၂၀၀၅ ခုနှစ်က ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့ ကိုအပြန်မှာ ဦးရဲထွဋ်ဟာ တောင်ကြီးမြို့မှာရှိတဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်သင်တန်း အတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဆီကို ၀င်လည်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်က ရှမ်းပြည်နယ်ကနေ ရန်ကုန်မြို့ ကိုအပြန်မှာ ဦးရဲထွဋ်ဟာ တောင်ကြီးမြို့မှာရှိတဲ့
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်သင်တန်း အတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဆီကို
၀င်လည်ခဲ့ပါတယ်။
တစ်သက်လုံးစစ်သားဘဝနဲ့ ကျင်လည်ခဲ့ တဲ့ ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြောင်းလဲ
တာဝန်ထမ်းဆောင်ဖို့အတွက် ရန်ကုန်ကို ပြန်လာခဲ့တာပါ။
အလုပ်သစ်မှာ သူဘယ်လောက် ထိထိရောက်ရောက် လုပ်နိုင်မယ်ဆိုတာ သိပ်ပြီးတော့
မသေချာပေမယ့်လည်း ပြောင်းလဲမှုကို သူဟာ ဘာမှမပြောဘဲ လက်ခံခဲ့ပါတယ်။
သူ့သူငယ်ချင်းက သူ့ကိုစာအုပ်တစ်အုပ် လက်ဆောင်ပေးလိုက်ပါတယ်။
ဒါဟာ သူ အနာဂတ်အတွက် အချက်ပေးမှုတစ်ခုပဲလို့ ဦးရဲထွဋ်ကနောက်ပိုင်းမှာ ပြန်ပြောပါတယ်။
စာအုပ်ကတော့ အမေရိကန်သမ္မတ ဂျော့ဘွတ်ရှ်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် နှစ်နှစ်ခွဲကြာ
တာဝန်ယူခဲ့ပြီး ၀ါရှင်တန်က သတင်းသမားများနဲ့ ထိတ်တိုက်တွေ့ဆုံခဲ့ရတဲ့ Ari Fleisher
ရေးသားတဲ့ The President, The Press and My Years in the White House ဆိုတဲ့
စာအုပ်ပဲ ဖြစ်ပါတယ်။
ဦးရဲထွဋ်ဟာ စာအုပ်ကို ဖတ်ခဲ့ရုံတင်မက တချို့အခန်းတွေကို အချိန်ပေး ဘာသာပြန်ခဲ့ပါသေး
တယ်။
နောက်ပိုင်း အထူးသဖြင့် ပြည်တွင်းက ဖွံ့ဖြိုးစမီဒီယာအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့
တိုက်ခိုက်မှုတွေဆုံရတဲ့ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံရပြီး နောက်ပိုင်းမှာလည်း
စာအုပ်ကိုပြန်ပြီး မကြာမကြာ ဖတ်ဖြစ်နေပါသေးတယ်။
ဒီလိုနဲ့ပဲသူဟာ Fleisher လိုပဲမီဒီယာတွေ က ပုံမှန် တိုက်ခိုက်ဝေဖန်မှုတွေရဲ့ သားကောင်
ဖြစ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ သူဟာယုံကြည်ရတဲ့ အတွင်းလူတစ်ယောက် ဖြစ်လာပါတယ်။
သမ္မတဦးသိန်းစိန်ကို ဝေဖန်တိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန်ပေးမယ့် ကြားခံတစ်ခုလည်း
ဖြစ်လာပါတယ်။
တပ်မတော်သားဘဝ
သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ထဲက ထင်သာမြင်သာအရှိဆုံး၊ သတင်းဌာနတွေရဲ့ မေးမြန်းမှုကို
အခံရဆုံး သူတစ်ယောက် မဖြစ်လာခင်ကတော့ သူဟာ တပ်မတော်အသိုင်း အဝိုင်းထဲက
သူတစ်ယောက်သာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ကဖြစ်ပေမယ့် သူ့ဖခင်ဦးရွှေသန်း တာဝန်ကျရာ မြန်မာနိုင်ငံတစ်ဝန်းက တပ်တွေကို
ဦးရဲထွဋ်တို့ မိသားစုလိုက်ပါ ရွှေ့ပြောင်းခဲ့ရပါတယ်။
ဖခင်ရဲ့ခြေရာနင်းလိုတဲ့ ဦးရဲထွဋ်ဟာ ပြင်ဦးလွင်က စစ်တက္ကသိုလ် ဗိုလ်သင်တန်းတက်ခွင့်
လျှောက်ထားခဲ့ပေးမယ့် ရွေးချယ်မခံခဲ့ရပါဘူး။
ဒါကြောင့် ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး နောက်တစ်ကြိမ်ထပ်မံ လျှောက်ထားခဲ့ရာမှာ
ရွေးချယ်ခံခဲ့ရတဲ့အတွက် ၁၉၇၇ ခုနှစ်၊ အပတ်စဉ် ၂၂ မှာစတင်တက်ရောက်ခဲ့ပါတယ်။
သူ့ရဲ့ အတန်းဖော်တွေထဲမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးကျော်ဆွေတို့
ပါ၀င်ပါတယ်။
၁၉၈၁ ခုနှစ်မှာ ကျောင်းဆင်းပြီးချိန်မှာတော့ ကရင်ပြည်နယ်မှာ တာဝန်ချထားခြင်းခံရပြီး
နောက် ငါးနှစ်ကြာအထိ ထိုင်း - မြန်မာ နယ်စပ်မှာ ကေအင်န်ယူနဲ့ တိုက်ပွဲတွေမှာ ပါ၀င်ခဲ့ပါတယ်။
သူတာဝန်ကျတဲ့ အချိန်ကာလဟာ တပ်မတော်နဲ့ ကေအင်န်ယူတို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ
ဖြစ်ပွားနေပြီး မာနယ်ပလောစခန်းကို တပ်မတော်ကသိမ်းပိုက်နိုင်ခဲ့တဲ့ အရေးပါတဲ့ကာလ
တစ်ခုလည်း ဖြစ်ပါတယ်။
"တိုက်ပွဲကြီးတွေအများကြီးကို ကျွန်တော်တို့ မြင်တွေ့ခဲ့တယ်။ နှစ်ဖက်စလုံး ထိခိုက်မှုတွေ
ရှိခဲ့တယ်။ ကျွန်တော့် သူငယ်ချင်းတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်။ တိုက်ပွဲတွေကြားမှာ
ဒေသခံတွေ ဒုက္ခရောက်ရတာတွေလည်း ကျွန်တော်တို့ တွေ့ခဲ့တယ်"လို့ ဦးရဲထွဋ်က
၁၉၈၄ ခုနှစ်က သောင်းကျန်းသူချေမှုန်းရေး တိုက်ပွဲတွေအကြောင်းကို ပြန်ပြောင်းပြောကြားပါ
တယ်။
ဒါပေမဲ့ ဖြစ်ပျက်ခဲ့မှုတွေအတွက် နောင်တရမိတာမျိုးနဲ့ တပ်မတော်ကြောင့် ဒေသခံတွေ
ထိခိုက်ခံစားရမှုတွေအတွက်တော့ သူက တောင်းပန်မှုပြုဖို့ အရိပ်မရောင် မပြခဲ့ပါဘူး။
"စစ်သားတစ်ယောက်အနေနဲ့ တိုက်ဆို တိုက်ရမှာပဲ"လို့ သူကပြောပါတယ်။
နောက် ၁၆ နှစ်အတွင်းမှာ ဦးရဲထွဋ်ဟာ တနင်္သာရီ၊ ကရင်၊ ကချင်နဲ့ နေပြည်တော်အနီးမှာ
တပ်မတော်တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာလည်း တပ်မတော်ကထုတ်တဲ့ မြဝတီစာစောင်မှာ စာတွေ
ရေးသားလေ့ရှိပါတယ်။
"စာတွေရေးချင်တယ်။ စာတွေဖတ်ချင်တယ်။ စာသင်ရတာလည်း သဘောကျတယ်"လို့ သူက
ပြောပါတယ်။
၂၀၀၄ ခုနှစ်မှာ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းပြီး ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်
ဖြုတ်ချခံခဲ့ရတဲ့ အချိန်မှာတော့ လစ်လပ်သွားတဲ့ ၀န်ကြီးဌာန ရာထူးနေရာတွေမှာ ဦးရဲထွဋ်
အပါ၀င် တပ်မတော်အရာရှိ အချို့နဲ့ ခေါ်ယူဖြည့်တင်းခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
အနေနဲ့ လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အစိုးရရဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ လမ်းပြမြေပုံပေါ်ထွက်လာရေးအပြင် မီဒီယာပြုပြင်ပြောင်းလဲမှု
တွေနဲ့ ချုပ်ကိုင်မှုတွေကို ဖြေလျှော့ပေးဖို့ လုပ်ဆောင်မှုတွေမှာ သူဟာ အရေးပါတဲ့ကဏ္ဍက
ပါ၀င်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အစိုးရဟာ ဂျာမန်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Friedrich Ebert Stiftung (FES)၊
အာရှမီဒီယာနှင့် သတင်းအချက်အလက်စင်တာ၊ စင်ကာပူ နန်ရန်းနည်းပညာတက္ကသိုလ်နဲ့
အာရှပစိဖိတ် ရုပ်သံလွှင့်လုပ်ငန်းဖွ့ံဖြိုးရေး အင်စတိကျုလို အဖွဲ့တွေကနေ အကူအညီတွေရယူခဲ့ပြီး
စီမံချက်တွေကတော့ အဓိကအားဖြင့် အစိုးရသတင်းဌာနတွေနဲ့ မီဒီယာဆိုင်ရာ ပေါ်လစီတွေ
ချမှတ်ဖို့ဖြစ်ပါတယ်။
အဲဒီကာလအတွင်းက FES ရဲ့ မလေးရှားနဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့တဲ့
Paul Pasch က ဦးရဲထွဋ်နဲ့ ဦးတင့်ဆွေတို့ဟာ လုပ်ငန်းစဉ်တွေမှာ အဓိက ဇာတ်ကောင်တွေ
ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
ဦးတင့်ဆွေနဲ့ ဦးရဲထွဋ်ဟာ တစ်ချိန်တည်းမှာပဲ ပြန်ကြားရေးဝန်ကြီးဌာနကို ရောက်လာခဲ့တာဖြစ်ပြီး
စာပေစိစစ်ရေးဌာနကို ကိုင်တွယ်ခဲ့ပြီး အခုအချိန်မှာတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို
ဦးဆောင်နေပါတယ်။
FES ဟာ မြန်မာအစိုးရကို ကူညီပေးချင်တဲ့ ဥရောပအဖွဲ့အစည်း အနည်းငယ်ထဲက တစ်ခုဖြစ်ပြီး
မီဒီယာပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ၀န်ကြီးဌာနအတွင်းမှာပင် အတိုက်အခိုက်
အချို့ရှိတယ်ဆိုတာကို သတိထားမိခဲ့ပါတယ်။
ဟောင်ကောင်အခြေစိုက် မီဒီယာလေ့လာသူတစ်ဦးဖြစ်ပြီး လုပ်ငန်းတွေမှာ ပါ၀င်ခဲ့သူတစ်ဦးဖြစ်တဲ့
Cyril Pereira ကလည်း ဦးရဲထွဋ်ကို ချီးကျူးခဲ့ပါတယ်။
"အစိုးရအဖွဲ့အတွင်းမှာ ဆုံးဖြတ်ချက် ချမှတ်မှုနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ လုပ်နိုင်မယ်
ဆိုတဲ့ အကန့်အသတ်တွေကို သူကနားလည်ပါတယ်။ လုပ်ငန်းစဉ်တွေက ကလေးလေး
လမ်းစလျှောက်သလို တစ်ဆင့်ပြီး တစ်ဆင့်သွားရမှာဖြစ်ပါတယ်"လို့ သူက ပြောပါတယ်။
နောက် ငါးနှစ်အတွင်းမှာပဲ မီဒီယာကဏ္ဍအပေါ် ထိန်းချုပ်မှုတွေ လျော့နည်းလာပြီး ၂၀၁၂ ခုနှစ်မှာ
စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ ဦးရဲထွဋ်ဟာ ညွှန်ကြားရေးမှူးချုပ်ကနေ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်
ခန့်အပ်ခြင်း ခံရပါတယ်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
ဒီရာထူးဟာ ယခင်က မရှိခဲ့တဲ့ ရာထူးတစ်ခုလည်း ဖြစ်ပါတယ်။
သမ္မတကြီးရဲ့ သဘောထား
သမ္မတကြီးက သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် သူနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ယောက်ယောက်
ကို ရှာလိုက်တဲ့အခါ ဦးရဲထွဋ်ကို တွေ့ခဲ့ပါတယ်။
အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မျက်မှန်နဲ့ ဦးသိန်းစိန်ဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မြို့သေးသေး
လေးမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းလာခဲ့တာပါ။
စစ်တပ်မှာ ရာထူးအဆင့်ဆင့် တိုးလာခဲ့ပေမယ့် သူ့ရဲ့ပုံစံက စစ်တပ်အရာရှိတစ်ဦး ပုံစံထက်
ဗျူရိုကရက်အရာရှိပုံစံ ပိုပေါက်ပါတယ်။
၂၀၁၁ ခုနှစ်၊ မတ်လမှာ သမ္မတဖြစ်လာခဲ့ပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ကြီးဟောင်းသမ္မတ ဦးသိန်းစိန်
ဟာ ပြောတာထက် နားထောင်ပေးတာပိုများတယ်ဆိုပြီး နာမည်ရလာပါတယ်။
တည်ငြိမ်တဲ့ ဦးသိန်းစိန်ရဲ့ အနေအထားဟာ အေးဆေးတဲ့ အုပ်ချုပ်မှုတစ်လျှောက် ဖြစ်ပေါ်လာနေ
တဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့် အထင်ကရဖြစ်လာပါတယ်။
အေးဆေးတည်ငြိမ်တယ်ဆိုတဲ့ စကားကတော့ ထောက်ခံအားပေးမှုတွေ ရထားတဲ့၊ ရွေးကောက်ပွဲ
မှာ မဲတွေအများကြီးရထားတဲ့ ၀ါရင့်နိုင်ငံရေးသမားတစ်ယောက်လို ပုံစံ ပေါက်တဲ့အသက်
၅၅ နှစ်အရွယ် ခန္ဓာကိုယ်ခပ်တောင့်တောင့်၊ သပ်သပ်ရပ်ရပ်နဲ့ ဩဇာ တိက္ကမနဲ့ပြည့်စုံတဲ့ ဦးရဲထွဋ်နဲ့
မသက်ဆိုင်သလိုပါပဲ။ (သူကတော့ နိုင်ငံရေးလုပ်ဖို့ စိတ်မဝင်စားဘူးလို့ တွင်တွင်ငြင်းတတ်ပါ
တယ်။)
ရယ်ချင်စရာ တစ်ခါတလေ သရော်ချင်စရာ အချက်အလက်တွေပါတတ်တဲ့ ဟောဟောဒိုင်းဒိုင်း
ပြောထားတဲ့ သူ့ရဲ့စကားတွေကြောင့် သတင်းတွေမှာ လှောင်ပြောင်စရာနဲ့ စကား နိုင်လုပြောစရာ
တွေ ပေါ်ပေါက်စေသလို အဲဒီ ဝေဖန်ချက်တွေကိုလည်း ကမ္ဘာတစ်လွှားက မီဒီယာတွေမှာ
အမြဲပြန်ဖော်ပြတတ်ကြပါတယ်။
မြန်မာသတင်းသမား တစ်ယောက်ကတော့ သူ့ကို 'စကားလုံးထုတ်စက်ကြီး' လို့ ပုံဖော်ညွှန်းထား
လေရဲ့။
ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်တွေအပေါ် ဆက်ဆံပုံနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အခြေစိုက်
အင်န်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့တဲ့အခါ
ဦးရဲထွဋ်က 'ဘင်္ဂါလီကို ထောက်ခံတဲ့အဖွဲ့'တစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် တစ်ခုအဖြစ် သဘောထားပြီး
အရေးမပါသလို တုံ့ပြန်ခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေး တပ်မတော်က ဗိုလ်ချုပ်ဂွမ်မော် အမေရိကန်နိုင်ငံကို ဧပြီလမှာ သွားခဲ့တဲ့
အချိန်တုန်းကလည်း ပြည်ပနိုင်ငံတွေမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာကို ၀ါရှင်တန်မှာ
လုပ်ဖြစ်မလားလို့ ဦးရဲထွဋ်ကို အေပီသတင်းဌာနက မေးမြန်းခဲ့တဲ့အခါ အီရတ်နဲ့ အာဖဂန်နစ္စတန်
မှာရှိတဲ့ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ 'အထင်ကြီးလောက်စရာ မရှိဘူး'လို့
ပြန်လည်ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို မရုပ်သိမ်းသေးဘဲ ဆက်ထားဦးမယ်
ဆိုတဲ့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားရဲ့ မေလက ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး
မြန်မာနိုင်ငံအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိမလားလို့ သူ့ကိုမေးမြန်းကြတုန်းကလည်း
အဲဒီဆုံးဖြတ်ချက်ကို မမှုသလို အေးအေးဆေးဆေးပဲ သဘောထားပြီး 'ပြဿနာမရှိပါဘူး'လို့
ဖြေကြားပေးခဲ့ပါတယ်။
အခုလိုမျိုး နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အနီးကပ်စောင့်ကြည့်နေကြတဲ့အချိန်၊
အတိမ်းအစောင်းမခံတဲ့ အချိန်မျိုးမှာ ဒီလိုမျက်နှာပြောင် တိုက်ရဲတဲ့သူကို အစိုးရရဲ့ ပြောခွင့်ရ
ပုဂ္ဂိုလ်အဖြစ် ဘာကြောင့်များ ခန့်ထားရသလဲလို့ တချို့က သိချင်နေကြပါတယ်။
ဦးရဲထွဋ်ကို အခုလို ခန့်ထားရတဲ့အကြောင်းရင်းဟာ အင်္ဂလိပ်စကားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်တဲ့
သူ့ရဲ့အရည်အချင်းကြောင့်လို့ လေ့လာသူအများစုက ပြောကြပါတယ်။
သူ့ဖခင်ကြောင့် စစ်တပ်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သလို သူ့အင်္ဂလိပ်စာကောင်းတာကလည်း
သူ့ဖခင်ရဲ့ သင်ကြားပေးမှုကြောင့်ပါပဲ။
သူ့ဖခင်ဟာ ဗြိတိန်နိုင်ငံရဲ့ Sandhurst က တော်ဝင်စစ်သင်တန်းကျောင်းမှာ ၁၉၄၉ ခုနှစ် ကနေ
၁၉၅၁ ခုနှစ်အတွင်းမှာ စစ်ပညာသင်ကြားခဲ့သူပါ။
အင်္ဂလိပ်စာကို လေ့လာဖို့ သူ့ဖခင်က သူ့ကို တွန်းအားပေးခဲ့ပါတယ်။ သူ့ရဲ့ အင်္ဂလိပ်စကားကို
ကျကျနနပြောနိုင်တဲ့ အရည်အချင်းဟာ သူ့ကို ဦးသိန်းစိန် အစိုးရအတွက် တန်ဖိုးရှိတဲ့သူတစ်ဦး
ဖြစ်သွားစေတယ်လို့ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း ဒုတိယဥက္ကဋ္ဌနဲ့ စာနယ်ဇင်းကောင်စီ
အဖွဲ့ဝင် ဦးသီဟစောက ပြောတယ်။
"မလေးရှားသံအမတ်၊ ပိုလန်နိုင်ငံခြားရေး ၀န်ကြီး ဒါမှမဟုတ် ဘီဘီစီတို့ စီအင်န်အင်န် တို့က
ဘယ်သူပဲလာလာ သူက အင်္ဂလိပ်လို ပြန်ပြောနိုင်ပါတယ်။ အခုလို အင်္ဂလိပ်လို ပြန်ဖြေကြား
ပေးနိုင်တာက သူ့အတွက် အခွင့်အရေးကြီး တစ်ခုပေါ့။ သူ့မှာ အတွေ့အကြံုတွေ အများကြီး
ရှိပါတယ်။ သူ့လိုလူမျိုး အစိုးရ အဖွဲ့မှာ သိပ်မရှိပါဘူး" လို့ သူက ပြောပါတယ်။
သူ့ရဲ့ အင်္ဂလိပ်စကား ပြောနိုင်စွမ်းက အထင်ကြီးစရာကောင်းသလို သူ့ရဲ့ ယုံကြည်မှုရှိတဲ့
(တစ်ခါတလေ ယုံကြည်မှုလွန်ကဲလွန်းတဲ့ ဘက်ကိုတောင် ရောက်သွားတတ်တဲ့) ပုံစံကလည်း
သမ္မတအပေါ် အာရုံမစိုက်တော့အောင် လမ်းလွှဲပေးနိုင်စွမ်း ရှိပါတယ်။ ဒီအချက်တွေကြောင့်လည်း
သူ့ကို ဦးသိန်းစိန်အတွက် မရှိမဖြစ်တဲ့သူ ဖြစ်သွားစေပါတယ်။ ဦးရဲထွဋ်ကို သမ္မတရုံးရဲ့ ပြောခွင့်ရ
ပုဂ္ဂိုလ် အဖြစ်ခန့်အပ်ထားတယ်ဆိုပေမဲ့ သူ့အရည်အချင်းနဲ့ ကိုက်ညီတဲ့နေရာတွေမှာလည်း သူ့ကို
မကြာခဏတာဝန်ပေးတာမျိုး တွေ့ရပါတယ်။
နေပြည်တော်မှာ အာဆီယံထိပ်သီးအစည်းအဝေးပွဲကို မေလတုန်းက ကျင်းပတဲ့အချိန်မှာလည်း
စည်းဝေးပွဲရဲ့ မီဒီယာစင်တာမှာ တစ်ချိန်လုံးရှိနေခဲ့ပြီး သတင်းထောက်တွေနဲ့ သက်သောင့်သက်သာ
အေးအေးဆေးဆေး ဆက်ဆံပြောဆိုနိုင်ခဲ့ပါတယ်။
သူ့လက်ထဲ အတင်းထိုးထည့်ပေးလာတဲ့ လိပ်စာကတ်တွေ ကို သေသေချာချာအချိန်ယူ ကြည့်ပြီး
မကြာ သေးခင်က ဖတ်လိုက်ရတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း သတင်းထောက်တွေ
ကို ဟာသဖောက် ပြောဆိုလိုက်ပါသေးတယ်။
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရုတ်သတင်းစာသမားတွေ
က မေးမြန်းတာတွေနဲ့ အာဆီယံဥက္ကဋ္ဌအနေနဲ့ တောင်တရုတ်ပင်လယ်အရေးကို ဘယ်လိုဖြေရှင်း
မလဲဆိုတာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကိုလည်း ပိုင်နိုင်စွာ ဖြေရှင်းပေးခဲ့ပါတယ်။
သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဦးသိန်းစိန်ကတော့ အစိုးရအဖွဲ့ ထိပ်တန်းအရာရှိကြီး တစ်ဦးအနေနဲ့
မီဒီယာတွေကို မိန့်ခွန်းတိုတို တုတ်တုတ်ပြောပြီး ဘာမေးခွန်းတစ်ခုမှမမေးဘဲ စင်မြင့်ပေါ်ကနေ
မြန်မြန်ပဲ ပြန်ဆင်းသွားတတ်ပါတယ်။
မီဒီယာနှင့်တွေ့ဆုံခြင်း "မီဒီယာသမားတွေနဲ့ တွေ့ဆုံရတာ ဒုက္ခတစ်ခုတော့ မဟုတ်ပါဘူး။ ဒါက
တစ်ယောက် ယောက်ရဲ့ မူဝါဒနဲ့ သဘောထားတွေကို အသိပေးနိုင်တဲ့ အခွင့်အလမ်း တစ်ခုပါ"လို့
အာဆီယံစည်းဝေးပွဲကျင်းပပြီး သုံးလေးပတ်လောက်အကြာ နေပြည်တော်က အိုက်စပ်စပ်
ဖြစ်နေတဲ့ မိုးအုံ့နေတဲ့ နေ့တစ်နေ့မှာ ဦးရဲထွဋ် က ရှင်းပြခဲ့ပါတယ်။
မီးမှိန်မှိန်ထွန်းထားတဲ့ ၀န်ကြီးဌာနနဲ့ မလိုက်ဖက်တဲ့နေရာလို့ပြောရမယ့် သူ့ရဲ့ ပြန်ကြားရေးဝန်ကြီး
ဌာနရုံးခန်းက နောက်မှီ အမြင့်ကြီးပါတဲ့ခုံတွေခြံရံထားတဲ့ စည်းဝေးစားပွဲရှည်ကြီးတစ်ခုမှာ ထိုင်ရင်း
သူကပြောကြားခဲ့တာပါ။
သူ့ရုံးခန်းနံရံတွေမှာတော့ သူ့ကိုယ်ပိုင်စာအုပ်စင်တွေက နေရာယူထားပါတယ်။
စာအုပ်ပေါင်း ၃,၀၀၀ လောက်ရှိပြီး စာအုပ်အနှောင့်တွေမှာ စာအုပ်အမည်ကို သေသေချာချာ
ကပ်ထားတာ တွေ့ရပါတယ်။
အံဩစရာမလိုလောက်အောင်ဘဲ စာအုပ်တော်တော်များများဟာ စစ်တပ်နဲ့ဆိုင်တဲ့
စာအုပ်မျိုးတွေပါ။ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို သူက ပိုကြိုက်တယ်လို့
ပြောပြပါတယ်။
သူပြောပြတဲ့ သူ့အကြိုက် စာအုပ်တွေကတော့ ၀ီလျံမန်ချက်စတာရဲ့ အမေရိကန်ဆီဇာ၊
ဒေါက်ကလပ်စ်မက်အာသာ(၁၈၈၀ - ၁၉၆၄)ပါ။
စာမျက်နှာ ရ၉၃ မျက်နှာ ရှိတဲ့ အဲဒီစာအုပ်ကို သူအကြိမ်ပေါင်းများစွာ ဖတ်ဖြစ်ပြီး ဒီစာအုပ်ကို
အသစ်တစ်အုပ်ထပ် ၀ယ်ထားတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာတိုက်ပုံ ၀တ်ဆင်ထားတဲ့ ဦးရဲထွဋ် ဟာ သူ့တိုက်ပုံ အရှေ့အိတ်ထဲ ဘီးကိုထည့်လိုက်ရင်းနဲ့
အရောက်နောက်ကျတဲ့အတွက် တောင်းပန်စကား ပြောလိုက်ပါတယ်။
သမ္မတနဲ့ အစည်းအဝေးက အခုမှ ပြန်ရောက်တာဖြစ်ကြောင်းနဲ့ အစည်းအဝေးက
သတ်မှတ်ထားတာထက် ပိုကြာသွားတဲ့အတွက် နောက်ကျသွားတာလို့ သူကရှင်းပြပါတယ်။
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တစ်နှစ်ကျော် တာဝန်ယူပြီးတဲ့နောက်မှာ သမ္မတရဲ့ မျှော်လင့်ချက်
နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာပြီလို့ သူကပြောပါတယ်။
သူ့ကို တာဝန်ပေးတုန်းက သမ္မတကြီးက လမ်းညွှန်ချက်သုံးချက် ချမှတ်ပေးခဲ့ပါတယ်။
မေးခွန်းတွေကို ဖြေကြားရာမှာ ဖြစ်စဉ်အမှန်ကို အခြေခံပြီးဖြေကြားသင့်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ စည်းမျဉ်းတွေကို လိုက်နာသင့်တယ်၊ သတင်းထောက်တွေကို ဘယ်လောက်ပဲ
ငယ်ငယ် လေးလေးစားစား ဆက်ခံရမယ်လို့ သမ္မတကြီးက သူ့ကို ပြောကြားခဲ့ပါတယ်။
အဲဒီအချက် သုံးချက်မှာလည်း တတိယအချက်က အရေးအကြီးဆုံးလို့လည်း သမ္မတကြီးက
သူ့ကို အလေးအနက်ထားပြီးပြောတယ်လို့လည်း သူကပြောပြပါတယ်။
ဒီလမ်းညွှန်ချက်တွေနဲ့အညီ သမ္မတရဲ့ မှာကြားချက်တွေကို သတင်းသမားတွေကို ပေးဖို့
သူစတင်ကြိုးပမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၇ လမှာ သူအတွေ့အကြံုတွေ အများကြီး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ယုံကြည်မှုအရ
သူဘယ်တော့မှ စကားကို 'လွှတ်ခနဲပြောတာမျိုး' မလုပ်ခဲ့ပါဘူး။
"အစိုးရဌာနက တာဝန်ရှိသူတွေရော၊ မီဒီယာသမားတွေပါ နှစ်ဖက်စလုံးမှာ သင်ယူနေရတာတွေ
ရှိနေဆဲပါ။ ဒါကြောင့် ကျွန်တော်တို့တွေကြားမှာ အခက်အခဲတွေ၊ နားလည်မှုလွဲတာမျိုးတွေနဲ့
ကျင့်ဝတ်နဲ့မညီတာမျိုးတွေ အများကြီး ကြံုနေရပါတယ်"လို့ သူကပြောပါတယ်။
တစ်ခါတလေ အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့ စကားကို မှားယွင်းကိုးကားပြောဆိုတာမျိုးတွေ
ဖြစ်ကြသလို တစ်ခါတလေမှာလည်း သတင်းမီဒီယာတွေမှာ လှည့်စားပြောဆိုထားတဲ့
သတင်းတွေကို ဖော်ပြနေရတာမျိုးတွေ ရှိပါတယ်။ အစိုးရအဖွဲ့တာဝန်ရှိသူတွေက သတင်းသမား
တွေက တွေ့ဆုံမေးမြန်းခွင့်တောင်းတာကို မဖြေချင်ကြတာဟာ ဒီအခက်အခဲတွေကို ပိုပြီးဆိုးဝါး
သွားစေတယ်လို့ ဦးရဲထွဋ်က လက်ခံထားပါတယ်။
"စာနယ်ဇင်းသမားတွေနဲ့ ကျွန်တော် စကားပြောဖြစ်တဲ့အတွက် တိုင်းရေးပြည်ရာတွေနဲ့
ပတ်သက်ပြီး ကျွန်တော် တော်တော်လေး သိလာခဲ့ပါတယ်။ ကိစ္စရပ်တော်တော်များများနဲ့
ပတ်သက်ပြီး တစ်ခါတလေ ကျွန်တော်တို့ သဘောထားကွဲလွဲတာမျိုးတွေ ရှိပေမယ့် စာနယ်ဇင်း
သမားတွေနဲ့ တွေ့ဆုံပြောဆိုရတာကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော် အခုအချိန်အထိ
သူတို့ဆီကနေ အများကြီး သင်ယူနေရဆဲပါ"လို့ သူကပြောပါတယ်။
သူ့ကို ဆက်သွယ်ဖို့ ခက်ခဲနိုင်ပေမယ့် ဦးရဲထွဋ်ကို ပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ထားခြင်းဟာ
စာနယ်ဇင်းသမားတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပိုပြီးဆက်သွယ်ခွင့်ရရှိလာခဲ့ကြပါတယ်။
ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး သတင်းသမားတွေကြား သဘောထားတွေ ကွဲလွဲကြပြီး အများစုက
သူ့အပေါ် သံသယ ၀င်ကြပါတယ်။
"ပြန်ကြားရေးဝန်ကြီးဌာနမှာ သူ့ရဲ့တာဝန်က စာနယ်ဇင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ဖို့ပါ။ ပိုပြီး
လွတ်လပ်မှုရှိလာစေဖို့ မဟုတ်ပါဘူး" လို့ ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူနဲ့ အယ်ဒီတာ
ဦးအောင်ဇော်က ပြောပါတယ်။
"အစိုးရကို ကာကွယ်ပေးဖို့နဲ့ အတိမ်းအစောင်းမခံတဲ့ ပြဿနာမျိုးတွေဖြစ်လာရင် လူတွေ
လမ်းလွဲသွားအောင် အာရုံလွှဲပေးဖို့နဲ့ ဖုံးကွယ်မှုတွေ လုပ်ပေးဖို့ဆိုတဲ့ သူ့ရဲ့အဓိက တာဝန်နဲ့
ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ပူပန်ကြပါတယ်"လို့ သူက ပြောပါတယ်။
ဦးသီဟစောကတော့ ဆက်သွယ်လို့ ရနိုင်တဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးရှိတာဟာ တိုးတက်မှု
တစ်ခုလို့ပြောပါတယ်။
ဒါပေမဲ့ ဦးရဲထွဋ်ကို ဉာဏ်များတဲ့သူလို့ သူက သတ်မှတ်ထားပါတယ်။
သူနဲ့ပတ်သက်ပြီး ဒီလိုမျိုးမြင်ကြတာကို ဦးရဲထွဋ် ကိုယ်တိုင်လည်း သိရှိထားသလို သတင်းသမား
တွေပဲ သူ့အပေါ်သံသယဖြစ် နေကြတာမဟုတ်ပါဘူးလို့ သူက ပြောပါတယ်။
ပြောတိုင်း မယုံဖို့ဆိုတာကတော့ သတင်းသမားတွေရဲ့ လုပ်ငန်းစဉ်တွေထဲက လိုအပ်တဲ့
အချက်တစ်ချက်ပဲလို့ သူကလက်ခံထားပါတယ်။
"ကျွန်တော်တို့ ၀န်ကြီးဌာနမှာ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ကျွန်တော်
ဦးဆောင်ပြီး ဆွေးနွေးတုန်းကဆိုရင် တချို့သူတွေက ကျွန်တော့်ကို တိုက်ခိုက်ကြပါတယ်။
သူတို့က ကျွန်တော့်ကို ပြုပြင် ပြောင်းလဲရေးသမား သိပ်ဆန်လွန်းတယ်လို့ ပြောကြပါတယ်။
တချို့ကတော့ 'ဦးရဲထွဋ်နောက်ကွယ်မှာ အဖွဲ့တစ်ဖွဲ့ရှိမယ်။ အတိုက်အခံပါတီအတွက်
အလုပ်လုပ်ပေးနေတာ' လို့ အရင်က ၀န်ကြီးဦးကျော်ဆန်းရှေ့မှာတင် ကျွန်တော့်ကို
စွပ်စွဲကြပါတယ်။ အခုလည်း မီဒီယာသမားတွေက ကျွန်တော့်ကို ရှေးရိုး စွဲဆန်တယ်၊
တရားသေသမားလို့ ပြောကြပါတယ်။ သူတို့ရဲ့ ဝေဖန်မှုတွေကြားမှာ ကျွန်တော် နေတတ်နေပါပြီ။
ကျွန်တော့်မှာ ကျွန်တော်လုပ်ရမယ့် တာဝန်ရှိတယ်။ မီဒီယာတွေကို သတင်းအချက်အလက်တွေ
ပေးရင်း လူတွေအတွက် အကောင်းဆုံးလို့ ကျွန်တော် ထင်တဲ့ဟာကို ကျွန်တော်လုပ်ရမှာပါ"လို့
ဦးရဲထွဋ်က ပြောပါတယ်။
သတင်းသမားတွေအားလုံးနဲ့ သူ ခပ်စိမ်းစိမ်းနေဖြစ်တာ မဟုတ်ပါဘူး။ အသက်ကြီးပိုင်း
သတင်းသမားတချို့ကို သူ့မိတ်ဆွေတွေလို့ သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ အဲဒီ သူတွေက ဘယ်သူတွေလဲဆိုတာကိုတော့ မပြောပြပါဘူး။
မြန်မာတိုင်း(မ်)အပါအဝင် ဂျာနယ်တော်တော်များများမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး
မျက်မှောက်ရေးရာတွေကို ဝေဖန်ရေးသားနေတဲ့ ဦးစည်သူအောင်မြင့်ကိုလည်း
သူနှစ်သက်တာတွေ့ရပါတယ်။
ဦးစည်သူအောင်မြင့်ဟာ ဦးသိန်းစိန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေသာမက လွှတ်တော်အမတ်
တွေ၊ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဝေဖန်ချင်တဲ့
သူပါလို့ သူက ပြောပါတယ်။
"သူနဲ့ကျွန်တော် သဘောထားချင်း မတိုက်ဆိုင်ရင်တောင် သူ့ရဲ့ခံယူချက်ကို ကျွန်တော်
လေးစားပါတယ်"လို့ ဦးရဲထွဋ်က ပြောပါတယ်။
ဦးစည်သူအောင်မြင့်ကတော့ သူတို့နှစ်ယောက် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်ခါတလေ
ပြောဆိုဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။
ဦးရဲထွဋ်ရဲ့ သူ့အပေါ်ထင်မြင်ချက်ပေးတာနဲ့ ပတ်သက်ပြီး "သူ့အလုပ် သူလုပ်တာပါ"လို့
ပြန်ဖြေကြားပေးခဲ့ပါတယ်။
သတင်းသမားတွေဟာ တစ်ခါတလေ ဦးရဲထွဋ်ရဲ့ ဝေဖန်ချင်စရာ ဖြစ်နေပေမယ့် ပိုပြီး
ပညာရှင်ဆန်တယ်လို့ သူယုံကြည်ထားတဲ့ နာမည်ရ နိုင်ငံတကာသတင်းမီဒီယာ တချို့ကိုတော့
သူယုံကြည်မှုရှိနေပါတယ်။
"နိုင်ငံတကာမီဒီယာတွေနဲ့တော့ ကျွန်တော် အဆင်ပြေပါတယ်"လို့ သူက ပြောပါတယ်။
သူမကြာခဏဖတ်ဖြစ်တဲ့ သတင်းစာတွေကတော့ Financial Times နဲ့ ၀ါရှင်တန် ပို့စ်လို့လည်း
သူက ပြောပြပါတယ်။
ဒေါက်တာဆိတ်ဖွားဆိုတဲ့ ကလောင်အမည်နဲ့ အွန်လိုင်းမှာ ဆောင်းပါးတွေ ရေးနေတာလည်း
ဦးရဲထွဋ်ပဲလို့ စွပ်စွဲခံခဲ့ရပါတယ်။
ဒေါက်တာဆိတ်ဖွားက လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့စာကို တင်လိုက်တဲ့အခါမှာ
ဒေါက်တာဆိတ်ဖွားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ အတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ
လွှတ်တော်အမတ်တွေက ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။
ဒါပေမဲ့ ဒေါက်တာ ဆိတ်ဖွား ရှာပုံတော်ဟာ မရေမရာနဲ့ အဆုံးသတ်သွားပါတယ်။
လွှတ်တော်အမတ် တော်တော်များများနဲ့ လေ့လာသူတွေကတော့ ဒေါက်တာဆိတ်ဖွားဟာ
ဦးရဲထွဋ်ပဲလို့ စွပ်စွဲထားကြပါတယ်။
ဒီလိုမျိုးသူ့ကို စွပ်စွဲထားတာတွေနဲ့ပတ်သက်ပြီး သူကရယ်ပါတယ်။
"စဉ်းစားကြည့်လေ။ ကျွန်တော် ဘယ်သူလည်းဆိုတာ မသိအောင် တခြားနာမည်နဲ့
အကောင့်ဖွင့်ထားမယ်ဆိုရင် ကျွန်တော့်ပုံ ဘာလို့တင်မှာလဲ"လို့ သူက ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ဝန်ကြီး သူ့ရဲ့ ရုံးခန်းထဲမှာ ဦးရဲထွဋ်ဟာ ပြည်တွင်း သတင်းဂျာနယ်အပုံလိုက်
ဘေးကနေ ဖြတ်ကျော်ပြီး သူ့စားပွဲနောက်ကို ၀င်သွားပါတယ်။ အရေးကြီးတယ်လို့ ယူဆရတဲ့
ဆောင်းပါးတွေကို နုတ်တိပ်ရောင်စုံလေးတွေကပ်ပြီး အမှတ်အသားလုပ်ထားတာ တွေ့ရပါတယ်။
ပြီးတော့ သူ့ရဲ့ ဒက်စ်တော့ပ်ကွန်ပျူတာရှေ့မှာ ထိုင်ပြီး ကြည့်လိုက်ပါတယ်။ ဒါကတော့ သူ့ရဲ့
အစွမ်းအထက်ဆုံး လက်နက်ဖြစ်ကောင်းဖြစ်နိုင်တဲ့ သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အသုံးပြုရာ
နေရာလေးပါ။
ဦးရဲထွဋ်ဟာ အစတုန်းကတော့ မိတ်ဆွေတွေနဲ့ အဆက်မပြတ်အောင် ဖေ့စ်ဘွတ်ခ်ကို
အသုံးပြုခဲ့တာပါ။
သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံရပြီးတဲ့နောက်မှာတော့ ဖေ့စ်ဘွတ်ခ်ကို သူ့လုပ်ငန်းသုံး
အဖြစ် အသုံးပြုလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ခေတ်နဲ့မညီတော့တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်
စာမျက်နှာကို ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားချက်လည်း ရခဲ့ပါတယ်။
အခုအချိန်မှာတော့ သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာကို follow လုပ်ထားတဲ့သူ ရ၂, ၀၀၀ ကျော်
ရှိပါတယ်။
အစိုးရအဖွဲ့ရဲ့ ကြေညာချက်တွေနဲ့ သူ့ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကို သူနှစ်သက်ရာ
သတင်းဂျာနယ်ကို ပေးတာမျိုးနဲ့ နိုင်ငံပိုင်သတင်းစာမှာ အရင်ဖော်ပြတာမျိုးတွေ မလုပ်ဘဲ
သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာပဲ တင်ပေးထားပါတယ်။
ဂျာနယ်တွေဟာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို မှားယွင်းကိုးကားဖော်ပြသလို သူတို့ရဲ့
စကားတွေကိုလည်း မှားယွင်းဖော်ပြတတ်တယ်လို့ သူယူ ဆထားပါတယ်။
သူ့မိသားစု လျှပ်တစ်ပြက်ပုံတွေနဲ့ သူခရီးသွားခဲ့တဲ့ပုံတွေ အပါအဝင် သူ့ဖေ့စ်ဘွတ်ခ်မှာ တရစပ်
ရေးသားထားတာတွေဟာ စာနယ်ဇင်းသမားတွေအတွက် တရားဝင်ထုတ်ပြန်ချက်တွေဖြစ်လာခဲ့ပြီး
မကြာခင်မှာပဲ 'ဖေ့စ်ဘွတ်ခ်ဝန်ကြီး'ဆိုတဲ့ အမည်ပြောင်လည်း ရလာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကို တွင်တွင်အသုံးချတဲ့အလေ့ဟာ စာနယ်ဇင်းသမားတွေနဲ့ သူ့ရဲ့
ဆက်ဆံရေး ပြတ်တောင်းပြတ်တောင်းဖြစ်တာကို ပြသပါတယ်။
"လူမှုရေးကွန်ရက်ကိုသုံးပြီး လူတွေဆီ တိုက်ရိုက်ရောက်အောင် ကျွန်တော် ကြိုးစားပါတယ်။
တခါတလေ ပုဂ္ဂလိက မီဒီယာတွေဟာ အစိုးရရဲ့ သတင်းနဲ့ မူဝါဒတွေကို အပြည့်အစုံ
မဖော်ပြသလို တစ်ခါတလေ ချန်ထားတတ်ကြပါတယ်"လို့ သူက ပြောပါတယ်။
ဦးသိန်းစိန်ဟာ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သူ့ပြောတယ်လို့
ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး အဲဒီနေ့က သူစိတ်ပျက်လက်ပျက်
ဖြစ်နေပါတယ်။
သူအဲဒီလို မပြောခဲ့သလို အဲဒီသတင်းက မှားနေတယ်လို့လည်း သူက ရှင်းပြပါတယ်။
ရန်ကုန်-နေပြည်တော် အဝေးပြေးကားလမ်းတစ်လျှောက် ခရီးသွားရင်းနဲ့ တွေ့ခဲ့ရတဲ့ လမ်းမီးတိုင်
တစ်တိုင်ရဲ့ပုံကို သူ့ဖေ့စ်ဘွတ်ခ်မှာ တင်ထားပြီး ရွာမှာသုံးချင်တဲ့သူတစ်ယောက်ယောက်က
ခိုးသွားလို့ ဆိုလာပြား ထည့်တဲ့ဘောင်က အလွတ်ကြီးဖြစ်နေတယ်လို့လည်း ရေးထားပါတယ်။
ဒီဓာတ်ပုံကို like ပေးထားတဲ့သူ ၁,၇၀၀ နီးပါးလောက် ရှိပါတယ်။
ဦးရဲထွဋ်ကလည်း ဒီအခြေအနေကို သဘောကျနေပါတယ်။
သူဖေ့စ်ဘွတ်ခ်ကနေ သတင်းအချက်အလက်တွေ တင်ပေးထားတဲ့အတွက် နေပြည်တော်က
သတင်းတွေကို လူသန်းပေါင်းများစွာဟာ အလွယ်တကူရရှိနေကြပါတယ်။
စမတ်ဖုန်းတွေ၊ တက်ဘလက်တွေသုံးပြီး ရန်ကုန်နဲ့ မန္တလေးက လူတွေဟာ ပြဿနာပေါင်းများစွာ
နဲ့ပတ်သက်တဲ့ အစိုးရအဖွဲ့ရဲ့ သဘောထား ရပ်တည်ချက်တွေကို သိရှိနိုင်ကြပါတယ်။
နောက်တစ်ချက်ကတော့ မီဒီယာကို ရှောင်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုတာပါ။
အစိုးရအဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို တစ်ခါတစ်ရံ ဖျက်လိုဖျက်ဆီး ကမောက်က
မဖြစ်စေတဲ့ကြားခံ စွက်ဖက်တဲ့ အရာအဖြစ် ဦးရဲထွဋ်က မြင်ထားတဲ့ စာနယ်ဇင်းသမားတွေကို
အဆက်ဖြတ်တဲ့ ကိရိယာအဖြစ် အသုံးပြုထားတာပါ။
အလုပ်တစ်ခုကို အမှားအယွင်း မရှိချင်ဘူးဆိုရင် ကိုယ်တိုင်ပဲ လုပ်လိုက်ပါ။ ကိုယ်မထိန်းနိုင်တဲ့
ကိစ္စမျိုးဆို သေးအောင်လုပ်လိုက်ပါလို့ သူကပြောပါတယ်။
အမှားအယွင်းတွေကို သတင်းထောက် ဒါမှမဟုတ် အယ်ဒီတာတွေနဲ့ ဖြေရှင်းမယ့်အစား
ဖေ့စ်ဘွတ်ခ်ကို အားကိုးပြီး အများပြည်သူတွေကို အသိပေးတဲ့လမ်းကြောင်း တစ်ခုအဖြစ်
လူမှုရေးဝက်ဘ်ဆိုက်ကို အသုံးပြုကာ အားလုံးကို အင်တာနက်ကနေတစ်ဆင့်
သူဆောင်ရွက်လိုက်တာပါ။
တချို့ကိစ္စတွေကိုတော့ အယ်ဒီတာကို သူကိုယ်တိုင်ခေါ်တွေ့ပြီး ဖြေရှင်းတာမျိုးတွေရှိပေမယ့်
အများစုကိုတော့ စာပို့မေးမြန်းတယ်လို့ သူကပြောပြပါတယ်။
သူတို့နဲ့ စကားပြောဖို့ ကြိုးစားရတာ 'နံရံကို စကားပြောနေရသလိုပဲ'လို့ သူက ပြောပါတယ်။
ဒါပေမဲ့ နည်းပညာဟာ မထင်မှတ်ဘဲကျရောက်နိုင်တဲ့ဘေးတွေ တစ်ခါတလေ ကျရောက်စေတတ်
ပါတယ်။
ဇွန်လ အစောပိုင်းမှာ ဦးရဲထွဋ်ရဲ့ ဇနီး ဒေါ်ခင်စန္ဒာထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို ဖိုတိုရှော့နဲ့
အစ္စလာမ်ဘာသာဝင်တွေလို ခေါင်းစည်းပုဝါဆောင်း ပေးထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်မှာ
တင်ပေးခဲ့ပါတယ်။
ဒီပုံဟာ ချက်ချင်းပဲ ပြန့်သွားပြီး ဘီဘီစီကလည်း ဒီပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့ပါတယ်။
သူ့အမျိုးသမီးရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တောင်းပန်ဖို့ ဦးရဲထွဋ်ကို ဖိအားပေးခဲ့ကြသလို
လူမှုရေးကွန်ရက် အသုံးပြုတဲ့အခါ လိုက်နာရမယ့်ကျင့်ဝတ်တွေကို သူ့အမျိုးသမီးကို
ပြောပြပေးပြီးပြီလို့ သူ့စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက
ခပ်ကင်းကင်းနေသင့်တယ်လို့ သူက ရေးသားဖော်ပြခဲ့ပြီးတဲ့ နောက်မှာတော့ ဖေ့စ်ဘွတ်ခ်
အသုံးပြုသူတစ်ဦးက သူ့ကို 'လူလိမ်' နဲ့ 'နိုင်ငံကို ဖျက်ဆီးသူ'လို့ ခေါ်ဆိုခဲ့ပါတယ်။
သူ့အမျိုးသမီးရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး သူတောင်းပန်ခဲ့တဲ့အခါမှာလည်း 'အရှုံးသမား'လို့
ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တစ်ဦးက ၀င်ရောက်ရေးသားခဲ့ပါတယ်။
ဒါက အနိုင်မရနိုင်တဲ့ စစ်ပွဲတစ်ခုဖြစ်ပေမယ့် သူကတော့ နှစ်နှစ်ကာကာ လက်ခံထားတဲ့
အရာတစ်ခုပါ။
တာဝန်ဆိုတဲ့ ခံစားမှုက စစ်သားဟောင်းတစ်ယောက်ကို တိုက်ခိုက်မှုကိုလက်ခံပြီး အချိန်ယူ
ပြန်တိုက်ခိုက်တဲ့ စိတ်ကို ပေါ်ပေါက်စေပါတယ်။
သမိုင်းတွင်မယ့် ရွေးကောက်ပွဲနှစ်ဆီ ချီတက်သွားနေတဲ့ မြန်မာနိုင်ငံမှာ နောက်ထပ်တင်းမာမှုတွေ
ထွက်ပေါ်လာတဲ့အခါ လူမှုရေးကွန်ရက်ကနေတစ်ဆင့်ဖြစ်စေ သတင်းထောက်တွေကို
တိုက်ရိုက်ပြောဆိုတာကနေဖြစ်စေ အစိုးရအဖွဲ့ရဲ့ သဘောထားကို အစွံထုတ်တာကိုတော့
သူ့ဆက်ပြီး လုပ်နေဦးမှာပါ။
"အစိုးရ အဖွဲ့က သတင်းတွေကို ဘယ်သူမှ တားလို့မရပါဘူး" လို့ သူကပြောပါတယ်။
သီရိမင်းထွန်း ဘာသာပြန်သည်။

















