၁၉၄၇၊ ဇူလိုင် ၁၉ ရက်နေ့။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံ ဆာဟူးဗတ်ရန့်စ်၏ တာဝန်ပေးချက်အရ မြန်မာနိုင်ငံယာယီ အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်အဖြစ် ဘုရင်ခံ အတိုင်ပင်ခံကောင်စီ အထူးဥက္ကဋ္ဌဖြစ်သူ ဦးနု အား တာဝန်အပ်နှင်းခဲ့သည်။
၁၉၄၇၊ ဇူလိုင် ၁၉ ရက်နေ့။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံ
ဆာဟူးဗတ်ရန့်စ်၏ တာဝန်ပေးချက်အရ မြန်မာနိုင်ငံယာယီ အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်အဖြစ်
ဘုရင်ခံ အတိုင်ပင်ခံကောင်စီ အထူးဥက္ကဋ္ဌဖြစ်သူ ဦးနု အား တာဝန်အပ်နှင်းခဲ့သည်။
၁၉၄၇၊ ဩဂုတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တာဝန်ယူဆောင်ရွက်ခဲ့သော
'အောင်ဆန်း-အက်တလီ' စာချုပ်အတွက် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၊ ဒေါင်းနင်းလမ်း အမှတ် ၁၀ ၌
နန်းရင်းဝန် ရစ်ချတ်အက်တလီနှင့် မြန်မာနိုင်ငံ ယာယီအစိုးရဝန်ကြီးချုပ် ဦးနုတို့ 'နု - အက်တလီ'
စာချုပ်သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
၁၉၄၈၊ ဇန်နဝါရီ ၃ ရက်တွင် တိုင်းပြုပြည်ပြု လွှတ်တော်က ဦးနုအား မြန်မာနိုင်ငံ၏ ပထမဦး
ဆုံးသော ၀န်ကြီးချုပ်အဖြစ် အာဏာအပ်နှင်းခဲ့သည်။
၄ ရက်နေ့တွင် ၀န်ကြီးချုပ် တာဝန်စတင် ထမ်းဆောင်။
ဦးနု ၀န်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းရွက်နေဆဲမှာပင် ဗိုလ်ချုပ်နေဝင်းတို့ စစ်အုပ်စုက
အာဏာသိမ်းတော့မည်ကို ကြိုတင် ရိပ်မိသိရှိသဖြင့် ၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင်
လွှတ်တော်မှတစ်ဆင့် ဗိုလ်ချုပ် နေဝင်းသို့ အာဏာလွှဲပြောင်းပေးခဲ့သည်။
၁၉၆၀ အထွေထွေရွေးကောက်ပွဲတွင် ဦးနု၏ သန့်ရှင်း ဖဆပလအဖွဲ့က အနိုင်ရရှိသောကြောင့်
ဦးနု ၀န်ကြီးချုပ် ပြန်ဖြစ်လာသည်။
၁၉၆၂၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့၌ တိုင်းရင်းသားပေါင်းစုံ ညီလာခံကြီးကို ရန်ကုန်မြို့ ပြည်လမ်းရှိ
အသံလွှင့်ရုံ ခန်းမကြီး၌ ကျင်းပသည်။
ထိုညီလာခံ၌ တိုင်းရင်းသားကိုယ်စားလှယ် အချို့ပြောဆိုသော ဖက်ဒရယ်မူနှင့် ပတ်သက်၍
၁၉၆၂၊ မတ်၂ ရက်တွင် ၀န်ကြီးချုပ် ဦးနုထံမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်းက
လက်နက်အားကိုးဖြင့် အဓမ္မသိမ်းယူခဲ့သည်။
ယင်းအာဏာသိမ်းယူမှုနှင့် ပတ်သက်၍ "ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲသွားမည့်
အန္တရာယ် ပေါ်လာသည့် အချက်ကို လည်းကောင်း၊ နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင် သိမ်းမရ
ဖြစ်နေသည်ဟူသော အချက်ကို လည်းကောင်း လုံးဝလက်မခံပါ။
ထိုစဉ်က နိုင်ငံရေးအခြေအနေမှာ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး မဟုတ်သည်ကို လူအများစု
က သိရှိကြောင်း၊ ဖက်ဒရယ်မူတောင်းသည့် ကိစ္စမှာလည်း စိုးရိမ်ဖွယ်ရာ ကိစ္စမဟုတ်ကြောင်း၊
ယခု ကဲ့သို့ တိုင်းရင်းသားပေါင်းစုံ နှီးနှောဖလှယ်ပွဲကြီးကို မိမိကိုယ်တိုင် စီစဉ်ဆောင်ရွက်ပေးခဲ့သည့်
ညီလာခံကြီးဖြစ်ကြောင်း" ဦးနုက ရှင်းပြ ပြောသည်။
"ဖက်ဒရယ်မူ တောင်းဆိုခြင်းမှာ ခွဲထွက်ရန် မဟုတ်၊ အာဏာပိုမိုရရှိလာအောင် ဆောင်ရွက်ခြင်း
သာဖြစ်ကြောင်း" ရှမ်းပြည်နယ် ဥက္ကဋ္ဌ စော်ဘွား စဝ်ခွန်ချိုက ပြောသည်။
"မိမိတို့ တောင်းဆိုသော ဖက်ဒရယ်မူသည် ပြည်ထောင်စုကြီးကို ပြိုကွဲစေမည် မဟုတ်၊ မိမိတို့
သည် ထိုစဉ်က ခွဲထွက်ခွင့်ဟူသည်ကို လုံးဝသတိ မရကြပါ။ မြန်မာနိုင်ငံတည်းဟူသော ခြံကြီး
တစ်ခုထဲတွင် ကိုယ့်အိုး ကိုယ့်အိမ်ဖြင့် နေထိုင်နိုင်ရန် တောင်းဆိုခြင်းမျိုးသာ ဖြစ်ကြောင်း"
ကယားပြည်နယ် ဥက္ကဋ္ဌ စဝ်ဝဏ္ဏက ပြောသည်။
ဖက်ဒရယ်မူကိစ္စနှင့် ပတ်သက်၍ ဒီ/ငြိမ်း အစည်းအဝေးတစ်ခုတွင် ဦးနုကလည်း အောက်ပါအတိုင်း
ရှင်းလင်းပြောကြားခဲ့သည်။
"တပ်မတော်က ၆၂ ခုနှစ် အာဏာသိမ်းတာဟာ တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်
လိုလို့ တိုင်းပြည်မပြိုကွဲရန် သိမ်းရခြင်း ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေက
ပြောတယ်။
"ဗိုလ်နေဝင်းဟာ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံတော်က စစ်ဦးစီးချုပ်အာဏာကို အပ်နှင်းခံ
ထားရသူ ဖြစ်တယ်။ သူဟာ မိမိသိက္ခာနဲ့ အခြေခံဥပဒေကို လေးစားတယ်ဆိုရင် ပထမလုပ်ရမှာက
ကာကွယ်ရေးဝန်ကြီးထံ အခြေအနေအရပ်ရပ်ကို တင်ပြရမယ်။ ကာကွယ်ရေး ၀န်ကြီးက
ကက်ဘိနက်ကို လည်းကောင်း၊ ၀န်ကြီးချုပ်ကို လည်းကောင်း တင်ပြဖို့ သူ့မှာ တာဝန်ရှိတယ်။
"အခုလို အာဏာသိမ်းတာက အာဏာကို ငမ်းငမ်းတက်လိုချင်လွန်းလို့ အာဏာသိမ်းတာ
ဖြစ်တယ်။ သူ့မှာ တာဝန်ရှိပါလျက်နဲ့ မတင်ပြဘဲ အာဏာသိမ်းတာဟာ သူပုန်ကို နှိမ်နင်းဖို့
တာဝန်ရှိသူက သူပုန်ထပြီး နိုင်ငံတော်သစ္စာကို ဖောက်ဖျက်ပုန်ကန်လိုက်ခြင်းအမှုကို ကျူးလွန်
လိုက်တာပဲ"
x x x
ရှစ်လေးလုံး အရေးတော်ပုံကြီး အထွတ် အထိပ်သို့ ရောက်ရှိသည့် ကာလ။
၉ - ၉ - ၈၈ နေ့တွင် သူ့လက်ထဲမှ လုယူခံခဲ့ရသော နိုင်ငံတော်အာဏာကို သူပြန်လည်ရယူသည့်
အနေဖြင့် တရားဝင်အစိုးရ(စင်ပြိုင်) ဖွဲ့စည်းလိုက်ပြီဟု ဦးနုက ကြေညာချက် ထုတ်ပြန်လိုက်သည်။
"ကျွန်တော်၏ လက်တွင်းမှ ဗိုလ်ချုပ်ကြီးနေဝင်း လုယူသွားသော အာဏာကို ယနေ့နံနက် ၉ နာရီ
အချိန်တွင် နှလုံးရည်ကို အားပြုလျက် ကျွန်တော် ပြန်ယူလိုက်ပါပြီ။
"ထို့ကြောင့် ပြန်ယူလိုက်သည့် အချိန်မှစ၍ အချုပ်အခြာအာဏာသည် ဗိုလ်ချုပ်ကြီးနေဝင်း၏
လက်ထဲတွင် မရှိတော့ဘဲ ကျွန်တော်၏ လက်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း
ကျွန်တော်ဝမ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါသည်။
"ကျွန်တော်သာလျှင် တရားဝင်ဝန်ကြီးချုပ် ဖြစ်၍ ကျွန်တော်ဖွဲ့စည်းထားသော အစိုးရကိုသာလျှင်
နိုင်ငံခြားအစိုးရများက အသိအမှတ် ပြုစေလိုကြောင်းလည်း လက်လှမ်းမီရာ နိုင်ငံခြား အစိုးရ
များအား ကျွန်တော်ယနေ့ပင် အကြောင်းကြားလိုက်ပြီးပါပြီ။
"အာဏာလိုချင်တဲ့ လူတစ်စုက ကျွန်တော့်ကို ဖမ်းပြီး ထောင်လေးနှစ်ခွဲချလိုက်ရုံနဲ့ ကျွန်တော်ဟာ
၀န်ကြီးချုပ်ရာထူးက ပြုတ်ကျမသွားပါဘူး။ အဲဒီအခွင့်အရေးဟာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု
လွှတ်တော်က အတိအလင်း ကတိပြုထားတဲ့ ကျွန်တော်နဲ့တကွ ဗမာနိုင်ငံမှာ ၀န်ကြီးချုပ်ဖြစ်
သူတိုင်း ရရှိနေတဲ့ အခွင့်အရေးဖြစ်ပါတယ်" ဤသို့ ဦးနု ကြေညာချက်နှင့်အတူ သူ၏ အစိုးရ
အဖွဲ့ဝင်ဝန်ကြီးများ အမည်စာရင်းကိုပါ ပူးတွဲလျက် ကမ္ဘာတစ်ဝန်းသို့ သတင်းထုတ်ပြန်လိုက်သည်။
ဦးနု၏ တရားဝင်အစိုးရဝန်ကြီးများမှာ - (၁) မန်းဝင်းမောင် (၂) ဦးနု (၃) ဦးတင်ဦး (ဗိုလ်ချုပ်ကြီး၊
ငြိမ်း) (၄) ဦးသန်းစိန် (၅) ဦးစောမြင့် (၆) ဗိုလ်မှူးအောင် (၇) ဦးထွန်းအေး (၈) သခင်ချစ်မောင်
(၀ိဓူရ) (၉) ဗိုလ်ခင်မောင် (၁၀) ဦးအောင်ရွှေ (၁၁) ဒေါက်တာဝမ်ကိုဟော (၁၂) သခင်သိန်းဖေ
(၁၃) ဦးအောင် (၁၄) ဦးဘဆွေ (၁၅) ဦးထွန်းတင် (၁၆) ဦးရဲခေါင်ညွန့် (၁၇) သခင်ခင်အောင်
(၁၈) သခင်ချစ် (၁၉) ဦးဘထွန်း (၂၀) ဦးညွန့်အောင် (၂၁) ဦးသုဝေ (၂၂) ဗိုလ်ထွန်းဝေ
(၂၃) ဦးစဝ်ငယ်ဒူး (၂၄) သခင်ပန်းမြိုင် (၂၅) ဦးသိန်းမောင် (၂၆)ဦးစံအုန်းတို့ ဖြစ်သည်။
ဦးနု၏ တရားဝင်အစိုးရအဖွဲ့ကို ၆၂ ကျောင်းသားသမဂ္ဂ၊ တိုက်ပွဲဝင်ရှေ့နေများအဖွဲ့၊ စက်မှု(၁)သမဂ္ဂ၊
ရေလုပ်ငန်းသမဂ္ဂတို့က ချက်ချင်းထောက်ခံသည်။
ဦးနု၏ ၎င်းကြေညာချက်သည် နိုင်ငံရေးအင်အားဖြင့် လည်းကောင်း၊ ဥပဒေကြောင်းအရ
လည်းကောင်း တရားဝင်မှုရှိသောကြောင့် ကြေညာချက်ထုတ်ပြန်သည့် ပထမနေ့နှင့် ဒုတိယနေ့
မှာပင် ကုလသမဂ္ဂနှင့် တရုတ်၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက ထောက်ခံ ခဲ့ကြသည်။
စစ်အစိုးရက ဦးနု၏ တရားဝင်စင်ပြိုင်အစိုးရ အဖွဲ့ကို ဖျက်သိမ်းရန် ဖိအားပေးမှုများနှင့် ပတ်သက်၍
အာဏာသိမ်းဗိုလ်ချုပ်ကြီးများထံ သို့ ဦးနု၏ 'ပေးစာ' သည် အကောင်းဆုံးသမိုင်း ၀င်ပေးစာ
တစ်စောင် ဖြစ်သည်။
သို့
ဗိုလ်ချုပ်ကြီးစောမောင်
၇ - ၁၂ - ၁၉၈၉
ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ ဦး စာရေးလိုက်ပါသည်။ ၁၇ - ၁၁ - ၈၉ နေ့ညက ရုပ်မြင်သံကြား
မှတစ်ဆင့် အာဏာပိုင်အဖွဲ့က 'ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့' နှင့် သက်ဆိုင်သော
အကြောင်းအရာများ ပြောသည်ကို ဦး တစ်ဆင့် ကြားသိရပါသည်။
ထိုပြောကြားချက်များတွင် အရေးကြီးသော အချက်သုံးချက် ပါပါသည်။ ၎င်းတို့မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ၉-၉-၈၈ ရက်တွင် ဦး ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့သစ်ကို ဦးက ဖျက်သိမ်းပစ်ရန်။
၂။ ထိုအစိုးရအဖွဲ့သစ်တွင် ပါ၀င်သော ၀န်ကြီးများသည် ထိုအစိုးရအဖွဲ့သစ်မှ နုတ်ထွက် ပြီးပြီဟု
ကြေညာပေးရန်။
၃။ ဥက္ကဋ္ဌ ဗိုလ်မှူးအောင်သည် အိန္ဒိယဝန်ကြီး ချုပ်ထံသို့ ငွေနှင့် လက်နက်အကူအညီပေးရန်
စာရေး၍ တောင်းဆိုခြင်းမှာ 'ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့' နှင့် မည်သို့မျှမဆိုင်၊
ဗိုလ်မှူးအောင်သည် သူတစ်ယောက်တည်းသဘောဖြင့်သာ တောင်းဆိုခြင်းဖြစ်သည်ဟု
'ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့'က ကြေညာပေးရန်ဆိုသည့် အချက်သုံးချက်ပင် ဖြစ်ပါသည်။
ဦး၏ ပြန်ကြားချက်။
အောက်ပါအတိုင်း ပြန်ကြားလိုက်ပါသည်။
ဦး၏ နည်းကို ဗိုလ်ချုပ်ကြီးတို့က လက်ခံမည်ဆိုလျှင် ဦး ဖွဲ့စည်းထားသော အစိုးရအဖွဲ့သစ်ကို
အချိန်မရွေးဖျက်သိမ်းရန် ဦး သဘောတူနိုင်ပါသည်။
ဦး အလိုရှိသော နည်းမှာ အောက်ပါအတိုင်း ဖြစ်သည်။
ဤသို့ ဆိုရာ၌ ဦးတွင် လုံလောက်သော အကြောင်းရှိပါသည်။ ဗိုလ်ချုပ်နေဝင်းသည် စစ်ဦးစီးချုပ်
အနေဖြင့် ခံယူထားသော သစ္စာကို စောင့်သိရိုသေသော သူဖြစ်ပါလျှင် ၂ - ၃ - ၆၂ နေ့တွင်
ဖြစ်စေ၊ နှစ်ရက် သုံးရက်ကြိုတင်၍ဖြစ်စေ၊ တိုင်းပြည်အခြေအနေကို ဦး အားတင်ပြရန် တာဝန်
၀တ္တရား ရှိပါသည်။
ထို့နောက် တိုင်းပြည်အခြေအနေကို ဘယ်လိုဖြေရှင်းသင့်သည်ဟူ၍ သူ၏ အကြံဉာဏ်များကို
ပေးသင့်ပါသည်။
နောက်ဆုံးတွင် ၀န်ကြီးချုပ်ပေးသည့် အမိန့်အတိုင်း သူဆောင်ရွက်ရမည်။
ဦးနှင့် သူနှင့် သဘောကွဲလွဲနေလျှင် သူစောင့်ထိန်းထားသော သစ္စာကို ရိုသေသောအားဖြင့်
ရာထူးမှ သူနုတ်ထွက်ရပါမည်။
ယခုမူကား ဤသို့မဟုတ်ဘဲ သူ့သဘောနှင့် သူ လိမ်လည်ထားသောအကြောင်းတစ်ခုကို ပြ၍
အာဏာသိမ်းလိုက်သည်။
ထိုပြသော အကြောင်းမှာလည်း မမှန်ကန်သော၊ တိုင်းသူပြည်သားများကို လိမ်လည်လှည့်ဖြား
ထားသော အကြောင်းကြီးဖြစ်ကြောင်း တစ်နိုင်ငံလုံးက သိနေပါပြီ။
၁၉၅၈ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်အခါ စစ်တပ်၏ဂုဏ်ကို ကာကွယ်သည့်
အနေဖြင့် လွှတ်တော်ကို ခေါ်ယူ၍ ဗိုလ်ချုပ်နေဝင်း၏ လက်ထဲသို့ ဦး အာဏာလွှဲပြောင်းပေးလိုက်
ပါသည်။
၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းသည့်အခါ ဦး ဘာမျှ မသိလိုက်ရသဖြင့် လွှတ်တော်ကို
ခေါ်ယူပြီး ၁၉၅၈ ခုနှစ်ကကဲ့သို့ အာဏာလွှဲပြောင်းပေးသည့် စနစ်ကို ဦး မသုံးလိုက်ရပါ။
၁၉၆၂ ခုနှစ်တွင် အာဏာအသိမ်းခံရပြီး နောက် ဦးသည် ထောင်အချခံနေရစဉ် ၁၉၆၆ ခုနှစ်၊
မတ်လအတွင်းလောက်မှာ ဦးကိုလာ တွေ့ပါသည်။
အဲဒီအခါတွင် ဦးက ကရုဏာ ဒေါသောဖြင့် "ဗိုလ်ချုပ်၊ အာဏာလိုချင်ရင် ကိုယ့်ကိုယ် ဘာဖြစ်လို့
မပြောသလဲ။ ၁၉၅၈ ခုနှစ်တုန်းကလို လွှတ်တော်ခေါ်ပြီး ဗိုလ်ချုပ် လက်ထဲကို အာဏာလွှဲပြောင်း
ပေးလိုက်မှာပေါ့" လို့တောင် ပြောလိုက်ပါသေးတယ်။
ယခုလောက် ဤစာကို ဖတ်ရလျှင် ဦး ပြောလိုသည့် အရေးကြီးသော အချက်ကို ဗိုလ်ချုပ်ကြီး
သဘောပေါက်လောက်ပါပြီ။ ၉ - ၉ - ၈၈ နေ့က ဦးသည် အာဏာကို ပြန်သိမ်းလိုက်ပြီဟု
ကြေညာခြင်းသည် ဗိုလ်ချုပ် နေဝင်းက ဦး၏ လက်ထဲမှ ၂ - ၃ - ၆၂ နေ့တွင် အာဏာကို အဓမ္မ
လုယူသွားသောကြောင့် ကြေညာရခြင်း ဖြစ်သည်။
ထို ၂ - ၃ - ၆၂ နေ့က အာဏာကို အဓမ္မသိမ်းသွားခြင်းသာ မဖြစ်ခဲ့ပါလျှင် ဤသို့ ကြေညာရန်
အနည်းငယ်မျှ အကြောင်း ပေါ်ပေါက်မည် မဟုတ်ပါ။
သို့ဖြစ်ရကား မူလဘူတ မှားယွင်းခဲ့သော ဗိုလ်ချုပ်နေဝင်းက သူ၏အမှားကို ၀န်မခံဘဲ ဦး က
၀န်ခံရမည်ဟူသော အလုပ်မျိုးဖြစ်နေပါသဖြင့် ဤသို့ တစ်ဖက်သတ်ဖြစ်နေသော အလုပ်မျိုးကို
ဦးသည် ဘယ်နည်းနှင့်မျှ လုပ်မည်မဟုတ် ဟူ၍ ဗိုလ်ချုပ်ကြီးတို့အား ဦး သိစေလိုပါသည်။
"၂ - ၃ - ၆၂ ရက်နေ့က ၀န်ကြီးချုပ်လက်ထဲက အာဏာသိမ်းယူလိုက်ခြင်းအတွက် သူမှားပါ
သည်။ ဤသို့ ပြုလုပ်မိခြင်းအတွက် သူ ၀မ်းနည်းပါသည်။ နောက်နောင်တွင် ဤသို့သော
အလုပ်မျိုးကို ဘယ်နည်းနှင့်မျှ မလုပ်ပါ" ဟူ၍ ဗိုလ်ချုပ်နေဝင်းက ရှေးဦးစွာ စာတစ်စောင်
ထုတ်ပြန်လျှင် ဦးသည် ၉ - ၉ - ၈၈ နေ့က ဖွဲ့စည်းထားသော အစိုးရအဖွဲ့သစ်ကို ဖျက်သိမ်း
ပစ်လိုက်ပြီဟု ဗိုလ်ချုပ်ကြီးတို့ အလိုရှိသည့်အတိုင်း စာတစ်စောင် ထုတ်ပြန်မည်။
ဗိုလ်ချုပ်နေဝင်းက ဦး အဆိုပြုထားသော စာကို မထုတ်ပြန်သမျှ ဦးကို သတ်လိုသတ်၊ ဖြတ်လို
ဖြတ်၊ တစ်သက်တစ်ကျွန်း ချလိုချ၊ ဗိုလ်ချုပ်ကြီးတို့ ကြိုက်သလိုလုပ်ပါ။ ဦး မဖြံုပါ။ ဦး၏ အစိုးရ
အဖွဲ့သစ်ကို ဘယ်နည်းနှင့်မျှ ဦး ဖျက်မည် မဟုတ်ပါ။
သို့ရာတွင် ဦး သေလျှင် ဦး၏ ရုပ်အလောင်းကို ဦး၏ ဇနီး ဒေါ်မြရီထံသို့ ပေးအပ်စေချင်ပါသည်။
ဦး၏ ခန္ဓာကိုယ်ကို ဂုန်နီအိတ်တစ်ခုထဲတွင် အုတ်ခဲတွေနှင့်အတူ ထည့်၍ ပင်လယ်ဝမှ ရေထဲသို့
ပစ်ချပြီး ငါးတွေကို အစာအဖြစ် ကျွေးရန် ဦး အဓိဋ္ဌာန် ပြုထားပါသည်။
ဘုန်းကြီးကြပါစေ၊ သက်ရှည်ကြပါစေ။
(ဦးနု)
ဗိုလ်ချုပ်ကြီးစောမောင်ထံသို့ ထိုစာပေးပို့ ပြီးနောက် ၂၉ - ၁၂ - ၈၉ နေ့တွင် ဦးနုနှင့် သူ၏
တရားဝင် အစိုးရစင်ပြိုင်အဖွဲ့ဝင် အားလုံး အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံကြရပါသည်။
x x x
၂၀၀၅ ခုနှစ်တွင် ဘီဘီစီအသံလွှင့်ဌာနနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့
အမေးအဖြေခန်းပြုလုပ်ရာ-
"၁၉၈၈ ခုနှစ်တုန်းက ဦးနုက နိုင်ငံတော် ၀န်ကြီးချုပ်အာဏာပြန်ယူပြီးပြီလို့ ကြေညာတော့ တချို့က
ပြောတယ်၊ ဦးနုက ပွဲလန့်တုန်း ဖျာခင်းတာကွတဲ့။ ကျွန်တော်တို့ ဒီစကားကို နားယောင်မိတယ်။
အခုအချိန်နှောင်းမှ နားလည်လာတယ်။ အဲဒီအချိန်တုန်းက ဦးနုကို ကျွန်တော်တို့ ၀န်းရံ
ပေးလိုက်ရင် ပွဲပြီး သွားနိုင်တယ်။ ဦးနုခင်းတဲ့ ဖျာက ပြည်သူတွေအတွက် ခင်ပေးတဲ့ 'ဒီမိုကရေစီ
ရွှေဖျာ' ပဲ" ကိုမင်းကိုနိုင်နည်းတူ နှောင်းစကား ပြောခဲ့ဖူးသူများ၊ ပြောနေကြသူများ
အမြောက်အမြားရှိခဲ့၊ ရှိနေကြဦးမည်မှာ သေချာသည်။
အကိုးအကား
၁။ မြန်မာ့သမိုင်းအကျဉ်းနှင့် တပ်မတော်ကဏ္ဍ(ပထမတွဲ)၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်
စာနယ်ဇင်းလုပ်ငန်း။
၂။ ဒီ/ငြိမ်းအဖွဲ့၊ နာယကကြီး ဦးနု (၁၉၀၇ - ၂၀၀၇) နှစ် ၁၀၀ ရာပြည့်စာစောင်။

















