တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊နှင့် ပတ်သက်လို့ … (၂)

တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊နှင့် ပတ်သက်လို့ … (၂)

ယခင်တစ်ပတ်ကဆောင်းပါးမှာ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) ကို ပြင်ဆင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ နောက်ခံသမိုင်းကြောင်း တွေကို ပြန်ပြောနေရတာကြောင့် အဲဒီပုဒ်မ တစ်ခုတည်းနဲ့ ပတ်သက်တဲ့ ဝေဖန်ဆွေးနွေး ချက်တွေကိုသာ ဖော်ပြနိုင်ခဲ့ပါတယ်။

ယခင်တစ်ပတ်ကဆောင်းပါးမှာ တရားမကျင့်ထုံး ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၄) ကို ပြင်ဆင်မယ့်
ကိစ္စနဲ့ ပတ်သက်လို့ နောက်ခံသမိုင်းကြောင်း တွေကို ပြန်ပြောနေရတာကြောင့် အဲဒီပုဒ်မ
တစ်ခုတည်းနဲ့ ပတ်သက်တဲ့ ဝေဖန်ဆွေးနွေး ချက်တွေကိုသာ ဖော်ပြနိုင်ခဲ့ပါတယ်။

အခု ဆက်လက်ပြီး အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြောစရာရှိတာတွေကို ပြောရပါစေဦး။

တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နောင်မှာ 'ပြင်ဆင်ချက်ဥပဒေ' လို့ သုံးစွဲပါမယ်)
ပုဒ်မ ၂ မှာ ပုဒ်မခွဲ (၄ဗ) / (၄ - က) "Civil Court means a Court of civil Jurisidiction
(တရားမရုံးဆိုသည်မှာ တရားမမှု စီရင်ပိုင်ခွင့်ရှိသော ရုံးကိုဆိုသည်)" ဆိုတဲ့ ပုဒ်မခွဲတစ်ခုကို
ဖြည့်စွက်မယ်လို့ ဆိုပါတယ်။

တရားမကျင့်ထုံးဥပဒေမှာ မူလပြဋ္ဌာန်းချက်အရ ပုဒ်မ ၁၅၃ ခုသာ ပါရှိပြီး "civil Court" ဆိုတဲ့
စကားလုံးကို ပုဒ်မ တစ်ဒါဇင်လောက်မှာ သုံးစွဲထားတာကို တွေ့ရှိရပါတယ်။

အများဆုံး သုံးစွဲထားတဲ့ စကားလုံးကတော့ "Court" ဆိုတာ ပဲ၊ "c" ကို စာလုံးကြီးနှင့်
ရေးထားပေမယ်လို့ အဲဒီစကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိဘူး။ ဘာကြောင့်လည်း
ဆိုတော့ အဲဒီစကားလုံးပါတဲ့ ပုဒ်မတွေကို ဖတ်ကြည့်တာနဲ့ "Court" ဆိုတာ သက်ဆိုင်ရာ
တရားမမှုကို စစ်ဆေးနေတဲ့ တရားရုံးကို ဆိုလိုကြောင်း အလိုလို ရှင်းနေလို့ ဖြစ်ပါတယ်။

အမှုစစ် တရားရုံး မဟုတ်တဲ့အခြား 'တရားမရုံး' သို့မဟုတ် အဲဒီအချိန်က ရှိနေတဲ့
'ရာဇဝတ်တရားရုံး' (Criminal Court or a Court of a Magistrate) နဲ့ 'အခွန်တော် တရားရုံး'
(Revenue Court) ဆိုတာတွေနဲ့ ကွဲပြားခြားနားအောင် သုံးစွဲလိုတဲ့အခါမှာတော့ "a civil Court"
လို့ သုံးစွဲထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အဲဒီမှာ 'civil' မှာပါတဲ့ 'c' ကို စာလုံးကြီးနှင့် မရေးပါဘူး၊ သာမန်အဓိပ္ပာယ်အရ 'တရားမဆိုင်ရာ'
ဆိုတဲ့ အဓိပ္ပာယ်နှင့် သုံးစွဲထားခြင်းသာ ဖြစ်ပါတယ်။

ဥပဒေရေးဆွဲရာမှာ သာမန်အားဖြင့် လူ အများနားလည်နိုင်ပြီး ၀ိ၀ါဒကွဲစရာမရှိတဲ့ စကားလုံး
သို့မဟုတ် စကားရပ်ကို အဓိပ္ပာယ် သတ်မှတ်ချက်ပေးလေ့ မရှိပါဘူး။

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်က ပြဋ္ဌာန်းခဲ့တဲ့ တရားမ ကျင့်ထုံးဥပဒေမှာ "Court" နဲ့
"civil Court" ကို အဓိပ္ပာယ်ဖွင့်ဆိုပေးခြင်း မရှိခဲ့တာက လူအများနားလည်ပြီး အငြင်းမပွားနိုင်တဲ့
စကားလုံးတွေ ဖြစ်လို့ပါပဲ။

နှစ်ပေါင်းတစ်ရာ ကျော်အတွင်းမှာ အဲဒီစကားလုံးတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ပေါ်ပေါက်တဲ့
အတွက် စီရင်ထုံးဖွဲ့ပြီး ရှင်းလင်းခဲ့ရတာလည်း မရှိဘူးလို့ ထင်တာပဲ။

အဲဒီလို စီရင်ထုံးရှိခဲ့မယ်ဆိုရင်လည်း အဲဒီအချိန်ကစပြီး အဲဒီစကားရပ်တွေရဲ့ အဓိပ္ပာယ်က
ရှင်းနေပြီပေါ့။

ဒီတော့ ဥပဒေမှာ "civil Court" လို့ သုံးစွဲထားတာကို "Civil Court" ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုပေးဖို့
လိုမှာမဟုတ်ပါဘူး။

ပြင်ဆင်ချက်ဥပဒေ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ) နဲ့ (ဂ) တို့မှာ "President of the Union" ဆိုတဲ့
စကားရပ်ကို "Attorney-General of the Union" ဆိုတဲ့ စကားရပ်၊ "Chief Justice of the
Union" ဆိုတဲ့ စကားရပ်တို့နဲ့ အစားထိုး ပြင်ဆင်ရမယ်လို့ဆိုတယ်။

၁၉၇၄ ခုနှစ်မတိုင်မီက အုပ်ချုပ်ပုံစနစ်အရ အစိုးရ/အစိုးရအာဏာပိုင်က ထုတ်ဆင့်တဲ့
အမိန့်ကြော်ငြာစာအားလုံးကို နိုင်ငံတော်အကြီးအကဲဖြစ်တဲ့၊ ဘုရင်၊ ဘုရင်မ၊ သမ္မတ၊ ဥက္ကဋ္ဌဆိုတဲ့
ရာထူးအမည်တွေနဲ့ ထုတ်ပြန်ရတာဖြစ်လို့ အဲဒီခေတ်က ဥပဒေတိုင်းမှာ "The President /
နိုင်ငံတော် သမ္မတ" ဆိုတဲ့ စကားလုံး ပါရှိနေတာ ဖြစ်ပါတယ်။

ဒီကိစ္စက စကားရပ်များ အစားထိုးတဲ့ ဥပဒေနဲ့ဆိုင်တဲ့ ပြဿနာဖြစ်ပေမယ်လို့ လက်ရှိစကားရပ်များ
အစားထိုးတဲ့ ဥပဒေမှာ "The President / နိုင်ငံတော်သမ္မတ"ဆိုတဲ့ စကားရပ်ကို ရှေ့နေချုပ် /
တရားသူကြီးချုပ် ဆိုတဲ့ စကားရပ်တွေနဲ့ အစားထိုးနိုင်ကြောင်း ဖော်ပြမထားဘူး။

ဒီတော့ ၁၉၇၄ ခုနှစ်က နိုင်ငံတော်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ စကားရပ်များ အစားထိုးခြင်းဆိုင်ရာ
အမိန့်ကြော်ငြာစာ မှာလို The President / သမ္မတ' ဆိုတဲ့ စကားရပ် ကို အခြားသင့်လျော်ရာ
ရာထူးအမည်များဖြင့် ဆီလျော်သလို အစားထိုးခွင့်ရှိကြောင်း လက်ရှိ စကားရပ်များ အစားထိုးတဲ့
ဥပဒေကို ပြင်ဆင်ပေးမယ်ဆိုရင်တော့ ဒီဥပဒေအတွက်သာမကဘဲ အခြားဥပဒေပါကိစ္စများ
အတွက်ပါ အဆင်ပြေသွားနိုင်ပါတယ်။

နောက်ပြီး တည်ဆဲဥပဒေများမှာပါတဲ့ 'Government Pleader' ရဲ့ တာဝန်များကို ဥပဒေအရ
အရာရှိများက ဆောင်ရွက်ရမယ်လို့ ၁၉၇၃ ခုနှစ်လောက်က တရားရေးဝန်ကြီးဌာနက
အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ဖူးတာကို စာရေးသူ မှတ်မိနေတယ်။

လက်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေအရ၊ ရှေ့နေချုပ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ
ကို ခန့်ထားပြီး ဥပဒေရုံးအဆင့်ဆင့်ကိုလည်း တည်ထောင် ထားပြီးဖြစ်တဲ့အပြင် ပုဒ်မ ၃၆(င)
မှာလည်း တရားမမှုအမျိုးမျိုးမှာ နိုင်ငံတော်အတွက် ဥပဒေအရာရှိများက လိုက်ပါဆောင်ရွက်ရမယ်
လို့ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၂ (၇) ကို အလိုအလျောက်
ပြင်ဆင်ပြီး၊ သို့မဟုတ် လွှမ်းမိုးပြီး ဖြစ်သွားပါပြီ။

နောက်ပြီး တရားမကျင့်ထုံး ဥပဒေပုဒ်မ ၅၅ ကို ပြင်ဆင်မယ်ဆိုတဲ့ ကိစ္စမှာလည်း အဲဒီပုဒ်မပါ
အကြောင်းအရာက တရားရှုံးတစ်ဦးကို ဖမ်းဆီးခြင်း၊ ချုပ်နှောင်ထားခြင်းတို့နဲ့ သက်ဆိုင်တဲ့
ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။

အဲဒီကိစ္စတွေ အတွက် ၁၉၁၂ နှင့် ၁၉၂၂ ခုနှစ်က နိုင်ငံတော် သမ္မတ (တရားရေးဌာန) က
အမိန့်ကြော်ငြာစာများ ထုတ်ပြန်သတ်မှတ်ထားပြီးဖြစ်ကြောင်း တရားရုံးများ လက်စွဲအပိုဒ် ၂၇၉ နဲ့
၂၈၀ တို့မှာ ဖော်ပြထားပြီး ဖြစ်တာကို တွေ့ရပါတယ်။

ဒီကိစ္စက တရားစီရင်ရေး ကိစ္စမဟုတ်ဘူး၊ အုပ်ချုပ်ရေး ကိစ္စဖြစ်တဲ့အပြင် အကျဉ်းဌာနနဲ့
အကျဉ်းထောင်တွေကလည်း သမ္မတရဲ့ (ပြည်ထဲရေး ၀န်ကြီးဌာနရဲ့) အုပ်ချုပ်မှုအောက်မှာရှိနေတာ
ဆိုတော့ ပြည်ထောင်စုတရားသူကြီးချုပ်က ၀င်ပြီးအမိန့်ပေးလို့ အဆင်ပြေနိုင်ပါ့မလား ဆိုတာ
စဉ်းစားဖို့လိုပါမယ်။

ပြင်ဆင်ချက်ဥပဒေ၊ ပုဒ်မ ၄ မှာတော့ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (၁၅) ပါ 'Pleader'
ဆိုတဲ့စကားရပ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ဖို့ အဆိုပြုထားရာမှာ အဲဒီ ပုဒ်မခွဲမှာပါတဲ့
'the High Court' အစား 'The Supreme Court of the Union' ဆိုတဲ့ စကားလုံးကို
အစားထိုးဖို့ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အဲဒီလို အစားထိုးမယ်ဆိုရင် မူလက ပါရှိနေတဲ့ 'an advocate of the High Court' အစား
'an advocate of the Supreme Court' ဆိုပြီး ဖြစ်လာမယ်။

မြန်မာလိုဆိုရင်တော့ 'တရားလွှတ်တော်ချုပ်ရှေ့နေ' ပေါ့။ လက်ရှိဥပဒေများ အရဆိုရင်တော့
'တရားလွှတ်တော်ရှေ့နေ' ဆိုတာပဲရှိတယ်၊ တချို့ရှေ့နေတွေက သတင်းစာတွေမှာ
'တရားလွှတ်တော်ချုပ်ရှေ့နေ' ဆိုပြီး ဖော်ပြတာမျိုးရှိပေမယ့် လက်ရှိဥပဒေအရ ဆိုရင်တော့
'တရားလွှတ်တော်ရှေ့နေ' သာ ဖြစ်ပါတယ်။

မြန်မာပြည်မှာ ၁၉၄၈ ခုနှစ်က ၁၉၆၁ ခုနှစ်အထိ တရားလွှတ်တော်ချုပ် (Supreme Court)
ရှိခဲ့ပေမယ့် 'Advocate' ကို 'တရားလွှတ်တော်ချုပ်ရှေ့နေ' ဆိုပြီး မခေါ်ခဲ့ကြပါဘူး၊
'တရားလွှတ်တော်ရှေ့နေ' တွေပဲ ရှိခဲ့ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ 'Advocate' လို့ခေါ်တဲ့ 'တရားလွှတ်တော်ရှေ့နေ' ကိစ္စနဲ့ အဓိကသက်ဆိုင်တဲ့
ဥပဒေက The Bar Council Act ဆိုတာပဲဖြစ်ပါတယ်။

အဲဒီဥပဒေကိုလည်း ပြင်မယ်ဆိုပြီး ဥပဒေကြမ်းတင်ထားတာရှိတယ်။ စာရေးသူလည်း အဲဒီ
ဥပဒေကြမ်းကို ဝေဖန် ဆွေးနွေးတဲ့ ဆောင်းပါးရေးခဲ့ဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယတို့မှာ ပြည်နယ်တစ်ခုစီမှာ 'တရားလွှတ်တော်ရှေ့နေ ကောင်စီ'
တစ်ခုစီရှိသလို မြန်မာပြည်မှာလည်း တရားလွှတ်တော်ရှေ့နေဦးရေများတဲ့ တိုင်းဒေသကြီးတွေမှာ
'တရားလွှတ်တော်ရှေ့နေ ကောင်စီ' တစ်ခုစီ ထားရှိသင့်ကြောင်း အဲဒီ ဆောင်းပါးမှာ အကြံပြုခဲ့ပါ
တယ်။

အဲဒီဥပဒေ ကြမ်းမှာတော့ အဲဒီဥပဒေမှာပါတဲ့ 'High Court' အစား 'Supreme Court' ကို
ထည့်သွင်းဖို့ အဆိုပြုထားတယ်။

အဲဒီဥပဒေ အတည်ဖြစ်သွားမယ်ဆိုရင်တော့ အင်္ဂလိပ်လို 'Advocate' တွေဟာ မြန်မာလို
'တရားလွှတ်တော်ချုပ်ရှေ့နေ' ဖြစ်လာမှာပေါ့၊ အခုထိတော့ မဖြစ်သေးဘူး။

အဲဒီလို မဖြစ်သေးခင်မှာ အခုဖော်ပြခဲ့သလို တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်မယ်ဆိုရင် လက်ရှိ
ဥပဒေနဲ့ ကိုက်ညီမှာ မဟုတ်ဘူး။

ပြင်ဆင်ချက်ဥပဒေ၊ ပုဒ်မ ၅ ကတော့ တရားမ ကျင့်ထုံးဥပဒေ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(၁၇)၊ ပုဒ်မခွဲငယ်(ခ)
ပါ ယခင်ခေတ်အခေါ် Indian Civil Service (ICS) သို့မဟုတ် Burma Civil Service, Class I
(BCS - Class I)ဆိုတဲ့ စကားရပ်များကို 'every gazetted officer and the superior officer
of the Civil Services' ဆိုတဲ့စကားရပ်နဲ့ အစားထိုး ပြင်ဆင်ဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့လည်း စာရေးသူရဲ့ ယခင် ဆောင်းပါးမှာ ဝေဖန်ဆွေးနွေးခဲ့ပြီးပါပြီ၊ လိုရင်း
အချက်ကိုပဲ ပြန်လည်ဖော်ပြပါဦးမယ်။

စာရေးသူတို့ အလုပ်ဝင်ခါစ ၁၉၆၁ ခုနှစ် ကနေ ၁၉၇၂ ခုနှစ်လောက်အထိ အခြေခံလစာနှုန်း
၃၅၀ - ၂၅ - ရ၀၀ ရရှိတဲ့ အရပ်ဘက် အရာရှိများကို ပြန်တမ်းဝင်အရာရှိဖြစ်တယ်လို့ နားလည်ခဲ့
ကြပါတယ်။

နောက်ပိုင်းမှာ လစာနှုန်းတွေက အကြိမ်ကြိမ် ပြောင်းလဲခဲ့တာကြောင့် အခုဆိုရင် လစာနှုန်း
ဘယ်အဆင့်ဟာ ပြန်တမ်းဝင်အရာရှိ (gazetted officer) ဖြစ်တယ် ဆိုတာကိုတောင်
မသိရတော့ပါဘူး။

နောက်ပြီး 'superior officer' ဆိုတာက ပိုပြီးမရေရာတဲ့ စကားရပ်ပဲ၊ အဲဒီစကားရပ်ကို အဓိပ္ပာယ်
သတ်မှတ်ပေးခြင်းမရှိရင် ဘယ်အဆင့်ရှိတဲ့ အရာရှိကို ဆိုလိုတာလဲဆိုတာက ပြဿနာ ဖြစ်ပြန်ပြီ။

အဲဒီစကားရပ်က ပြန်တမ်းဝင်အရာရှိရဲ့ အထက်အဆင့်ရှိတဲ့ အရာရှိကို ရည်ညွှန်းတာဖြစ်မယ်ဆိုရင်
တော့ စာရေးသူရဲ့ ယခင် ဆောင်းပါးမှာ ပြင်ဆင်ချက် ဥပဒေပါ လက်ရှိ သုံးစွဲထားတဲ့
စကားရပ်အစား  'every gazetted officer or every officer higher in rank than a
gazetted officer' ဆိုပြီး သုံးစွဲဖို့ အကြံပြုထားတာ ရှိပါတယ်။

'ပြန်တမ်း ၀င်အရာရှိ သို့မဟုတ် ၎င်းအဆင့်ထက်ကြီးတဲ့ အရာရှိ' ကို ဆိုလိုတာပါ။

နောက်ပြီး တပ်မတော်ရာထူး အခေါ်အဝေါ်များနဲ့ ပတ်သက်လို့လည်း မူရင်းပြဋ္ဌာန်းချက်မှာ 'every
commissioned or gazetted officer in the military, naval or air forces'လို့ ဖော်ပြထား
တာပဲ၊ တပ်မတော်က လက်ရှိ သုံးစွဲနေတဲ့ အခေါ်အဝေါ်တွေနဲ့ ကွဲပြားခြားနားစရာ အကြောင်း
မရှိပါဘူး။

အားလုံးခြံုပြီး ပြောရမယ်ဆိုရင်တော့ ပြင် ဆင်ချက်ဥပဒေပုဒ်မ ၅ မှာ ဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်
တွေကို မပြင်ဘဲ လက်ရှိအတိုင်း ထားရင်လည်း ဘာပြဿနာမှ မပေါ်ပေါက် နိုင်ပါဘူး။

ပြဿနာတစ်ခုခု ပေါ်ပေါက်မယ် ဆိုရင်လည်း စီရင်ထုံးဖွဲ့ပြီး ဖြေရှင်နိုင်မှာ ဖြစ်ပါတယ်။

ပြင်ဆင်ချက်ဥပဒေ၊ ပုဒ်မ ရ အရ၊ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၂၃ မှာ ပုဒ်မခွဲ (၃) အဖြစ်
ဖြည့်စွက်ဖို့ အဆိုပြုထားတာပါ။

ပုဒ်မ ၂၃ က ပုဒ်မ ၂၂ ရဲ့အဆက်ဖြစ်လို့ ပုဒ်မ ၂၃ ကို ပုဒ်မ ၂၂ နဲ့ ပူးတွဲဖတ်ရှုရမှာ ဖြစ်ပါတယ်။

ပုဒ်မ ၂၂ က အမှုကို ရုံးပြောင်းပေးရန် တရားပြိုင်ရဲ့ လျှောက်ထားခွင့်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်
ဖြစ်ပါတယ်။

တရားမမှုတစ်မှုကို တရား ရုံးနှစ်ရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ကိစ္စမှာ တရားလိုက အဲဒီ တရားရုံးနှစ်ရုံး
အနက် တစ်ရုံးရုံးမှာ သူ့အမှုကို စွဲဆိုထားရင် အဲဒီအမှုကို အခြားတစ်ရုံးသို့ ပြောင်းပေးဖို့
တရားပြိုင်က လျှောက်ထားခွင့် ရှိပါတယ်။

အဲဒီလိုလျှောက်ထားရာမှာ အဲဒီအမှုကို စီရင်ပိုင်ခွင့်ရှိတဲ့ မူလရုံး နှစ်ရုံးဟာ အယူခံရုံးတစ်ရုံးတည်းရဲ့
လက်အောက်ခံ ရုံးများဖြစ်ရင် အဲဒီအယူခံရုံးမှာ လျှောက်ထားရမှာ ဖြစ်ပြီး မူလရုံးနှစ်ရုံးဟာ
အယူခံရုံး တစ်ရုံးတည်းရဲ့ အောက်မှာမရှိဘဲ ကွဲပြား ခြားနားတဲ့ အယူခံရုံး တစ်ရုံးစီရဲ့ အောက်မှာ
ရှိနေမယ်ဆိုရင်တော့ (မူလက ရန်ကုန်မြို့မှာ တစ်ခုတည်းသာရှိခဲ့တဲ့) တရားလွှတ်တော်သို့
လျှောက်ထားရမှာဖြစ်တယ်လို့ ပုဒ်မ ၂၃ မှာ ဆက်လက်ပြဋ္ဌာန်းထားပါတယ်။

အထက်မှာဖော်ပြထားတဲ့ ပြဋ္ဌာန်းချက်က အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် မြန်မာပြည် ပါ၀င်နေတဲ့
အချိန်က ပြဋ္ဌာန်းခဲ့တဲ့ မူလပြဋ္ဌာန်းချက်အတိုင်း မဟုတ်တော့ဘူး။

အိန္ဒိယနိုင်ငံမှာ မြန်မာပြည်နယ်အပါအဝင် ပြည်နယ် တိုင်းအတွက် တရားလွှတ်တော်တစ်ခုစီရှိတဲ့
အချိန်က ပြဋ္ဌာန်းချက်ကို မြန်မာနိုင်ငံလွတ် လပ်ရေးရတဲ့အခါ တရားလွှတ်တော် တစ်ခုတည်းသာ
ရှိတဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် မူလ ပြဋ္ဌာန်းချက်ပါ ပုဒ်မခွဲ (၃) ကိုဖြုတ်ပယ်ပြီး ပုဒ်မခွဲ (၂) ကို
အနည်းငယ်ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

မူလပြဋ္ဌာန်းချက်အရ၊ သက်ဆိုင်တဲ့ မူလရုံးနှစ်ရုံးဟာ ကွဲပြားခြားနားတဲ့ အယူခံရုံး တစ်ရုံးစီရဲ့
အောက်မှာရှိနေသော်လည်း တရားလွှတ်တော်တစ်ခုတည်းရဲ့ အောက်မှာရှိနေရင် ရုံးပြောင်း
လျှောက်လွှာကို အဲဒီတရားလွှတ်တော်သို့ တင်သွင်း ရမှာဖြစ်ပါတယ်။

ဒီအထိကတော့ မြန်မာနိုင်ငံ ဥပဒေဟာ မူလပြဋ္ဌာန်းချက်နဲ့ ခြားနားတယ်လို့ မဆိုနိုင်သေးဘူး။

ဒါပေမဲ့ မူလရုံးနှစ်ရုံးဟာ မတူညီတဲ့တရားလွှတ်တော် တစ်ခုစီရဲ့ အောက်မှာ အသီးသီးရှိနေမယ်
ဆိုရင်တော့ အမှုစွဲဆိုထားတဲ့ မူလရုံးရဲ့ အထက်အယူခံ ရုံးဖြစ်တဲ့ တရားလွှတ်တော်မှာ
လျှောက်ထားရမယ်လို့ ပုဒ်မ ၂၃ ရဲ့ ပုဒ်မခွဲ (၃) အဖြစ် မူလက ပြဋ္ဌာန်းထားတဲ့အချက်က လက်ရှိ
မြန်မာနိုင်ငံ ဥပဒေမှာ ပါ၀င်ခြင်းမရှိတော့ဘဲ ယခင်ခေတ်က အခြေအနေအရ ဖြုတ်ပယ်ထားခဲ့ခြင်း
ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ တရားလွှတ်တော်
တစ်ခုစီကို တည်ထောင်ထားပြီးပြီ ဆိုတော့ အနေအထားချင်းကတော့ အိန္ဒိယနဲ့ တူညီသွားပြီ
ဖြစ်လို့ တရားမကျင့်ထုံးဥပဒေရဲ့ မူလပြဋ္ဌာန်းချက်အတိုင်း ပုဒ်မ ၂၃ မှာ ပုဒ်မခွဲ (၃) ကို ပြန်ထည့်ရင်
ဖြစ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။

ပုဒ်မ ၂၃၊ ပုဒ်မခွဲ (၃) ရဲ့ မူလပြဋ္ဌာန်းချက်ကို အိန္ဒိယဥပဒေကျမ်းပြု ဆရာများ ရေးသားတဲ့
တရားမကျင့်ထုံး ဥပဒေစာအုပ်များမှာ တွေ့ရှိနိုင်ပါတယ်။

အဲဒီပြဋ္ဌာန်းချက်အရ၊ ရုံးပြောင်းလျှောက်လွှာကို မူလရုံးရဲ့ အထက် အယူခံရုံးဖြစ်တဲ့
တရားလွှတ်တော်မှာတင်သွင်း ရမှာဖြစ်ပြီး အဲဒီတရားလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို
မကျေနပ်ရင်တော့ ပြည်ထောင်စု တရားစီရင်ရေး ဥပဒပုဒ်မ ၁၃ အရ ပြင်ဆင်မှု လျှောက်ထားခွင့်
ရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုပြင်ဆင်ချက်ဥပဒေမှာက သက်ဆိုင်ရာ တရားလွှတ်တော်မဟုတ်ဘဲ
'တရားလွှတ်တော်ချုပ်' ကို လျှောက်လွှာတင်ပြရမယ်လို့ ဆိုပါတယ်။

အလားတူပဲ ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၈ မှာလည်း တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂၄ အရ အမှုကို
ရုံးပြောင်းတဲ့ကိစ္စမှာ တရားလွှတ်တော်ချုပ်ကို ထည့်ထားပြန်တယ်။

အမှုကို ရုံးပြောင်းပေးတဲ့ အလုပ်လောက်ကို တရားလွှတ်တော်ချုပ်ကြီးက လုပ်မှာပါလား၊ အဲဒီလို
လုပ်ဖို့ လိုအပ်ပါသလား။

တရားမကျင့်ထုံး ဥပဒေကို ပြဋ္ဌာန်းတဲ့အချိန်တုန်းက အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ တရားလွှတ်တော်ချုပ်
ဆိုတာ မရှိသေးလို့ လက်ရှိအတိုင်း ပြဋ္ဌာန်းထားတာလို့ ဆိုနိုင်ပေမယ်လို့ အိန္ဒိယရော မြန်မာနိုင်ငံပါ
လွတ်လပ်ရေးရပြီးလို့ တရားလွှတ်တော်ချုပ်တွေကို တည်ထောင်ခဲ့ကြပေမယ့်လည်း အမှုရုံး
ပြောင်းတဲ့အလုပ်ကိုတော့ တရားလွှတ်တော်ချုပ်တွေက မလုပ်ခဲ့ပါဘူး။

ဆွေးနွေးဖို့အချက်တွေ ကျန်နေသေးတာကြောင့် ဆက်လက်ဆွေးနွေးပါဦးမယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021