နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မျှော်မှန်းသည်ထက် သာလွန်အောင် ကြိုးပမ်းရယူခြင်းနှင့် ပတ်သက်၍ လူသားအရင်းအမြစ် တိုးတက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သက်ရှည်ကျန်းမာ၍ စွမ်းဆောင်ဖန်တီးနိုင်ရည် ပြည့်ဝသောဘဝများပိုင်ဆိုင်ရေးအတွက် ပြည်သူတို့၏ လွတ်လပ်ခွင့်များ တိုးတက်ရရှိရေး၊ ပြည်သူတို့ တန်ဖိုးထားရန် အကြောင်းရှိသည့် အခြားရည်ရွယ်ချက်များ ...
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မျှော်မှန်းသည်ထက် သာလွန်အောင် ကြိုးပမ်းရယူခြင်းနှင့်
ပတ်သက်၍ လူသားအရင်းအမြစ် တိုးတက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် သက်ရှည်ကျန်းမာ၍
စွမ်းဆောင်ဖန်တီးနိုင်ရည် ပြည့်ဝသောဘဝများပိုင်ဆိုင်ရေးအတွက် ပြည်သူတို့၏ လွတ်လပ်ခွင့်များ
တိုးတက်ရရှိရေး၊ ပြည်သူတို့ တန်ဖိုးထားရန် အကြောင်းရှိသည့် အခြားရည်ရွယ်ချက်များ
တိုးတက်စေရေးနှင့် ကမ္ဘာကြီးပေါ်တွင်သာ တူညီမျှမှုရှိကာအတူတကွ ထိန်းသိမ်းမှုပြုနိုင်ကြမည့်
ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ ပုံဖော်ရေးဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (ယူအင်န်ဒီပီ)က
အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
၁၉၉၀ ပြည့်နှစ်မှစ၍ ထုတ်ဝေလျက်ရှိသည့် ယူအင်န်ဒီပီ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
အစီရင်ခံစာများက ထိုဖွင့်ဆိုချက်ကို ပြန်လည်ဆန်းသစ်ခဲ့သည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ တစ်ခုချင်းစီတွင် အဓိကဖော်ပြလိုသော
အကြောင်းအရာကို ခေါင်းစဉ်အဖြစ် ရွေးချယ်ပြီး တီထွင်ဆန်းသစ်သော အကြံ ဉာဏ်များ၊
မူဝါဒများအပေါ် အပြုသဘောထောက်ပြ ဝေဖန်ခြင်းများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု
ကို တားဆီးချုပ်ချယ်မှုများကို ဖြေရှင်းရန် နည်းလမ်းများကို ဦးတည်၍ ရေးသားသည်။
ယခုနှစ် အစီရင်ခံစာကလည်း 'လူသားဖွံ့ဖြိုးတိုးတက်မှု တည်တံ့ရေး ဘေးအန္တရာယ်များ
လျှော့ချခြင်းနှင့် ဖွံ့ဖြိုးမှု အခြေခံခိုင်မာမှု တည်ဆောက်ခြင်း' ဟူသော ရှုထောင့်မှနေ၍
လူသားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်မှုကို စူးစမ်းလေ့လာခဲ့ပါသည်။
ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲမွဲတေမှု လျော့ကျသွားခဲ့သော်လည်း တိုးတက်မှုမှာ မရေမရာသော
အခြေအနေတွင်ရှိနေသေးကာ သဘာဝဘေးအန္တရာယ်ကပ်ကြီးများ၊ ပြည်တွင်းပဋိပက္ခများ၊
သို့မဟုတ် စီးပွားရေးကျဆင်းမှုကဲ့သို့သော ရေတိုကာလဖြစ်ရပ်များကြောင့် ထိခိုက်မှု
ရှိလာနိုင်ကြောင်း ဖော်ပြထားသည်။
ကမ္ဘာလူဦးရေ စုစုပေါင်း၏ ၈၄၂ သန်း ခန့်သည် ကြာရှည်အစာငတ်မွတ်မှုနှင့် တွေ့ကြံုနေရပြီး
လူဦးရေ ၂ ဒသမ ၂ ဘီလျံကျော်မှာလည်း ဆင်းရဲမှုပြဿနာ အမျိုးမျိုး အတွင်း(သို့မဟုတ်)
ဆင်းရဲမှုသို့ ကျရောက် လုဆဲအခြေအနေတွင် နေထိုင်နေကြရကြောင်း အစီရင်ခံစာက
ညွှန်ပြထားပါသည်။
ကမ္ဘာ့အလုပ်သမားအရေအတွက်၏ ထက်ဝက်ခန့်ရှိသော ၁ ဒသမ ၅ ဘီလျံခန့်မှာလည်း
တရားမဝင် (သို့မဟုတ်) ဘေးအန္တရာယ်ရှိနိုင်သော အလုပ်လုပ်ကိုင်မှုများကို
ဆောင်ရွက်နေရသည်။
ပို၍ဆိုးဝါးသော အချက်မှာကမ္ဘာ့ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ ပြည့်စုံမှု ရှိသော လူမှုဆိုင်ရာ
ကာကွယ်မှုများမှ ကင်းဝေးနေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံမှ သုံးပုံတစ်ပုံအကြားရှိ ပြည်သူများမှာ ဆင်းရဲမှု
သတ်မှတ်မျဉ်းအောက်တွင် ရှိနေကြသည်ဟု ခန့်မှန်းရသည်။
သို့သော် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းနီးပါးမှာလည်း ဆင်းရဲမှုမျဉ်းအောက်၊ သို့မဟုတ် ထိုမျဉ်းနှင့်
အလွန်နီးကပ်သော အခြေအနေ၌ ရှိနေကြသည်ဖြစ်ရာ သဘာဝ ဘေးအန္တရာယ်များ၊ စီးပွားရေး
ပြဿနာများ၊ သို့မဟုတ် အကြမ်းဖက်မှုပဋိပက္ခများက ထိုအိမ်ထောင်စုများကို ဆင်းရဲမွဲတေသူများ
အဖြစ် ရောက်ရှိစေရန် တွန်းပို့နိုင်သည်။
ယခုအစီရင်ခံစာ၏ လေ့လာစူးစမ်းမှုများ နှင့် မြန်မာနိုင်ငံ၏ ဖြစ်စဉ်အပေါ် ယှဉ်ထိုး လေ့လာပါက
အသွင်ပြောင်းလဲရေး ကာလအတွင်း မြန်မာနိုင်ငံတွင် ထူးခြားထင်ရှားသော လူသားအရင်းအမြစ်
တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ အားထုတ်ချက်များကိုတွေ့ရသော်လည်း ပြည့်စုံမှုရှိသော လူမှုရေးဆိုင်ရာ
ကာကွယ်မှု အစီအစဉ်တစ်ရပ်အဖြစ် ဖွံ့ဖြိုးလာစေရန် များစွာဆက်လက်ဆောင်ရွက်ရန်
လိုသေးကြောင်း သိသာထင်ရှားနေသည်။
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာအားနည်းမှုများကြောင့် လူမှုအဆောက်အအုံများနှင့် ဥပဒေဆိုင်ရာ
အဖွဲ့အစည်းများ၊ နိုင်ငံရေးနယ်ပယ်များ၊ ဓလေ့ထုံးထမ်းနှင့် လူမှုရေးဆိုင်ရာ အဆင့်အတန်းများကို
လူ့အဖွဲ့အစည်း ပြည်သူများအနေဖြင့် အညီအမျှမခံစားကြရသေးပေ။
အဆိုုပါ အားနည်းထိခိုက်လွယ်မှုများကြောင့် လူ့အဖွဲ့အစည်းအတွင်း အတားအဆီးများ
ဖြစ်ပေါ်စေရကာ ကျား/မ ကွဲပြားမှု၊ လူမျိုးစု၊ ကိုးကွယ်သည့် ဘာသာ၊ အဆင့်အတန်း၊ နေထိုင်ရာ
ဒေသစသည့်တို့အပေါ် လိုက်၍ ညီမျှမှုမရှိသောအုပ်စုများကို ဖြစ်ပေါ်စေသည်။
ဆင်းရဲမှုကို ပိုမိုနက်ရှိုင်းစေကာ ဆင်းရဲသားများအတွက် အန္တရာယ်များ ထပ်မံကြံုတွေ့ရနိုင်စေ
သည်။
ထိုအခြေအနေကြောင့် လူနည်းစုများအပြင် လူ့အဖွဲ့အစည်း အချို့အနေဖြင့် လုံခြံုမှုမရှိခြင်းကို
ကြံုတွေ့ ရနိုင်ပြီး ဒေသအလိုက်အကြမ်းဖက်မှုများ ဖြစ်ပွားခြင်းကို ဦးတည်စေကာ ထိခိုက်လွယ်မှု
ကို ပို၍လောင်စာဖြည့်ပေးသလို ဖြစ်စေသည်။
အထိရောက်ဆုံးသောလျင်မြန်စွာ ပြန်လည် တိုးတက်မှုတည်ဆောက်ရေး မူဝါဒများချမှတ်ခြင်းနှင့်
ထိခိုက်လွယ်သူများ အကာအကွယ်ပေးခြင်းတွင် အောက်ပါအခြေခံအချက်အလက် လေးချက်ကို
ကမ္ဘာတစ်ဝန်းလုံးတွင် လိုက်နာအခြေပြု ဆောင်ရွက်ကြသည်ဖြစ်ရာ ယင်းအချက်များကို
အလေးပေးသုံးသပ်ထားသည့် ၂၀၁၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု
အစီရင်ခံစာကနေ၍ မြန်မာနိုင်ငံအနေဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုအခြေခံအချက် လေးချက်မှာ
၁။ နိုင်ငံစီးပွားရေး တိုးတက်မှုအပါအဝင် မူဝါဒအားလုံးကို လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး
ရရှိရန် ဆောင်ရွက်ရမည့် နည်းလမ်းများအဖြစ် ဖော်ဆောင်လုပ်ဆောင်သင့်သည်။ မည်သူတစ်ဦး
တစ်ယောက်ကိုမှ ချန်ရစ်ခဲ့ခြင်းမရှိဘဲ ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံလိုအပ်ချက်များ
ဖြည့်ဆည်းရန် ၀င်ငွေစသည် တို့ကိုဖြစ်ပေါ် သက်ရောက်သည့်အကြောင်းခြင်းရာများကို စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ကအကျိုးကျေးဇူးဖြစ်ထွန်းစေသင့်သည်။
၂။ ကမ္ဘာ့ပြည်သူအားလုံးနှင့် သက်ဆိုင်သော မူဝါဒကို လက်ခံကျင့်သုံးမှု ဖြစ်သင့်သည်။
လူသားမှန်သမျှ အတူတူပင်ဖြစ်ပြီး နွမ်းပါး နိမ့်ကျနေသော ကမ္ဘာသူကမ္ဘာသားများအဖို့ အခြားသူ
များကဲ့သို့ပင် အညီအမျှ တိုးတက်မှု ရှိစေရန် အထူးပံ့ပိုးမှုများ ပြုသင့်သည်။
၃။ လုပ်ကိုင် ဆောင်ရွက်မှုများကိုတစ်ကွဲ တစ်ပြားစီမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းကြီး တစ်ခုလုံးက
စုစုစည်းစည်းပြုလုပ်သင့်သည်။ ဒီမိုကရေစီစနစ်၏ အပြုသဘောဆောင်သော မျှော်မှန်းချက်
တစ်ရပ်မှာ ပြည်သူအများအတွက် ၀န်ဆောင်မှုလုပ်ငန်းများနှင့် အဆောက်အအုံများ
ပံ့ပိုးထောက်ပံ့ပေးနိုင်မှု အတိုင်းအတာအပေါ် ကြီးမားစွာ မှီတည်နေသည်။
၄။ ပြည်သူနှင့် ပုဂ္ဂလိကနယ်ပယ်အကြား လူမှုရေးဆိုင်ရာ သဘောတူညီမှု တစ်ရပ်အဖြစ်
လူမှုရေးဆိုင်ရာ ပူးပေါင်းစုစည်းမှုကို ပိုမိုအရှိန်မြှင့်ပေးနိုင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ
ပံ့ပိုးပေးနိုင်ရန် အစီအမံများ ကိုစီစဉ်ချမှတ်ခြင်းအတွက် အစိုးရနှင့် လူမှုအဖွဲ့အစည်းများကြား
ညှိနှိုင်းဆောင်ရွက်သင့်ပေသည်။
အဆိုပါ အခြေခံမူလေးချက်အပေါ် အခြေပြု၍ မူဝါဒများ ရေးဆွဲခြင်းဖြင့် မြန်မာနိုင်ငံတော်ကို
အသစ်ပြန်လည် တည်ဆောက်ရာတွင် ပြည်သူအားလုံး ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်များ
ရရှိစေမည့် စီမံချက်များ၊ အစီအစဉ်များ၊ စီမံကိန်းများကိုအထောက်အကူပြုပေးနိုင်သည်။
လူမှုဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူအားလုံးသို့ လွှမ်းခြံုမှုရှိစေရေး မြန်မာနိုင်ငံ၏
ခေါင်းဆောင်ပိုင်းမှ ရည်မှန်းဆောင်ရွက်နေသော ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများသည်
သာတူညီမျှမှုရှိသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးအတွက် အခြေပြုရန်
အကောင်းဆုံးသော လုပ်ငန်းများဖြစ်သည်။
ဒီမိုကရေစီစနစ် တိတိပပဖော်ဆောင်နိုင်ရေးသည် ပြည်သူတို့၏ ထင်မြင် သိနားလည််မှုနှင့်
ပိုမိုစုစုစည်းစည်း လုံခြံုမှုရှိရှိဖြင့် ဘေးအန္တရာယ် ထိခိုက်လွယ်မှု နည်းစွာ နေထိုင်နိုင်ရေးတို့အပေါ်
ကြီးမားစွာ မှီတည်နေသည်။
(Toily Kurbanov သည် ယူအင်န်ဒီပီမြန်မာ ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ပြီး
Daniel Kostzer သည် ယူအင်န်ဒီပီမြန်မာ၏ အကြီးတန်း စီးပွားရေးအကြံပေးဖြစ်သည်။)
















