အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၁)

အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၁)

၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းစာ သတင်းစာမှာ ဒီဥပဒေကြမ်းပါလာတာကို တွေ့ရတယ်။

၂၀၁၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းစာ သတင်းစာမှာ ဒီဥပဒေကြမ်းပါလာတာကို
တွေ့ရတယ်။

စာရေးသူက ဥပဒေသမားဆိုတော့ ဥပဒေကြမ်းတွေ သတင်းစာမှာပါလာရင် ဖတ်ဖြစ်တယ်။

ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ ပြောစရာလေးတွေကို တွေ့ရပေမယ့် မရေးအားဘူး။

တရားစီရင်ရေးနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့သာ ရေးဖြစ်အောင် ကြိုးစားပြီး
ရေးပါတယ်။

ဒီဥပဒေကြမ်း ထွက်တဲ့ အချိန်တုန်းက 'တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း'နဲ့
ပတ်သက်ပြီး ဆောင်းပါးဆက် လေးစောင်ကို ရေးနေတဲ့ အချိန်ဖြစ်လို့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး
မရေးဖြစ်နိုင်ခဲ့ဘူး။

ဒီဥပဒေကြမ်းက တရားစီရင်ရေးနဲ့ သက်ဆိုင်တဲ့အပြင် အထူးသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့
ပတ်သက်လို့လည်း အရေးကြီးတဲ့ ဥပဒေဖြစ်တာကြောင့် စာရေးသူရဲ့ သုံးသပ်ချက်နဲ့ အကြံပြုချက်
တွေကို ရေးလိုက်တာပါ။

အနုညာတ စီရင်ဆုံးဖြတ်ခြင်းဆိုတာက အင်္ဂလိပ်ဥပဒေဝေါဟာရဖြစ်တဲ့ 'Arbitration'
'အနုန်ညာတ'လို့ အသံထွက်ရတဲ့ ပါဠိဘာသာ စကားလုံး 'အနုညာတ'ရဲ့ အဓိပ္ပာယ်က 'တရားဆိုင်
ပြိုင်သူတို့က သဘောတူရွေးချယ် တင်မြှောက်သော' လို့ ဖြစ်ပါတယ်။ နာမဝိသေသန ပုဒ်ပါ။
(နာမ်ပုဒ်အနေနဲ့ သုံးရင်တော့ 'လူညံ့၊ ဂုဏ်နိမ့်သူ' လို့ အဓိပ္ပာယ်ရကြောင်း အဘိဓာန်မှာ
ပြပါတယ်။)

အင်္ဂလိပ်ဥပဒေ ဝေါဟာရဖြစ်တဲ့ 'Arbitra-tion' ရဲ့ အဓိပ္ပာယ်က တစ်ဦးနဲ့ တစ်ဦးအငြင်းပွားမှု
ပေါ်ပေါက်တဲ့အခါ တရားရုံးမှာ တရားစွဲဆိုခြင်း မပြုဘဲ နှစ်ဖက်သဘောတူရွေးချယ်
တင်မြှောက်ထားတဲ့ ခုံသမာဓိလူကြီး(များ)ရဲ့ အဆုံးအဖြတ်ကို ခံယူပြီး လိုက်နာဆောင်ရွက်ခြင်း
ဖြစ်ပါတယ်။

ခုံသမာဓိလူကြီးဆိုတာက 'Arbitrator' ကို ဘာသာပြန်ဆိုချက်ဖြစ်ပြီး နိုင်ငံတော်က ခန့်ထားတဲ့
တရားသူကြီးမဟုတ်ဘဲ ပုဂ္ဂလိကတရားသူကြီး (Private Judge) ဖြစ်ပါတယ်။

အငြင်းပွားမှုကို 'Arbitration' နည်းနဲ့ ဖြေရှင်းတဲ့ စနစ်က အင်္ဂလိပ်တရားစီရင်ရေး စနစ်နဲ့အတူ
မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဆိုတော့ (အဲဒီစနစ်စတင်အခြေခိုင်တဲ့ ကာလလောက်က
စတွက်မယ်ဆိုရင်) အောက်မြန်မာပြည်အတွက် နှစ်ပေါင်း ၁၆၀ ခန့်၊ အထက်မြန်မာပြည်အတွက်
နှစ်ပေါင်း ၁၃၀ ခန့်ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ အင်္ဂလိပ်တရားစီရင်ရေး ခေတ်ဦးမှာကတည်းက 'Arbitration' နဲ့
ပတ်သက်တဲ့ အင်္ဂလိပ် စီရင်ထုံးတွေကို တွေ့ရတာနဲ့ ပတ်သက်ပြီး စာရေးသူရဲ့ ယူဆချက်ကတော့
'အင်္ဂလိပ် တရားသူကြီးတွေ ရှေ့နေတွေအနေနဲ့ မြန်မာဘုရင်များလက်ထက်က ကျင့်သုံးခဲ့တဲ့
မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေတွေကို ကောင်းစွာ သိရှိ နားလည်ခြင်း မရှိသေးခင် မြန်မာလူမျိုးတွေ
က သူတို့အငြင်းပွားမှုတွေမှာ ခုံသမာဓိ တင်မြှောက်ဆုံးဖြတ်စေပြီးမှ အဲဒီခုံသမာဓိ ဆုံးဖြတ်ချက်ကို
အင်္ဂလိပ်တရားရုံးတွေက အတည်ပြုပေးတာဖြစ်မယ်' ဆိုတာပါပဲ။

မြန်မာလူမျိုးတွေအနေနဲ့ အဲဒီလိုကာလ ရှည်ကြာစွာ 'Arbitration' စနစ်နဲ့ ထိတွေ့မှု ရှိခဲ့ပေမယ့်
၁၉၇၀ ပြည့်နှစ်လောက်ကစပြီး မြန်မာနိုင်ငံ စီရင်ထုံးစာအုပ်တွေမှာ 'Arbitration' နဲ့ ပတ်သက်တဲ့
စီရင်ထုံးတွေကို မတွေ့ရတော့ပါဘူး။

အကြောင်းကတော့ တရားစီရင်ရေးစနစ် ပြောင်းလဲခြင်းနဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်
မရှိခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

ဒီတော့ ဥပဒေသမားတွေမှာ 'Arbitration' နဲ့ ပတ်သက်လို့ အတွေ့အကြံုမရှိတော့သလို၊ ပြည်သူ
အများစုအနေနဲ့လည်း 'Arbitration' နဲ့ 'အနုညာတဆုံး ဖြတ်ခြင်း'ဆိုတဲ့ ဝေါဟာရတွေနဲ့ 'စိမ်း'
သွားခဲ့ပါပြီ။

ဒါကြောင့်ပဲ ထင်ပါရဲ့၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရုပ်မြင်သံကြား သတင်းကြေညာသူ
တစ်ဦးက လွှတ်တော်နဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ်ကို ဖတ်ကြားရာမှာ 'အနုညာတ' ကို
'အနုန်ညာတာ' လို့ အသံထွက်ရမယ့်အစား 'အနု၊ ညာတ' လို့ ဖတ်ကြားကြေညာသွားတာကို
ကြားခဲ့ရဖူးတယ်။

စာရေးသူအနေနှင့် ၂၀၀၄ ခုနှစ်က "ကုန်ရောင်းခြင်း အက်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု
ဥပဒေနှင့် လက်တွေ့ကျင့်သုံးမှုများ" ဆိုတဲ့ စာအုပ်၊ ဒုတိယအတွဲကို ရေးသား ထုတ်ဝေခဲ့ပါတယ်။

အဲဒီစာအုပ်ရဲ့ အခန်း ၁၆ မှာ 'Arbitration' နဲ့ ပတ်သက်လို့ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ
ဥပဒေတွေအကြောင်းကို အထိုက်အလျောက် စုံစုံလင်လင်ဖော်ပြထားပါတယ်။

အဲဒီတုန်းက မြန်မာနိုင်ငံအနေနဲ့ 'နယူးယော့ခ် ကွန်ဗင်းရှင်း' လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့
'Convention on the Recognition and Enforcement of Foreign Arbitral Awards' ကို
မဝင်ရောက်သေးဘူး။

အဲဒီနောက် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီအတွင်း မြန်မာတိုင်း(မ်)ဂျာနယ် မှာ "အငြင်းပွားမှု
ကို တရားရုံးပြင်ပတွင် ဖြေရှင်းခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက် ဆောင်းပါး ငါးစောင်ကို
ရေးသားခဲ့ပါသေးတယ်။

အဲဒီအချိန်က မြန်မာနိုင်ငံအနေနဲ့ 'နယူးယော့ခ် ကွန်ဗင်းရှင်း'မှာ အဖွဲ့ဝင်ဖြစ်နေပါပြီ။

၂၀၁၃ ခုနှစ်၊ ဧပြီ ၁၆ ရက်နေ့မှာ အဲဒီ ကွန်ဗင်းရှင်းကို ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်
၁၅ ရက်နေ့မှာ အတည်ဖြစ် (အာဏာသက်ရောက်ခဲ့ကြောင်း ဆောင်းပါး အမှတ်စဉ် ၁၃) မှာ
ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နယူးယော့ခ် ကွန်ဗင်းရှင်းကို ၀င်ရုံမျှနဲ့ နိုင်ငံခြား အနုညာတဆုံး ဖြတ်ချက်
(Foreign arbitral awards) တွေကို မြန်မာနိုင်ငံတရားရုံးများက အသိအမှတ်ပြုပြီး
အကောင်အထည်ဖော်ပေးခွင့် မရှိသေးကြောင်းနဲ့ ဒီကိစ္စအတွက် သီးခြားဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးဖို့
လိုအပ်မှာဖြစ်ကြောင်းကိုလည်း အဲဒီဆောင်းပါးမှာပဲ ဖော်ပြခဲ့ပါသေးတယ်။

ဒီအချက်တွေကို ပြန်ရေးပြရတာက 'Arbitration' နဲ့ ပတ်သက်တဲ့ စာရေးသူရဲ့ ယခင် ဆောင်းပါး
တွေကို မဖတ်ရသေးတဲ့ စာဖတ်သူတွေအတွက် ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ ဥပဒေစနစ်အရ မြန်မာနိုင်ငံနဲ့ အခြားတစ် နိုင်ငံတို့
ချုပ်ဆိုတဲ့ စာချုပ်၊ သို့မဟုတ် မြန်မာနိုင်ငံက ပါ၀င်ချုပ်ဆိုထားတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်
(charter, convention, treaty agreement) တစ်ခုဟာ မြန်မာနိုင်ငံသားများနဲ့ မြန်မာနိုင်ငံ
အတွင်း နေထိုင်သူတွေအပေါ် အလိုအလျောက် အာဏာသက်ရောက်မှု မရှိပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ "၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
ရဲ့ ပုဒ်မ ၂၁၄ မှာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနှင့် ဒီလိုပြဋ္ဌာန်းထားပါတယ် -

214. No international agreement as such shall be part of the municipal law of
the Union, save as way be determined by the Parliament.

၂၁၄။ ပါလီမန်က ဆုံးဖြတ်ပြဋ္ဌာန်းခြင်း မပြုလျှင် မည်သည့် ပြည်ထောင်ချင်းချင်း
သဘောတူညီချက်မျှ ထိုကဲ့သို့သော သဘောတူညီချက်အနေနှင့် ပြည်ထောင်စုနိုင်ငံတရား
ဥပဒေ၏ တစ်စိတ်တစ်ဒေသ မဖြစ်စေရ။

အဲဒီအချိန်တုန်းက 'international' ကို 'အပြည်ပြည်ဆိုင်ရာ' သို့မဟုတ် 'နိုင်ငံတကာ' လို့
မြန်မာဘာသာပြန်ဆိုသုံးစွဲခြင်း မရှိသေးဘဲ 'ပြည်ထောင်ချင်းချင်း' လို့ သုံးစွဲထားကြောင်း
သိရှိနိုင်ပါတယ်။

'Municipal Law' (မြူနီစီပယ် ဥပဒေ)ဆိုတာက ယခုအခါဘာသာပြန်ဆို သုံးစွဲနေတဲ့
'စည်ပင်သာယာရေးအဖွဲ့' ဥပဒေကို ဆိုလိုတာ မဟုတ်ဘဲ 'Domestic law' သို့မဟုတ် 
'national Law' (ပြည်တွင်းဥပဒေ) ကို ဆိုလိုတာဖြစ်ပါတယ်။

'ဒီနေရာမှာ ၁၉၄၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကိုးကားတာနဲ့ ပတ်သက်လို့ ပြောဖို့
လိုတဲ့ အချက်တစ်ချက်ရှိတယ်။ "၁၉၄၈ ခုနှစ်၊ သို့မဟုတ် ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ
ဥပဒေတွေဟာ ပျက်သွားပြီ (abolished, cancelled)၊ ရပ်စဲသွားပြီ (terminated)၊ ရုပ်သိမ်းပြီးပြီ
(repealed) လို့ ပြောကြ၊ ရေးကြတာတွေ ရှိတယ်။

အဲဒါ ရာနှုန်းပြည့် မမှန်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ အဲဒီအခြေခံဥပဒေတွေမှာပါတဲ့
အချို့ပြဋ္ဌာန်းချက်တွေက အလိုအလျောက် အာဏာသက် ရောက်မှုမရှိ/ ဆက်လက်သုံးစွဲမှုမရှိ
(defunct) တာမှန်ပေမယ်လို့ တချို့ပြဋ္ဌာန်းချက်တွေကတော့ အခြေအနေနဲ့ အချိန်အခါ
အလျောက် ဆက်လက်ပြီး တည်ရှိနေဆဲဖြစ်တယ်လို့ ဆိုရမယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွေမှာပါတဲ့ ဆိုရှယ်လစ်စနစ်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေက
အလို အလျောက် ပျက်ပြယ်သွားပြီဖြစ်တယ်ဆိုတာ မှန်ပေမယ့် နိုင်ငံတော်ရဲ့ နယ်နိမိတ်
သတ်မှတ်ချက်နဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေ၊ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်
စတာတွေကတော့ ဘယ်ပျက်လို့ ဖြစ်ပါ့မလဲ။

နောက်ပြီး တပ်မတော်က အာဏာသိမ်းတဲ့ ကြေညာချက်တွေမှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ
ဥပဒေကို ပယ်ဖျက်လိုက်တယ်ဆိုပြီး ကြေညာတာမျိုး မရှိခဲ့ပါဘူး။

နိုင်ငံတစ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုမှာ ပါ၀င်လက်မှတ်ရေးထိုးပြီးရင် အဲဒီ
စာချုပ်ပါ အချက်တွေကို လိုက်နာ ဆောင်ရွက်ဖို့ အကောင်အထည်ဖော်ပေးဖို့ လိုအပ်ပါတယ်။

တချို့စာချုပ်တွေက ပြည်သူအများနဲ့ မသက်ဆိုင်ဘဲ အစိုးရနဲ့သာ သက်ဆိုင်တဲ့ တစ်နည်းအားဖြင့်
အစိုးရအနေ နဲ့ လိုက်နာဆောင်ရွက်ရင် တာဝန်ကျေတဲ့ စာချုပ်မျိုးတွေ ဖြစ်တယ်။

ဥပမာ - နိုင်ငံကို ကိုယ်စားပြုပြီး လက်မှတ်ရေးထိုးခွင့်နဲ့ဆိုင်တဲ့ ဗီယင်နာကွန်ဗင်းရှင်းမျိုး၊
နျူကလီးယား မပြန့်ပွားရေးစာချုပ်မျိုးတွေပေါ့။ တချို့စာချုပ် တွေကတော့ ပြည်သူအများနဲ့ဆိုင်တဲ့၊
ပြည်သူတစ်ဦးချင်းအနေနဲ့လည်း လိုက်နာ ဆောင်ရွက်ဖို့ လိုတဲ့စာချုပ်တွေ ဖြစ်ပါတယ်။

ဥပမာ - ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းလို စာချုပ်မျိုးတွေကျတော့
ကလေးသူငယ်အခွင့်အရေးများနဲ့ ပတ်သက်ပြီး ကွန်ဗင်းရှင်းပါ အချက်များနဲ့ အညီ ပြည်တွင်း
ဥပဒေပြဋ္ဌာန်းပေးရပါတယ်။

၁၉၄၈ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ ၂၁၄ ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်က 'ဥပဒေပြုအဖွဲ့က
ဥပဒေအဖြစ် ပြဋ္ဌာန်းပေးခြင်း မရှိပါက အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုသည် မြန်မာနိုင်ငံ၏
ဥပဒေမဖြစ်စေရ' လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

တစ်နည်းအား ဖြင့်ဆိုရင် 'အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုပါ သဘောတူညီချက်များကို
မြန်မာနိုင်ငံ သားများအပေါ် အာဏာသက်ရောက်စေလိုပါက ဥပဒေအဖြစ် ပြဋ္ဌာန်းပေးရမည်' လို့
ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒါက အင်္ဂလိပ်ဥပဒေ စနစ်ကနေ ဆင်းသက်လာတဲ့ ဥပဒေပြုရေး 'မူ' တစ်ရပ် ဖြစ်ပါတယ်။

ဒီမူကို မြန်မာနိုင်ငံမှာ ဘယ်လိုကျင့်သုံး ဆောင်ရွက်ခဲ့တယ်ဆိုတာ သိရအောင် ခေတ်အဆက်ဆက်
ပြဋ္ဌာန်းခဲ့တဲ့တည်ဆဲ ဥပဒေတွေကို လေ့လာကြည့်ပါမယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင်က ပြဋ္ဌာန်းခဲ့တဲ့ 'The Arbitration (Protocol and
Convention) Act' မှာ အပြည်ပြည်ဆိုင်ရာ စာချုပ်များဖြစ်တဲ့ 'The Protocol on Arbitration
Clauses of 1923' နှင့် 'The Conventon on the Execution of  Foreign Arbitral
Awards of 1927'  တို့ကို မူရင်းအတိုင်း နောက်ဆက်တွဲဇယားများ (schedules) အဖြစ်
ပူးတွဲပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာစာချုပ်ကို နောက်ဆက်တွဲဇယားအဖြစ် ပူးတွဲပြီး အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့
အခြားဥပဒေနှစ်ခုလည်း ရှိပါသေးတယ်။

'The Burma (Myanmar) Carriage of Goods by Sea Act' နဲ့ 'The Burma (Myanmar)
Carriage by Air Act'  တို့ပဲ ဖြစ်ပါတယ်။

ဒီဥပဒေတွေက အင်္ဂလိပ်ခေတ်မှာ ပြဋ္ဌာန်းခဲ့တာဆိုတော့ နောက်ဆက်တွဲ ဇယားအပါအဝင်
ဥပဒေအစမှ အဆုံးထိကို အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး ဖဆပလခေတ်မှာလည်း အပြည်ပြည်ဆိုင်ရာသဘောတူ စာချုပ်ကို
နောက်ဆက်တွဲဇယားအဖြစ် ပူးတွဲပြဋ္ဌာန်းထားတဲ့ ဥပဒေနှစ်ခုကို တွေ့ရ ပါတယ်။

'ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (အခွင့်အရေးများ နှင့် ကင်းလွတ်ခွင့်များ) အက်ဥပဒေ' နှင့် '၁၉၅၆ခုနှစ်၊
အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း သဘောတူစာချုပ်အက် ဥပဒေ'တို့ပဲ ဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်က နဲ့ မတူညီတဲ့ အချက်ကတော့ ဥပဒေရဲ့ ကိုယ်ထည် (body of the Act) က
မြန်မာလိုဖြစ်ပြီး နောက်ဆက်တွဲအဖြစ် ပူးတွဲပြဋ္ဌာန်းတဲ့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်တွေ
က မူရင်းအတိုင်း အင်္ဂလိပ်ဘာသာနဲ့ ဖြစ်တာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီဥပဒေနဲ့ မတူညီတဲ့ ဥပဒေတစ်ခုကိုလည်း တွေ့ရပါသေးတယ်။

၁၉၅၁ ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ "အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဘဏ်အဖွဲ့
(INTERNATIONAL MONETARY FUND AND BANK) အက်ဥပဒေ" ဆိုတာ ဖြစ်ပါတယ်။
(ဥပဒေ အမည်ကို မူရင်းအတိုင်း ဖော်ပြထားတာပါ။)

အဲဒီဥပဒေမှာတော့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များကို မူရင်း အင်္ဂလိပ်ဘာသာအတိုင်း
နောက်ဆက်တွဲ ဇယားတွေမှာ ပူးတွဲဖော်ပြခြင်းမရှိဘဲ မြန်မာဘာသာပြန်ဆိုပြီး နောက်ဆက်တွဲ
ဇယားတွေအဖြစ် ဖော်ပြထားတာကို တွေ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ပြည်တွင်းဥပဒေအဖြစ် မြန်မာဘာသာနဲ့ ပြဋ္ဌာန်းတဲ့
အခြားဥပဒေတစ်ခုကတော့ ၁၉၅၂ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ 'ပင်လယ် ရေကြောင်း သွားလာမှု
သဘောတူစာချုပ်များ အက်ဥပဒေ'ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီခေတ်မှာလည်း
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မူရင်းအင်္ဂလိပ်ဘာသာအတိုင်း နောက်ဆက်တွဲဇယား
အဖြစ် ပူးတွဲပြဋ္ဌာန်းခဲ့တဲ့ '၁၉၆၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ကြီးပွားရေးအဖွဲ့ ဥပဒေ' ဆိုတာကို
တွေ့ရပါသေးတယ်။

ဥပဒေ ခေါင်းစီးအောက်မှာ (ပြည်ထောင်စု မြန်မာနိုင်ငံအား အပြည်ပြည်ဆိုင်ရာ ကြီးပွားရေး
အဖွဲ့တွင် အဖွဲ့ဝင် နိုင်ငံအဖြစ် ၀င်ရောက်နိုင်စေရန် ဥပဒေ) ဆိုပြီး ဥပဒေရဲ့ အမည်အောက်မှာ
ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာတော့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ပြည်တွင်း ဥပဒေရဲ့
နောက်ဆက်တွဲ ဇယားအဖြစ် ထည့်သွင်းပြဋ္ဌာန်းတာမျိုးကို မတွေ့ရတော့ပါဘူး။

အထက်မှာ ဖော်ပြခဲ့သလို ဥပဒေရေးဆွဲမှု သမိုင်းကြောင်းကို ပြန်ပြောနေရတဲ့ အကြောင်းရင်း
ကတော့ နိုင်ငံခြားအနုညာတ ဆုံးဖြတ်ချက်တွေကို အတည်ပြုအကောင် အထည်ဖော်ရေးနဲ့
ပတ်သက်တဲ့ နယူးယော့ခ် ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၀င်ရောက်ပြီးဖြစ်တဲ့အတွက်
အဲဒီကွန်ဗင်းရှင်းကို ပြည်တွင်း ဥပဒေပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ရာမှာ ဘယ်လိုပုံစံနဲ့
ဆောင်ရွက်သင့်သလဲဆိုတာကို စဉ်းစားနိုင်ဖို့အတွက် ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ နောက်တစ်ပတ်မှာ ဆက်လက် ဆွေးနွေးပါမယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021