ပီအာရ် အားစမ်းပွဲ ပြီးဆုံးပြီလား

ပီအာရ် အားစမ်းပွဲ ပြီးဆုံးပြီလား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအထိ ကျင့်သုံးဖို့ မဖြစ်နိုင်သေးဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးပေးဖို့ဆိုတဲ့ အဆိုတစ်ရပ်အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအမတ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအထိ ကျင့်သုံးဖို့
မဖြစ်နိုင်သေးဘူးလို့ တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တဲ့ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်
ကို အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးပေးဖို့ဆိုတဲ့ အဆိုတစ်ရပ်
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီအမတ် ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်မှာ
တင်သွင်းခဲ့ပါတယ်။

အဆိုကို ဆွေးနွေးဖို့ သင့်မသင့် လွှတ်တော်တွင်း ပထမအဆင့် မဲခွဲရာမှာ အံ့ဩစရာ
ကောင်းလောက်အောင် ကန့်ကွက်သူ နည်းခဲ့ပါတယ်။

တပ်မတော်သား အမတ်အားလုံး၊ ပြည်ခိုင် ဖြိုးအမတ်တွေအားလုံးနဲ့ သူတို့ မဟာမိတ််တွေ အဆိုကို
ဆွေးနွေးဖို့ ထောက်ခံမဲပေးခဲ့ကြပါတယ်။

အားလုံးက နိုင်ငံရေး မီးရှူးမီးပန်း ဖောက်မှုအဖြစ် ယူဆထားခဲ့ကြတဲ့ PR စနစ် ကျင့်သုံးရေး
ဆွေးနွေးပွဲ လွှတ်တော်ထဲ ဘာကြောင့် ပြန်ပေါ်လာသလဲ၊ အဲဒီနောက်ကွယ်မှာ ဘာရည်ရွယ်ချက်
ရှိနိုင်သလဲ၊ ဘယ်လို အဆုံးသတ်နိုင်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အပြင်ပန်းကကြည့်လိုက်ရင် အမတ်တစ်ဦး က အဆိုတစ်ခု တင်တယ်၊ လွှတ်တော်ဘက်က
ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်တယ်လို့ မြင်ကြမယ် ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ဦးဆောင်နေတဲ့ လွှတ်တော် အစည်းအဝေးတွေ
ကတော့ အဲဒီလို မဟုတ်ပါဘူး။

ကိစ္စအများစုဟာ ကြိုတင် ညှိနှိုင်း ဆောင်ရွက်ကြတာမျိုးတွေဖြစ်ပါတယ်။ ကြိုပြီး ဇာတ်တိုက်ထား
တယ်ဆိုတဲ့ စကားလုံးကိုလည်း သုံးနိုင်ပါတယ်။

အထူးသဖြင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်၊ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေနဲ့ လွှတ်တော် ကော်မတီ
ခေါင်းဆောင်တွေအကြား ညှိနှိုင်း ဆောင်ရွက်ကြတာတွေ များပါတယ်။

တစ်ခါတစ်ရံ ပြည်ခိုင်ဖြိုးက တင်ချင်တဲ့ အဆိုတွေကို အခြားပါတီတစ်ခုခုကို တင်ခိုင်းတာမျိုးလည်း
ရှိပါတယ်။

အခု ဒေါ်ခင်ဝိုင်းကြည်ရဲ့ အဆိုကိုကြည့်ရင် အလွန် သိသာပါတယ်။ ဒေါ်ခင်ဝိုင်းကြည် အပါအဝင်
အင်န်ဒီအက်ဖ်ပါတီက လွှတ်တော် ရွေးကောက်ပွဲတွေမှာ PR စနစ်ကို ကျင့်သုံးသင့်တယ်ဆိုပြီး
ပြောနေတာ ကြာပါပြီ။

ဒါပေမဲ့ အဆိုတင်တဲ့အခါ လွှတ်တော် ရွေးကောက်ပွဲ အားလုံးကို မပြောဘဲ အမျိုးသားလွှတ်တော်
တစ်ခုတည်းကိုပဲ ကွက်ပြီး တင်ပြသွားတာ တွေ့ရမယ် ဖြစ်ပါတယ်။

အဲဒါ မတော်တဆ ဖြစ်တာ မဟုတ်သလို ဒေါ်ခင်ဝိုင်းကြည်ကိုယ်တိုင် ဘာကြောင့်
အမျိုးသားလွှတ်တော် အတွက်ပဲ တောင်းဆိုရသလဲ နားလည်မယ့်ပုံ မရပါဘူး။

ဒေါ်ခင်ဝိုင်းကြည်ကို အကြံပေး တိုက်တွန်း သူ ဉာဏ်ကြီးရှင်တွေ စဉ်းစားချက်က ဒီလို ဖြစ်ပုံရပါ
တယ်။

အားလုံးသိကြတဲ့အတိုင်း လက်ရှိ ဖွဲ့စည်းပုံအရ တိုင်းပြည်မှာ ကာကွယ်ရေး ဦးစီးချုပ်ပြီးရင်
အာဏာအရှိဆုံး ဖြစ်လာမယ့်၊ အစိုးရအဖွဲ့ ကို ဖွဲ့စည်း ဦးဆောင်မယ့် သမ္မတ ရွေးချယ်
တင်မြှောက်ရေး စနစ်ဟာ နည်းနည်း ရှုပ်ထွေးပါတယ်။

အကြမ်းဖျင်းပြောရရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ လွှတ်တော် နှစ်ရပ်ထဲ
ရောက်နေတဲ့ တပ်မတော်သားတွေက ဒုသမ္မတ တစ်ယောက်စီ ရွေးချယ်ခွင့်ရပါမယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ကြည့်ရင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်
ရွေးကောက်ပွဲတွေမှာ အင်န်အယ်လ်ဒီ ပါတီဟာ အမတ်အများဆုံး ရနိုင်ခြေ အရှိဆုံးပါတီ
ဖြစ်တာကြောင့် အဲဒီ ဒုသမ္မတ နှစ်ယောက် စလုံးဟာလည်း အင်န်အယ်လ်ဒီက တင်မြှောက်သူ
ဖြစ်လာဖို့ များပါတယ်။

တပ်မတော်သားတွေကတော့ သူတို့ စိတ်ကြိုက် တစ်ယောက်တင်မှာ ဖြစ်ပါတယ်။ ပြောရရင်
၂၀၁၀ ရွေးကောက်ပွဲကနေ တစ်ဆင့် လက်ရှိ အာဏာရထားတဲ့ ပြည်ခိုင်ဖြိုးပါတီအတွက်
ဒုသမ္မတ တစ်ယောက်ရရေး ခက်ခဲနေတာ တွေ့နိုင်ပါတယ်။

ဒုသမ္မတ တစ်ယောက်မှ မတင်နိုင်ရင် သမ္မတ ဖြစ်ဖို့ မရှိ၊ အစိုးရဖွဲ့ဖို့လည်း ဝေးကွာသွားနိုင်ပါတယ်။
ဒီအတွက် PR စနစ်ကို ကျင့်သုံးရင်ရော ဒုသမ္မတ တစ်ယောက် ရနိုင်မလား။

ပြည်သူ့ လွှတ်တော်ဘက်ကို ကြည့်လိုက်ရင် အကြမ်းဖျင်းအားဖြင့် လူဦးရေ အချိုးအစားကို
လိုက်ပြီး မဲဆန္ဒနယ် ၃၃၀ ခွဲ အမတ် ၃၃၀ ရွေးကောက်ဖို့ လုပ်ထားတာပါ။

တကယ်လို့ PR စနစ်ကို ကျင့်သုံးခဲ့မယ် ဆိုရင်တောင် အဖြေက သိပ်ပြီးထူးခြားမယ် မဟုတ်ပါဘူး။
အကြောင်းကတော့ ဗမာတွေများတဲ့ တိုင်းခုနစ်တိုင်းမှာ မဲဆန္ဒနယ် ၂၀၇ နေရာ ရှိပြီး
တိုင်းရင်းသား ပြည်နယ် ခုနစ်ခု မှာတော့ မဲဆန္ဒနယ် ၁၂၃ နေရာပဲ ရှိလို့ ဖြစ်ပါတယ်။

ဒါကြောင့် အင်န်အယ်လ်ဒီသာ အမတ် အများစုရနိုင်မယ့် အခြေအနေ ပျက်မသွားပါဘူး။
အမျိုးသားလွှတ်တော် ကတော့ ထူးခြားပါတယ်။

ပြည်နယ်တစ်ခု၊ တိုင်းတစ်ခုစီကို မဲဆန္ဒ နယ်မြေ ၁၂ ခုစီသတ်မှတ်ပြီး အမတ် ၁၂ ယောက်စီ
ရွေးကောက်ဖို့ လုပ်ထားတာပါ။ တိုင်းတွေ အတွက် မဲဆန္ဒနယ် ၈၄ နယ် ဖြစ်သလို ပြည်နယ်တွေ
အတွက်လည်း ၈၄ နယ်ပါပဲ။

တကယ်လို့သာ အမျိုးသားလွှတ်တော်အတွက် PR စနစ် ကျင့်သုံးခဲ့ရင် အင်န်အယ်လ်ဒီဟာ
အမတ်အများစု ရခဲ့မယ် ဆိုရင်တောင် ၅၀ ရာခိုင်နှုန်းကျော်ဖို့ မလွယ်ပါဘူး။

ဒီအခါ ပြည်ခိုင်ဖြိုးပါတီဟာ အင်န်အယ်လ်ဒီကို မထောက်ခံတဲ့ တိုင်းရင်းသား ပါတီတွေ၊
အခြားပါတီတွေနဲ့ ပေါင်းပြီး အမတ်များများ ရအောင်စု ဒုသမ္မတ တစ်ယောက် တင်မြှောက်နိုင်
ကောင်း တင်မြှောက်လိမ့်မယ်လို့ စိတ်ကူးယဉ်ကြပုံ ရပါတယ်။

ဒါပေမဲ့ တကယ့်လက်တွေ့ အခြေအနေကတော့ သူတို့ တွက်သလို မဟုတ်ပါဘူး။ အမျိုးသား
လွှတ်တော် ဆိုတာကိုက တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေးရပါတယ် ဆိုတာကို ပြချင်လို့
ဖွဲ့ထားတာမျိုးပါ။ လက်ရှိ အမျိုးသားလွှတ်တော်မှာ တိုင်းရင်းသား တန်းတူအခွင့်အရေး မရှိတဲ့တိုင်
ဟန်ပြအဆင့်လောက်တော့ အသုံးတည့် နေပါသေးတယ်။

တကယ်လို့သာ အမျိုးသား လွှတ်တော်မှာ PR စနစ် ကျင့်သုံးလိုက်ရင်တော့ အဲဒီ ဟန်ပြဆိုတာ
တောင် ဖျက်ဆီးခံရသလို ဖြစ်သွားပါလိမ့်မယ်။

ဒါကို တပ်မတော်ဘက်က ကောင်းကောင်းသိပါတယ်။ နောက် တိုင်းရင်းသားတွေလည်း
ကောင်းကောင်း နားလည်ပါတယ်။

အခုနောက်ဆုံး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တာတွေကို နားထောင်ကြည့်ရင်
တပ်မတော်သား ကိုယ်စားလှယ်တွေက ဖွဲ့စည်းပုံရဲ့ သဘောသဘာဝကို ထောက်ပြပြီး PR စနစ်
ကျင့်သုံးဖို့ မသင့်သေးဘူးဆိုပြီး ပြောနေကြပါပြီ။

တိုင်းရင်းသား အမတ်တချို့လည်း တိုင်းရင်းသား အခွင့်အရေး ထောက်ပြပြီး ပြောဆိုကြပါတယ်။

ထူးခြားတာ တစ်ခုကတော့ ဇွန်လ ၁၀ ရက် နေပြည်တော်မှာ တိုင်းရင်းသားပါတီ ၂၀ လောက်
ပူးပေါင်းထားတဲ့ ညီနောင်ဖက်ဒရေးရှင်း အုပ်စုက ဒီကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်၊ သဘောထား
ဆန္ဒထုတ်ဖော်လိုက်တာပါ။

သူတို့က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးတာ လုံးဝ လက်မခံဘူး။
တကယ်လို့ ကျင့်သုံးဖို့ ဆက်လုပ်လာရင် ပြည်နယ်တွေမှာ ဆန္ဒပြပွဲကြီးတွေ လုပ်ပြီး
ကန့်ကွက်သွားမယ်ဆိုတဲ့အထိ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စ မဲခွဲဆုံးဖြတ်ရင် အမျိုးသားလွှတ်တော်မှာ စာရင်းအရ အမတ် စုစုပေါင်း
အယောက် ၂၁၀ ရှိပြီး အဲဒီထဲမှာ တပ်မတော်သား အမတ် ၄၂ ယောက်နဲ့ PR ကို လက်မခံတဲ့
တိုင်းရင်းသားအမတ်က ၂၀ ကျော်ရုံလေးပဲ ရှိတာမို့ ပြည်ခိုင်ဖြိုးနဲ့ သူ့မဟာမိတ်တွေ
ဇွတ်ထောက်ခံရင်တော့ အဆို အတည်ဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။

အားလုံးခြံုငုံသုံးသပ်ရင် တိုင်းပြည်အကျိုး၊ တိုင်းရင်းသားအကျိုး ရှေးမရှုဘဲ ကိုယ့်ကိုယ်ကျိုး၊
ကိုယ့်ပါတီ အကျိုးကြည့်ပြီး ဒီ PR စနစ် ပွဲထုတ်လာသူတွေ၊ ထောက်ခံသူတွေအနေနဲ့ ေ
လာလောဆယ် အမျိုးသားလွှတ်တော်ကို အပိုင်စီးထား နိုင်တဲ့တိုင် နောက်ပိုင်း အရှုံးနဲ့ရင်ဆိုင်ရမှာ
အသေအချာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021