လွှတ်တော်များကို တင်ပြထားတဲ့ 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို ၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
လွှတ်တော်များကို တင်ပြထားတဲ့ 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို
၂၀၁၂ ခုနှစ်၊ ဩဂုတ်လအတွင်းက ထုတ်ဝေခဲ့တဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ အကြံပြုတဲ့ သဘောနဲ့ စာရေးသူရေးသားခဲ့တဲ့ ဆောင်းပါး တစ်စောင်
လည်း ၂၀၁၂ ခုနှစ်၊ ဩဂုတ် ၃၁ ရက်ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်မှာ ပါရှိခဲ့ပါတယ်။
အဲဒီဥပဒေကြမ်းကို ယခင်ကျင်းပပြီးစီးသွားခဲ့တဲ့ အမျိုးသားလွှတ်တော်က အတည်ပြုခဲ့တယ်ဆိုတဲ့
သတင်းကိုလည်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖတ်ခဲ့ရတဲ့အတွက် အဲဒီဥပဒေကြမ်းကို ရှာဖွေတဲ့အခါ
မိတ်ဆွေရှေ့နေတစ်ဦးဆီက ရရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်က အတည်ပြုထားတယ်ဆိုတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆောင်းပါး
ရေးမယ်လို့ စိတ်ကူးနေတုန်း ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီကလည်း အဲဒီ ဥပဒေကြမ်း
ကို စိစစ်အတည်ပြုတယ်ဆိုတဲ့ သတင်းကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖတ်ရတဲ့အတွက်
ဒီဆောင်းပါးကို ရေးဖြစ်သွားပါတယ်။
ကြိုတင်ပြီး မေတ္တာရပ်ခံထားလိုတဲ့အချက်က တော့ ဒီဆောင်းပါးရေးရာမှာ အခြေခံတဲ့ ဥပဒေကြမ်း
ဆိုတာကို မိတ်ဆွေရှေ့နေဆီက ရရှိခဲ့တာဆိုတော့ အစစ်အမှန်ဟုတ် မဟုတ် အတိအကျ
မသိနိုင်တဲ့အတွက် အစစ်အမှန် မဟုတ်ဘူးဆိုရင်တော့လည်း သည်းခံခွင့်လွှတ်ကြဖို့ ဖြစ်ပါတယ်။
လက်ရှိ တရားမကျင့်ထုံး ဥပဒေရဲ့ ပုဒ်မ ၂၊ ပုဒ်မခွဲ (၄) ကို ပြင်ဆင်မည့် ဥပဒေကြမ်းပုဒ်မ ၂ နဲ့
ပတ်သက်လို့ စာရေးသူ ယခင်က ရေးခဲ့တဲ့ ဆောင်းပါးမှာ အခုလိုပြင်ဆင်ရန် မသင့်ကြောင်းနဲ့
ပြင်ဆင်မယ်ဆိုရင်လည်း တာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားနိုင်ဖို့ စာရေးသူရဲ့ အကြံပြုချက်
တချို့ကိုလည်း ရေးသားဖော်ပြခဲ့ပါတယ်။
အတည်ပြုထားတယ်ဆိုတဲ့ ဥပဒေမူကြမ်းမှာတော့ ပြင်ဆင်ချက် အနည်းငယ်မှအပ မူလက
သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်းပဲ ပါရှိနေတာကို တွေ့ရတဲ့အတွက် ဒီဥပဒေကြမ်းနဲ့
ပတ်သက်လို့ မူရင်းဥပဒေရဲ့ သမိုင်းကြောင်းကိုပါ ပြန်လှန်ပြီး အသေးစိတ်ဆွေးနွေးဖို့ ဖြစ်လာပါ
တော့တယ်။
ဥပဒေသမားများနဲ့ စိတ်ပါ၀င်စားသူ စာဖတ်သူများအနေနဲ့ စာရေးသူရဲ့ အမြင်တွေကို ဆင်ခြင်
စဉ်းစားသုံးသပ်တဲ့အခါ သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေကို ဖတ်ရှုလေ့လာဖို့ လိုမှာဖြစ်လို့
အောက်မှာ ဆက်လက် ဖော်ပြလိုက်ပါတယ်။
တရားမကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) ရဲ့ မူရင်းပြဋ္ဌာန်းချက်က အောက်ပါအတိုင်းဖြစ်ပါတယ် -
(4) "district" means the local limits of the jurisdiction of a principal civil Court of
original jurisdiction (hereinafter called a "District Court"), and includes the local
limits of the ordinary original civil jurisdiction of the High Court;
အထက်ပါ ပြဋ္ဌာန်းချက်ကို ၁၉၀၈ ခုနှစ်မှာ အစိုးရစာပုံနှိပ်တိုက်က ထုတ်ဝေခဲ့တဲ့ "၁၉၀၈ ခုနှစ်၊
တရားမကျင့်ထုံး ကိုဓဥပဒေ" (မြန်မာ ဘာသာပြန်)မှာ ယခုလို ဖော်ပြထားပါတယ် -
(၄) "စီရင်စုနယ်" ဆိုသည်မှာ ယခု အက်ဥပဒေတွင် "စီရင်စုနယ် ရုံးတော်" ဟူ၍ အမည်ခေါ်တွင်
စေမည့် မူလတရားမမှုများကို စီရင်ခွင့်အာဏာရအကြီးအကဲဖြစ်သော တရားမရုံးတော်က
စီရင်ပိုင်သည့် မြို့ရွာ ရပ်ကွက်နယ်နိမိတ်ကိုဆိုလိုသည်။
၎င်းစကားတွင် ဟိုက်ကုတ်လွှတ်တော်က မူလတရားမမှုများကို စီရင်ရမြဲအခွင့်အဏာရှိသည့် မြို့ရွာ
ရပ်ကွယ်နယ်နိမိတ်လည်း ပါ၀င်သည်။
(ရှေးခေတ်တုန်းက ယခုခေတ်အခေါ် 'ခရိုင်' ကို 'စီရင်စုနယ်' သို့မဟုတ် 'စီရင်စု' လို့ ခေါ်ပါတယ်။
'မြို့ရွာရပ်ကွက် နယ်နိမိတ်'ဆိုတာကတော့ "Local Limits" ကို မြန်မာပြန်ဆိုထားတာပါ။
ယခုခေတ်သုံးစကားအရဆိုရင်တော့ ဒေသ၊ သို့မဟုတ် နယ်မြေလို့ ပြောနိုင်ပါတယ်။)
အထက်ပါ အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းချက်ကို "တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ"
အရ အစားထိုးပြင်ဆင်မည့် ပုဒ်မ ၂၊ ပုဒ်မ ခွဲ (၄)ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
(၄) (4) "district" means the local limits of the jurisdiction of a principal Court of
original civil jurisdiction (hereinafter called a "District Court"), and includes the
local limits of ordinary original civil jurisdiction of a High Court of the Region or
a High Court of the State, or a Court of the Self-administered Division or a Court
of the Self-administered Zone;
ဒီနေရာမှာ ဆောင်းပါးရှည်သွားမှာ ဖြစ်ပေမယ့် မပြောရင်မဖြစ်လို့ ပုဒ်မ ၂(၄) မှာပါတဲ့
the ordinary original civil jurisdiction of the High Court (တရားလွှတ်တော်ရဲ့ သာမန်
ရမြဲ မူလ တရားမမှုစီရင်ပိုင်ခွင့်အာဏာ)ဆိုတာနဲ့ ပတ်သက်ပြီး နောက်ခံသမိုင်းကြောင်းကို
ဖော်ပြဖို့လိုမှာ ဖြစ်ပါတယ်။
ပထမအချက်က အဲဒီပြဋ္ဌာန်းချက်မှာပါတဲ့ "district" ဆိုတာ အခုခေတ်မှာ ခေါ်ဝေါ်သုံးစွဲနေကြတဲ့
'ခရိုင်' ကို ပြောတာ မဟုတ်ပါဘူး။
ရှေးခေတ်တုန်းက "District Court" (ခရိုင်တရားရုံး) လို့ ခေါ်ဝေါ်ခဲ့ကြတဲ့ တရားမရုံးတစ်ရုံးရဲ့
'စီရင်စုနယ်' တစ်နည်းအားဖြင့် 'စီရင်ပိုင်ခွင့် နယ်နိမိတ်' (local limits of civil jurisdiction)ကို
ဆိုလိုတာဖြစ်ပါတယ်။ ရှေးအခါတုန်းက (၁၉၇၄ ခုနှစ်မတိုင်မီအထိ) 'အရေးပိုင်' ခေါ် 'ခရိုင်ဝန်'
ကြီးမှူးအုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ 'ခရိုင်' (District) ဆိုတာရှိပါတယ်။
အဲဒီခရိုင်တိုင်းမှာ ရာဇဝတ်မှုကြီးများနှင့်၊ တရားမမှုကြီးများကို စီရင်ပိုင်ခွင့်ရှိတဲ့ 'ခရိုင်တရားမနှင့်
စက်ရှင် တရားရုံး' (Court of District and Sessions Judge) ဆိုတာ မရှိခဲ့ဘူး။
တချို့ဒေသတွေမှာ ခရိုင်ဝန်အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ခရိုင် နှစ်ခုကို ပေါင်းပြီးမှ ခရိုင်တရားမ
နှင့် စက်ရှင် တရားရုံးတစ်ရုံးရဲ့ 'စီရင်စုနယ်' (စီရင်ပိုင်ခွင့် နယ်မြေ) အဖြစ် သတ်မှတ်တာမျိုးတွေ
ရှိခဲ့ပါတယ်။
အဲဒီအချိန်က လူဦးရေနည်းသေးပြီး အမှုဦးရေလည်း နည်းသေးလို့ အဲဒီလိုလုပ်ခဲ့တာ ဖြစ်မှာပါ။
အဲဒါကို 'စက်ရှင်ခရိုင်' ဆိုပြီး အလွယ်နည်းနဲ့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာကိုလည်း ကြားသိခဲ့ရဖူးပါတယ်။
အဲဒီလို စက်ရှင်ခရိုင်ဖွဲ့တာမျိုးကို နမူနာ အဖြစ်ပြောရရင် အုပ်ချုပ်ရေးဆိုင်ရာခရိုင်နှစ်ခု ဖြစ်တဲ့
ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တို့ကိုပေါင်းပြီး 'စက်ရှင်ခရိုင်'တစ်ခုအဖြစ် ဖွဲ့ခဲ့တာရှိပါတယ်။
အဲဒီခရိုင်နှစ်ခုပေါင်း (စက်ရှင်ခရိုင်)တစ်ခု အတွက် ခရိုင်တရားမနှင့် စက်ရှင်တရားသူကြီး
တစ်ဦးတည်းကိုသာ ခန့်ထားပြီး ၁၅ ရက် တစ်ကြိမ်စီ၊ သို့မဟုတ် တစ်လမှာ တစ်ကြိမ်စီ ရုံးထိုင်
စေခဲ့တာကို အဲဒီဒေသမှာ စာရေးသူတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့အတွက် ကိုယ်တိုင်သိရှိခဲ့ရပါတယ်။
တခြားအလားတူစက်ရှင်ခရိုင်အချို့လည်း ရှိတယ်လို့ သိရပါတယ်။ ဥပမာ - (မသေချာပေမယ့်)
မြင်းခြံခရိုင်နှင့် ပခုက္ကူခရိုင်တို့ကို ပေါင်းပြီး 'စက်ရှင်ခရိုင်) တစ်ခုဖွဲ့ခဲ့တယ်လို့ ထင်ပါတယ်။
ဒုတိယအချက်အနေနဲ့ တရားမကျင့်ထုံး ဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (၄) ပါ "ခရိုင်တရားမ တရားရုံး
တစ်ရုံးက စီရင်ပိုင်ခွင့်ရှိသည့် 'စီရင်စုနယ်' ဆိုရာတွင် 'တရားလွှတ်တော်က သာမန်အားဖြင့် မူလ
တရားမမှု စီရင်ပိုင်ခွင့်အာဏာရှိသည့် နယ်နိမိတ်'လည်း ပါ၀င်သည်" ဆိုတဲ့ မူလ ပြဋ္ဌာန်းချက်နဲ့
ပတ်သက်ပြီးတော့လည်း သမိုင်းကြောင်းကို ပြန်ပြောဖို့ လိုမှာဖြစ်ပါတယ်။
ဒါကလည်း ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့အချိန်က အုပ်ချုပ်မှုဆိုင်ရာ နယ်မြေခွဲခြားသတ်မှတ်မှုနှင့်
သက်ဆိုင်ပါတယ်။
အဲဒီအချိန်တုန်းက ရန်ကုန်တိုင်း၊ ရန်ကုန်ခရိုင်ဆိုတာတွေ မရှိသေးဘူး။ အစိုးရ ရုံးစိုက်ခဲ့တဲ့
ရန်ကုန်မြို့ကြီးက ပထဝီမြေပုံအရ ပဲခူးတိုင်းအတွင်းမှာရှိခဲ့သော်လည်း အုပ်ချုပ်မှုအရ ပဲခူးတိုင်း
အောက်မှာ မရှိခဲ့ပါဘူး။
ယခု ရန်ကုန်တောင်ပိုင်း ခရိုင်လို့ခေါ်တဲ့ ဒေသတွေကို ယခင်က ဟံသာဝတီခရိုင်လို့ခေါ်ခဲ့ပြီး
အုပ်ချုပ်မှုအရ ပဲခူးတိုင်းအတွင်းမှာ ပါ၀င်ခဲ့ပါတယ်။
ယခု မြောက်ပိုင်းခရိုင်လို့ခေါ်တဲ့ ဒေသတွေကိုတော့ ယခင်က အင်းစိန်ခရိုင်လို့ခေါ်ခဲ့ပြီး အုပ်ချုပ်မှု
အရ ပဲခူးတိုင်းအတွင်းမှာပဲ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။
တရားမ တရားစီရင်မှုနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်လည်း အဲဒီတုန်းက ဟံသာဝတီခရိုင်နဲ့
အင်းစိန်ခရိုင်တို့မှာ ခရိုင်တရားမနှင့် စက်ရှင် တရားရုံးကိုယ်စီ ရှိခဲ့ကြပေမယ်လို့ အဲဒီခရိုင်တွေမှာ
ပါ၀င်ခြင်းမရှိတဲ့ ရန်ကုန်မြူနီစီပယ် နယ်နိမိတ်အတွက်ကတော့ အဲဒီလို ခရိုင်တရားရုံးမျိုး
မရှိခဲ့ (မထားခဲ့) ပါဘူး။
၁၈၈၇ ခုနှစ်မှာ The Small Cause Courts Act ကို အိန္ဒိယအက် ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပြီး
အဲဒီဥပဒေအရ တည်ထောင်တဲ့ Small Cause Courts (တန်ဖိုးနည်းသော တရားမမှုများကို
စစ်ဆေးသည့် တရားရုံးများ) နှင့် အောက်မြန်မာပြည် တရားရုံးချုပ်တို့က မိမိတို့
အာဏာအလျောက် ရန်ကုန် မြူနီစီပယ်နယ်နိမိတ်အတွင်း တရားမမှုတွေကို စစ်ဆေးခဲ့တာပါ။
၁၉၂၂ ခုနှစ်မှာတော့ ရန်ကုန်မြူနီစီပယ် နယ်နိမိတ်အတွင်း တရားမမှုများကို စစ်ဆေးဖို့အတွက်
The Rangoon City Civil Court Act ကို ပြဋ္ဌာန်းခဲ့ပြီး The Rangoon City Civil Court
(ရန်ကုန်မြို့တော်တရားမရုံး) ဆိုတာကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့အပြင် ၁၉၂၃ ခုနှစ်မှာ ရန်ကုန်
တရားလွှတ်တော်ကိုလည်း တည်ထောင်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ရန်ကုန် မြူနီစီပယ် နယ်နိမိတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တရားမမှုတွေကို Small
Cause Courts ရုံးများ၊ ရန်ကုန်မြို့တော်တရားမရုံးများနှင့် ရန်ကုန် တရားလွှတ်တော် (မူလဘက်
ဌာန) တို့က မိမိတို့ စီရင်ပိုင်ခွင့်အာဏာအလျောက် စစ်ဆေးခဲ့ကြပါတယ်။
ဆိုလိုတာက အဲဒီတုန်းက ရန်ကုန်တရားလွှတ်တော်က မူလစီရင်ပိုင်ခွင့်အာဏာ ကျင့်သုံးခွင့်ရှိခဲ့တဲ့
စီရင်ပိုင်ခွင့်နယ်မြေဟာ ရန်ကုန်မြူနီစီပယ် နယ်နိမိတ်အတွင်းမှာသာ ဖြစ်ခဲ့တဲ့အတွက် အဲဒီ
နယ်နိမိတ်ကိုလည်း တရားမကျင့်ထုံးဥပဒေပုဒ်မ ၂ (၄) အရ 'စက်ရှင်ခရိုင်' တစ်ခုအဖြစ်ထည့်သွင်း
သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီစနစ်က Rangoon City Civil Court Act ကို ရုပ်သိမ်းခဲ့တဲ့ ၁၉၇၃ ခုနှစ်အထိ တည်ရှိခဲ့တာ
ဖြစ်ပါတယ်။
အခုပြောခဲ့တာတွေကို ချုပ်ပြီးပြောရမယ်ဆိုရင် အိန္ဒိယနှင့် မြန်မာပြည်မှာ ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ်
အုပ်ချုပ်ရေးစနစ်အရ ခရိုင်ဝန်ကြီးမှူး အုပ်ချုပ်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်တိုင်းမှာ ခရိုင်တရားမရုံး
ဆိုတာ မရှိခဲ့ပါဘူး။
တချို့ဒေသတွေမှာ အုပ်ချုပ်ရေးခရိုင်နှစ်ခုပေါင်းပြီးမှ တရားမစီရင်ပိုင်ခွင့် နယ်မြေဒေသတစ်ခုအဖြစ်
သတ်မှတ်ပြီး ခရိုင်တရားမ တရားရုံးတစ်ရုံးတည်းကို ထားရှိခဲ့တာဖြစ်ပါတယ်။
ပြည်နယ် တစ်ခုရဲ့ အစိုးရရုံးစိုက်ရာမြို့တော် (မြန်မာပြည်နယ်အတွက် ရန်ကုန်မြို့) မှာတော့ ခရိုင်
တရားမရုံးဆိုတာမရှိဘဲ သက်ဆိုင်ရာပြည်နယ် မြို့တော်ရဲ့ မြူနီစီပယ် နယ်နိမိတ်အတွင်း ဖြစ်ပွားပြီး
တန်ဖိုးကြီးတဲ့ တရားမမှုကြီးများကို သက်ဆိုင်ရာ ပြည်နယ်တရားလွှတ်တော်က မူလစီရင်ပိုင်ခွင့်
အာဏာကို ကျင့်သုံးပြီး စစ်ဆေး စီရင်ခဲ့ပါတယ်။
အခုလို သမိုင်းကြောင်းကို ရှည်ရှည်ဝေးဝေး ပြန်ပြောနေရတာက အခုပြင်ဆင်မယ်လို့ အဆိုပြု
ထားတဲ့ တရားမကျင့်ထုံးဥပဒေပုဒ်မ ၂ (၄) နဲ့ပတ်သက်ပြီး အောက်မှာ ဆက်လက် ဖော်ပြမယ့်
အရေးကြီးတဲ့ အချက်တွေကို ထောက်ပြချင်လို့ ဖြစ်ပါတယ်။
(၁) အဲဒီခေတ်ကရှိခဲ့တဲ့ အင်္ဂလိပ်အုပ်ချုပ်ရေး စနစ်အရ ခရိုင်တရားမ တရားရုံးတစ်ရုံးရဲ့ စီရင်ပိုင်ခွင့်
နယ်နိမိတ်ကို အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်တစ်ခုရဲ့ နယ်နိမိတ်နှင့် ကွဲပြားခြားနားအောင် အဓိပ္ပာယ်
ဖွင့်ဆိုပေးဖို့ လိုအပ်တာကြောင့် "district" ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ် ဖွင့်ဆိုပေးရတာ
ဖြစ်ပါသည်။
(၂) အမှန်အားဖြင့် "District Court" ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုပေးရမှာ ဖြစ်ပေမယ့်
တရားလွှတ်တော်ရဲ့ တရားမမူလမှုစီရင် ပိုင်ခွင့်ရှိတဲ့ ရန်ကုန်မြို့တော် မြူနီစီပယ် နယ်နိမိတ်ကိုလည်း
စက်ရှင်ခရိုင်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုလိုတဲ့အတွက် ဓိငျအမငခအဓ ကို 'တည်ပုဒ်' အဖြစ်
အဓိပ္ပာယ်ဖွင့်ဆိုပေးခြင်း ဖြစ်တယ်ဆိုတာ သိသာနိုင်ပါတယ်။
(၃) "District Court" ကို 'တည်ပုဒ်' အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုမယ်ဆိုရင် တရားလွှတ်တော်၏
တရားမမူလမှုစီရင်ပိုင်ခွင့် ပါ၀င်စေရန် "District Court includes High Court" (ခရိုင်တရားမရုံး
ဆိုသော စကားရပ်တွင် တရားလွှတ်တော်လည်း ပါ၀င်သည်) ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုရမည့်
သဘောဖြစ်တော့ အဆင့်အတန်း မတူညီတဲ့ တရားရုံးနှစ်ခုကို တန်းတူထားပြီး အဓိပ္ပာယ်ဖွင့်ဆိုဖို့
မဆီလျော်တဲ့အတွက် "district" ကို 'တည်ပုဒ်' အဖြစ် အဓိပ္ပာယ်ဖွင့်ဆို ရခြင်းဖြစ်တယ်ဆိုတာ
သိသာနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စိစစ်သုံးသပ်ချက် တွေက တရားမကျင့်ထုံးဥပဒေပုဒ်မ ၂ (၄) နဲ့
ပတ်သက်လို့ ၁၉၇၃ ခုနှစ်မတိုင်မီက ရှိခဲ့တဲ့ အုပ်ချုပ်ရေးစနစ်အပေါ် အခြေပြုပြီး သုံးသပ်
ဖော်ပြချက်တွေ ဖြစ်ပါတယ်။
ဆက်လက်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း တည်ရှိနေတဲ့ အုပ်ချုပ်ပုံ စနစ်အရ အဲဒီပုဒ်မပါ
မူလပြဋ္ဌာန်းချက်ကို စိစစ် သုံးသပ်ကြည့်မယ်ဆိုရင် အောက်ပါအချက်များကို တွေ့ရှိရမှာ
ဖြစ်ပါတယ် -
(၁) ယခုအခါမှာ ခရိုင်တရားမနဲ့ စက်ရှင် တရားရုံးဆိုတာတွေ မရှိတော့လို့ သူတို့ရဲ့ စီရင်ပိုင်ခွင့်
နယ်နိမိတ်သတ်မှတ်ချက်ဖြစ်တဲ့ "district" ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုမှာ မဟုတ်တော့ပါဘူး။
လက်ရှိ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တည်ထောင်ထားတဲ့ ခရိုင်တရားရုံးတွေအနေနှင့်
သက်ဆိုင်ရာ ခရိုင် နယ်နိမိတ်အတွင်းမှာ စီရင်ပိုင်ခွင့်ရှိပြီးဖြစ်တယ်။
(၂) လက်ရှိ တရားစီရင်ရေးဥပဒေအရ ပြည်နယ်တိုင်းဒေသကြီး / ပြည်နယ်တရား လွှတ်တော်
အားလုံးရဲ့ မူလစီရင်ပိုင်ခွင့်အာဏာဟာ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်ရဲ့ မြူနီစီပယ်
(စည်ပင်သာယာရေး) နယ်နိမိတ်တွင် သာမက တော့ဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်
၏ နယ်နိမိတ်အပိုင်းအခြား တစ်ခုလုံးအတွင်း စီရင်ပိုင်ခွင့်ရှိနေတဲ့အတွက် တရားမ ကျင့်ထုံးဥပဒေ
ပုဒ်မ ၂ (၄) ရဲ့ မူလပြဋ္ဌာန်းချက်နဲ့ ယခုပြင်ဆင်ချက်ဥပဒေပါ ပြဋ္ဌာန်းချက် နှစ်ရပ်စလုံးဟာ လက်ရှိ
အခြေအနေနဲ့ မကိုက်ညီတော့တာကို တွေ့ရမှာဖြစ်ပါတယ်။
ဒါကြောင့် ပြင်ဆင်မယ့် ပုဒ်မ ၂ (၄) ထဲမှာ ပြည်နယ် တိုင်းဒေသကြီး တရားလွှတ်တော်တွေကို
ထည့်ထားတာဟာ မှားယွင်းမှု ဖြစ်မနေဘူးလား၊ သတင်းစာမှာပါတဲ့ မူလပြင်ဆင်ချက် ဥပဒေ
မှာတော့ တရားလွှတ် တော်တွေကို ထည့်ထားတာဟာ မှားယွင်းမှုဖြစ် မနေဘူးလား၊ သတင်းစာ
မှာပါတဲ့ မူလပြင်ဆင် ချက်ဥပဒေမှာတော့ တရားလွှတ်တော်တွေကို ထည့်ထားတာ မတွေ့ရပါဘူး။
အဲဒါက အမှန်ဖြစ် လိမ့်မယ်။ ဒါကြောင့် ပြင်ဆင်ချက်မှာပါတဲ့ "a High Court of the Region or
a High Court of the State or" ဆိုတဲ့ စကားရပ်ကို ဖြုတ်ပယ်ဖို့လိုမယ်။
(၃) အဲဒီပုဒ်မ ၂ (၄) ကို ပြင်ဆင်ချက်ထဲမှာ "a High Court of the Region or a High Court
of the State or a Court of the Self-administered Division or a Court of the Self-
administered Zone" ဆိုပြီး သုံးထားတယ်၊ အဲဒီမှာ အင်္ဂလိပ်သဒ္ဒါနည်းအရ 'article' သုံးစွဲပုံ
မှားနေတယ်ဆိုတာ စာရေးသူရဲ့ ယခင် ဆောင်းပါးမှာ ရှင်းပြခဲ့ပြီးဖြစ်လို့ ဒီမှာထပ်ပြီး မရှင်းလင်း
လိုတော့ပါဘူး၊ "a High Court of a Region a High Court of a State" လို့ သုံးရမှာ
ဖြစ်ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးက တစ်ရုံးတည်းသာရှိတဲ့အတွက် လက်ရှိအတိုင်း 'article'
အသုံးအနှုန်းမှန်ပေမယ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားရုံးကတော့ တစ်ရုံးထက် ပိုရှိတာ
ကြောင့် 'a Court of a self-administered Zone' လို့ ရေးမှ မှန်မယ်။
တည်ဆဲတရားမ ကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(၄)မှာ အဓိကအားဖြင့် "District Court" ရဲ့
ဝေါဟာရအဓိပ္ပာယ်ကို ဖွင့်ဆိုရမှာဖြစ်ပေမယ့် အဲဒီဝေါဟာရအစား ဘာကြောင့် "district" ဆိုတဲ့
ဝေါဟာရကို အဓိပ္ပာယ်ဖွင့်ဆိုရခြင်းဖြစ်တဲ့ အကြောင်းအထက်မှာ ဆွေးနွေးသုံးသပ်ပြခဲ့ပါပြီ၊ အဲဒီ
ပုဒ်မခွဲကို မပြင်ဘဲ လက်ရှိအတိုင်းထားမယ်ဆိုရင်လည်း တရားရုံးအဆင့်ဆင်ရဲ့ စီရင်ပိုင်ခွင့်နဲ့
ပတ်သက်လို့ ပြဿနာပေါ်ပေါက်ဖွယ် မရှိကြောင်းနဲ့ အဲဒီပုဒ်မခွဲကို ပြင်မယ်ဆိုရင်လည်း "District
Court" ကို အဓိပ္ပာယ်ဖွင့်ဆိုရမှာဖြစ်ကြောင်း စာရေးသူရဲ့ ယခင်ဆောင်းပါးမှာ တင်ပြခဲ့ပြီးဖြစ်တဲ့
အပြင် ပြင်ဆင်ရမည့် စာသားကိုပါ အဆိုပြုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ယခု ထပ်မံပြီး လက်ရှိတရားစီရင်ရေး ဥပဒေနဲ့ ကိုက်ညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ် အောက်ပါ
အတိုင်း အဆိုပြုဖော်ပြလိုက်ပါတယ် -
"District Court" means a district court established under the Union Judiciary Act.
"District Court" ကို အဓိပ္ပာယ်ဖွင့်ဆိုမည်ဆိုလျှင် "High Court" ကိုလည်း အဓိပ္ပာယ် ဖွင့်ဆိုဖို့
လိုအပ်မှာ ဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုရင် ယခင်က မြန်မာတစ်နိုင်ငံလုံးမှာ တရားလွှတ်တော်တစ်ခုတည်းသာ
ရှိခဲ့တာကြောင့် အဓိပ္ပာယ်ဖွင့်ဆိုပေးဖို့ မလိုအပ်ခဲ့သော်လည်း ယခုဖွဲ့စည်း အုပ်ချုပ်ပုံအရ
တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ တရားလွှတ်တော် တစ်ခုစီ ရှိနေတဲ့အတွက် High Court ရဲ့
အဓိပ္ပာယ်ကို ဖွင့်ဆိုပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
"High Court" ကို အောက်ပါအတိုင်း အဓိပ္ပယ်ဖွင့်ဆိုနိုင်ပါတယ် -
"High Court" means a High Court of a Region or a High Court a State, established
under the Union Judiciary Act.
ဒီဥပဒေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့အချက်တွေ ကျန်ရှိနေသေးတာကြောင့် နောက်တစ်ပတ်မှာ
ဆက်လက်ဆွေးနွေးပါဦးမယ်။
















