တရားဝင် ကုန်သွယ်မှု အောင်မြင်နိုင်မလား

တရားဝင် ကုန်သွယ်မှု အောင်မြင်နိုင်မလား

အခုရက်ပိုင်း စီးပွားကူးသန်းဝန်ကြီးဌာနဟာ ကုန်သွယ်မှုလုပ်ငန်းတွေ တရားဝင် ဖြစ်လာစေရေးအတွက် အစည်းအဝေးတွေ တစ်ခုပြီး တစ်ခုလုပ်၊ ကြေညာချက်တွေ တစ်ခုပြီး တစ်ခု ထုတ်ပြန်နေတာ တွေ့ရပါတယ်။

အခုရက်ပိုင်း စီးပွားကူးသန်းဝန်ကြီးဌာနဟာ ကုန်သွယ်မှုလုပ်ငန်းတွေ တရားဝင် ဖြစ်လာစေရေး
အတွက် အစည်းအဝေးတွေ တစ်ခုပြီး တစ်ခုလုပ်၊ ကြေညာချက်တွေ တစ်ခုပြီး တစ်ခု
ထုတ်ပြန်နေတာ တွေ့ရပါတယ်။

မိုဘိုင်းဖုန်း ဟန်းဆက် တင်သွင်းတဲ့သူတွေနဲ့ တွေ့ဆုံ အစည်းအဝေး လုပ်ပါတယ်။ ၉၈ ရာခိုင်နှုန်း
လောက် တရားမဝင်အကောက်ခွန်မဲ့ မှောင်ခို ဖြစ်နေတဲ့ကိစ္စ ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးပါ
တယ်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ခုနစ်ခုနဲ့ လေဆိပ်ကနေ ၀င်လာတဲ့ ကွန်တိန်နာတွေ၊
ကုန်ပစ္စည်းတွေကို Mobile Team ကနေ စစ်ဆေးမယ်၊ အကောက်ခွန်မဲ့ တရားမဝင်တာတွေကို
အရေးယူဖမ်းဆီးမယ်လို့ ကြေညာပါတယ်။ မှောင်ခိုဖမ်းတဲ့ မိုဘိုင်းတင်းမ် အဖွဲ့တွေအတွက် ရွေ့ရှား
X-Ray စက်တွေ မှာယူပြီး စစ်ဆေးမယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက မိုဘိုင်းတင်းမ် အဖွဲ့ဝင်တွေ အဂတိလိုက်စားပြီး အရင်ခေတ် အဆက်ဆက်က ရှိခဲ့ဖူးတဲ့
မှောင်ခိုဖမ်း အဖွဲ့ တွေလို ပျက်စီးမသွားအောင် ဖမ်းဆီးရမိတာတွေထဲက ဆုကြေးငွေရရှိမယ့်
အချိုးအစား တိုးမြှင့်ဖို့ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံ ကုန်သွယ်ရေးလုပ်ငန်း တရားဝင် ဖြစ်လာဖို့ ဘာပြဿနာ တွေရှိနေသလဲ၊ လက်ရှိ
စီးပွားကူးသန်းက လုပ်ကိုင်ဆောင်ရွက်နေတာ အောင်မြင်မှုရပါရဲ့လား၊ ဘာလိုအပ်ချက်တွေ
ရှိနေမလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အစိုးရက ထုတ်ပြန်တဲ့ ကုန်သွယ်မှုကိန်း ဂဏန်းတွေကိုကြည့်ရင် ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ် ကနေ
၂၀၁၂ - ၁၃ ဘဏ္ဍာနှစ် အကုန် ရောက်သည်အထိ ကုန်သွယ်ရေး ပမာဏ ကိန်းဂဏန်း တိုးတက်မှု
မရှိပါဘူး။ အကြမ်းဖျင်းအမေရိကန် ဒေါ်လာ ၁၈ ဘီလျံဖိုးစီလောက်ပဲ ရှိပါတယ်။

၂၀၁၃ - ၁၄ ခုနှစ် ရောက်တော့ ဒေါ်လာ ၂၅ ဘီလျံအထိ တက်လာပါတယ်။ ခုနစ် ဘီလျံ
ရာခိုင်နှုန်း ၄၀ နီးပါး တိုးလာတာပါ။ ဒါဟာ တရားမဝင် ကုန်သွယ်မှုတွေ လျော့ကျပြီး တရားဝင်
ကုန်သွယ်မှု ပိုများလာတာများလား။ ဒါမှမဟုတ် တကယ်ပဲ ကုန်သွယ်ရေး ပမာဏကပဲ
တက်လာတာလား စဉ်းစားစရာ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ တရားမဝင် ကုန်သွယ်မှု ပမာဏကို သိချင်ရင် ကုန်သွယ်ဘက် နိုင်ငံ တွေရဲ့ ပို့ကုန်၊
သွင်းကုန်ပမာဏနဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ စာရင်းဇယားတွေကို နှိုင်းယှဉ်ကြည့်မှသာ
သိနိုင်မှာပါ။

ပြီးခဲ့တဲ့နှစ် ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာနိုင်ငံထဲ သွင်းကုန်ပမာဏ တန်ဖိုး ထိုင်း ဘက်က
ဖော်ပြချက်နဲ့ မြန်မာနိုင်ငံဘက်က ဖော်ပြချက် ၁၀ ဆလောက်အထိ ကွာခြားနေတာကြည့်ရင်
တရားမဝင်ကုန်သွယ်မှု ပမာဏ အလွန်ကြီးမားနေတာ ပေါ်လွင်စေပါတယ်။

ဒါနဲ့ပတ်သက်ရင် အဓိကအကျဆုံးက ကုန်သွယ်ရေးဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းပြဿနာက
အဓိက ကျပါတယ်။ လတ်တလောအချိန်ထိ ပြေလည်မှု မရသေးတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊
၀ိုင် ပြဿနာဆို ခုချိန်ထိ တရားဝင်တင်သွင်း ခွင့်မပြုသေးပါဘူး။

အခွင့်ထူးရနေသူတွေ အတွက် အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်တွေက အချိန်ဆွဲထားပေးတယ်လို့ မှန်းဆ
ရပါတယ်။ ဒါပေမဲ့ ဈေးကွက်လိုအပ်ချက် အလွန်ကြီးတော့ တရားမဝင် မှောင်ခိုတင်သွင်းတာ
များပြားပြီး တစ်ပြည်လုံးက ဆိုင်တွေမှာ ရောင်းချနေတဲ့ အရက်၊ ဘီယာ၊ ၀ိုင်တွေ အားလုံး
တရားမဝင် မှောင်ခိုကုန်ပစ္စည်းတွေ အဖြစ်ရောက်သွားရတာပါ။

တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းမှာ နိုင်ငံခြားဖြစ် ဆေးဝါး နဲ့ စားသောက်ကုန်တွေကလည်း
ထုနဲ့ထည်နဲ့ များပြားပါတယ်။

ဒါကတော့ FDA လို့ခေါ်တဲ့ မြန်မာနိုင်ငံအစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက
ထောက်ခံချက် ထုတ်ပေးဖို့ အချိန်အများကြီး ကြန့်ကြာတာကြောင့် ဖြစ်ရတာလို့ စီးပွားကူးသန်းက
သုံးသပ်ထားပါတယ်။

မိုဘိုင်းဖုန်းဟန်းဆက်တွေ၊ သေးမွှားပေမယ့် တန်ဖိုးကြီးတဲ့ ကွန်ပျူတာ အပိုပစ္စည်းတွေနဲ့
ပတ်သက်လို့ကတော့ အခွန်ကောက်မယ့်စနစ် ရှင်းလင်းမှုမရှိတာ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့
နှိုင်းယှဉ်ရင် အခွန်နှုန်းထား မြင့်မားနေတာကြောင့်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ထောက်ပြကြ
ပါတယ်။

ပြောရရင် တရားမဝင် ကုန်သွယ်မှုပြဿနာ ဖြစ်ရတာမှာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်း
စည်းကမ်း ပြဿနာက နံပါတ် (၁) ပြဿနာ ဖြစ်ပါတယ်။

ဒုတိယ ပြဿနာကတော့ အဂတိ လိုက်စားမှုပြဿနာပါ။

လက်ရှိစီးပွားကူးသန်း ၀န်ကြီးဌာနက မိုဘိုင်းတင်းမ်တွေဖွဲ့၊ မှောင်ခိုကုန်တွေ ဖမ်းနေပေမယ့်
ဒီပြဿနာနဲ့ ဆက်စပ်တဲ့ အရာရှိတွေ ၀န်ထမ်းတွေရဲ့ အဂတိလိုက်စားမှုပြဿနာကိုတော့ ပူးတွဲ
ကိုင်တွယ်တာ မတွေ့ရပါဘူး။

တကယ့်တကယ် အဂတိလိုက်စားမှုပြဿနာကိုင်တွယ် တော့မယ်ဆိုရင် ထိပ်ပိုင်း စီးပွားရေးသမား
တွေ၊ ထိပ်ပိုင်းအစိုးရအရာရှိကြီးတွေပါ ပတ်သက်ယှက်နွှယ်လာနိုင်တာကြောင့် ကိုင်တွယ်လို့
မရနိုင်ဘူးလို့ မှန်းဆရပါတယ်။

တတိယပြဿနာက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပြဿနာပါ။

အထူးသဖြင့် ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်ဘက်အခြမ်းမှာ ဖြစ်ပါတယ်။

မဲဆောက် - မြဝတီ နယ်စပ်မှာ အစိုးရရဲ့ တရားဝင်ဂိတ်ကတစ်ခုပဲရှိပြီး လက်နက်ကိုင်တွေ
ထိန်းချုပ်ထားတဲ့ ဂိတ်ပေါင်းက ၂၀ ကျော်ရှိနေတာမို့ တရားဝင်ကုန်သွယ်မှုဖြစ်ဖို့ ထိန်းချုပ်ဖို့
မလွယ်ပါဘူး။

နောက်ဆုံး တရားမဝင်ကုန်စည် စစ်ဆေးတဲ့ မိုဘိုင်းတင်းမ် ကိုတောင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်
ထဲမှာ ချထားလို့ မရဘဲ ပဲခူးတိုင်းအစပ်၊ စစ်တောင်း တံတားနားမှာ ချထားရတာက ဒီကိစ္စ
ကိုင်တွယ်ရ ခက်နေတာကို ပြနေပါတယ်။

စတုတ္ထပြဿနာက အစိုးရဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်လုပ်ကိုင်မှု၊ ဗဟိုအစိုးရနဲ့ တိုင်းနဲ့
ပြည်နယ် အစိုးရ ပေါင်းစပ်လုပ်ကိုင်မှု မရှိသလောက် အားနည်းနေရတဲ့ ကိစ္စပါ။

ဒီပြဿနာတွေကြောင့်လည်း တရားမဝင် ကုန်သွယ်မှုကိစ္စ ထိထိရောက်ရောက် မဖြေရှင်းနိုင်တာ
ပါ။

ပဥ္စမနဲ့ နောက်ဆုံး ပြဿနာကတော့ စီးပွားရေးလုပ်ငန်းရှင် ကုန်သည်တွေရဲ့ စီးပွားရေးလုပ်ကိုင်တဲ့
အမူအကျင့်ဆိုင်ရာ ပြဿနာဖြစ်ပါတယ်။

အောက်ခြေ စီးပွားရေးလုပ်ငန်းရှင်တွေ မပြောနဲ့ ထိပ်ပိုင်းက နိုင်ငံမှာ အချမ်းသာဆုံးဆိုတဲ့
စီးပွားရေးထိပ်သီး ၁၀ ယောက် လောက်ကြည့်လိုက်ရင်တောင် အားလုံးနီးပါးဟာ အခွန်တိမ်းရှောင်
တာ၊ စီးပွားရေးကို မမှန်ကန်တဲ့နည်းနဲ့ လုပ်နေကိုင်နေသူတွေ ဖြစ်တယ်လို့ အစိုးရအရာရှိတွေ
ကိုယ်တိုင်က ဝေဖန်ကြပါတယ်။

လက်ရှိ နိုင်ငံတကာ ဆိပ်ကမ်း ခုနစ်ခုကနေ ၀င်လာတဲ့ ကွန်တိန်နာတွေကို စစ်ဆေးခွင့်ရထားတဲ့
မိုဘိုင်းတင်းမ် အဖွဲ့ဟာ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်း တင်သွင်းသူတွေထဲမှာ
ထိတ်ထိတ်ကြဲ ထိပ်သီး စီးပွားရေးသမားတွေ ပါ၀င်ကောင်း ပါ၀င်လာနိုင်တယ်လို့ မှန်းဆထားကြ
ပါတယ်။

သာမန်အောက်ခြေ စီးပွားရေးသမားတွေကတော့ အထူးပြောစရာ မလိုပါဘူး။ ဒီလမ်းက စစ်ရင်
စစ်သူကို လာဘ်ပေးလို့ ရမလား၊ မရရင် ရှောင်ကွင်းလမ်း ဘယ်မှာ ရှိသလဲ၊ ဘယ်နည်းနဲ့သွားရင်
ကျော်ဖြတ်နိုင်မလဲ စသဖြင့် စဉ်းစား လုပ်ကိုင်ကြပါတယ်။

ကိုယ်တိုင် မလုပ်နိုင်ရင် လုပ်နိုင်ကိုင်နိုင်တဲ့ ကယ်ရီသမားတွေ ပေါ်ပေါက်လာစမြဲပဲ ဖြစ်ပါတယ်။
တစ်ယောက်ကို ဖမ်းလိုက်ရင် နောက်တစ်ယောက် ထပ်ပေါ်လာမှာဖြစ်ပါတယ်။

ကယ်ရီခကတော့ ဈေးနည်းနည်း မြင့်သွားနိုင်ပါတယ်။ ဒီလိုလုပ်မှလည်း ဈေးကွက်ထဲမှာ
တခြားသူတွေနဲ့ ယှဉ်ပြိုင် နိုင်မှာမို့ မလွဲမရှောင်သာ လုပ်ရတာလို့လည်း ခန့်မှန်းရပါတယ်။

ခြံုငုံပြီး ပြောရရင် အစိုးရရဲ့ တရားဝင် ကုန်သွယ်မှုဖြစ်ရေး ကြိုးပမ်းမှုမှာ ဒီပြဿနာကြီးတွေ
ရှိနေတာပါ။

ဒါတွေကို စနစ်တကျ မဖြေရှင်းဘဲနဲ့တော့ ကုန်သွယ်မှုရာခိုင်နှုန်း အများစု တရားဝင်လမ်းကြောင်း
ပေါ် ရောက်လာဖို့ ခက်ခဲသလို လာမယ့် ၂၀၁၈ အာဆီယံ Free Trade ဇုန်ထဲ ၀င်ခဲ့ရင်လည်း
ပြဿနာပေါင်းစုံ မလွဲမသွေကြံုတွေ့ရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021