မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲ ရောက်နေပြီလား

မြန်မာ့နိုင်ငံရေး အကျပ်အတည်းထဲ ရောက်နေပြီလား

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် တက်လာတာ သုံးနှစ်ကျော်ပါပြီ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပထမအဆင့်လို့ နာမည်တပ်ထားတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် တက်လာတာ သုံးနှစ်ကျော်ပါပြီ။ တိုင်းရင်းသား
တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ပထမအဆင့်လို့ နာမည်တပ်ထားတဲ့ တစ်တိုင်းပြည်လုံး
ဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

ဒါက တိုင်းပြည် အာဏာရယူထားသူတွေနဲ့ တိုင်းရင်းသားတွေ ပြေလည်မှု မရနိုင်သေးတဲ့
သဘောပါ။

ဒီထက် ပိုအရေးကြီးတာက အာဏာပိုင်တွေနဲ့ ပြည်သူတွေအကြား အမျိုးသား ပြန်လည်ရင်ကြား
စေ့ရေးပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေအရပ်ရပ်ဟာ အမျိုးသား ပြန်လည်
ရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့ ဝေးလို့ အကျပ်အတည်း တစ်ခုထဲ ရောက်နေတယ်လို့တောင်
ယူဆရပါတယ်။

မြန်မာနိုင်ငံဟာ တကယ်ပဲ နိုင်ငံရေး အကျပ်အတည်း ကာလတစ်ခုကို ရောက်နေပြီလား၊ ဒီ
အကျပ်အတည်းက ထွက်နိုင်အောင် ဘာတွေလုပ်ရင် ရနိုင်မလဲဆိုတာ ဆွေးနွေးသွားပါ့မယ်။

နိုင်ငံထဲမှာ လက်ရှိဖြစ်ပျက်နေတာတွေထဲက အဆိုးဆုံးတစ်ခုကို ပြပါဆိုရင် ဘာသာရေး၊ လူမျိုးရေး
ဆန်တဲ့ အကြမ်းဖက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနေတာပါ။

နေရာ ၄၀ ကျော်လောက်အတွက် လုပ်တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီက အာဏာရ ပြည်ခိုင်ဖြိုးပါတီကို
အပြတ်အသတ် အနိုင်ရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ကနေ စဖြစ်ပွားလာတဲ့ ပြဿနာပါ။

ရခိုင်ပြည်နယ်မှာတင် လူရာနဲ့ချီသေ၊ လူသိန်းနဲ့ချီ ဒုက္ခသည် စခန်းရောက်သည်အထိ ကြီးမားတဲ့
ပဋိပက္ခတစ်ခုဖြစ်ပြီး ဒီကနေ့အချိန်ထိ မပြေလည်နိုင်သေးပါဘူး။

ပြေလည်ဖို့ နေနေသာသာ နောက်ပိုင်း တိုင်းရင်းသား ကမန်တွေအပေါ်၊ နိုင်ငံတကာ အကူအညီ
ပေးရေး အဖွဲ့အစည်းတွေအပေါ် အကြမ်းဖက်ခံရသည်အထိ ဆိုးရွားခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။

နောက်ပိုင်း အလားတူ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဟာ မိတ္ထီလာ၊
ရှမ်းပြည်နယ် လားရှိုး၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတင်မက အခုနောက်ဆုံး မန္တလေးမြို့တော်မှာ
ဖြစ်ပွားခဲ့သည်အထိ ပျံ့နှံ့ခဲ့ပါတယ်။

သိပ်မကြာခင် အချိန် ဒီ ပြဿနာ ပြေလည်သွားမယ့် အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။
အကြောင်းကတော့ ဒီပြဿနာကို အဓိက ကိုင်တွယ်ရတဲ့ သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ
ပြဿနာအရင်းအမြစ်ဖြစ်တဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေကို အရေးယူတာ လုံးဝမလုပ်တဲ့အပြင်
အစွန်းရောက်အကြမ်းဖက်သမားတွေကိုလည်း ထိထိရောက်ရောက် အရေးယူတာမျိုး မလုပ်ခဲ့လို့
ဖြစ်ပါတယ်။

ဒီလို ဆိုးရွားလှတဲ့ ပြဿနာတစ်ခုကို ဘာကြောင့် မွေးမြူထားရသလဲဆိုရင် အမုန်းတရားဖြန့်ဖြူးသူ
တွေနဲ့ အစွန်းရောက်အများစုဟာ အစိုးရ၊ အာဏာရပါတီနဲ့ တပ်မတော်ကို ပြဿနာရှာသူတွေ
မဟုတ်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကို လှည့်ပြီး
ဆန့်ကျင်သူတွေ ဖြစ်နေတာကြောင့် နိုင်ငံရေး ရှုမြင်ချက်နဲ့ ခုလို မကိုင်မတွယ် မွေးမြူထားရတာလို့
ကောက်ချက်ချနိုင်ပါတယ်။

ပြောရရင် နိုင်ငံရေး ပြဿနာကြောင့် အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အစွန်းရောက်တွေကို
အရေးမယူတာ ဖြစ်နိုင်ပါတယ်။

တစ်ဆက်တည်း ဖြစ်ပေါ်လာတဲ့ ပြဿနာကတော့ စာနယ်ဇင်း သတင်းမီဒီယာ အပေါ်
ပြင်းပြင်းထန်ထန် နှိပ်ကွပ်လာမှု ဖြစ်ပါတယ်။

အရင် စစ်အာဏာရှင်တွေဟာ မီဒီယာအားလုံးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်ကုန် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တာနဲ့ လွတ်တဲ့
သတင်းတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို ဖော်ပြနိုင်ဖို့ ကြိုးစားကြပါတယ်။

စာပေစိစစ်ရေးက ခွင့်ပြုလိုက်တာနဲ့ ဂျာနယ်မျက်နှာဖုံးတွေမှာ ဒေါ်စုပုံတွေ ပလူပျံသွားပါတော့
တယ်။

၂၀၁၂ ရွေးကောက်ပွဲ လုပ်တဲ့အခါ အင်န်အယ်လ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်သတင်းတွေ
အကြီးအကျယ် ဖော်ပြကြပါတယ်။

အဲဒီ နှစ်ထဲမှာပဲ စာပေစိစစ်ရေး ရုပ်သိမ်းပြီးသွားတဲ့အခါ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့
ခရိုနီတွေအပေါ် ဝေဖန်တဲ့ ရေးသားမှုတွေ အမြောက်အမြား ပေါ်လာပါတယ်။

၂၀၁၃ ဧပြီ သတင်းစာထုတ်ခွင့်ရတော့ ပိုပြီး ဖော်ပြကြပါတယ်။

အခုနောက်ဆုံး မန္တလေး အကြမ်းဖက်မှု ဖြစ်စဉ်ကအစ အစိုးရရဲ့ တာဝန်ရှိမှုကို ပွင့်ပွင့်လင်းလင်း
ဝေဖန်ထောက်ပြမှုတွေ လုပ်လာတဲ့အခါ သမ္မတ ဦးဆောင်တဲ့ အစိုးရ၊ တပ်မတော်က
ချုပ်ကိုင်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ စာနယ်ဇင်း မီဒီယာတွေကို အမြင်မကြည်လင်
တော့ပါဘူး။

စာနယ်ဇင်း သတင်းမီဒီယာတွေဆိုတာ အာဏာရ အဖွဲ့အစည်းကို ဆန့်ကျင်ဖို့နဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံဖို့ ဆိုတာလောက် မြင်လာပြီး နိုင်ငံရေး ရန်သူလို့
သတ်မှတ်လိုက်ကြပုံ ရပါတယ်။

ဒီအတွက် ရတဲ့နည်းလမ်းနဲ့ ဖိနှိပ်ဖို့ ကြိုးစားလာတာလို့ သုံးသပ်ရပါတယ်။

အလားတူ အရေးကြီးတဲ့ ပြဿနာတစ်ခုက စစ်ဘုရင်မင်းဆက် အုပ်ချုပ်ဖို့ ကြံရွယ်ထားတဲ့
၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ပြဿနာပါ။

ဒီကိစ္စ လွှတ်တော်နာယက သူရဦးရွှေမန်း လက်ထဲရောက်နေပြီး လျှို့ဝှက်ရေးမူနဲ့ အလုပ်လုပ်နေတဲ့
အပေါ် ပြင်ပက ဘာမှ မသိကြရပါဘူး။

ပြည်သူတွေကလည်း ဘာမှ မသိရပါဘူး။

လွှတ်တော်ကို ကြီးစိုးထားတဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီဟာ ဖွဲ့စည်းပုံကို ဒီမိုကရေစီရေး ရှေးရှု
ပြင်ရမယ့်အစား ပြည်သူတွေ မကြိုက် မနှစ်သက်တဲ့ PR စနစ် ကျင့်သုံးမယ့် ကိစ္စတွေ
တင်လာပြန်ပါတယ်။

အလားတူပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)
ကလည်း ပုဒ်မ ၄၃၆ ပြင်ရေး ကြီးမားတဲ့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ပါတယ်။

စည်းရုံးရေးရဲ့ အဓိက ကြွေးကြော်သံကတော့ 'စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျား ပြန်ပို့ရေး'
ဆိုတာပါပဲ။

ဒီ ဖြစ်ရပ်တွေအားလုံးကို ကြည့်လိုက်ရင် သမ္မတဦးဆောင်တဲ့ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊
အင်န်အယ်လ်ဒီ အားလုံးသော အင်အားစုတွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တစ်ဖွဲ့မှ
လုပ်မနေပါဘူး။

တစ်ယောက် လက်မခံနိုင်တာ တစ်ယောက်လုပ်နေရင်း တိုင်းပြည်ကို နိုင်ငံရေး အကျပ်အတည်းထဲ
တွန်းထည့်နေပါတယ်။

ဒီအတွက် အင်အားစုအားလုံးဟာ 'အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး' လမ်းစဉ်တွေ ဖော်ထုတ်
ကိုင်စွဲ ကျင့်သုံးကြဖို့ လိုပါတယ်။

တိတိကျကျပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တပ်မတော်ကို စစ်တန်းလျား ပြန်ပို့ရေး၊
တစ်နည်းအားဖြင့် စစ်ခေါင်းဆောင်တွေကို နိုင်ငံရေးကနေ လုံးဝဖယ်ရှားရေး လမ်းစဉ် ပြင်ဆင်ရပါ
လိမ့်မယ်။

သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ဘက်ကလည်း ဖွဲ့စည်းပုံကို
အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အခြေခံအပေါ်မှာ
ပွင့်လင်း မြင်သာမှုရှိရှိ ပြင်နိုင်အောင် လုပ်ပြ ကြရပါလိမ့်မယ်။

အင်န်အယ်လ်ဒီ၊ တိုင်းရင်းသား အင်အားစုနဲ့ ပြည်သူတွေ လက်မခံတဲ့ PR စနစ် ကျင့်သုံးဖို့
လုပ်တာ ရပ်ဆိုင်းရပါလိမ့်မယ်။

သမ္မတနဲ့ စစ်တပ်ဦးဆောင်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာနဘက်ကလည်း တိုင်းပြည်ကို
မီးလောင်တိုက်ထဲရောက်အောင် တွန်းပို့နေတဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အစွန်းရောက်တွေကို
ပြတ်ပြတ်သားသား အရေးယူ ကိုင်တွယ်ပြပြီး အကြမ်းဖက်မှုတွေ နောင်မပေါ်ပေါက်အောင်
တကယ်ပဲ လုပ်နေတယ်ဆိုတာ ပြသဖို့ လိုပါတယ်။

ဒီလို မလုပ်ကြရင်ဖြင့် လာမယ့် အချိန်ကာလတွေဟာ နိုင်ငံရေး အကျပ်အတည်းတွေကနေ
တစ်ဆင့် တိုင်းပြည် မတည်မငြိမ်ဖြစ်မှုတွေအထိ ဖြစ်ပွားလာနိုင်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေ
နစ်နာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021