ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ရထားဝန်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန)ဟာ ကားဈေးကွက်အတွက် အလှည့်အပြောင်းကြီးဖြစ်မယ့် အလွန်ထူးခြားတဲ့ ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့က ရထားဝန်ကြီးဌာန ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာန(ကညန)ဟာ ကားဈေးကွက်အတွက် အလှည့်အပြောင်းကြီးဖြစ်မယ့် အလွန်ထူးခြားတဲ့
ကြေညာချက်တစ်ခု ထုတ်ခဲ့ပါတယ်။
လွယ်လွယ်ပြောရရင် တစ်ပတ်ရစ် ကားတစ်စီး တင်သွင်းခွင့်ရမယ့် ကားဟောင်း အပ်စလစ်
တစ်စောင် ကျပ် သိန်း ၁၀၀ ကျော် ပေါက်နေတာမျိုး မလိုလားအပ်တဲ့ စနစ်တစ်ခု ဖျက်သိမ်းတော့
မယ်လို့ ကြေညာလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။
စလစ် ဈေးကွက် ဘယ်က စခဲ့တာလဲ၊ ဘယ်လို ဖြစ်ထွန်းနေတာလဲ၊ စလစ်ဈေးကွက် ဖျက်သိမ်း
လိုက်ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
စလစ် ပေါ်ပေါက်လာပုံက ဒီလိုပါ။
အရင် စစ်အစိုးရလက်ထက်က သာမန်ပြည်သူတွေကို ကားတင်သွင်းခွင့် လုံးဝမပေးဘဲ ပိတ်ပင်
ထားပါတယ်။
ဒါကြောင့် ပြည်တွင်းမှာ ကား ဈေးနှုန်းအလွန်ကြီးမြင့်ပါတယ်။ ၂၀၁၁ အစိုးရ အပြောင်းအလဲလုပ်တဲ့
အချိန် လူဦးရေ သန်း ၆၀ နီးပါးအတွက် ကားစုတ် စုစုပေါင်း ၂၇၀,၀၀၀ တောင် မပြည့်ပါဘူး။
လူ ၁,၀၀၀ မှာ ကား ငါးစီးနှုန်းလောက်ပဲ ပိုင်တဲ့ အခြေအနေပါ။
အဲလို စစ်အာဏာရှင်တွေက ပိတ်ပင်ထားလို့ ပြည်တွင်းမှာ ကားဈေးကြီးမြင့်နေတဲ့ ပြဿနာ
အစိုးရသစ် ပြောင်းသွားတာတောင် ဘယ်သူမှ အပြောင်းအလဲ မလုပ်ရဲပါဘူး။
ဒီအခါ ရထားဝန်ကြီး ဦးအောင်မင်းက ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းစနစ်နဲ့စပြီး ကိုင်တွယ်ပါ
တယ်။ အိုမင်းဟောင်းနွမ်းနေတဲ့ ကားတွေကို သံရည်ကြိုစက်ရုံမှာ ဖျက်ဆီးဖို့ လာအပ်ပါ။
အဲဒီအတွက် တစ်ပတ်ရစ် ကားတစ်စီး တင်သွင်းခွင့် စလစ်တစ်စောင် ထုတ်ပေးမယ် ဆိုတာမျိုး
အကောင်အထည် ဖော်ပါတယ်။
တင်သွင်းခွင့်ပေးမယ့် တစ်ပတ်ရစ်ကား နှစ်အလိုက် မော်ဒယ် သတ်မှတ်ထားတာရယ်၊ အဲဒီ
ကားတင်သွင်း လာပြီး မော်တော်ယာဉ် မှတ်ပုံတင် လုပ်ရာမှာ မှတ်ပုံတင်ကြေး ရာခိုင်နှုန်းတစ်ခု
အထိ လျှော့ပေးမယ်ဆိုတာကြောင့် ကားတင်သွင်းခွင့် စလစ်တွေဟာ တန်ကြေးတစ်ခု ရှိလာပါ
တယ်။
ဒါတင်မက ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်းတာကို တစ်ပြိုင်နက်တည်း မလုပ်ဘဲ အက္ခရာ
နံပါတ် တစ်ခုစီ တဖြည်းဖြည်း လုပ်တာကြောင့် ဖျက်သိမ်းယာဉ် နည်းပြီး ကားတင်သွင်းခွင့် စလစ်
ဟာလည်း အရည်အတွက် အကန့်အသတ်နဲ့ပဲ ထွက်ပေါ်ပါတယ်။
ဒီအခါ စလစ်ဟာ ဈေးနှုန်းတစ်ခု မြင့်တက်လာပြီး သာမန် အင်ဂျင်ပါ၀ါနိမ့် ကားသစ်တစ်စီး
တန်ဖိုးထက် မြင့်တာမျိုးအထိ ဖြစ်ပေါ်ပါတယ်။
နောက်ပိုင်း သာမန် ပြည်သူတွေကို တစ်ဦးချင်းစီ ကားတင်သွင်းခွင့် ပြုလိုက်တဲ့အခါမှာလည်း
ကားဟောင်းအပ်တဲ့ စလစ်စနစ် ပျောက်မသွားတဲ့အပြင် ဈေးတောင် ပိုတက်လာပါသေးတယ်။
အကြောင်းကတော့ ကားတင်သွင်းခွင့်မှာ စလစ်သမားနဲ့ ရိုးရိုးတင်သွင်းသူအတွက်
ကားတင်သွင်းခွင့် မော်ဒယ်တွေ ခွဲခြားထားလိုက်လို့ပါပဲ။
ဥပမာ အခု နှစ်မှာဆို ကားဟောင်းအပ် စလစ်ပိုင်ဆိုင်သူဟာ ၁၉၈၈ ကနေ ၂၀၀၈ ခုနှစ်အကြား
တစ်ပတ်ရစ် မော်ဒယ်ကား တင်သွင်းခွင့် ရှိပါတယ်။
တစ်ဦးချင်း ကားတင်သွင်းသူတွေကတော့ ၂၀၀၉ ခုနှစ်ကနေ နောက်ဆုံး ၂၀၁၄ မော်ဒယ်အထိပဲ
တင်သွင်းခွင့်ရပါတယ်။
ဒါတင်မက အခွန်အခ သတ်မှတ်ပုံခွဲခြားထားတာ၊ မော်တော်ယာဉ် မှတ်ပုံတင်ကြေး ကောက်ခံတဲ့
အခါ စလစ်နဲ့ သွင်းလာသူတွေကို ရာခိုင်နှုန်းတစ်ခု လျှော့ပေးတာ စတဲ့ အခြေအနေတွေကြောင့်
စလစ်ဟာ တန်ဖိုး တစ်ခု ရှိမြဲရှိနေတာ ဖြစ်ပါတယ်။
အခုတော့ အရည်အတွက် အတော်များမယ်လို့ ယူဆရတဲ့ စက်မှုဇုန်ထုတ် ကားတွေ၊ သုံးဘီးတွေ၊
အရင်သွင်းခဲ့သမျှတွေထဲက ထုတ်လုပ်ထားပြီးတာ နှစ် ၂၀ ကျော်နေပြီ ဖြစ်တဲ့ ကားတွေအားလုံး
ဖျက်သိမ်းလိုက ဖျက်သိမ်း၊ သံရည်ကျိုစက်ရုံ ပို့လိုသူတွေ ပို့နိုင်ကြပြီမို့ ဖျက်သိမ်း ကားအရည်
အတွက် များသလို၊ စလစ် အရည်အတွက်လည်း များလာပါလိမ့်မယ်။
ဒီအခါ စလစ် ဈေးနှုန်းဟာ ဇောက်ထိုးမိုးမျှော် ကျဆင်းသွားပါလိမ့်မယ်။
ဒီလို လုပ်လိုက်တဲ့အတွက် ကိုယ့်ကားအဟောင်းအပ်ပြီး စလစ် ထုတ်ယူလိုက်ရင်
ကျပ်သိန်း ၁၀၀ ကျော် ရမယ်လို့ မျှော်လင့်ထားကြတဲ့ ကားပိုင်ရှင်တွေအတွက်ကတော့
မျှော်လင့်ချက်ပျက်သွားတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သဘာဝမကျတဲ့ ကားဈေးနှုန်းတွေ ကျဆင်းပြီး ပြည်သူနဲ့ တိုင်းပြည်အတွက်တော့
ကောင်းမွန်တဲ့ အကျိုးဆက် ရှိလာပါလိမ့်မယ်။
အခု ကြေညာချက်အရ လာမယ့် ၂၀၁၅ ကျရင် ကားဟောင်းပိုင်ရှင်တွေကို ကားအပ်ရင် စလစ်
တစ်စောင်အပြင် အခြား ဘယ်လို အခွန်လျှော့ပေါ့ခွင့်မှ ပေးတော့မှာ မဟုတ်တဲ့အတွက်
စလစ်ဈေးကွက်ဆိုတာလည်း မရှိတော့သလောက် မှေးမှိန်သွားပါလိမ့်မယ်။
ဒါပေမဲ့ အစိုးရက စလစ်ပိုင်ရှင်တွေကို သာမန်ပြည်သူတွေကို တင်သွင်းခွင့် မပြုတဲ့ တစ်ပတ်ရစ်
ကား မော်ဒယ်တွေ ခွဲခြား တင်သွင်းခွင့် ပေးထားသမျှတော့ စလစ်တွေဟာ တစ်စုံတစ်ရာ တန်ဖိုးရှိ
နေဦးမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စလစ် ပြဿနာ တစ်စုံတစ်ရာ ပြီးပြတ်သွားပြီလို့ ယူဆနိုင်ပါတယ်။
နောက်ပိုင်း လုပ်ရမှာက ကားတင် သွင်းခွင့်မူဝါဒအသစ် ပြန်ချမှတ်ဖို့ပါ။
လက်ရှိ တိုင်းပြည်ထဲမှာ အင်ဂျင်ပါ၀ါ ၁၃၀၀ စီစီအောက် ကားအငယ်လေးတွေပဲ အများအပြား
ရောက်နေတဲ့ ပြဿနာလိုမျိုး ပြန်ပြုပြင်ရမှာပါ။
တိုင်းပြည်တွက် အခွန်ငွေလည်း လျော့မသွားရအောင်၊ လူ ၁,၀၀၀ ကား ၁၂ စီး စီမံကိန်းလည်း
ပြည့်မီအောင်၊ ရန်ကုန်မှာပဲ ကားတွေ ကြပ်နေတဲ့ အခြေအနေကနေ နယ်တွေက လူတွေပါ
ကားစီးလာကြရအောင်၊ နယ်တွေမှာ ကားအသုံးပြုသူများ လာအောင်၊ တင်သွင်းလာတဲ့ ကားတွေ
ကလည်း တိုင်းပြည်စီးပွားရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကားအမျိုးအစားတွေ ဖြစ်လာအောင်၊
ကားအမျိုးအစား အချိုးအစား ညီမျှလာအောင် အကောင်အထည်ဖော်ကြရပါမယ်။
လက်ရှိ အစိုးရလက်ထက် ကားတင်သွင်းခွင့်ပေးတာ နှစ်နှစ်ခွဲအတွင်း ကားအစီး သုံးသိန်းလောက်
တင်သွင်းလာတဲ့အတွက် တစ်နှစ် ကားအစီးရေ တစ်သိန်းကျော် သွင်းနေတဲ့ သဘောဖြစ်ပါတယ်။
ဒါဆိုရင် ပြည်တွင်းမှာ နိုင်ငံတကာ ကားထုတ်လုပ်စက်ရုံတွေ၊ တပ်ဆင် စက်ရုံတွေ
တည်ထောင်ခွင့် မပြုသင့်ဘူးလား ဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။
ဒါမှသာ မြန်မာနိုင်ငံထဲက ကားဈေးနှုန်းဟာ အိမ်နီးချင်းနိုင်ငံတွေ နည်းတူ သဘာဝကျလာမှာဖြစ်ပြီး
တိုင်းပြည် စီးပွားရေးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကားအမျိုးအစားနဲ့ ကားအရည်အတွက်
ရောက်ရှိလာမှာ ဖြစ်ပါတယ်ဆိုတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။
















