့ ပညာရှင်အဖွဲ့
အတွင်းရေးမှူး ဒေါ်ခင်နီနီသိန်း က ပြောပါတယ်။
"ရေကို စနစ်တကျ စီမံခန့်ခွဲမှု မရှိရင်ဖြစ်လာမယ့် အကျိုးဆက်တွေက ငြိမ်းချမ်းရေးကို
ထိခိုက်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေမှာ ရေကဏ္ဍလေးကို ဂရုမစိုက်ရင် ရှေ့ကလုပ်ထားတာတွေအားလုံး အလကား
ဖြစ်သွားပါလိမ့်မယ်" ဟု ဒေါ်ခင်နီနီသိန်းက ပြောသည်။
ရေကိုအကောင်းဆုံး ရေရည်အသုံးချနိုင်အောင် စီမံခန့်ခွဲခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို
တွန်းအားပေးဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်တဲ့ စွမ်းအင်ကဏ္ဍမှာတော့ မြန်မာနိုင်ငံရဲ့ လက်ရှိ
စွမ်းအင်ထုတ်လုပ်မှုရဲ့ ရ၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်ကနေ ထုတ်ယူနေတာဖြစ်ပြီး နိုင်ငံတွင်းမှာ
ထပ်မံတိုးမြှင့်ထုတ်လုပ်နိုင်မယ့် အလားအလာတွေရှိပေမယ့် ရေချိုအရင်းအမြစ် ထိန်းသိမ်းမှုနဲ့
စွမ်းအင်ထုတ်လုပ်မှုမှာ ဟန်ချက်ညီစေဖို့ သတိပြုဖို့တော့ လိုအပ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ
ရေမိတ်ဖက်အဖွဲ့ (အရှေ့တောင်အာရှ) ရဲ့ ဥက္ကဋ္ဌ ဦးလှဘော်က ပြောပါတယ်။
ရေမူဝါဒမူကြမ်းအရ ငွေကြေးမလုံလောက်မှု၊ နည်းပညာခေတ်နောက်ကျမှုနှင့် ရေအသုံးချမှုဆိုင်ရာ
မဟာဗျူဟာမရှိခြင်းကြောင့် မြန်မာနိုင်ငံဟာ တစ်နှစ်ကို နိုင်ငံတွင်းမှာရှိတဲ့ ရေကြွယ်ဝမှုရဲ့
ငါးရာခိုင်နှုန်းဖြစ်တဲ့ ၅၆ ကုဗကီလိုမီတာကိုသာ သုံးစွဲနိုင်သေးတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ စေတုတ္တရာမြို့နယ်က ကျေးရွာဒေသခံတွေဟာ သူတို့ရဲ့ နေ့စဉ်ရေ
လိုအပ်ချက်အတွက် ရွေးချယ်စရာမရှိတဲ့ လက်လှမ်းမီရာရေရင်းမြစ်ဆီကို ဆက်လက်
ခရီးနှင်နေရဆဲ ဖြစ်ပါတယ်။

















