ယခင်တစ်ပတ်က ဆောင်းပါးမှာ 'အနုညာတ' ဆိုတဲ့ ဝေါဟာရနဲ့ ရင်းနှီးမှုမရှိသေးတဲ့ စာဖတ်ပရိသတ်တွေကို ဒီဝေါဟာရနဲ့ မိတ်ဆက်ပေးပြီးတဲ့နောက် နိုင်ငံတစ်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုမှာ အဖွဲ့ဝင်အဖြစ် ပါ၀င်ပြီးတဲ့အခါ အဲဒီစာချုပ်ကလည်း မိမိ နိုင်ငံသားများအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ စာချုပ်ဖြစ်မယ်ဆိုရင် ...
ယခင်တစ်ပတ်က ဆောင်းပါးမှာ 'အနုညာတ' ဆိုတဲ့ ဝေါဟာရနဲ့ ရင်းနှီးမှုမရှိသေးတဲ့
စာဖတ်ပရိသတ်တွေကို ဒီဝေါဟာရနဲ့ မိတ်ဆက်ပေးပြီးတဲ့နောက် နိုင်ငံတစ်နိုင်ငံအနေနဲ့
အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုမှာ အဖွဲ့ဝင်အဖြစ် ပါ၀င်ပြီးတဲ့အခါ အဲဒီစာချုပ်ကလည်း
မိမိ နိုင်ငံသားများအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတဲ့ စာချုပ်ဖြစ်မယ်ဆိုရင်
မိမိနိုင်ငံအတွက် ပြည်တွင်း ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးဖို့ လိုအပ်တဲ့အကြောင်းနဲ့ ဒီကိစ္စနဲ့
ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ယခင်ခေတ် အဆက်ဆက်က ဆောင်ရွက်ခဲ့တဲ့ အစဉ်အလာတွေ
အဖြစ် တည်ဆဲဥပဒေတွေကို သာဓကတွေ အဖြစ်ဖော်ပြခဲ့ပါတယ်။
ဥပဒေလောကမှာ 'အစဉ်အလာ' ဆိုတာ အရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။
'တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း'ဆိုသလို မလုပ်ရပါဘူး။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ အစဉ်အလာတွေအရ
အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ပြည်တွင်းမှာ အကောင်အထည်ဖော်တဲ့နည်း သုံးနည်း
ရှိကြောင်း တွေ့ရှိရပါတယ်။
(၁) ဥပဒေကိုယ်ထည် (Body of the Act) နဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို
ဖော်ပြတဲ့ နောက်ဆက်တွဲဇယား (Schedule) ကိုပါ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းတဲ့နည်း၊
(၂) ဥပဒေကိုယ်ထည်ကို မြန်မာဘာသာနဲ့ ဖော်ပြပြီး အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်ကို
မူရင်းအင်္ဂလိပ်ဘာသာအတိုင်း ဥပဒေရဲ့ နောက်ဆက်တွဲဇယားမှာ ဖော်ပြတဲ့ နည်းနဲ့
(၃) ဥပဒေကိုယ်ထည်ကို မြန်မာဘာသာနဲ့ ဖော်ပြတဲ့အမြင် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကိုလည်း မြန်မာဘာသာ ပြန်ဆိုပြီး နောက်ဆက်တွဲဇယားအဖြစ် ဖော်ပြတဲ့
နည်းတွေဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး ဥပဒေကော်မရှင်
(The UN Commission on International Trade Law - UNCITRAL) က 'နမူနာဥပဒေ'
(UNCITRAL Model Law on International Commercial Arbitration) ကို ထုတ်ပြန်
ထားတာ ရှိပါတယ်။
နိုင်ငံအတော် များများကလည်း ဒီနမူနာဥပဒေကို မှီပြီး မိမိတို့နိုင်ငံရဲ့ ပြည်တွင်းဥပဒေအဖြစ် ပြဋ္ဌာန်း
ကြတယ်လို့ သိရတယ်။
ဒီတော့ မြန်မာနိုင်ငံ အနေနဲ့လည်း ဒီအကြောင်းအရာအတွက် ပြည်တွင်းဥပဒေ ပြဋ္ဌာန်းတဲ့အခါ
ဒီနမူနာ ဥပဒေကိုလည်း လေ့လာဖို့လိုမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်ကြသလဲဆိုတာကိုလည်း
လေ့လာကြည့်ဖို့ လိုပါတယ်။
တခြားနိုင်ငံဆိုတာကတော့ ကိုယ့်နိုင်ငံနဲ့ ဥပဒေစနစ်ချင်းတူတဲ့ နိုင်ငံကိုဆိုလိုတာပါ။
ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံဥပဒေစနစ်ရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အင်္ဂလန်နိုင်ငံရဲ့ Arbitration
ဆိုင်ရာ ဥပဒေတွေကို ကြည့်မိတယ်။
မြန်မာနိုင်ငံမှာ အာဏာတည်ဆဲဖြစ်တဲ့ 'The Arbitration (Protocol and Convention) Act'
နဲ့ 'The Arbitration Act, 1944' တို့က အင်္ဂလိပ်ခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေဖြစ်ပြီး
အဲဒီအချိန်က အင်္ဂလန်နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ Arbitration Act တွေကနေ ကူးယူထားတာ
တွေပါ။
အဲဒီအင်္ဂလိပ်ဥပဒေတွေကို သူတို့ နိုင်ငံမှာ အကြိမ်ကြိမ်ပြင်ဆင်ခဲ့ပြီး တချို့ ကို ရုပ်သိမ်းခဲ့ပြီးဖြစ်လို့
လက်ရှိတည်ဆဲဥပဒေကတော့ 'Arbitration Act 1966' ပဲ ဖြစ်ပါတယ်။
ဒီဥပဒေက အဓိကအားဖြင့် ပြည်တွင်း ဥပဒေအဖြစ် ပြဋ္ဌာန်းတဲ့ ဥပဒေဖြစ်တယ်လို့ ဆိုနိုင်ပေမယ့်
နိုင်ငံခြားတိုင်းပြည်မှာ ပြုလုပ်တဲ့ 'Arbitration' တွေမှာလည်း ဒီဥပဒေကို အသုံးပြုနိုင်ပါတယ်။
နိုင်ငံခြား အနုညာတ ဆုံးဖြတ်ချက်တွေကို အသိအမှတ်ပြုခြင်းနဲ့ အကောင်အထည်ဖော်ခြင်း
အတွက်လည်း ဥပဒေအပိုင်း(၃) မှာ ပြဋ္ဌာန်းချက်တွေ ထည့်သွင်းထားပါတယ်။
အင်္ဂလန်နိုင်ငံမှာ နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ Arbitration ပြုလုပ်မှုအတွက် ကြီးကြပ်ကွပ်ကဲတဲ့
ဌာန (Institute of Arbitration) တစ်ခုကိုလည်း 'The London Court of International
Arbitration' ဆိုတဲ့ အမည်နဲ့ တည်ထောင်ထားရှိပြီး လုပ်ထုံးလုပ်နည်းများ (The Rules of the
London Court of International Arbitration) ကိုလည်း ထုတ်ပြန်ထားပါတယ်။
နောက်ပြီး မြန်မာနိုင်ငံနဲ့ ဥပဒေစနစ်ချင်း တူပြီး ဒီနေ့ထိအောင်လည်း အင်္ဂလိပ်ဥပဒေစနစ်ကို
လိုက်နာကျင့်သုံးဆဲဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ Arbitration ဆိုင်ရာ ဥပဒေတွေကို
ကြည့်ပါမယ်။
စင်ကာပူနိုင်ငံမှာ ပြည်တွင်း Arbitration ကိစ္စတွေအတွက် 'The Arbitration Act' နဲ့ နိုင်ငံခြား
အနုညာတဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ပေးရေးအတွက် 'Arbitration (Foreign
Awards) Act' ဆိုတာရှိပါတယ်။
ဒီဒုတိယဥပဒေကို ရုပ်သိမ်းထားပြီး ဖြစ်ပါတယ်။ နောက်ပြီး ၁၉၉၅ ခုနှစ်မှာတော့ 'International
Arbitration Act' ကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒီဥပဒေကတော့ ဥပဒေ အမည်မှာ ဖော်ပြထားတဲ့အတိုင်း 'အပြည်ပြည်ဆိုင်ရာ အနုညာတ
ဆုံးဖြတ်မှု'တွေအတွက် ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်မှုတွေကနေ ပေါ်ပေါက်တဲ့ အငြင်းပွားမှုတွေကို
UNCITRAL က ထုတ်ပြန်ထားတဲ့ အနုညာတဆုံးဖြတ်ခြင်းဆိုင်ရာ 'နမူနာ ဥပဒေ'အပေါ်
အခြေပြုပြီး ဖြေရှင်းဆုံးဖြတ်နိုင်ရေးနဲ့ နိုင်ငံခြားအနုညာတဆုံးဖြတ်ချက်တွေကို အကောင်အထည်
ဖော်ရေးဆိုင်ရာ 'နယူးယော့ခ်ကွန်ဗင်းရှင်း'အာဏာသက် ရောက်ရေးအတွက် ပြဋ္ဌာန်းတဲ့ ဥပဒေ
ဖြစ်ကြောင်းကိုလည်း ဥပဒေအစပိုင်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
စင်ကာပူနိုင်ငံရဲ့ 'International Arbitration Act' ကို ပြဋ္ဌာန်းထားပုံက အထက်မှာ ဖော်ပြခဲ့တဲ့
နည်းသုံးနည်းအနက် ပထမနည်း အတိုင်းဖြစ်ပါတယ်။
ဆိုလိုတာက ဥပဒေကိုယ်ထည် (Body of the Act) နဲ့ အထက်မှာဖော်ပြခဲ့တဲ့ UNCITRAL ရဲ့
နမူနာ ဥပဒေပါ၀င်တဲ့ နောက်ဆက်တွဲဇယား (Schedule) တို့ကို အင်္ဂလိပ်ဘာသာနဲ့ အစအဆုံး
ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်တုန်းက မြန်မာနိုင်ငံမှာလည်း အသုံးပြုခဲ့တဲ့ ဥပဒေ ပြဋ္ဌာန်းနည်း ဖြစ်ပါတယ်။
စင်ကာပူ နိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားက ရုံးသုံးဘာသာ စကားဖြစ်တဲ့အတွက် ဒီနည်းကို
အသုံးပြုနိုင်တာပါ။
နောက်ပြီး နယူးယော့ခ်ကွန်ဗင်းရှင်းကိုလည်း ဒုတိယဇယားအဖြစ် ပူးတွဲပြဋ္ဌာန်း ထားပါသေးတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာတော့ မြန်မာဘာသာစကားဟာ ရုံးသုံးဘာသာစကား
ဖြစ်လာခဲ့တာကြောင့် ဥပဒေရေးဆွဲပြဋ္ဌာန်းရာမှာ ဒီနည်းကို အသုံးမပြုတော့ပါဘူး။
ကြည့်ရှုလေ့လာရမယ့် နောက်ဥပဒေ တစ်ခုကတော့ ကိုလိုနီဖြစ်ခဲ့တာချင်းလည်းတူ၊ ဥပဒေ
စနစ်ချင်းလည်းတူ၊ အင်္ဂလိပ်ခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေချင်းလည်းတူတဲ့ Arbitration ဆိုင်ရာ
အိန္ဒိယဥပဒေ ဖြစ်တယ်။
၁၉၉၆ ခုနှစ်မတိုင်ခင်အထိ Arbitration နဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံမှာ အာဏာတည်ခဲ့တဲ့
ဥပဒေတွေက The (Protocol and Convention) Act, 1937၊ The Arbitration Act, 1940
နဲ့ The Foreign Awards (Recognition and Enforcement) Act, 1961 တို့ ဖြစ်ပါတယ်။
အဲဒီဥပဒေတွေကို ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ မှာ 'ဥပဒေကဲ့သို့
အာဏာတည်သော အမိန့်' လို့ ဘာသာပြန်ဆို သုံးစွဲလျက်ရှိတဲ့ 'Ordinance' ဖြင့် ရုပ်သိမ်းခဲ့ပါ
တယ်။
အဲဒီအမိန့်ရဲ့ အမည်အပြည့်အစုံကတော့ "The Arbitration and Conciliation Ordinance,
1996" ဖြစ်ပြီး ၁၉၉၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့မှာ စတင် အာဏာတည်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊ ပုဒ်မ ၁၂၃ (၁) အရ၊ ဥပဒေပြု လွှတ်တော်ဖြစ်တဲ့
ပါလီမန် (Parliament) အစည်းအဝေး ကျင်းပနေချိန်မဟုတ်တဲ့ ကာလအတွင်း အရေးပေါ်
ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းဖို့ လိုအပ်မယ်ဆိုရင် အိန္ဒိယနိုင်ငံ သမ္မတအနေ နဲ့ 'Ordinance' ဆိုတဲ့
အမိန့်ကို ထုတ်ပြန်ပြီ ဥပဒေပြဋ္ဌာန်းခွင့်ရှိပါတယ်။
ဖော်ပြခဲ့တဲ့ 'Ordinance' ကိုထုတ်ပြန်ခဲ့ရာမှာ အဲဒီအမိန့် ကို ထုတ်ပြန်ရတဲ့အကြောင်းရင်းတွေ
ကိုလည်း ဖော်ပြထားပါတယ်။
အဓိကအားဖြင့် UNCITRAL Model Law နဲ့ Conciliation Rules တွေကို အိန္ဒိယနိုင်ငံမှာ
ဥပဒေအဖြစ် ပြဋ္ဌာန်းပေးဖို့ လိုအပ်တဲ့အကြောင်းနှင့် ဒီကိစ္စတွေနှင့် သက်ဆိုင်တဲ့ ဥပဒေကြမ်း
တစ်ရပ်ကို ပါလီမန်မှာ တင်ပြထားပေမယ့် ဥပဒေအဖြစ် ပြဋ္ဌာန်းရန် မဆုံးဖြတ်ရသေးတဲ့အတွက်
အရေးပေါ်ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်လျက်ရှိတာကြောင့် ဒီအမိန့်ကို ထုတ်ပြန်ရခြင်းဖြစ်ကြောင်း
အမိန့်နိဒါန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ အဲဒီလို အမိန့်မျိုးကို သမ္မတက ထုတ်ပြန်ပြီးလို့
ရှိရင် ပြန်လည် ကျင်းပတဲ့ ပါလီမန်အစည်းအဝေးမှာ တင်ပြရပါတယ်။
ပါလီမန်အစည်းအဝေး စတင် ကျင်းပတဲ့ရက်ကစပြီး ရက်သတ္တပတ် ခြောက်ပတ် ကုန်ဆုံးတဲ့အခါ
ဒါမှမဟုတ် အဲဒီအမိန့်ကို ပါလီမန်က အတည်မပြုကြောင်း ဆုံးဖြတ်တဲ့အခါ အဲဒီအမိန့်ဟာ
အာဏာ တည်ခြင်းက ရပ်စဲသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ဒီ Ordinance က အိန္ဒိယပါလီမန်မှာ တင်သွင်းထားဆဲ ဥပဒေကြမ်းပါ အဓိက
ပြဋ္ဌာန်းချက်တွေကို ကူးယူပြဋ္ဌာန်းထားခြင်း ဖြစ်တယ်လို့ ယူဆနိုင်စရာ ရှိပါတယ်၊ အဲဒီလိုဆိုရင် ဒီ
Ordinance ဟာ လက်ရှိ အိန္ဒိယ ဥပဒေနဲ့ အဓိကပြဋ္ဌာန်းချက်တွေမှာ အတူတူပဲ ဖြစ်ပါလိမ့်မယ်။
အိန္ဒိယနိုင်ငံရဲ့ အထက်ပါ Ordinance အကြောင်းကို အခုလောက် ကျယ်ပြန့်စွာ ရှင်းပြနေရတဲ့
အကြောင်းကတော့ စာရေးသူဆီမှာ အဲဒီ Ordinance သာရှိပြီး Act မရှိပေမယ့် မြန်မာနိုင်ငံရဲ့
'အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်း' ပါ အခန်းခွဲခြားပုံနှင့် ပုဒ်မ အားလုံးလောက်နီးပါးဟာ
အိန္ဒိယရဲ့ Ordinance ပါ ပြဋ္ဌာန်းချက်တွေနဲ့ တူညီနေတာကိုတွေ့ရတော့ မြန်မာနိုင်ငံရဲ့ ဥပဒေကြမ်း
ဟာ အိန္ဒိယ Ordinance ကို အနည်းငယ် ပြုပြင်ပြီး မြန်မာဘာသာပြန်ဆိုထားခြင်း၊ သို့မဟုတ်
အိန္ဒိယ Arbitration Act ကို ပြုပြင်ပြီးဘာသာပြန်ဆိုထားခြင်းဖြစ်မယ်လို့ ယူဆခြင်းကြောင့်
ဖြစ်ပါတယ်။
အဲဒီလိုလုပ်တာနဲ့ ပတ်သက်လို့ ဝေဖန်စရာ မရှိပါဘူး။
စာရေးသူ အနေနဲ့ဒီလိုဥပဒေကြမ်း မျိုးဆွဲပေးဖို့ တာဝန်ရှိမယ်ဆိုရင်လည်း ဒီကိစ္စနဲ့ ပတ်သက်တဲ့
နမူနာဥပဒေနဲ့ နိုင်ငံခြား ဥပဒေတွေမှာပါတဲ့ အချက်တွေထဲက ယူသင့်တာကို ယူရမှာပါပဲ။
ယခုဥပဒေကြမ်းမှာ ပါသင့်ပါထိုက်တဲ့ အချက်အလက်တွေ ပြည့်စုံစွာ ပါ၀င်တဲ့အပြင် ခြွင်းချက်
တချို့မှအပ ဘာသာပြန်ဆိုပုံနဲ့ ဝေါဟာရတွေ သုံးစွဲထားပုံ ကောင်းမွန်တာကို တွေ့ရတဲ့အတွက်
ဥပဒေကြမ်းရေးဆွဲသူ ပညာရှင်(တွေ)ကို လေးစားရမှာပါ။
ဒါပေမဲ့လို့ ဥပဒေရေးဆွဲရာမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အပြစ်အနာအဆာလေးတွေ
ပါတတ်စမြဲဖြစ်တတ်တာကို ဥပဒေ ရေးဆွဲဖူးသူတိုင်း သိကြပါတယ်။
ဒါကြောင့် အခုဥပဒေကြမ်းမှာ တွေ့ရှိရတဲ့ ချို့ယွင်းချက်အချို့နဲ့ တင်မြင်သုံးသပ်ချက်အချို့ကို
ဆက်လက်ဖော်ပြလိုပါတယ်။
ပထမဆုံးအနေနဲ့ ဒီဆောင်းပါး အစပိုင်းမှာ ဖော်ပြခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုကို
ပြည်တွင်းဥပဒေအဖြစ် ပြဋ္ဌာန်းရာမှာ အသုံးပြုနိုင်တဲ့ နည်းသုံး နည်းအနက် ဘယ်နည်းကိုသုံးရင်
အဆင်ပြေမလဲလို့ စဉ်းစာကြည့်ပါတယ်။
ပထမနည်းက အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို နောက် ဆက်တွဲဇယားအဖြစ် ပူးတွဲ
ဖော်ပြပြီး ဥပဒေ တစ်ခုလုံးကို အစမှ အဆုံးထိ အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းတဲ့ နည်းပါ။
စင်ကာပူနိုင်ငံရဲ့ Arbitration ဥပဒေက ဒီနည်းကိုသုံးပြီး ပြဋ္ဌာန်းတဲ့ ဥပဒေပါ။
စင်ကာပူနိုင်ငံမှာ အင်္ဂလိပ်ဘာသာက ရုံးသုံးဘာသာစကားဖြစ်လို့ ဒီနည်းကို သုံးနိုင်တာဖြစ်ပေမယ့်
မြန်မာနိုင်ငံမှာတော့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာဘာသာက ရုံးသုံးဘာသာစကားဖြစ်တာ
ကြောင့်ဒီနည်းကို မသုံးတော့ပါဘူး။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ဒုတိယနည်းကို အသုံးပြုတာ တွေ့ရကြောင်း ဖော်ပြခဲ့ပြီး
ဖြစ်ပါတယ်။
ဥပဒေကို မြန်မာလို ပြဋ္ဌာန်းပြီး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို မူရင်းအင်္ဂလိပ်ဘာသာ
အတိုင်း နောက်ဆက်တွဲဇယားအဖြစ် ပူးတွဲပြဋ္ဌာန်းတဲ့ နည်းပါ။
ဒီနည်းကို သုံးစွဲရင် UNCITRAL က ထုတ်ပြန်ထားတဲ့ နမူနာဥပဒေကို နောက်ဆက်တွဲအဖြစ်
မူရင်းအတိုင်း ဖော်ပြပြီး ဥပဒေစာကိုယ်မှာ ကန့်သတ်ချက်အချို့ကို ထည့်ပေးရမှာ ဖြစ်ပါတယ်။
ဒီနည်းကတော့ ဥပဒေရေးဆွဲရာမှာ အလွန်လွယ်ကူတဲ့နည်းပါ။
တတိယနည်းကတော့ ဥပဒေကို မြန်မာဘာသာနဲ့ ပြဋ္ဌာန်းပြီး မြန်မာဘာသာပြန်ထားတဲ့
အပြည်ပြည်ဆိုင်ရာ သဘောတူ စာချုပ်ကို နောက်ဆက်တွဲဇယားအဖြစ် ဖော်ပြတဲ့ နည်းပါ။
ဒီနည်းကလည်း ဥပဒေ ရေးဆွဲသူအဖို့ မခက်လှပါဘူး။ ဒီနည်းကို သုံးစွဲမယ်ဆိုရင်လည်း ရပါတယ်။
အခုဥပဒေကြမ်းကို ရေးဆွဲထားတဲ့ နည်းကတော့ အထက်ဖော်ပြပါနည်း (၃) နည်း စလုံးမှာ
အကျံုးမဝင်ပါဘူး။
UNCITRAL ရဲ့ နမူနာဥပဒေအပေါ် အဓိကအားဖြင့် အခြေခံထားပြီး မိမိနိုင်ငံအတွက် သင့်တော်မယ့်
အချက်တွေကို ဖြည့်စွက်ပြီး အစမှအဆုံးထိ မြန်မာဘာသာနဲ့ ပြဋ္ဌာန်းတဲ့နည်းပါ။
အိန္ဒိယနိုင်ငံက ကျင့်သုံးတဲ့နည်းဖြစ်ပြီး အထက်မှာ ဖော်ပြထားတဲ့နည်း (၃) နည်းမှာ မပါသေးတဲ့
စတုတ္ထနည်းလို့ ဆိုရမှာပါ။
အဓိကအားဖြင့် အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့ အိန္ဒိယ ဥပဒေကို မြန်မာဘာသာပြန်ဆို
ထားတာဖြစ်လို့ တချို့ဝါကျတွေကို သာမန်စာဖတ် သူတစ်ဦးအနေနဲ့ နားလည်ဖို့ မလွယ်ကူတာ
မျိုးတော့ ရှိနိုင်ပါတယ်။
UNCITRAL ရဲ့ နမူနာဥပဒေကို အဓိက အားဖြင့် အခြေခံပြီး ပြည်တွင်းဥပဒေအဖြစ် ရေးဆွဲရာမှာ
သတိပြုရမယ့် အချက် တစ်ချက် ရှိပါတယ်။
'နမူနာဥပဒေ'က သူ့ခေါင်းစီး အမည်မှာ ဖော်ပြထားတဲ့အတိုင်း အပြည်ပြည်ဆိုင်ရာ ကူးသန်း
ရောင်ဝယ်ရေးကိစ္စတွေက ပေါ်ပေါက်လာမယ့် အငြင်းပွားမှုတွေကို အနုညာတ ဆုံးဖြတ်နည်းနဲ့
ဖြေရှင်းနိုင်ရေးအတွက် ရည်ရွယ်တာပါ။
ပြည်တွင်းဥပဒေအဖြစ် ပြဋ္ဌာန်းတဲ့အခါမှာတော့ကူးသန်း ရောင်းဝယ်ရေး မဟုတ်တဲ့ အခြား
အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာလည်း အသုံးပြုနိုင်တဲ့ Arbitration ဆိုင်ရာ တည်ဆဲဥပဒေတွေ
ကို ရုပ်သိမ်းမယ်ဆိုရင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေသာမက အခြား
အငြင်းပွားမှုအမျိုးမျိုးကို ဖြေရှင်းရာမှာလည်း အသုံးပြုနိုင်တဲ့ ဥပဒေဖြစ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ဆက်လက် ဆွေးနွေးပါဦးမယ်။
















