(ဇူလိုင် ရ ရက်၊ ၅၂ နှစ်မြောက် အထိမ်းအမှတ်) နှစ်စဉ် နှစ်တိုင်း ဇူလိုင် ရ ရက်နေ့နီးလာရင် မြန်မာ့ကျောင်းသား လှုပ်ရှားမှုသမိုင်းကြောင်းတွေထဲမှာ အုပ်ချုပ်သူလူတန်းစားက အရက်စက်ဆုံး၊ အယုတ်မာဆုံး၊ အကြင်နာတရားအမဲ့ဆုံး ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြီးဖြစ်တဲ့ ဇူလိုင် ရ ရက်နေ့ အရေးတော်ပုံ အကြောင်းကို ...
(ဇူလိုင် ရ ရက်၊ ၅၂ နှစ်မြောက် အထိမ်းအမှတ်) နှစ်စဉ် နှစ်တိုင်း ဇူလိုင် ရ ရက်နေ့နီးလာရင်
မြန်မာ့ကျောင်းသား လှုပ်ရှားမှုသမိုင်းကြောင်းတွေထဲမှာ အုပ်ချုပ်သူလူတန်းစားက အရက်စက်ဆုံး၊
အယုတ်မာဆုံး၊ အကြင်နာတရားအမဲ့ဆုံး ကြမ်းကြုတ်တဲ့ လုပ်ရပ်ကြီးဖြစ်တဲ့ ဇူလိုင် ရ ရက်နေ့
အရေးတော်ပုံ အကြောင်းကို စာရေးချင်စိတ် သိပ်ပြင်းပြတယ်။ မရေးဖြစ်ခဲ့ဘူး။ အခုတော့
ရေးချိန်တန်ပြီ။
ရေးပြီ။ ရေးမယ်ဆိုတော့ ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာ လ ၂၈ ရက်နေ့မှာ မြန်မာတစ်ပြည်လုံး စိုးမိုး
အုပ်ချုပ်တဲ့ နယ်ချဲ့ဗြိတိသျှကိုလိုနီဘဝပညာရေးလောက အဖြစ်အပျက်တစ်ခုက အစပျိုးမှ
ဖြစ်မယ်။
၁၉၂၀ ပြည့်နှစ်၊ တက္ကသိုလ် ကျောင်းသားများ သပိတ်တိုက်ပွဲ အရှေ့တောင်အာရှကို ဗြိတိသျှတွေ
က နယ်ချဲ့တော့ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံထက် ဗြိတိသျှတွေရဲ့ ကိုလိုနီအဖြစ် စောတာမို့ ကိုလိုနီ
ဖြစ်ရတာချင်းအတူတူ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အောက်အဆင့်မှာ ရှိနေတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်ကောလိပ်နဲ့ ယုဒသန်ကောလိပ်နှစ်ကျောင်းဟာ
အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံကျောင်းတွေအဖြစ် မှီခို ရပ်တည်နေရ
တယ်။
ဒါကို မြန်မာတွေက မကျေနပ်ဘူး။ သီးခြား အမှီအခိုကင်း တက္ကသိုလ်အဖြစ် ရပ်တည်ဖို့
မကြာခဏအရေးဆို ဇွတ်တောင်းဆိုတာကြောင့် ၁၉၂၀ ပြည့်နှစ်မှာ တက္ကသိုလ်ဥပဒေကို
ပြဋ္ဌာန်းပြီး ရန်ကုန်ကောလိပ်နဲ့ ယုဒသန် ကောလိပ်နှစ်ခုပေါင်းကာ 'ရန်ကုန်တက္ကသိုလ်' အဖြစ်
ဗြိတိသျှအာဏာပိုင်အဖွဲ့က လိုလိုလားလားမရှိဘဲ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့တယ်။
ဒီလို 'ရန်ကုန်တက္ကသိုလ်' သီးခြား တည်ထောင်ပေးတာကို ကြိုဆိုလက်ခံရပေမယ့် ဗြိတိသျှအစိုးရ
က ပြဋ္ဌာန်းပေးလိုက်တဲ့ တက္ကသိုလ်ဥပဒေပါ စည်းမျဉ်းစည်းကမ်း တချို့ကို မြန်မာတွေက
လက်ခံလို့ မရဘူး။
ဆိုကြပါစို့၊ ရန်ကုန်တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားကြပေမယ့် ကျောင်းသူ၊
ကျောင်းသားတွေဟာ ကျောင်းအိပ်၊ ကျောင်းစားနေရမယ်။
တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့နဲ့ သင်ကြားရေးကို ဗြိတိသျှလူမျိုးတွေကသာ ဦးစီးချုပ်ကိုင်ထားမယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆရာတွေရဲ့ အမိန့်ညွှန်ကြားချက်ကို လိုက်နာရမယ်ဆိုတာတွေပါတယ်။
အဲဒီဥပဒေကို မကျေနပ်လို့ ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရန်ကုန်ကောလိပ်က
ကျောင်းတော်သားကြီး ၁၁ ယောက်က ရွှေတိဂုံဘုရားရင်ပြင် စနေထောင့်မှာ တွေ့ဆုံ ဆွေးနွေးပြီး
ရန်ကုန်တက္ကသိုလ်ဥပဒေကို သပိတ်မှောက်ဖို့ သစ္စာဆို အဓိဋ္ဌာန်ပြုကြတယ်။
ဗဟန်းအရပ်မှာရှိတဲ့ ဆရာတော်ဦးအရိယ ကျောင်းတိုက်မှာ သပိတ်စခန်းဖွင့်လှစ်တယ်။
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မှာ သပိတ်တိုက်ပွဲ စတင်တယ်။
ရန်ကုန်မြို့နဲ့တကွ တစ်ပြည်လုံးက အလယ်တန်း၊ အထက်တန်း ကျောင်းတွေ ပူးပေါင်းပါ၀င်လာပြီး
အထွေထွေ ကျောင်းသားသပိတ်ကြီး ဖြစ်ပွားလာတယ်။
နယ်ချဲ့အစိုးရကသပိတ်မှောက် ကျောင်းသားတွေကို ကျောင်းထုတ်ပစ်တယ်။
ကျောင်းသား အများစုကတော့ ကျောင်းပြန်မတက်တော့ဘဲ အမျိုးသားကျောင်းတွေ
ဖွင့်လှစ်ကြတယ်။
အဲဒီသပိတ်တိုက်ပွဲ အသွင်အပြင်ဟာ တက္ကသိုလ်ဥပဒေပါ ချို့ယွင်းချက်တွေကို ဆန့်ကျင်တဲ့
သပိတ်လို့ ယူဆကောင်း ယူဆနိုင်ပေမယ့် တကယ့်အနှစ်သာရကတော့ တိုင်းတစ်ပါးသား
ဗြိတိသျှနယ်ချဲ့အစိုးရကို ဆန့်ကျင်ဖီဆန်တဲ့ သပိတ်တိုက်ပွဲ အဓိပ္ပာယ်ဆောင်တယ်။
တစ်နည်းအားဖြင့်ပြောရရင် နယ်ချဲ့ အစိုးရကို တော်လှန်ပုန်ကန်ရမယ်ဆိုတဲ့ ရဲမာန်၊ ရဲသွေး၊ ရဲစိတ်
တွေကို နိုးကြားတက်ကြွစေတဲ့ သပိတ်တိုက်ပွဲပဲ ဖြစ်တယ်။
အဲဒီသပိတ်တိုက်ပွဲရဲ့ အကျိုးသက်ရောက် မှုကတော့ အမျိုးသားကောလိပ်နဲ့ အမျိုးသား
အထက်တန်းကျောင်းတွေ မြန်မာတစ်ပြည်လုံးမှာ ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားကြီး တွေရဲ့ ပထမဦးဆုံးအကြိမ် သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက် တန်ဆောင်းမုန်းလဆုတ် ၁၀ ရက်နေ့ကို 'အမျိုးသားနေ့'
အဖြစ် သတ်မှတ်ပြီး 'အမျိုးသားနေ့' အခမ်းအနားတွေ ကျင်းပကြတယ်။
၁၉၃၆ ခုနှစ် တက္ကသိုလ် ကျောင်းသားများ သပိတ်တိုက်ပွဲ ဒုတိယအကြိမ်မြောက် တက္ကသိုလ်
ကျောင်းသားတွေရဲ့ သပိတ်တိုက်ပွဲဟာ ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်ပါတယ်။
သပိတ်မှောက်ရတဲ့ အကြောင်းရင်းနှစ်ရပ်ထဲက တစ်ရပ်ကတော့ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ
ကိုနု (နောင် - ၀န်ကြီးချုပ်ဦးနု)ကို တက္ကသိုလ် အာဏာပိုင်တွေက ကျောင်းထုတ်ပစ်လိုက်လို့ပါပဲ။
ဘာကြောင့် ကိုနုကို ကျောင်းထုတ်ပစ်ရသလဲဆိုတော့ တ.က.သ က ဦးစီးကျင်းပတဲ့ ၁၉၃၅ - ၃၆
ပညာသင်နှစ်အတွက် စကားရည်လုပွဲမှာ ဥက္ကဋ္ဌကိုနုက မိန့်ခွန်းပြောပါတယ်။
သူ့မိန့်ခွန်းထဲမှာ တက္ကသိုလ်အာဏာပိုင်တချို့က ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကိုယ်ရေး
ကိုယ်တာကိစ္စတွေထဲမှာ ၀င်ရောက် စွက်ဖက်နေတာနဲ့ ပတ်သက်ပြီး အပြင်းအထန် ကန့်ကွက်
ရှုတ်ချခဲ့ပါတယ်။
အဲဒီလို ဟောပြောချက်နဲ့ ပတ်သက်ပြီး ကျောင်းအုပ်ကြီးမစ္စတာ စလော့စ်က ကိုနုကို ခေါ်ယူ
သတိပေးရာက မပြေမလည်ဖြစ်ကြပြီး ကိုနုကို ကျောင်းက ထုတ်ပစ်လိုက်ပါတယ်။
ကိုနုကလည်း သူ့ ဘီအေအောင်လက်မှတ်ကို ပြန်အပ်ပြီး ကျောင်းက ထွက်ခဲ့ပါတယ်။
နောက်အကြောင်းရင်းတစ်ရပ်ကတော့ - ကိုအောင်ဆန်း (နောင်ဗိုလ်ချုပ်အောင်ဆန်း) ဟာ
တကသ က ထုတ်ဝေတဲ့ 'အိုးဝေ' မဂ္ဂဇင်းမှာ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်နေပါတယ်။
အဲဒီမဂ္ဂဇင်းမှာ 'အယ်ဒီတာထံ ပေးစာ' ကဏ္ဍပါရှိပါတယ်။
'ယမမင်း' ကလောင်အမည်ခံ ဦးညိုမြက 'ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည်' (The Hell
Hound At Large) ခေါင်းစဉ်နဲ့ ပေးစာရေးပါတယ်။
'ခွေးနက်ကြီး' ဆိုတာက မျိုးချစ်ကျောင်းသားတွေကို ဖိနှိပ်တဲ့ တက္ကသိုလ်အာဏာပိုင်တစ်ဦးကို
ပုတ်ခတ်ရည်ညွှန်းတာပဲဆိုကာ 'ယမမင်း' ကလောင်ပိုင်ရှင်စာရေးသူကို ထုတ်ဖော်ပေးဖို့
ကျောင်းအုပ်ကြီးစလော့စ်က ကိုအောင်ဆန်း ကို အမိန့်ပေး တောင်းဆိုပါတယ်။
အယ်ဒီတာတို့ရဲ့ ကျင့်ဝတ်အရ စာရေးသူကို ထုတ်ဖော် ဖွင့်မပြောနိုင်ဘူးလို့ ကိုအောင်ဆန်းက
ငြင်းဆန်တာနဲ့ ပတ်သက်ပြီး ကိုအောင်ဆန်းကို ကျောင်းက သုံးနှစ် ထုတ်လိုက်တယ်။
အဲဒီအကြောင်းရင်းနှစ်ရပ်ကို အကြောင်းပြုလို့ ၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် နေ့မှာ
ကျောင်းသူ၊ ကျောင်းသားတွေက မကျေမနပ်ဖြစ်ကုန်ကြပြီး သပိတ်တိုက်ပွဲဆင်နွှဲကြပါတယ်။
သပိတ်စခန်းရုံးက ရွှေတိဂုံဘုရားအနီး က 'မော်လမြိုင်ဇရပ်' ပဲ ဖြစ်ပါတယ်။ ယင်းသပိတ်တိုက်ပွဲ
အရှိန်ဟာ ရန်ကုန်မြို့ တင်သာမက တစ်နိုင်ငံလုံးက ကျောင်းတွေကိုပါ ပျံ့နှံ့ကူးစက်သွားပြီး
အထွေထွေကျောင်းသားသပိတ်ကြီးအဖြစ် ကူးပြောင်းသွားပါတယ်။
အဲဒီသပိတ်ကြီးကို အခြေခံပြီး ပထမအကြိမ်မြောက် ကျောင်းသားထုအစည်း အဝေးကြီး
ကျင်းပနိုင်ခဲ့သလို 'မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့' (ဗကသ) ကိုလည်း ဖွဲ့စည်းနိုင်
ခဲ့ပါတယ်။
တက္ကသိုလ် အာဏာပိုင်တွေက ကိုနုနဲ့ ကိုအောင်ဆန်းတို့ကို ကျောင်းထုတ်ပစ်မှုက မြစ်ဖျားခံ
လာတဲ့ ဒုတိယအကြိမ်မြောက် အထွေထွေ ကျောင်းသားသပိတ်ကြီးဟာ အမျိုးသားပညာရေးနဲ့
အမျိုးသားလွတ်မြောက်ရေးအတွက် တပ်လှန့်တိုက်ပွဲဝင်လိုက်တာပဲ ဖြစ်ပါတယ်။
နိုင်ငံ့လွတ်လပ်ရေးအတွက် ကျောင်းသားထုတစ်ရပ်လုံးရဲ့ နိုင်ငံရေးအသိ နိုးကြားမှု နိဒါန်းလို့
သတ်မှတ်ရပါမယ်။
ကျောင်းသားသမဂ္ဂအဆောက်အအုံကြီး ပေါ်ပေါက်လာခြင်း ရန်ကုန်တက္ကသိုလ်အဓိပတိ
'ဆာဟာကုတ် ဘတ်တလာ' (Sir Harcout Butler) (G.C.I.E.I.C.S) ရဲ့ မေတ္တာရပ်ခံချက်
အရ မြောင်းမြမြို့သား ဆန်ကုန်သည်ကြီးလည်းဖြစ်၊ ဆန်စက်ပိုင်ရှင်လည်းဖြစ်တဲ့ သူဌေးကြီး
ဆာဦးညို (K.S.M.L.L.D) က ငွေကျပ် တစ်သိန်း ခုနစ်သောင်း မတည်လှူဒါန်းပြီး
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (Union) အဆောက်အအုံကြီးကို ၁၉၂၇ ခုနှစ်၊
ဒီဇင်ဘာ ၅ ရက်နေ့မှာ အုတ်မြစ်ချဆောက်လုပ်ခဲ့ပြီး ၁၃၀၀ ပြည့်မှာ အပြီးသတ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ရ ရက် ကျောင်းသားအရေးတော်ပုံ ၁၉၆၂ ခုနှစ်၊ မတ် ၂ ရက်နေ့မှာ
ဗိုလ်ချုပ်ကြီး နေဝင်းက ပါလီမန်ဒီမိုကရေစီ အစိုးရဝန်ကြီးချုပ် ဦးနုလက်ထဲက တိုင်းပြည်အုပ်ချုပ်မှု
အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပါတယ်။
အဲဒီအာဏာသိမ်းပြီး ခြောက်လအကြာ ဇူလိုင်လ ၆ ရက်၊ သောကြာနေ့မှာ ရန်ကုန်တက္ကသိုလ်နဲ့
ပတ်သက်ပြီး တရားမျှတမှုမရှိတဲ့ ချုပ်ချယ်တင်းကျပ်တဲ့ အဆောင်စည်းကမ်း သတ်မှတ်ချက်တွေ
ကို အာဏာသိမ်း စစ်အစိုးရ လက်အောက်ခံကျောင်းအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါ
တယ်။
ဒါကို ကျောင်းသူကျောင်းသားတွေက မကျေနပ်လို့၊ လက်မခံနိုင်လို့ ဇူလိုင်လ ရ ရက် စနေနေ့မှာ
ကျောင်းဝင်းအတွင်းထဲမှာပဲ စုဝေး ဆန္ဒပြ ကန့်ကွက်ကြပါတယ်။
ဆန္ဒပြတဲ့နေ့၊ ညနေ ၄ နာရီအချိန်လောက်မှာပဲ သီးသန့် ရဲတပ်ဖွဲ့ ရဲအင်အား ၁၀၀၊ အဓိကရုဏ်း
နှိမ်နင်းရေး ကားနှစ်စီး၊ လက်နက်ကိုင်စစ်သား အပြည့်တင်ဆောင်ထားတဲ့ ကားငါးစီးကပါ
အင်အားဖြည့် တင်းခြံရံထားပါတယ်။
ပထမအဆင့်အနေနဲ့ ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ ကျောင်းသားထုကို ပစ်ခွင်းနှိမ်နင်းပါတယ်။
ဒါပေမဲ့ ကျောင်းသားထုကြီးက နောက်မဆုတ်ဘူး။ ရှေ့ဆက်တက်တယ်။ မပြိုကွဲဘူး။ ပိုစည်းလုံး
ညီညွတ်တယ်။ ကြံ့ကြံ့ခံမကြောက် မရွံ့နောက်မတွန့် တိုက်ပွဲဝင်ကြတယ်။
ဒါနဲ့ ဒုတိယအဆင့်အနေနဲ့ ရဲတွေနေရာမှာ စစ်တပ်က နေရာဝင်ယူပြီး ဆန္ဒပြကျောင်းသား၊
ကျောင်းသူတွေကို မောင်းပြန်စက်သေနတ်တွေနဲ့ ပစ်ခတ်နှိမ်နင်း ဖြိုခွင်းတော့တာပဲ။
ကျောင်းသူ၊ ကျောင်းသား ၁၀၀ ကျော် သေတယ်။ ဒဏ်ရာရသူ၊ အဖမ်းခံရသူ အရေအတွက်
များတယ်။
တောခိုသွားတဲ့ သူတွေလည်း ရှိတယ်။ တောခိုသွားတဲ့ သူတွေထဲမှာ ဆန္ဒပြပွဲကို ဦးဆောင်တဲ့
တကသ ဥက္ကဋ္ဌ ကိုဗဆွေလေးလည်း ပါတယ်။
ခုလို ဖြိုခွင်းရမှုနဲ့ ပတ်သက်ပြီး "တက္ကသိုလ် ကျောင်းသားတွေက စည်းကမ်းတွေ ပျက်လာကြ
တယ်။ အဆောင်တွေထဲမှာ မကောင်းတဲ့ မိန်းမတွေနဲ့ ပျော်မြူးကြတယ်။ တချို့ကျောင်းသားတွေ
က ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီဝင်)တွေကို တကသ (ကျောင်းသားသမဂ္ဂ)အဆောက်အအုံ
ထဲမှာ လက်ခံထားကြတယ်။
ဒါကြောင့် အဆောင်စည်းကမ်းတွေကို တင်းကျပ်လိုက်ရတယ်။ အဲဒါကို အကြောင်းပြပြီး ဗကပ
တွေက လှုံ့ဆော်ပေးလို့ ဆူပူလိုတဲ့ ကျောင်းသားတစ်စုက အကြမ်းဖက်လာတယ်။ ဒါကြောင့်
အင်အားသုံးဖြိုခွင်းရတယ်" လို့ သက်ဆိုင်ရာက ကြေညာချက်ထုတ်ပြန်ပါတယ်။
နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့ မနက်ပိုင်းမှာ စစ်အင်ဂျင်နီယာတပ်ဖွဲ့က ယမ်းအား ပြင်းဒိုင်း
နမိုက်တွေ အသုံးပြုပြီး ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို အငုတ်အရင်း မကျန်စေတဲ့
အထိ အစဖျောက် ဖြိုခွဲဖျက်ဆီးပစ်လိုက်ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး - "ဤအဆောက်အအုံသည် မြန်မာနိုင်ငံ မလွတ်မြောက်မီက လွတ်လပ်ရေး
အတွက် ပါ၀င်တိုက်ပွဲဝင်ခဲ့သည့် ရာဇဝင်ကျော် အဆောက်အအုံဖြစ်သည်။ သို့သော် လွတ်လပ်ရေး
ရပြီးသည့် နောက်ပိုင်း၌ အချို့လူများ အလွဲသုံးစားလုပ်သဖြင့် ပုန်ကန်မှုလှုံ့ဆော်ရာ
အဆောက်အအုံဖြစ်ခဲ့သည်။ အုပ်ချုပ်သည့် အာဏာပိုင်များကို အနုနည်းနှင့် ပုန်ကန်ရာဌာန
ဖြစ်လာသည်။
"လွတ်လပ်ရေးရပြီး ၁၄ နှစ်အတွင်း အစိုးရ ခေတ်အမျိုးမျိုး၌ ဤ တ.က.သ အဆောက်အအုံကြီး
သည် ပြည်ထောင်စုနိုင်ငံအား ပုန်ကန်ရာ၊ နစ်ဖြူများ (ကွန်မြူနစ်များ) မြေအောက်ဆက်သွယ်ရေး
လုပ်ရာ ဖြစ်လာသည်။
"တကသ အဆောက်အအုံကြီးသည် နိုင်ငံခြား တိုင်းပြည်တစ်ခု၏ သံတမန်အခွင့်အရေးများ
ရသလို မင်းမှုစိုးခွင့် လွတ်လပ်ခွင့်များ ယူလိုပြီး အစိုးရအရာရှိများကိုပင် ၀င်ထွက်သွားလာခွင့်
မပြုလိုဘဲ ဖြစ်လာသည်။
"ထို့ကြောင့် မြေအောက်သူပုန်တို့ လျှို့ဝှက် ဆက်သွယ်ရေးစခန်းမှန်း သိရလျက်နှင့် မြို့ တော်
အလယ်ကောင်တွင် ကြာရှည်ခွင့်မပြု နိုင်သဖြင့် ရာဇဝင်တွင် နှမြောဖွယ်ရာ အဆောက်အအုံကြီး
ဖြစ်လင့်ကစား အငုတ်အရင်းပင် မကျန်အောင် ဖျက်ဆီးလိုက်ရသည်" လို့ ဇူလိုင် ၈ ရက်နေ့မှာ
အာဏာပိုင်အဖွဲ့က ကြေညာခဲ့ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲများအတွက်
အသက်ပေး အစတေးခံ အာဇာနည် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ၊ နောင်တစ်ချိန်မှာ တိုင်းပြည်
ခေါင်းဆောင်တွေ ဖြစ်လာကြမယ့် နိုင်ငံ့သားကောင်းတွေ ဆွေးနွေး၊ စည်းဝေး၊ စုစည်းပေါင်းစုံရာ
အမျိုးသားနိုင်ငံ ရေးအခြေခံဗိမာန်ကြီး၊ သမိုင်းအစဉ်အလာ ကြီးမား၊ ခံ့ထည်၊ ၀င့်ကြွားခဲ့တဲ့
တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကို အစဖျောက်၊ ဖျက်ဆီးဖြိုချခွင့်အမိန့်
ဘယ်သူ ပေးစေခိုင်းခဲ့သလဲ။
ကနေ့ နှစ်ပေါင်း ၅၂ နှစ်ကြာတဲ့အထိ ရက်စက်ယုတ်မာတဲ့ လက်သည်တရားခံ မပေါ်ခဲ့၊ မဖော်နိုင်ခဲ့။
"OK" ဆိုတဲ့ အင်္ဂလိပ် စကား နှစ်လုံးကြားလေးထဲမှာပဲ အဓိက တရားခံ ပျောက်နေတာ
အတော်အံ့ဩဖို့ ကောင်းတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ အာဏာ စသိမ်းစဉ်ကတည်းက တော်လှန်ရေးကောင်စီ အမည်ခံ
စစ်အာဏာရှင်အုပ်စုဟာ သမိုင်းကို ဗြောင်လိမ်၊ ဗြောင်းငြင်းမှုတွေ လုပ်ခဲ့ပါတယ်။
သတင်းထုတ်ပြန်ရေးနဲ့ ပြန်ကြားရေးဌာန၊ ကျွန်စာရင်းမှာ လူရာသွင်းခံချင်လှတဲ့ ပင်တိုင်
ဆောင်းပါးရှင်တွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် သမိုင်းကြောင်းအမှန်ကိုအမှောင်ချ
ဖုံးကွယ်ခဲ့တဲ့ ပူးတွဲတရားခံတွေအဖြစ် ဒင်းတို့ ရဲ့ နဖူးမှာ ပရဲစာတန်း ထိုးထိုက်ပါတယ်။
အသင် စာရှုသူများ ခင်ဗျား... တိုင်းတစ်ပါးသား နယ်ချဲ့ဗြိတိသျှအုပ်ချုပ်တဲ့ ကိုလိုနီခေတ်ကာလ
၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ 'ပထမအကြိမ် တက္ကသိုလ် ကျောင်းသားများ သပိတ်'
သွေးမြေ မကျခဲ့ပါ။
၁၉၃၆ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့ 'ဒုတိယအကြိမ် တက္ကသိုလ်ကျောင်းသားများ သပိတ်'
သွေးမြေမကျခဲ့ပါ။
၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရေနံမြေသပိတ်တပ်နှင့် ပေါင်းစည်း၍ အတွင်းဝန်များရုံးကို
၀ိုင်းဝန်း ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ သပိတ်တိုက်ပွဲမှာ ဂျပ်ဆင်ကောလိပ်မှ
အိုင်အေ အထက်တန်းကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရတာက နယ်ချဲ့လက်ပါးစေ
မြင်းစီး ပုလိပ်တွေရဲ့ နံပါတ်တုတ်လက်ချက်နဲ့ ရိုက်လို့ သေဆုံးတာ။ သေနတ်နဲ့ ပစ်သတ်ခံရတာ
မဟုတ်ပါ။
နယ်ချဲ့သမားက ကျောင်းသား ဆန္ဒပြပွဲတွေကို ဖြိုခွင်းတဲ့အခါ သေနတ်တွေကို မသုံးဘူး။
မြင်းတပ်နဲ့ နံပါတ်တုတ်ပဲသုံးတယ်။
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသား မြန်မာတွေ ဗိုလ်ကျ အုပ်ချုပ်တဲ့ ခေတ်ကျမှ လက်နက်မဲ့
ကျောင်းသူ၊ ကျောင်းသားတွေကို စစ်မြေပြင်မှာ စစ်ပွဲကြီးဆင်နွှဲသလို မောင်းပြန် စက်သေနတ်တွေ
နဲ့ တရစပ်ပစ်ခွင်း ပစ်သတ်ခဲ့ကြတဲ့၊ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို
အမြစ်လှန်မိုင်းခွဲဖြို ဖျက်ပစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ရ၊ ၈ ရက် တက္ကသိုလ်အရေးအခင်းဟာ
နှစ်ပေါင်း ၅၂ နှစ် ကြာဟောင်းခဲ့ပေမယ့် မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ အကျည်းအတန်ဆုံး
သမိုင်းအဖြစ် အမှတ်ရနေဆဲဖြစ််ပါတယ်။
အကိုးအကား
မောင်သိန်းလွင် - ကျောင်းသားသမဂ္ဂကို ဘယ်သူဖြိုခွဲဖျက်ဆီးတာလဲ၊ Politices - ဩဂုတ်၊ ၂၀၁၃
မြဟန် - ကိုလိုနီခေတ် မြန်မာ့သမိုင်း အဘိဓာန်
စာရေးဆရာ မိုးစက်နိုင်၏ ကိုယ်တွေ့ ပြောပြချက်

















