အစားအစာဖြည့်စွက် ပစ္စည်းတိုင်းဟာ ဘေးကင်းရဲ့လား

အစားအစာဖြည့်စွက် ပစ္စည်းတိုင်းဟာ ဘေးကင်းရဲ့လား

ကျောင်းတွေဖွင့်ပြီဆိုရင် ကျောင်းကမုန့်ဈေးတန်းမှာ ရောင်းတဲ့ အစားအစာတွေ ဘေးကင်းရဲ့လားလို့ စိုးရိမ်ကြတဲ့ မိဘများ ဒီဆောင်းပါးကို ဖတ်ကြည့်ကြပါ။

ကျောင်းတွေဖွင့်ပြီဆိုရင် ကျောင်းကမုန့်ဈေးတန်းမှာ ရောင်းတဲ့ အစားအစာတွေ ဘေးကင်းရဲ့လားလို့
စိုးရိမ်ကြတဲ့ မိဘများ ဒီဆောင်းပါးကို ဖတ်ကြည့်ကြပါ။

အစားအစာထုတ်လုပ်သူတွေဟာ မိမိတို့ရဲ့ အစားအစာ အရောင်ပိုလှအောင်၊ အရသာ၊ ရနံ့
ပိုကောင်းအောင်နဲ့ ကြာကြာခံနိုင်အောင် အရောင်ဆိုးဆေး၊ ရသပစ္စည်းနဲ့ တာရှည်ခံပစ္စည်းတွေကို
အသုံးပြုကြတယ်။

နိုင်ငံခြားက တင်သွင်းတဲ့ ဘီစကွတ်မုန့်၊ ဖျော်ရည်၊ အသားဘူး၊ ချိုချဉ်စတဲ့ သရေစာမုန့်တွေမှာ
အဲဒီ အဖြည့်ပစ္စည်းတွေ မပါဘူးလို့ ပြောနိုင်ပါသလား။

မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ အလားတူ အစားအစာအချို့မှာ ၎င်းတို့ကို အသုံးပြုထားကြတာကို
တွေ့ရပါတယ်။

အရေပြားရောဂါ၊ ပန်းနာရောဂါကအစ အသက်ကိုခြိမ်းခြောက်နေတဲ့ ရောဂါတွေဟာ အစားအစာ
ဖြည့်ပစ္စည်းတွေကြောင့်လို့ စွပ်စွဲကြတယ်။

အဖြည့်ပစ္စည်း အမျိုးပေါင်းထောင်ချီ ရှိလာပြီး၊ လွန်ခဲ့သော နှစ်များက ၎င်းတို့ရဲ့ ဘေးကင်းမှုနဲ့
ပတ်သက်ပြီး ပြောဆိုဆွေးနွေးလာကြတယ်။

တချို့ကို အန္တရာယ်ရှိတယ်လို့ သက်သေပြကြတယ်။ အဲဒီပစ္စည်းတွေနဲ့ ပတ်သက်တဲ့
အချက်အလက်တွေကို သိသင့်လို့ ဖော်ပြလိုက်ပါတယ်။

ဖြည့်စွက်ပစ္စည်းဆိုတာ ဘယ်လိုအမျိုးအစားတွေလဲ

၁။ အစားအစာကို ပိုပြီး ဆွဲဆောင်မှုရှိအောင် အရောင်ဆိုးဆေးတွေ လိုအပ်ပါတယ်။
ကုန်တိုက်တွေမှာ ရောင်းတဲ့ ပုစွန်ချဉ်ဟာ ပုစွန်ရဲ့ နဂိုအရောင်နဲ့ဆိုတော့ ပန်းရောင်သန်းရုံ ရှိတယ်။
သက်တမ်းကုန်ဆုံးတဲ့ နေ့ကိုလည်း ဖော်ပြထားတယ်။ ဈေးထဲ၊ လမ်းဘေးမှာရောင်းတဲ့ ပုစွန်ချဉ်မှာ
ပုစွန်ပါတယ်ဆိုရုံသာပါလို့ ပန်းရောင်ရဲရဲကြီး ဆိုးထားတာတွေ့ရတယ်။ ဆေးဆိုးတယ်ဆိုတာ
လိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဆိုးဆေးဟာ အစားအစာမှာသုံးတဲ့ဆေး ဖြစ်ရပြီး နည်းနည်းသာသုံးရင်
ဘေးအန္တရာယ်လည်း နည်းနည်းသာရှိနိုင်တယ်။ အထည်တွေမှာသုံးတဲ့ ဓာတ်ဆိုးဆေးလုံးဝ
မဖြစ်ရပါ။

၂။ ရသပစ္စည်းတွေကို အစားအစာမှာ အရသာပိုရှိအောင်၊ လိုချင်တဲ့ အနံ့ရအောင် ရသပစ္စည်းကို
အသုံးပြုကြတယ်။ အစားအစာ ထုတ်လုပ်သူတွေဟာ ရသပစ္စည်းတွေကို ကျွမ်းကျင်ပါးနပ်စွာ
အသုံးပြုခြင်းဖြင့် အစားအစာတွေကို အရသာရှိစေတယ်။ တချို့ ပစ္စည်းအညံ့တွေ၊ ရေတွေနဲ့
ရသပစ္စည်းတွေကို အသုံးပြုပြီး ကုန်ထုတ်လုပ်ရင် ထုတ်လုပ်သူတွေအတွက် အရင်းနည်းနည်းနဲ့
အမြတ်များများရ စေတယ်။

၃။ တာရှည်ခံပစ္စည်းတွေက အစားအစာ ပိုကြာရှည်ခံဖို့နဲ့ ပျက်စီးသွားခြင်း၊ ပုပ်သိုးသွားခြင်း
မရှိအောင် လုပ်ပေးတယ်။ ၎င်းပစ္စည်းဟာ အဏုဇီဝရုပ်ဖြစ်ပေါ်ခြင်းကို ဟန့်တားပြီး ထုတ်ကုန်တွေ
ဆီချေးစော်မနံအောင် ကာကွယ်ပေးတယ်။

၄။ ချွဲပျစ်စေတဲ့ ပစ္စည်းကို အထူးသဖြင့် အသားထုတ်ကုန်တွေမှာ ဆီနဲ့ရေ တစ်သားတည်းရှိပြီး
ကွဲထွက်မသွားအောင် ပြုလုပ်ရာမှာ အသုံးပြုတယ်။

၅။ အစားအစာတွေကို မူလပုံစံ၊ မူလအရသာ စသည်တို့ မပျက်စေဘဲ (ဥပမာ အသားနဲ့ တူတဲ့
ပစ္စည်း) ထုတ်လုပ်ရန် အဖြည့်ပစ္စည်းတွေကို သုံးကြရာမှာ ကုန်ကျစရိတ် သက်သာကြတာကို
တွေ့ရတယ်။

အဲဒီ အစားအစာ အဖြည့်ပစ္စည်းတွေက လူတွေကို ဘယ်လိုအန္တရာယ်တွေပေးနိုင်ပါသလဲ။

တော်တော်များ ပေးနိုင်ပါတယ်။ ရောဂါမျိုးစုံဖြစ်ပွားခြင်းဟာ အစားအစာအဖြည့်ပစ္စည်းများကြောင့်
လို့ ဝေဖန်သူတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဝေဖန်ပြောဆိုခဲ့ကြတယ်။

ပန်းနာရင်ကျပ်ရောဂါ၊ နှင်းခူ၊ အရေပြားရောင်ရမ်းရောဂါနဲ့ အခြား အရေပြားပေါ် အဖုအပိမ့်
အနီကွက်ထခြင်း၊ ခေါင်းတစ်ခြမ်းကိုက်သည့် ဦးယဉ်းနာ၊ ကလေးများတွင် အငြိမ်မနေတတ်ခြင်း၊
မူးဝေခြင်း၊ ကျောက်ကပ် ပြဿနာများ၊ ရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ ၀မ်းလျှောခြင်း၊ အကြောဆွဲခြင်း၊
ဗိုက်နာခြင်းနဲ့ အူတွင်းဖြစ်သော ရောဂါအပြင် ဓာတ်မတည့်ပြဿနာတွေနဲ့ ဆက်စပ်တယ်လို့
ထင်ကြတယ်။

ချဲ့ကားပြောဆိုမှုတွေနဲ့ စိတ်ချရန် အာမခံချက်တွေ ရှိနေလင့်ကစား အစားအစာအဖြည့်ပစ္စည်းတွေ
နဲ့ ပတ်သက်၍ ဘေးအန္တရာယ်ရှိတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

လက်ရှိ အသုံးပြုနေကြတဲ့ လူလုပ်အဖြည့် ပစ္စည်းတွေကို ထုတ်လုပ်သူတွေက အန္တရာယ်
မရှိအောင် လုပ်မယ်လို့ မျှော်လင့်ရပေမယ့် ရေရှည်ဆိုးကျိုးကို သတိထားရမယ်။

အစားအစာအဖြည့်ပစ္စည်းတွေက ထောင်ပေါင်းများစွာရှိလို့ ၎င်းတို့ စမ်းသပ်စစ်ဆေးတဲ့အခါမှာ
အချိန်ကုန် အချိန်ကြာကြာယူပြီး ငွေကုန်ကြေးကျများတာကြောင့် ကုန်ထုတ်လုပ်သူတွေက
ဈေးကွက်မှာ အလွယ်တကူ ၀ယ်ယူ သုံးစွဲနေကြတယ်။

၎င်းတို့က လူ ၁,၀၀၀ မှ တစ်ယောက်လောက်သာ ကျန်းမာရေး ထိခိုက်နိုင်ဖို့ အလားအလာ
ရှိတယ်ဟု ဆိုသော်လည်း သုံးစွဲသူများရင် ထိခိုက်သူလည်း များလာနိုင်တယ်။

ခေတ်ပေါ်အစားအစာတစ်ခုကို အရောင် လှအောင် အရောင်တင်ဆေး၊ အရသာပိုရှိအောင်
ရသပစ္စည်း၊ ကြာရှည်ခံအောင် တာရှည်ခံပစ္စည်းစသည်ဖြင့် အစားအစာအဖြည့်ပစ္စည်း သုံးမျိုးစလုံး
တစ်ခါတည်း သုံးထားလျှင် ရေရှည် ဘေးထွက်ဆိုးကျိုးများ စုပုံလာနိုင်တယ်။

ကျွန်မတို့ အဘိုးအဘွား၊ မိဘလက်ထက်မှာ ဒီလို အစားအစာအဖြည့်ပစ္စည်းတွေ မပေါ်ပေါက်သေး
ပါ။

လတ်ဆတ်တဲ့ အစားအစာကို အိမ်မှာ ကိုယ်တိုင်လုပ်ပြီး သားသမီးတွေကို ကျွေးမွေးခဲ့ကြတယ်။

အဲဒါကြောင့်မို့ မိဘဘိုးဘွားများ အသက် ၈၀ ကျော်ထိနေကြပြီး၊ ယခုလက်ရှိ ကျွန်မတို့ မောင်နှမ
၁၀ ယောက်မှာ အသက် ၈၀ မှာ ကွယ်လွန်သွားတဲ့ အစ်မတစ်ယောက်ကလွဲလို့ ယခုအထိ
ရ၀ ကျော်၊ ၈၀ ကျော်တွေ ရှိနေတုန်းပါပဲ။

အကောင်းဆုံးက အစားအစာကို လတ်လတ်ဆတ်ဆတ် စားခြင်းဖြစ်တယ်။

သံပုရာရည်၊ မန်ကျည်းဖျော်ရည်စတဲ့ ဖျော်ရည်တွေကို ကိုယ်တိုင်လုပ်ပြီးချက်ချင်း သောက်ခြင်းက
ဘေးကင်းပါတယ်။

ယခင်က အအေးဆိုင်မှာ ဒီလိုချက်ချင်းဖျော်ပြီး ရောင်းတာတွေ ရှိခဲ့ပါတယ်။

အခုတော့ အဲဒီဆိုင်တွေမှာ အအေးဘူး၊ အအေးပုလင်းတွေကိုသာ တွေ့ရပါတယ်။

လတ်လတ်ဆတ်ဆတ် ဖျော်သောက်တာက အလုပ်နည်းနည်းရှုပ်ပေမယ့် ကိုယ့်ကျန်းမာရေးကို
စောင့်ရှောက်နေတာလို့ မှတ်ယူလိုက်စမ်းပါ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021