စာရေးဆရာကြီး ဦးနု (၁၉၀၇ - ၁၉၉၅) ၏ လူထုအောင်သံပြဇာတ် စကားပလ္လင်နှင့် နောက်ခံသမိုင်း

စာရေးဆရာကြီး ဦးနု (၁၉၀၇ - ၁၉၉၅) ၏ လူထုအောင်သံပြဇာတ် စကားပလ္လင်နှင့် နောက်ခံသမိုင်း

'စကားပလ္လင်' (ယခု ကြွရောက်လာကြတဲ့ ပရိသတ်များ ခင်ဗျား၊ အင်မတန်အရေးကြီးတဲ့အတွက် ကျွန်တော့်ကို နှစ်မိနစ်လောက် စကားပြောခွင့်ပြုပါခင်ဗျာ။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ ယခုအခါမှာဆိုရင် လမ်းနှစ်ခွကို ရောက်နေပါပြီ။

'စကားပလ္လင်' (ယခု ကြွရောက်လာကြတဲ့ ပရိသတ်များ ခင်ဗျား၊ အင်မတန်အရေးကြီးတဲ့အတွက်
ကျွန်တော့် ကို နှစ်မိနစ်လောက် စကားပြောခွင့်ပြုပါခင်ဗျာ။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံ
တော်ကြီးဟာ ယခုအခါမှာဆိုရင် လမ်းနှစ်ခွကို ရောက်နေပါပြီ။

အဲဒီလမ်းနှစ်ခွအနက် တစ်လမ်းက အာဏာကို လက်နက်နဲ့ တိုက်ပြီးသိမ်းတဲ့ လမ်းဖြစ်ပြီး
တခြားတစ်လမ်းကတော့ အာဏာကို အာဏာ ပိုင်လူထုကြီးဆီက တရားသောနည်းနဲ့
တောင်းယူတဲ့ လမ်းဖြစ်ပါတယ်။

အာဏာကို လက်နက်နဲ့ တိုက်ယူပြီး သိမ်းရမယ်ဆိုတဲ့ ပထမလမ်းဟာ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ
အဖို့ အထူးအဆန်းလမ်းမဟုတ်ပါဘူး။

နှစ်ပေါင်းတစ်ထောင်လောက် ရှည်လျားခဲ့တဲ့ ကျွန်တော်တို့ရဲ့ ရာဇဝင်တစ်လျှောက်လုံးမှာ
ဒီလမ်းမကြီးဟာ ခေတ်စားခဲ့ပါတယ်။

အဲဒီလမ်းဆိုးကြီး ခေတ်စား လာခဲ့တဲ့အတွက် အာဏာရူးနေတဲ့ လူစုတွေလက်ထဲမှာ အဖေက
သားကို သတ်၊ သားက အဖေကို သတ်၊ အစ်ကိုက ညီကိုသတ်၊ ညီက အစ်ကိုကို သတ်၊ ဦးရီးက
တူကို သတ်၊ တူက ဦးရီးကို သတ်၊ လင်က မယားကို သတ်၊ မယားက လင်ကို သတ်။

အဲဒီလို တစ်ဦးက တစ်ဦးကို သတ်ပြီး အာဏာလုခဲ့ကြတာ နောက်ဆုံးမှာ တစ်မျိုးလုံး လုံးပါးပါးပြီး
သူတစ်ပါးရဲ့ ကျွန်ဖြစ်ရတဲ့ ဘဝအထိ ကျွန်တော်တို့ ထိုးဆင်းခဲ့ရပါတယ်။

ကျွန်မဖြစ်ခင် အဲဒီအာဏာရူးတွေရဲ့ လက်အောက်မှာ နေရစဉ်ကလည်း လူထုကြီးတစ်ရပ်လုံးဟာ
ရေတွေ့ရတဲ့ ကြာပန်းလိုလည်း လန်းလန်းဆန်းဆန်း မဟုတ်ပါဘူး။

အာဏာရူးတွေ အာဏာလုကြတဲ့အခါမှာ ရှုံးတဲ့ဘက်ကတော့ ပြေးနိုင်မှ လွတ်တာပဲ။ နိုင်တဲ့ဘက်
က သတ်ကြတဲ့အထဲမှာ မှန်တာတွေအများကြီးပါတာပဲ၊ မမှန်တာတွေကလည်း အများကြီး ပါသွား
ကြတာပဲ။

နောက်ပြီးတော့လည်း ဒီအာဏာရူးတွေဟာ လူထုဆီက အာဏာကို တောင်းပြီး တက်လာကြတာ
မဟုတ်တော့ လူထုကို ရိုသေလေးစားရမှန်း မသိကြဘူး။

လူထုရဲ့ အသက်နဲ့ စည်းစိမ်ကို ပုရွက်ဆိတ်ရဲ့ အသက်နဲ့ စည်းစိမ်လောက်လိုပဲ သဘောထားပြီး
ဘာမဟုတ်တာကလေးနဲ့လည်း လူတွေကို သတ်ချင် သတ်လိုက်တာပဲ။

ပစ္စည်းတွေကိုလည်း သိမ်းချင် သိမ်းလိုက်တာပဲ။ လူထုကြီးတစ်ရပ်လုံးဟာ ကျီးလန့်စာ စားရသလို
တထိတ်ထိတ် တလန့်လန့်နဲ့ နေကြရတာပဲ။ ဒီလိုသာ နေကြရတယ်။

ဒီအာဏာရူးတွေဟာ လူထုကောင်းကျိုးအတွက် ဘာလုပ်ပေးခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်လိုက်
တော့ မည်မည်ရရ လုပ်ပေးနိုင်တာရယ်လို့ မရှိပါဘူး။

ကိုယ်ကိုယ်တိုင်က အာဏာကို လုယူခဲ့ရတော့ ပြန်ပြီး လုယူခံရမှာစိုးလို့ အဲဒီအာဏာတည်မြဲဖို့
အတွက် သူလျှိုတွေ ထားရ၊ လက်မရွွံ့အာဏာသားတွေ မွေးရ၊ လူတွေ မကြောက်ကြောက်အောင်
ဖိရ၊ နှိပ်ရ ဆိုတဲ့ အလုပ်တွေကို လုပ်နေရတာနဲ့ အချိန်တွေ ကုန်နေတော့တာပဲ။

အခုလည်း ကျွန်တော်တို့ ပြည်ထောင်စု အတွင်းမှာ အာဏာကို လက်နက်နဲ့ သိမ်းရမယ်ဆိုတဲ့
အယူဝါဒဆိုးကြီးဟာ ပြန်ပြီးခေါင်းထောင်ထဖို့ အရှိန်ယူနေပါပြီ။

ဒီအယူဝါဒဆိုးကြီး ကျွန်တော်တို့ ပြည်ထောင်စုအတွင်းမှာ တည်မြဲတဲ့အခါ ဘယ်လိုနေကြရမယ်
ဆိုတာ မှန်းကြည့်နိုင်အောင်၊ ဒီလက်နက်ကိုင် အာဏာရူးသမားတွေရဲ့ လက်အောက်မှာ ဘယ်လို
ဘယ်ပုံ ဖြစ်နေကြရတယ်ဆိုတာကို ကျွန်တော် ခုံတင်ပြီး ပြပါ့မယ်။

ဒီခုံတင်ပြတာကလေးကို ကြည့်ပြီးတော့ ကြွရောက်လာကြတဲ့ ပရိသတ်အပေါင်းတို့က
လမ်းနှစ်ခွအနက် ဘယ်လမ်းကို လိုက်မယ်ဆိုတာ တိတိကျကျဆုံးဖြတ်နိုင်ကြပါစေဆိုတာ
ကျွန်တော်ဆုတောင်းလိုက်ပါတယ်။)

အထက်ဖော်ပြပါ 'စကားပလ္လင်' သည် ၁၉၅၂ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ်
တာဝန်ကို ထမ်းဆောင်နေစဉ်ကာလ၌ ၀န်ကြီးချုပ် ဦးနုရေးသားသည့် 'လူထုအောင်သံ' ပြဇာတ်ကို
စင်တင်ကပြသည့်အခါ၌ ၎င်းပြဇာတ် မစတင်မီ ၀န်ကြီးချုပ်ဦးနု ပြဇာတ်စင်ပေါ်တက်ရောက်ပြီး
ပွဲကြည့်ပရိသတ်များအား ပြောကြားခဲ့သော 'စကားပလ္လင်' ဖြစ်ပါသည်။

၁၉၄၇ - ၄၈ ခုနှစ်တွင် ပြည်သူလူထုကြီး တစ်ရပ်လုံးက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော
နိုင်ငံတော်၏ အမြင့်ဆုံးအာဏာပိုင် ရာထူးဖြစ်သည့် '၀န်ကြီးချုပ်' တာဝန်ကို ဒီမိုကရေစီ
နည်းလမ်းကျစွာ လက်ခံရယူခဲ့သော ဦးနုသည် မြန်မာနိုင်ငံတော်၏ အနာဂတ် နိုင်ငံရေး ကံကြမ္မာ
(သို့မဟုတ်) လက်နက်ဖြင့် ဗိုလ်ကျ အနိုင်ရယူအုပ်ချုပ်မည့် အာဏာရှင် အစိုးရအဖွဲ့ ပေါ်ပေါက်လာ
ပါက တိုင်းပြည်နှင့် တကွ ပြည်သူပြည်သားအားလုံး ဘဝအနေဆိုး နှင့် ဘေးဆိုး ကပ်ဆိုးများ
မလွဲဧကန် ကြံုတွေ့ရမည်ကို ၁၉၅၂ ခုနှစ်ကတည်းက နိုင်ငံရေး အမြော်အမြင်ကြီးမားစွာ
နိမိတ်ဖတ်၊ ဟောကိန်းထုတ် တင်ပြသွားခဲ့ပါသည်။

၀န်ကြီးချုပ်ဦးနု၏ မြန်မာ့နိုင်ငံရေးရှေ့ပြေး နိမိတ်ဖတ်ဟောစာတမ်းသည် ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီး
နေဝင်း အာဏာသိမ်းယူခဲ့သည့် ကာလမှသည် ၂၀၁၀ ပြည့်နှစ်အထိ ၄၈ နှစ်ကြာ သက်တမ်း
အတွင်း ပြည်သူအားလုံး ခါးသီးစွာ ကြံုတွေ့ခဲ့ရပြီး ဖြစ်ပါသည်။

၁၉၅၂ ခုနှစ်ကတည်းက ၀န်ကြီးချုပ်ဦးနု ရေးသားခဲ့သော 'လူထုအောင်သံ ပြဇာတ်' အဖွင့်
'စကားပလ္လင်' တင်စားပြောကြားချက်များသည် မြန်မာ့နိုင်ငံရေးအလှည့်အပြောင်း၌ ဧကန်အမှန်
ဖြစ်ခဲ့ပါပြီ။

လူထုအောင်သံ ပြဇာတ်နောက်ခံသမိုင်း ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်၊ တနင်္ဂနွေနေ့တွင် ၀န်ကြီးချုပ်
ဦးနု၏ နေအိမ်၌ ဦးနု၊ ဦးသန့် (နောင်သောအခါ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်)၊
ဦးသိန်းဟန် (ဆရာဇော်ဂျီ) တိုင်းပြုပြည်ပြု လွှတ်တော်ရုံး၊ အထူးအရာရှိ၊ ဦးမျိုးမင်း (အင်္ဂလိပ်စာ
ပါမောက္ခ)၊ ရုပ်ရှင်ဒါရိုက်တာ ဦးဉာဏ၊ မြို့မကျောင်းဆရာ ဦးဟိန်တို့ တွေ့ဆုံ၍ နိုင်ငံရေးအာဏာ
ကို လူထုနည်းဖြင့် မတောင်းယူဘဲ လက်နက်နည်းဖြင့် လုယူရန် ကြံစည်ခြင်းသည် မည်မျှ
ဆိုးရွားကြောင်းကို သရုပ်ဖော်သော ပြဇာတ်တစ်ပုဒ် ရေးသားပြုစုရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်။

၎င်းပြဇာတ် ဇာတ်လမ်းနှင့် ပတ်သက်၍ အချက်အလက်များ စုဆောင်းရန် ဦးသိန်းဟန် နှင့်
ဦးဉာဏတို့အား တာဝန်လွှဲအပ်လိုက်သည်။

ယင်းဇာတ်လမ်းအတွက် အခြေခံရမည့် အချက်ကြီး သုံးချက်မှာ -

(၁) လက်နက်နည်းဖြင့် အာဏာကို ရယူခဲ့သော 'နရသူမင်း' သည် လက်နက်နည်းဖြင့် ကျဆုံးရပုံ၊
(၂) လက်နက်နည်းဖြင့် အာဏာကိုရယူခဲ့သော 'ဖောင်းကားစားမောင်မောင်' သည်
လက်နက်နည်းဖြင့် ကျဆုံးခဲ့ရပုံ၊
(၃) အထက်ပါအကြောင်းနှင့် အကျိုးဆက် နွှယ်ခြင်းဟူသော ခေတ်နှင့် လျော်ညီသည့်
အခန်းတစ်ခန်း၊

ထိုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ၀န်ကြီးချုပ် ဦးနုသည် (ငြိမ်းချမ်းရေးနှင့် တည်တံ့ခိုင်မြဲရေး)
လုပ်ငန်းအတွက် မြစ်ဝကျွန်းပေါ်သို့ ခရီးလှည့် လည်စဉ် သင်္ဘောပေါ်တွင် အားလပ်ခွင့်ရတိုင်း
၎င်းပြဇာတ်ကို ရေးသားခဲ့သည်။

အလုပ်တာဝန်များ မအားမလပ်သည့်ကြားမှ အချိန်ယူပြီး ဆက်လက်ရေးသားခဲ့ရာ ၁၉၅၂ ခုနှစ်၊
စက်တင်ဘာလအတွင်း ရေးသားပြီးစီးသည်။

၎င်း'လူထုအောင်သံ' ပြဇာတ်စာမူကို ၀န်ကြီးချုပ်ဦးနုက (ဒီမိုကရေစီ ပြန့်ပွားရေးအသင်း)သို့
ပုံနှိပ်ထုတ်ဝေခွင့်ပြုခဲ့သည်။

စာအုပ် ရောင်း၍ရသော အမြတ်အစွန်းများကိုလည်း ထိုအသင်းကပင် ယူစေ၍ မူပိုင် စာရေးသူ
၀န်ကြီးချုပ် ဦးနုက ငွေကြေး တစ်ပြား၊ တစ်ချပ်မှ ယူခဲ့ခြင်း မရှိပါ။

လူထုအောင်သံပြဇာတ်ကို အမေရိကန်ပြည်ထောင်စု ဘရော့ဒ်ဝေးတွင် ရက်ရှည်ကြာ ကပြခဲ့ပြီး
အမေရိကန်ရုပ်ရှင်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ မြန်မာရုပ်ရှင်ဇာတ်ကားအဖြစ် လည်းကောင်း၊
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အဖြစ် လည်းကောင်း၊ ရုပ်ပြဇာတ်လမ်းအဖြစ် လည်းကောင်း၊
အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ လည်းကောင်း ကမ္ဘာ့နိုင်ငံအချို့သို့ ဖြန့်ချိခဲ့သည်။

ဤကား 'လူထုအောင်သံ ပြဇာတ်' ၏ နောက်ခံ သမိုင်းဖြစ်ပါသည်။

စာရေးဆရာကြီး ဦးနုသည် ၁၉၂၅ ခုနှစ်မှ ၁၉၈၄ ခုနှစ်အတွင်း ပြဇာတ်များ၊ ဇာတ်ညွှန်း၊ သမိုင်းရေး
အဘိဓာန်၊ ခရီးသွားစာပေ၊ ရုပ်စုံ အခြေခံသမိုင်း၊ မင်္ဂလာဂါထာတော်များ၊ ဗုဒ္ဓဘာသာတရားတော်၊
ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ်များအပါအဝင်
စုစုပေါင်းစာအုပ် တစ်ရာခန့်ကို ပြုစုရေးသားခဲ့သည်။

(၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ အသက် ၈၈ နှစ်အရွယ်တွင် စာရေးဆရာကြီး ဦးနု
ကွယ်လွန်အနိစ္စရောက်သည်။)



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021