တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၃)

တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၃)

ယခင်တစ်ပတ်က ဆောင်းပါးမှာ 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ပုဒ်မ ရ အထိ ဆွေးနွေးခဲ့ပြီးပါပြီ။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြောဖို့ ကျန်ရှိနေတဲ့ အချက်တွေကို ဆက်လက်ပြောပါဦးမယ်။

ယခင်တစ်ပတ်က ဆောင်းပါးမှာ 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ပုဒ်မ ရ
အထိ ဆွေးနွေးခဲ့ပြီးပါပြီ။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ ပြောဖို့ ကျန်ရှိနေတဲ့ အချက်တွေကို
ဆက်လက်ပြောပါဦးမယ်။

ပြင်ဆင်ချက်ဥပဒေပုဒ်မ ၁၅ အရ တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၃၊ ၁၁၉၊ ၁၂၂၊ ၁၂၄၊ ၁၂၉ နဲ့
၁၃၃ (၂) တို့မှာ ပါရှိနေတဲ့ "The High Court" ဆိုတဲ့ စကားရပ်ကို "The Supreme Court of
the Union" ဆိုတဲ့ စကားရပ်နဲ့ အစားထိုးမှာဖြစ်ပါတယ်။

အဲဒီလို ပြင်ဆင်တဲ့အခါ အဲဒီပုဒ်မတစ်ခုချင်းအလိုက် အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး
စာရေးသူစဉ်းစားမိသမျှကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။

တရားမကျင့်ထုံးဥပဒေပုဒ်မ ၁၁၃ မှာက 'မည်သည့် အမှုစစ်တရားရုံးမဆို စစ်ဆေးဆဲအမှုတွင်
ပေါ်ပေါက်လျက်ရှိနေသော ပြဿနာနှင့် စပ်လျဉ်း၍ တရားလွှတ်တော်၏အမိန့် (ဆုံးဖြတ်ချက်) ကို
ရရှိရေးအတွက် ယင်းအမှုကို တရားလွှတ်တော်သို့ တင်ပို့ပြီး အမိန့်နာခံနိုင်ကြောင်း" ပြဋ္ဌာန်းထား
ပါတယ်။

ဒီလိုကိစ္စမျိုးက နှစ်ပေါင်း ၁၀၀ ကျော်အတွင်းမှာ မရှိခဲ့သလောက် ရှားပါးတယ်လို့ ဆိုရမှာဖြစ်ပါ
တယ်။

အခုပြင်ဆင်ချက် ဥပဒေအရ တရားလွှတ်တော်အစား တရားလွှတ်တော်ချုပ်က ဒီကိစ္စကို
ဆောင်ရွက်မယ်ဆိုတော့ အနိမ့်ဆုံးဖြစ်တဲ့ မြို့နယ်တရားရုံးက တင်ပြတဲ့အမှုကိုပါ
တရားလွှတ်တော်ချုပ်က ဆောင်ရွက်မယ့် သဘောဖြစ်နေတာကို တွေ့ရ ပါတယ်။

အဲဒီလိုလုပ်ဖို့ ရည်ရွယ်ပါသလား။ စာရေးသူရဲ့ အမြင်အရဆိုရင်တော့ အသုံးမပြုကြလို့ သူ့အလိုလို
အကျိုးသက်ရောက်မှုမရှိ (defunct) ဖြစ်နေတဲ့ ဒီပြဋ္ဌာန်းချက်ကို မပြင်ဘဲထားတာက ကောင်းပါ
လိမ့်မယ်။ လိုအပ်တယ် ဆိုရင်လည်း ဒီကိစ္စကို လက်ရှိအတိုင်းတရား လွှတ်တော် အသီးသီးကပဲ
ဆောင်ရွက်စေသင့်ပါတယ်။

တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၉၊ ၁၂၂၊ ၁၂၄ နဲ့ ၁၂၉ တို့မှာ တရားမကျင့်ထုံးဥပဒေအရ
တရားလွှတ်တော်က နည်းဥပဒေတွေ ပြုလုပ်ခြင်းနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေပါရှိပါတယ်။

အခု ပြင်ဆင်ချက်ဥပဒေအရ တရားလွှတ်တော်ရဲ့ တာဝန်တွေကို တရားလွှတ်တော်ချုပ်က
လွှဲပြောင်းရယူမယ့် သဘောဖြစ်ပါတယ်။

လက်ရှိ တရားမကျင့်ထုံးဥပဒေကို ပြဋ္ဌာန်းတဲ့ အချိန်တုန်းက အိန္ဒိယမှာ တရားလွှတ်တော်ချုပ်
ဆိုတာ မရှိခဲ့ဘဲ (အဲဒီအချိန်က မြန်မာပြည်နယ် အပါအဝင်) ပြည်နယ်တွေမှာ တရားလွှတ်တော်
တွေပဲ ရှိခဲ့တာကြောင့် နည်းဥပဒေတွေ ပြုလုပ်ခွင့် အာဏာကို တရားလွှတ်တော်တွေကို
အပ်နှင်းခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် အိန္ဒိယပြည်ရှိ တရားလွှတ်တော်တွေဟာ မိမိတို့အခြေအနေအရ နည်းဥပဒေတွေ
ပြုလုပ်ခဲ့တဲ့အတွက် အိန္ဒိယ တရားလွှတ်တော်တွေရဲ့ နည်းဥပဒေတွေဟာ အဓိကအချက်တွေမှာ
တူညီမှုရှိကြပေမယ့် တချို့ကိစ္စတွေမှာ ကွဲလွဲမှုတွေရှိတာကို တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ လွတ်လပ်ရေး ရရှိကြချိန်မှာ တရားလွှတ်တော်ချုပ်တွေကို
တည်ထောင်ထားရှိကြပြီး ဖြစ်ပေမယ့် နည်းဥပဒေပြုလုပ်ခွင့်ကတော့ မူလကအတိုင်း
တရားလွှတ်တော်တွေရဲ့ အာဏာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တရားလွှတ်တော်ချုပ်နဲ့ တရားလွှတ်တော်တွေ ပေါ်ပေါက်လာပေမယ့်လည်း
တစ်နိုင်ငံလုံးမှာ တရားမရုံးလုပ်ထုံး လုပ်နည်းတွေ တစ်ပြေးညီဖြစ်စေသင့်တာမို့ နည်းဥပဒေတွေ
(လုပ်ထုံးလုပ်နည်းတွေ) ပြုလုပ်ရေးတာဝန်ကို တရားလွှတ်တော်ချုပ်က ဦးဆောင်ပြုလုပ်တာ
ကောင်းပါတယ်။

ပုဒ်မ ၁၃၃ (၂) ကတော့ ပုဒ်မခွဲ (၁) အရ၊ တရားမရုံးတွေကို ကိုယ်တိုင်လာရောက်ခြင်းမှ
ကင်းလွတ်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာထားတဲ့
ပုဂ္ဂိုလ်များစာရင်းကို တရားလွှတ်တော်သို့ ပေးပို့တဲ့ ကိစ္စဖြစ်ပါတယ်။

ဒါကလည်း ရုံးတွင်းစီမံခန့်ခွဲရေး ကိစ္စသဘောဖြစ်နေတော့ နိုင်ငံတော်သမ္မတ အနေနဲ့ ရုံးလုပ်ငန်း
ထုံးစံအတိုင်း အဲဒီအမိန့် ကြော်ငြာစာကို တရားလွှတ်တော်ချုပ် အပါအဝင် တစ်နိုင်ငံလုံးရှိ
တရားလွှတ်တော် အားလုံးကို ဖြန့်ဝေမှာဆိုတော့ အဲဒီပုဒ်မခွဲမှာပါတဲ့ 'High Court' အစား
'Supreme Court' ကို မထည့်ရင်လည်း ပြဿနာမရှိနိုင်ပါဘူး။

ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၆ အရ လက်ရှိ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၁၅ မှာ ယခင် မြန်မာ့
ဆိုရှယ်လစ်ခေတ် တရားစီရင်ရေးစနစ် ဟောင်းအရပါရှိခဲ့တဲ့ တရားလွှတ်တော်၊ ပြည်နယ်၊
သို့မဟုတ် တိုင်းတရားရုံးဆိုတဲ့ စကားရပ်တွေကို အခုလက်ရှိစနစ်အရ တရားလွှတ်တော်ချုပ်၊
တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တရားရုံး၊ ခရိုင်တရားရုံးဆိုတဲ့ စကားရပ်တွေနဲ့ အစားထိုးမှာ
ဖြစ်ပါတယ်။

ဒီပုဒ်မကတော့ တရားရုံးတွေ ဖွဲ့စည်းပုံ ပြောင်းတိုင်းပြင်ဆင်ခြင်းခံရတဲ့ ပုဒ်မဖြစ်တယ်လို့
ပြောရမှာပဲ။

ဒီပုဒ်မကို ၁၉၀၈ ခုနှစ်က မူလ ပြဋ္ဌာန်းထားချက်အရ အဲဒီခေတ်က မြန်မာနိုင်ငံမှာ တစ်ရုံးတည်းသာ
ရှိခဲ့တဲ့ တရားလွှတ်တော်အား ပြင်ဆင်မှုအာဏာအပ်နှင်းခြင်းဖြစ်ပါတယ်။

ဆိုလိုတာက အဲဒီအချိန်က တရားလွှတ်တော် တစ်ရုံးတည်းမှာသာ ပြင်ဆင်မှုအာဏာရှိခဲ့တာ
ဖြစ်ပါတယ်။

တရားလွှတ်တော် အထက်မှာ တရားလွှတ်တော်ချုပ်ဆိုတာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့်ပြင်ဆင်မှု
ကို နှစ်ကြိမ်တင်နိုင်ခွင့်ရှိ မရှိ ပြဿနာလည်း ပေါ်ပေါက်ခြင်း မရှိခဲ့ပါဘူး။

၁၉၄၈ ခုနှစ် နောက်ပိုင်းမှာတော့ တရားလွှတ် တော်ချုပ်ပေါ်ပေါက်ခဲ့ပေမယ့် ပုဒ်မ ၁၁၅ ကို
ပြင်ဆင်ခြင်းမရှိခဲ့ပါဘူး။

၁၉၇၄ ခုနှစ်က ၁၉၈၈ ခုနှစ်အထိကာလမှာတော့ ခရိုင်အဆင့် မရှိတော့ဘဲ ရပ်/ကျေး၊ မြို့နယ်၊
ပြည်နယ်/ တိုင်း နဲ့ ဗဟိုအဆင့်အသီးသီးမှာ တရားရုံးတွေ ရှိခဲ့ပြီး ပုဒ်မ ၁၁၅ ပါ ပြင်ဆင်မှု
အာဏာကို ဗဟို တရားရုံးအပြင် ပြည်နယ်/တိုင်းတရားရုံး တွေကိုလည်း အပ်နှင်းခဲ့တဲ့အတွက်
ပြင်ဆင်မှုကို နှစ်ကြိမ် တင်သွင်းခွင့် ရှိလာခဲ့ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်မှာတော့ ခရိုင်တရားရုံးတွေ ပြန်လည်
ပေါ်ပေါက်လာပြီး ၂၀၀၀ ပြည့်နှစ်ဥပဒေအမှတ် (၆) အရ တရားရုံးချုပ်(တရားလွှတ်တော်အဆင့်)၊
ပြည်နယ်/ တိုင်းတရားရုံးတွေနဲ့ ခရိုင်တရားရုံးတွေက ပြင်ဆင်မှုအာဏာတွေ ကျင့်သုံးခွင့် ရရှိခဲ့ပါ
တယ်။

အဲဒီမှာ ပြင်ဆင်မှုကို သုံးကြိမ် တင်နိုင်တဲ့ အနေအထားမျိုး ပေါ်ပေါက်ခဲ့ပေမယ့်ပြင်ဆင်မှုမှာ
ချမှတ်တဲ့အမိန့်ကို ထပ်မံပြီး ပြင်ဆင်မှုလျှောက်ထားခွင့်မရှိကြောင်း ခြွင်းချက်အဖြစ် ပြဋ္ဌာန်းခဲ့တဲ့
အတွက် ပြင်ဆင်မှုကို နှစ်ကြိမ်လျှောက်ထားခွင့် မရှိတော့ပါဘူး။

အခုပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၁၆ (ခ) အရ ၂၀၀၀ ပြည့်နှစ်က ထည့်သွင်းခဲ့တဲ့ အထက် ဖော်ပြပါ
ခြွင်းချက်ကို ပယ်ဖျက်မှာ ဖြစ်တဲ့အတွက် ပြင်ဆင်မှုကို သုံးကြိမ်အထိ တင်သွင်းခွင့်ရှိတယ်လို့
အဓိပ္ပာယ်သက်ရောက်မှာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် မြို့နယ်တရားရုံးက ချမှတ်တဲ့ အမိန့်ကို ခရိုင်တရားရုံးသို့၊ ခရိုင်တရားရုံး
က ချမှတ်တဲ့ အမိန့်ကိုတိုင်း ဒေသကြီး/ပြည်နယ်တရားလွှတ်တော်သို့၊ တရားလွှတ်တော်က
ချမှတ်တဲ့ အမိန့်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အဆင့်ဆင့်ပြင်ဆင်မှု တင်သွင်းခွင့်
ရှိသွားမှာဖြစ်တယ်လို့ စာရေးသူ က နားလည်ပါတယ်။

ဒီနေရာမှာ ပြင်ဆင်မှုကို တစ်ကြိမ်တည်းတင်ခွင့်ရှိခြင်း၊ နှစ်ကြိမ်တင်ခွင့် ရှိခြင်း၊ သုံးကြိမ်တင်ခွင့်
ရှိခြင်းတို့နဲ့ ပတ်သက်ပြီး အကျိုးအပြစ်တွေကို စဉ်းစားဖို့ လိုမှာဖြစ်ပါတယ်။ ရှုထောင့်အမျိုးမျိုးက
အကောင်း၊ အဆိုး အမြင်အမျိုးမျိုး ပေါ်ပေါက်နိုင်တဲ့ အလွန်လေးနက်စွာနဲ့ ကျယ်ပြန့်စွာ
စဉ်းစားရမယ့် ပြဿနာဖြစ်ပါတယ်။

စာရေးသူရဲ့ သဘောအရ ဆိုရင်တော့ ခရိုင်တရားရုံးတွေကို ပြင်ဆင်မှု စီရင်ပိုင်ခွင့်အာဏာပေးသင့်
မသင့် ပြန်လည် စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။

တရားမ ကျင့်ထုံးဥပဒေ မူလပြဋ္ဌာန်းချက်အရ ခရိုင်တရားမတရားသူကြီးတွေကို ပြင်ဆင်မှုအာဏာ
ပေးအပ်ခဲ့ခြင်း မရှိပါဘူး။

နောက်စဉ်းစားမိတဲ့ အချက်တစ်ခုကတော့ ပြင်ဆင်မှုကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်တင်သွင်းခွင့်
ရှိမယ်ဆိုရင် တရားလွှတ်တော်ချုပ်မှာတော့ စာချွန်တော်အမှုတွေ လျော့နည်းသွားမယ်လို့
ထင်ပါတယ်။

အခု စာချွန်တော်အမှုတွေ များလွန်းနေတာက ပြင်ဆင်မှုတရားရုံးတွေရဲ့ အမိန့်ကို မကျေနပ်လို့
စာချွန်တော်အမိန့်နဲ့ ပယ်ဖျက်ဖို့ လျှောက်ထားတဲ့အမှုတွေက များတယ်လို့ ထင်ပါတယ်။

နောက်ပြီး တရားရုံးတွေရဲ့ အမိန့်တွေကို စာချွန်တော်အာဏာနဲ့ ပယ်ဖျက်ရတယ်ဆိုတာကိုလည်း
စာရေးသူက ဘဝင်မကျလှဘူး။

တရားရုံးတွေရဲ့ သိက္ခာကျတယ်လို့ ထင်ပါတယ်။ တရားရုံးအဆင့်ဆင့်မှာ အယူခံ/ ပြင်ဆင်မှုဝင်တဲ့
လုပ်ထုံးလုပ်နည်းနဲ့ ဖြေရှင်းခြင်းကသာ မှန်ကန်တဲ့ နည်းလမ်းလို့ ထင်ပါတယ်။

ပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၁၇ ကတော့ တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၃ ပါ 'Rule Committee'
လို့ ခေါ်တဲ့ နည်းဥပဒေ(လုပ်ထုံးလုပ်နည်း) ပြုစုရေးကော်မတီ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အဆိုပြုချက်
ဖြစ်ပါတယ်။

မူလပြဋ္ဌာန်းချက်အရ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တိုင်းမှာရှိတဲ့ တရားလွှတ်တော်တစ်ခုစီမှာ 'Rule
Committee' တစ်ခုစီ ဖွဲ့စည်းနိုင်ဖို့ ကော်မတီဖွဲ့စည်းပုံကို သတ်မှတ်ပေးထားတာပါ။

အခုအခါမှာ မြန်မာပြည်မှာလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းမှာ တရားလွှတ်တော် တစ်ခုစီရှိ
နေပြီဖြစ်ပေမယ့် နိုင်ငံငယ်ကလေးတစ်ခုမှာ ဥပဒေတွေ တစ်ပြေးညီဖြစ်စေဖို့ တရားလွှတ်တော်ချုပ်
ကို ဗဟိုပြုပြီး 'Rule Committee' တစ်ခုတည်းရှိတာကတော့ ကောင်းပါတယ်။

ဒါပေမဲ့ တရားလွှတ်တော်ချုပ်က တရားသူကြီး သုံးဦး ပါ၀င်ဖို့မသင့်ဘဲ တရားလွှတ်တော် တစ်ခုစီ
က တရားသူကြီးတစ်ဦးစီ ပါ၀င်စေဖို့၊ ရှေ့နေချုပ်ရုံးရဲ့ ကိုယ်စားလှယ်နဲ့ Bar Council ကိုယ်စားလှယ်
တွေ ပါ၀င်စေဖို့ သင့်တယ်လို့ ထင်ပါတယ်။

ပြင်ဆင်ချက်ဥပဒေမှာပါတဲ့ ပြင်ဆင်ချက် အများစုကတော့ ငွေကြေးဆိုင်ရာ ကိန်းဂဏန်း
သတ်မှတ်ချက်တွေကို ပြင်ဆင်ချက်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။

မူလပြဋ္ဌာန်းချက်တွေ အရပါရှိခဲ့တဲ့ ငွေပမာဏ သတ်မှတ်ချက်တွေကို ၂၀၀၀ ပြည့်နှစ် ဥပဒေ
အမှတ် (၆) ဖြင့် လည်းကောင်း၊ ၂၀၀၈ ခုနှစ် ဥပဒေအမှတ် (၆) ဖြင့် လည်းကောင်း နှစ်ကြိမ်
ပြင်ဆင်ခဲ့ပြီး ဖြစ်ပေမယ့် လက်ရှိ ငွေကြေးတန်ဖိုးအရ အခုတတိယ အကြိမ်ပြင်ဆင်ဖို့ အဆိုပြုခြင်း
ဖြစ်ကြောင်း တွေ့ ရှိရပါတယ်။

အခုပြင်ဆင်ဖို့ အဆိုပြုချက်တွေကို မူလပြဋ္ဌာန်းချက်နဲ့ ယခင်ပြဋ္ဌာန်းချက်တို့နဲ့ နှိုင်းယှဉ်သုံးသပ်နိုင်ဖို့
စာမျက်နှာ ၁၉ မှာဇယားနဲ့ ဖော်ပြထားပါတယ်။

ဇယားမှာ ဖော်ပြထားတဲ့

- ပုဒ်မ ၃၅ - က အရ တရားလိုက တရားပြိုင် အပေါ် မဟုတ်မမှန်ဘဲ (သို့မဟုတ်) စိတ်အနှောင့်
အယှက်ဖြစ်စေရန် အကြံနဲ့ စွဲဆိုတဲ့ တရားမမှုတွေမှာ တရားပြိုင်ရဲ့ လျှောက်ထားချက်အရ
တရားလိုက တရားပြိုင်အား လျော်ကြေးအဖြစ်ပေးစေရန် တရားရုံးကအမြင့်ဆုံး သတ်မှတ်နိုင်တဲ့
ငွေကြေးပမာဏဖြစ်ပါတယ်။

ယခင်ပြင်ဆင်ချက်အရ မူလငွေ ပမာဏရဲ့ အဆ ၁၀၀ တိုးမြှင့်ပြီးဖြစ်သည်ကို ယင်းတိုးမြှင့်ပြီး
ငွေပမာဏရဲ့ ၁၀ ဆအထိ ထပ်မံ တိုးမြှင့် ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။

- ပုဒ်မ ၆၀ (၁)ရဲ့ ပုဒ်မခွဲ(ဇ)က တရားရှုံးဖြစ်တဲ့ အလုပ်သမားတွေနဲ့ အိမ်ဖော်တွေရဲ့ လုပ်ခ ငွေ
အပေါ် ၀ရမ်းစွဲကပ်ခွင့်ရှိတဲ့ ငွေပမာဏ သတ်မှတ်ချက်ဖြစ်ပြီး ပုဒ်မခွဲ(ဈ )ကတော့ တရားရှုံး ဖြစ်တဲ့
ပြည်သူ့ဝန်ထမ်းရဲ့ လစာငွေ အပေါ် ၀ရမ်းစွဲကပ်ခွင့်ရှိတဲ့ ငွေပမာဏသတ် မှတ်ချက်ဖြစ်ပါတယ်။

ယခင်ပြင်ဆင်ချက်အရ အဆ ၁၀၀ တိုးမြှင့်ပြီးဖြစ်သည်ကို ထပ်မံ၍ ၁၀ ဆအထိ တိုးမြှင့်ပြင်ဆင်
လိုခြင်း ဖြစ်ပါတယ်။ လုပ်ခနဲ့ လစာတွေ တိုးမြင့် လာခြင်းကြောင့် ဖြစ်ပါလိမ့်မယ်။

- ပုဒ်မ ၉၅ (၁)ကတော့ ခိုင်လုံတဲ့အကြောင်း တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခြင်း၊ ၀ရမ်းစွဲ ကပ်ခြင်း
သို့မဟုတ် တားမြစ်မိန့်ထုတ်ဆင့်ခြင်း ခံရတဲ့ တရားပြိုင်အား တရားလိုက လျော်ကြေးအဖြစ်ပေးရန်
တရားရုံးက ချမှတ် နိုင်တဲ့ အမြင့်ဆုံးငွေပမာဏ သတ်မှတ်ချက် ဖြစ်ပါတယ်။

ယခင်ပြင်ဆင်ချက်အရ အဆ ၁၀၀ တိုးမြှင့်ပြီးဖြစ်သည်ကို ယင်းတိုးမြှင့် ပြီး ပမာဏရဲ့ ငါးဆအထိ
ထပ်မံတိုးမြှင့် ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။

- ပုဒ်မ ၁၀၀ (၁)ကတော့ ဒုတိယအယူခံဝင် ခွင့် ရှိတဲ့ အမှုတန်ဖိုး သတ်မှတ်ချက်ဖြစ်ပါတယ်။
ယခင်ပြင်ဆင်ချက်အရ အမြင့်ဆုံး အမှုတန်ဖိုး ကျပ်နှစ်သန်းမှ ယခု ကျပ် တစ်သန်းသို့ လျှော့ချ
ပေးဖို့ အဆိုပြုထားခြင်း ဖြစ်ရာ ဒုတိယအယူခံ ၀င်ခွင့်ရှိသော အမှုဦးရေ တိုးတက်လာမှာဖြစ်တဲ့
အတွက် အမှုသည်တွေအနေနဲ့ အခွင့်အရေး ပိုရလာမှာ ဖြစ်လို့ လက်ရှိအခြေအနေအရ သင့်တော်
တယ်လို့ ယူဆပါတယ်။

- ပုဒ်မ ၁၀၂ ကတော့ ဒုတိယအယူခံဝင်ခွင့်ရှိတဲ့ မူလအမှုရဲ့ အမှုတန်ဖိုး သတ်မှတ်ချက်ဖြစ်ပါတယ်။
ယခင်ပြင်ဆင်ချက်အရ အမြင့်ဆုံး အမှုတန်ဖိုး ကျပ်နှစ်သန်းမှ အခု ကျပ်တစ်သန်းသို့ လျှော့ချပေးဖို့
အဆိုပြု ထားခြင်းဖြစ်ရာ ဒုတိယ အယူခံဝင်ခွင့်ရှိတဲ့ အမှုဦးရေ တိုးတက်လာမှာ ဖြစ်တဲ့အတွက်
အမှုသည်တွေအနေနဲ့ အခွင့်အရေး ပိုရလာမှာဖြစ်လို့ လက်ရှိအခြေအနေအရ သင့်တော်တယ်လို့
ယူဆပါတယ်။

- ပုဒ်မ ၁၁၀ ကတော့ တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ရောက်ခွင့်ရှိတဲ့ မူလအမှုရဲ့ အမှုတန်ဖိုးနဲ့
ပထမအယူခံမှုရဲ့ အမှုတန်ဖိုး သတ်မှတ်ချက်ဖြစ်ပြီး မူလသတ်မှတ်ချက်ကို အဆ ၁,၀၀၀ တိုးမြှင့်
သတ်မှတ်ဖို့ အဆိုပြုထားခြင်း ဖြစ်ရာ အမှုတန်ဖိုး သိန်း ၁၀၀ မကျော်သော အမှုများ
တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခွင့်ရှိတော့မှာ မဟုတ်တဲ့အတွက် လက်ရှိစနစ်အရ၊ မြို့နယ်
တရားရုံးက စီရင်ပိုင်ခွင့်ရှိတဲ့ တရားမမှုတွေကို ခရိုင်နဲ့ တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်
များသို့ နှစ်ကြိမ်အယူခံ ၀င်ရောက်ခွင့် ရှိသော်လည်း တရားလွှတ်တော်ချုပ်သို့ ထပ်မံ၍ အယူခံ
၀င်ခွင့်ရှိတော့မှာ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။

တရားမကျင့်ထုံးဥပဒေပါ ကိန်းဂဏန်းတွေကို အထက်ဖော်ပြပါအတိုင်း ပြင်ဆင်ရာမှာ စာဖြင့်
မဟုတ်ဘဲ ဂဏန်းဖြင့် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။

မူလပြဋ္ဌာန်းချက်များမှာ စာဖြင့် ဖော်ပြထားတဲ့အတိုင်း လိုက်နာသင့်ပါတယ်။

ဆက်လက်ဆွေးနွေးဖို့ အချက်တွေ ကျန်ရှိနေသေးတာကြောင့် နောက်တစ်ပတ်မှာ ဆက်လက်
ဆွေးနွေးပါဦးမယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021