ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အပုပ်နံ့ ပျံ့လွင့်မသွားရလေအောင်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က အပုပ်နံ့ ပျံ့လွင့်မသွားရလေအောင်

နိုင်ငံတစ်နိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ အဓိက မျက်နှာစာဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ။ လေဆိပ်ကို ၀င်ဝင်ချင်း ဆီးကြိုမှုဟာ နှစ်လိုဖွယ်ရှိရဲ့ လား၊ လည်ပတ် ခရီးစဉ်ပြီးဆုံးလို့ နောက်ဆုံး ပြန်ထွက်သွားရင် ကြည်နူးမှုရှိရဲ့လား၊ အဆင်မပြေမှု၊ စိတ်မသက်မသာမှုတွေနဲ့ ပြန်ခဲ့ရသလားဆိုတာ အလွန်အရေးကြီးပါတယ်။

နိုင်ငံတစ်နိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ အဓိက မျက်နှာစာဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ
လေဆိပ်ပါပဲ။ လေဆိပ်ကို ၀င်ဝင်ချင်း ဆီးကြိုမှုဟာ နှစ်လိုဖွယ်ရှိရဲ့ လား၊ လည်ပတ် ခရီးစဉ်ပြီးဆုံး
လို့ နောက်ဆုံး ပြန်ထွက်သွားရင် ကြည်နူးမှုရှိရဲ့လား၊ အဆင်မပြေမှု၊ စိတ်မသက်မသာမှုတွေနဲ့
ပြန်ခဲ့ရသလားဆိုတာ အလွန်အရေးကြီးပါတယ်။

လေဆိပ်က တာဝန်ကျဝန်ထမ်းတွေ၊ ၀န်ဆောင်မှုပေးတဲ့ လူအမျိုးမျိုးရဲ့ အပြုအမူတွေဟာ
အဲဒီနိုင်ငံရဲ့ ပုံရိပ်ကို ထင်ဟပ် စေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကတော့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အလွန်အရုပ်ဆိုး
အကျည်းတန်စေတဲ့ မှုခင်းကျူးလွန်သူ အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီး ဖော်ထုတ်ခဲ့ပါတယ်။

ဘယ်လိုအဖွဲ့လဲ၊ ဘာအမှုတွေ ကျူးလွန်ခဲ့တာလဲ၊ ဒီပြဿနာမျိုး အခုမှ ဖြစ်တာလား၊ အရင်တုန်း
ကရော ရှိခဲ့ဖူးလား၊ ဒီပြဿနာမျိုး ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိလိုက်သူ တွေကတော့
ပြည်တွင်းပြည်ပ ခရီးသည်တွေ အပ်နှံထားတဲ့ ခရီးဆောင်အိတ်တွေထဲကနေ ငွေနဲ့ တခြားပစ္စည်း
တွေကို အကြိမ်ကြိမ် ခိုးယူနေတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ ခရီးသည်တွေဟာ ခရီးစဉ်အတွင်း လေကြောင်းလိုင်းတွေကို
သူတို့ အပ်နှံထားတဲ့ ၀န်စည်စလွယ် အိတ်တွေထဲက ငွေနဲ့ အခြားအဖိုးတန် ပစ္စည်းတွေ
ပျောက်ဆုံးတယ်ဆိုပြီး အကြိမ်ကြိမ်တိုင်တန်းမှုတွေ ရှိခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ သက်ဆိုင်ရာ
လေကြောင်းလိုင်းတွေက တာဝန်ယူ ဖြေရှင်းပေးမှု အားနည်းတာကြောင့် လေကြောင်းရဲတပ်ဖွဲ့ကို
တိုင်ကြားမှုတွေ ရောက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

အခု အမှုမှာ ဖမ်းမိခဲ့တဲ့ လူ လေးယောက်ဟာ လေဆိပ်မှာ နေ့စားလုပ်ကိုင်ကြတဲ့ အထွေထွေ
လုပ်သားတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်း ကျူးလွန်ခဲ့တဲ့ အမှုတစ်ခုမှာတော့ တရုတ်နိုင်ငံတကာ
လေကြောင်းလိုင်းလေယာဉ်ပေါ် တင်ပေးရမယ့် အထုပ်တွေ အတင်အချ ဆောင်ရွက်ရာမှာ သူတို့
လေးယောက်ထဲက နှစ်ယောက်ဟာ လူအဝင်အထွက် စောင့်ကြည့်ပေးခဲ့ပြီး ကျန်နှစ်ယောက်
ကတော့ အထုပ်တွေကို မွှေနှောက်ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

ခရီးဆောင်အိတ်တစ်လုံးထဲက မိုဘိုင်းဖုန်း ဘူးခွံထဲထည့်ထားတဲ့ ဒေါ်လာ ၁၀၀ တန် အရွက် ၅၀
တွေ့ရာမှာ အရွက် ၄၀၊ တန်ဖိုး ကျပ် သိန်း ၄၀ နီးပါးဖိုး ခိုးယူခဲ့ကြောင်း ၀န်ခံတယ်လို့ ဆိုပါတယ်။

ဒါက အမှုတစ်ခုတည်း ဖြစ်ပြီး နောက်ထပ် အခြားအမှုတွေ ရှိသေးသလို နောက်ထပ် ကွင်းဆက်
တရားခံတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

ခုဆို အမှုဟာ မင်္ဂလာဒုံမြို့မရဲစခန်းကို ရောက်သွားပါပြီ။

စဉ်းစားသာကြည့်ကြပါတော့။ မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံတကာက ခရီးသွားတွေပါ
ကိုယ့်ဝန်စည်စလွယ် ခရီးဆောင်အိတ်တွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ
သူခိုးတွေလက် ၀ကွက်အပ်ပြီး သွားလာနေကြရတဲ့ အခြေအနေမျိုးပါ။

စောစောက မှုခင်းမျိုးကိုကြည့်ရင် ငွေအခိုးခံလိုက်ရသူဟာ တရုတ်နိုင်ငံသားဖြစ်နေရင်၊ မြန်မာပြည်
ကိုလည်း ထပ်ပြီး လာဖို့ အကြောင်းမရှိရင် သူ့ငွေပြန်ရဖို့၊ သက်ဆိုင်ရာကို တိုင်ကြားဖို့ အခက်အခဲ
အများကြီးရှိနိုင်ပါတယ်။

အလွန်ဆုံး သူအကြောင်းကြားနိုင်တာ သူစီးတဲ့ လေကြောင်းလိုင်းကိုပါ။ လေကြောင်းလိုင်း
ဘက်ကလည်း လုပ်ရကိုင်ရ ခက်ခဲမှာ ဖြစ်ပါတယ်။ ဒီ ငွေပျောက်တာဟာ မြန်မာနိုင်ငံ လေဆိပ်မှာ
ပျောက်တာလား၊ သူ့ရဲ့ ခရီးလမ်းဆုံး လေဆိပ်မှာ ပျောက်တာလား၊ အသေအချာ မပြောနိုင်လို့ဘဲ
ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်လေဆိပ်မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပျက်နေတာတွေကတော့ အလွန့်အလွန်
ဆိုးရွားတဲ့ အခြေအနေလို့ ပြောနိုင်ပါတယ်။

တကယ်တော့ ဒီလိုဖြစ်စဉ်တွေဟာ ရန်ကုန်လေဆိပ်မှာ အခုမှ ပေါ်လာတာတော့ မဟုတ််ပါဘူး။

အရင်အချိန်ကာလတွေတုန်း ကလည်း ရှိခဲ့ပါတယ်။ အစိုးရသစ်တက် မလာခင် ၂၀၀၉ ခုနှစ်
ဘန်ကောက်ကို ကျောင်းသွားတက်တဲ့ ကျောင်းသူတစ်ယောက်ရဲ့ နမူနာဆိုရင် ပိုဆိုးပါတယ်။

လေကြောင်းလိုင်းကို အပ်မယ့် သူ့ရဲ့ ၀န်စည်စလွယ်တွေ အဲအေးရှား လေကြောင်းကောင်တာမှာ
အလေးချိန် ချိန်တွယ်ရပါတယ်။

ကန့်သတ် အလေးချိန်ထက် ပိုနေတဲ့အခါ ပစ္စည်းကို ထုတ်လိုက်ချိန်လိုက် လုပ်ရပါတယ်။

အဲဒီအချိန် သူ့ကို ကူညီပေးသလိုလို လုပ်နေသူက လုံခြုံရေးဝန်ထမ်းတစ်ယောက်ပါ။ အခြား
ဘယ်သူမှ မရှိပါဘူး။ ရှင်းရှင်းလင်းလင်းပါပဲ။

ခရီးဆောင်အိတ် အပ်နှံပြီးချိန်မှာတော့ သူ့ ပိုက်ဆံအိတ် မရှိတော့ပါဘူး။ ကူညီတဲ့ လုံခြံုရေး
၀န်ထမ်းကိုလည်း မတွေ့ရတော့ပါ ဘူး။ ချက်ချင်း ပြန်ရှာတော့လည်း ဘယ်နေရာမှာမှ ကျကျန်
မနေရစ်ပါဘူး။ အဲဒီ လုံခြံုရေး ၀န်ထမ်းကပဲ ခိုးယူသွားတယ်လို့ မှတ်ယူစရာ ရှိပါတော့တယ်။

ဒါကို အမှုလုပ်တိုင်တန်းဖို့ ဆိုတာကလည်း လေယာဉ်အချိန်မီ မမီ ပြဿနာကြောင့်
ဘာမှမလုပ်နိုင်ဘဲ ငွေ တစ်ပြားတစ်ချပ်မှ မပါဘဲ ဘန်ကောက်ခရီးစဉ် ထွက်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေဆိပ်ဝန်ထမ်းတွေနဲ့
ပူးပေါင်းပြီး အကောက်ခွန်မဲ့ မှောင်ခိုကုန်ပစ္စည်း ခိုးသွင်းမှုတစ်ခု ဖမ်းမိခဲ့ပါတယ်။

ဒါဟာ အရင်နှစ်ပေါင်းများစွာကတည်းက ဖြစ်ပွားခဲ့တဲ့၊ ဖြစ်နေဆဲ ဖြစ်တဲ့ လေဆိပ်ဝန်ထမ်းတွေ
အကျင့်ပျက် ခြစားမှု ဖြစ်ကြောင်း နားလည်သူတွေက သုံးသပ်ကြပါတယ်။

ပြောရရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုတာ အကျင့်ပျက် ချစားမှုတွေ၊ ဒုစရိုက်မှုတွေနဲ့
ထုံမွမ်းနေတဲ့ နေရာလို့တောင် ပြောနိုင်ပါတယ်။

၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသည် တစ်သန်းလောက် ၀င်လာပါတယ်။

နယ်စပ်ကလွဲရင် အများစုဟာ ဒီရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ၀င်လာသူတွေပါ။

၂၀၁၃ ရောက်တဲ့အခါ ခရီးသည် နှစ်သန်းအထိ ၀င်ခဲ့ပါတယ်။ ဒီနှစ်ဆိုရင် ခရီးသည်သုံးသန်းအထိ
၀င်လာဖို့ တောင် ရည်မှန်းထားပါတယ်။

ခုဆိုရင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ နိုင်ငံတကာ လေကြောင်းလိုင်း ၂၈ ခု၊ ပြည်တွင်း
လေကြောင်းလိုင်း ရှစ်လိုင်းဝင် ထွက်ပြေးဆွဲနေပါတယ်။

ဒီလို အခြေအနေမျိုးမှာ လေယာဉ်ဝမ်းဗိုက်ထဲ အပ်နှံမယ့် ၀န်စည်စလွယ်တွေဟာ ခုလို
လူဆိုးဂိုဏ်း လက်ထဲ ၀ကွက်အပ်ပြီး သွားနေရတဲ့ အခြေအနေ ဘယ်လောက် ဆိုးမလဲ
ခန့်မှန်းနိုင်ပါတယ်။

ဒီအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၀န်ထမ်းခန့်အပ်ရေး လုပ်ငန်းကအစ အခြား
စီမံခန့်ခွဲမှု ကိစ္စအဝဝအားလုံး ပြန်စိစစ်၊ ပြန်သုံးသပ်၊ ပြန်စီမံခန့်ခွဲတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

ခုလို ဒုစရိုက်မှု အမျိုးမျိုးမှာ ပါ၀င်ပတ်သက်သူ၊ ဒါမှမဟုတ် တိုက်ရိုက် တာဝန်ရှိသူ အစိုးရ အရာရှိ၊
၀န်ထမ်းတွေကို တာဝန်ယူခိုင်းဖို့၊ အရေးယူတာမျိုးလုပ်ဖို့ မလွဲမသွေ လိုအပ်ပါတယ်။

သူခိုးတစ်ဖွဲ့ ထွက်သွားပြီး နောက်ထပ်သူခိုး တစ်ဖွဲ့ ပြန်အလုပ်ပေး၊ တကယ်တာဝန်ရှိသူ
တွေကတော့ အေးအေးဆေးဆေးဆိုတာမျိုး ပြန်မဖြစ်ဖို့ လိုပါတယ်။

ဒီလိုမှမဟုတ်ရင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ထွက်တဲ့ အပုပ်နံ့ဟာ နိုင်ငံတကာအထိ
ပျံ့လွင့်သွားမှာ ဖြစ်ပါကြောင်း...။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021