ကေအင်န်ယူ အစိုးရအလုပ်တွေ မလုပ်ပါနဲ့တဲ့

ကေအင်န်ယူ အစိုးရအလုပ်တွေ မလုပ်ပါနဲ့တဲ့

ပြီးခဲ့တဲ့ ဇွန်လ ၁၃ နဲ့ ၁၄ ရက်နေ့တွေတုန်းက တနင်္သာရီတိုင်းဒေသကြီး ကေအင်န်ယူ ကရင် အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် ဧရိယာမှာ အစိုးရတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ နဲ့ ၁၄ ရက်နေ့တွေတုန်းက တနင်္သာရီတိုင်းဒေသကြီး ကေအင်န်ယူ ကရင်
အမျိုးသားအစည်းအရုံး မြိတ်ထားဝယ်ခရိုင် ဧရိယာမှာ အစိုးရတပ်နဲ့ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲအပြီး ကေအင်န်ယူဘက်က တပ်သားတစ်ဦးကျဆုံး၊ တစ်ဦး ဒဏ်ရာရ၊ လက်နက် နှစ်လက်
ဆုံးရှုံးပါတယ်။ တိုက်ပွဲဖြစ်စဉ်အတွက် ကေအင်န်ယူဘက်က အစိုးရဘက်ကို ကန့်ကွက်စာ
ပို့ထားတယ်လို့ ကေအင်န်ယူအထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

ဒီတိုက် ပွဲကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မထိခိုက်ဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့
ထူးခြားတာ တစ်ခုက ဒီဖြစ်စဉ်အပြီး တနင်္သာရီတိုင်း ဒေသကြီး ၀န်ကြီးချုပ်က မြိတ်ထားဝယ်ခရိုင်
အခြေစိုက် ကေအင်န်ယူတပ်မဟာ(၄)နဲ့ ခရိုင်ဥက္ကဋ္ဌ တွေဆီကို သတိပေးစာတစ်စောင် ပေးပို့ခဲ့တာ
ပါ။ စာမှာ ဘာတွေပါလဲ၊ ဒါဟာ ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

စာမှာ ဖော်ပြထားတာက ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ဆင်ဖြူဒိုင်
ကျေးရွာနားမှာ ကေအင်န်ယူအဖွဲ့ဟာ ကရင် အမျိုးသား ရဲတပ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး ရဲ၊ အကောက်ခွန်၊
သစ်တောစတဲ့ အဖွဲ့အစည်း လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ကိုင် နေခြင်းဟာ လက်ရှိ နိုင်ငံတော်အစိုးရ ၀န်ကြီးဌာနတွေက လုပ်ကိုင်နေတဲ့ ရဲ၊
အကောက်ခွန်၊ သစ်တောဆိုင်ရာ လုပ်ငန်းတွေနဲ့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တယ်၊ ပြည်တွင်း
ပြည်ပ ခရီးသွားတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ တရားဥပဒေ စိုးမိုးရေးကို
ထိခိုက်စေနိုင်တယ်၊ ဒါကြောင့် ကိုယ့်အဖွဲ့ဝင်တွေကို ကိုယ်ကြပ်မတ် ပေးပါလို့ ဖော်ပြထားပါတယ်။

နောက်ဆက်ပြီး ဖော်ပြထားတာက ကေအင်န်ယူအဖွဲ့အနေနဲ့ အစိုးရကသာ လုပ်နိုင်တဲ့
ဒီအလုပ်မျိုးတွေကို လုပ်ခွင့် မရှိတာကြောင့် အခုဖွဲ့ထားတဲ့ ရဲ၊ အကောက် ခွန်၊ သစ်တောအဖွဲ့တွေရဲ့
လုပ်ရပ်တွေ ဆက်မလုပ်ဖို့၊ ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။

စာအသွားအလာကိုကြည့်ရင် ကေအင်န်ယူဘက်က ဒါကို ရပ်ချင်ရပ်၊ မရပ်ရင် တပ်မတော်က
ပြည်သူလူထုကို အကာအကွယ်ပေးတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နယ်မြေ ရှင်းလင်းရေး
လုပ်လာရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တဲ့ အန္တရာယ် အငွေ့အသက်တွေ တွေ့နေရပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး နောက်ပိုင်း
ဖြစ်ပေါ်လာတဲ့ တိုက်ပွဲအများစုဟာ ခုလို ပြဿနာမျိုးကို အခြေခံပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့တွေက တပ်ဖွဲ့ ရန်ပုံငွေအတွက် အခွန်အကောက် ကောက်တယ်၊ ဒါကို အစိုးရ
ဘက်က ဆက်ကြေးတောင်းတယ်လို့ နာမည်တပ်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးဖို့ဆိုတဲ့
ခေါင်းစဉ်နဲ့ နယ်မြေရှင်းလင်းရင်း တိုက်ကြ ခိုက်ကြ၊ ထိတွေ့ကြတာမျိုးဖြစ်ပါတယ်။

အစိုးရ စစ်တပ်ကနေ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဒီလို ပြည်သူလူထုဆီက
အခွန်မကောက်ဖို့ တားမြစ်ထားတဲ့ကိစ္စ၊ တိုင်းရင်းသားတွေ ဘက်ကလည်း လိုက်နာဖို့ အလွန်
ခက်ခဲတယ်လို့ ၀န်ကြီး ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက
၀န်ခံပြောဆိုကြပါတယ်။

တကယ်တော့ ကေအင်န်ယူအပါအဝင် ၀ါရင့် သမ္ဘာရင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ
လက်နက်ကိုင် တော်လှန်ရေးစပြီး ဆင်နွှဲစဉ်ကတည်းက အမျိုးသား အစိုးရတစ်ရပ်
တည်ထောင်နိုင်ဖို့ ရည်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

ကေအင်န်ယူဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူတို့စိုးမိုးထားရာ ဒေသမှာ
ကော်သူးလေ အစိုးရ အဖြစ် ဖွဲ့စည်းထားပြီး အဲဒီ အစိုးရအောက်မှာ နိုင်ငံခြားရေး၊ သစ်တော၊
အကောက်ခွန်၊ ရဲ၊ လဝက၊ စီးပွားရေး၊ ပညာရေး၊ တရားရေး စသဖြင့် အစိုးရ ၀န်ကြီးဌာန နည်းတူ
ဌာနတွေနဲ့ ဖွဲ့စည်းထားခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေဟာ သူတို့နယ်မြေထဲမှာ အစိုးရ အဖွဲ့အစည်းပုံသဏ္ဌာန် စီမံခန့်ခွဲ အုပ်ချုပ်ကြပါ
တယ်။

နမူနာ တစ်ခုပြရမယ်ဆိုရင် အစိုးရဆီမှာ လက်နက်ချ အလင်းဝင်ပြီး ကရင်ပြည်နယ် ဘုရားကုန်း
ကျေးရွာမှာ အခြေချနေထိုင်တဲ့ ပဒိုအောင်ဆန်းဆိုရင် ကေအင်န်ယူ သစ်တောဝန်ကြီး ဖြစ်ပါတယ်။

အရင် တစ်ခေတ် ကေအင်န်ယူတပ်ဖွဲ့တွေ ထိုင်းနယ်စပ် တစ်လျှောက် စိုးမိုးထိန်းချုပ်ထားစဉ်တုန်း
ကဆို ထိုင်းအစိုးရ၊ ထိုင်းကုမ္ပဏီတွေနဲ့ ကေအင်န်ယူတို့ စီးပွားရေးဆိုင်ရာ စာချုပ်တွေ ချုပ်ဆိုကြ
ပြီဆို ကော်သူးလေ အစိုးရအနေနဲ့ သုံးနှုန်းချုပ်ဆိုကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲ အလည်အပတ် ဈေးဝယ် ကုန်သွယ် သွားလိုသူတွေဟာ ကေအင်န်ယူ လဝကဂိတ်
တွေမှာ Border Pass လက်မှတ်တွေ ယူရပါတယ်။ ဒါကို ထိုင်း လဝက၊ နယ်ခြားစောင့်တပ်တွေ
လက်ခံကြပါတယ်။

လက်ရှိ ၁၉၉၀ ကျော်မှာ ပြန်ဖွဲ့ထားတဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ ဆိုတာ အရင် အစဉ်အဆက်
ရှိခဲ့တဲ့ အစောဆုံး ကရင်လက်နက်ကိုင် KNDO တပ်ဖွဲ့ကို အသွင်ပြောင်းထားတာ ဖြစ်ပါတယ်။

သိပ် ထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ဒါတင်မက ကေအင်န်ယူမှာ အစိုးရအဖွဲ့တစ်ရပ်လိုပဲ
ပညာရေးဝန်ကြီးဌာန၊ စာသင်ကျောင်းနဲ့ ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းတွေ ပါရှိနေတာပါ။

ပြောရရင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ စစ်တိုက်နေတာ တစ်ခုတည်းမဟုတ်ဘဲ အစိုးရအဖွဲ့ပုံစံ ဖွဲ့စည်း
တည်ဆောက်ထားတာမျိုးပါ။

တကယ်တော့ အဲလို အစိုးရအဖွဲ့ ပုံသဏ္ဌာန် ဖွဲ့စည်းထားတာဟာ ကေအင်န်ယူ တစ်ဖွဲ့တည်းတော့
မဟုတ်ပါဘူး။

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)၊ ကေအိုင်အေ ဆိုရင်လည်း ဒီလိုပဲ ရဲ၊ လဝက၊
အကောက်ခွန်၊ စီးပွားရေး၊ တရားရေး၊ ပညာရေး ဌာန ပေါင်းစုံဖွဲ့စည်း ထားပါတယ်။

သူ့ဌာနချုပ် လိုင်ဇာမှာဆို ကချင် ယာဉ်ထိန်းရဲတောင် ရှိပါတယ်။

အစိုးရနဲ့ ကေအိုင်အို အပစ်ရပ်ထားစဉ် မြစ်ကြီးနားမြို့မှာ မနောပွဲ ကျင်းပခဲ့တဲ့ နှစ်တွေတုန်းက
ကေအိုင်အို အဖွဲ့ဝင်တွေ ထောင်နဲ့ချီ တက်ပြီး မနောက ခဲ့ပါတယ်။

အဲဒီမှာ စစ်တပ်ယူနီဖောင်းတွေနဲ့ရော ရဲ၊ အကောက်ခွန်၊ သစ်တော၊ စီးပွားရေး အစရှိသဖြင့်
ဌာနဆိုင်ရာ သီးသန့်ဝတ်စုံတွေနဲ့ပါ မနောကကြတာ တွေ့မြင်နိုင်ပါတယ်။

အလားတူ လက်ရှိ '၀' နဲ့ မိုင်းလား နယ်မြေတွေဆိုရင်လည်း အစိုးရနဲ့ စစ်တပ်က လုံးဝ တို့ထိလို့
မရတဲ့ သီးခြား အစိုးရတစ်ရပ်ပုံစံ ဖွဲ့စည်း စီမံခန့်ခွဲ အုပ်ချုပ်နေထိုင်ကြတာ တွေ့မြင်နိုင်ပါတယ်။

ကိုယ်ပိုင် အကျဉ်းထောင်တွေ ရှိသလို ကိုယ့် တရားရုံးနဲ့ကိုယ် သေဒဏ် အထိ စီရင်ပါတယ်။

ပြောရရင် တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာဟာ ဗမာတွေနဲ့
တန်းတူ အခွင့်အရေး မရကြလို့ပါ။

သူတို့ လိုချင်တာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပါ။ ဒါကို နားမလည်ဘဲ ရဲ မလုပ်ရဘူး၊
အကောက်ခွန် မကောက်ရဘူး၊ ဟိုမလုပ်ရ၊ ဒီမလုပ်ရ၊ လုပ်တာ ပြည်သူလူထုကို အခက်အခဲ
ဖြစ်စေတယ် အကြောင်းပြပြီး နယ်မြေ ရှင်းလင်း၊ တိုက်မယ်ခိုက်မယ် ဆိုရင်တော့ တိုက်ပွဲတွေ
ပြန်ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။

တကယ့်တကယ် လိုအပ်တာက အပစ်ရပ်ထားပြီးနောက် အပစ်ရပ်ခိုင်မာအောင်လုပ်၊
တစ်ပြိုင်နက်တည်း ရေရှည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေး၊ အဲဒီ ဆွေးနွေးမှုတွေထဲမှာ ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ခုလို ပြဿနာမျိုးတွေကိုပါ ပြေလည်တဲ့အထိ
ညှိနှိုင်းဖြေရှင်းတဲ့ နည်းကိုပဲ ကျင့်သုံးရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021