ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါ၀င်ပတ်သက်နေသလား

ဘာသာခြားဖိနှိပ်မှု အစိုးရကိုယ်တိုင် ပါ၀င်ပတ်သက်နေသလား

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် လက်ထက် ၂၀၁၂ ခုနှစ်ကစပြီး ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့သစ် လက်ထက် ၂၀၁၂ ခုနှစ်ကစပြီး ဘာသာရေး၊
လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအကြမ်းဖက်မှုတွေရဲ့ သရုပ်သကန်ဟာ ဘာသာနှစ်ခု၊ လူမျိုး နှစ်ခု တစ်ခုနဲ့တစ်ခု အမုန်းပွား
အပြန်အလှန် တိုက်ကြခိုက်ကြ သတ်ကြဖြတ်ကြဆိုတာမျိုးထက် လူနည်းစုက အကြမ်းဖက်ခံ၊
တိုက်ခိုက်ခံရတဲ့ အနေအထားမျိုး ပိုပြီး ပေါ်လွင်ပါတယ်။

အမုန်းတရား ဖြန့်ဖြူးတာကအစ အကြမ်းဖက်ဖို့ လှုံ့ဆော်တာ၊ အကြမ်းဖက်တာအဆုံး
ထွက်ပေါ်လာတဲ့ သတင်းအချက်တွေက အဲဒီအချက် မှန်ကန်ကြောင်း သက်သေပြနေသလို
နိုင်ငံတကာ မိသားစုကြီးကလည်း အဲဒီအတိုင်း ပုံဖော်ပြောဆို ရေးသားကြပါတယ်။

သမ္မတ အိုဘားမား အာရှ ခရီးစဉ်တုန်းကလည်း ဒီသဘော ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ ခါးသီးပေမယ့် ငြင်းလို့ မရတဲ့ အမှန်တရားပါ။ အခုလို လူနည်းစု မြန်မာနိုင်ငံသား
ဘာသာခြားတွေ ဖိနှိပ်ခံရတဲ့ ကိစ္စ ဘယ်သူလုပ်တယ်၊ ဘယ်ဝါ လုပ်တယ်၊ နောက်ကွယ်မှာ
ကြိုးကိုင်သူ ရှိတယ် စသဖြင့် ဝေဖန်ပြောဆိုနေကြပေမယ့် အစိုးရပါ၀င်ပတ်သက်မှု ရှိတယ်ဆိုပြီး
တိုက်ရိုက် ပြောဆိုတာမျိုးတော့ မရှိပါဘူး။

ဒါပေမဲ့ အမုန်းတရား ဖြန့်ဖြူးသူတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ၊ အကြမ်းဖက်သမားတွေ
ကိုတော့ ထိထိရောက်ရောက် အရေးမယူ၊ တမင် မွေးမြူထားတယ်၊ လွှတ်ပေးထားတယ်ဆိုတဲ့
စွပ်စွဲမှုမျိုးတော့ ရှိပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ ဘိုင်မွန်းတည့်နေ ဂျာနယ်ကို အရေးယူဖမ်းဆီးမှုမှာတော့
အစိုးရနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ဘာသာခြား လူနည်းစုတွေကို ဖိနှိပ်တဲ့အထဲ ပါ၀င်နေပြီလား
ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အားလုံးသိကြတဲ့အတိုင်း သိပ်မကြာသေးခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က
အက်စ်ဘီခေါ် ရဲအထူးသတင်းတပ်ဖွဲ့ဟာ သတင်းစာ၊ ဂျာနယ် တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး
ငွေရေးကြေးရေး၊ ထုတ်ဝေမှုဆိုင်ရာ ကိစ္စတွေကို မေးမြန်း စစ်ကြောခဲ့ပါတယ်။

ဒါဟာ ဥပဒေနဲ့ မညီပါဘူး။ တကယ်လုပ်ရမှာ စသုံးလုံး အဖွဲ့ဖြစ်တယ်။ ထူးခြားတာက
ခေါ်ယူစစ်ဆေးမှုမှာ မွန်းတည့်နေနဲ့ ဘိုင် မွန်းတည့်နေ ဂျာနယ်တာဝန်ရှိသူတွေလည်း
ပါ၀င်ခဲ့ပါတယ်။

အက်စ်ဘီဘက်က အဓိက စစ်ဆေးခဲ့တာက အဲဒီဂျာနယ် နှစ်စောင် ထုတ်ဝေတာ ပြည်ပက
အိုအိုင်စီလို အစ္စလာမ္မစ် အဖွဲ့အစည်းတွေက ငွေကြေး ထောက်ပံ့တာ ရှိသလား၊ ပြည်တွင်းက
အစ္စလာမ် လုပ်ငန်းရှင်တွေကရော ငွေကြေး ထောက်ပံ့ထားသလားဆိုတာပါ။

တာဝန်ရှိသူတွေကတော့ အဲဒီလို မရှိတဲ့အကြောင်း ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၁၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းစာမှာတော့ အခုလို သတင်းတစ်ပုဒ်
ပါလာပါတယ်။

ဇူလိုင် ၄ ရက်က 'အိုအိုင်စီ အပါအဝင် အစ္စလာမ်အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့
ရယူနေသည့် သတင်းမီဒီယာများကို အစိုးရက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်
အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်'နဲ့ ပတ်သက်ပြီး အမျိုးသားနိုင်ငံရေး
စောင့်ကြည့်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲမင်းဦး ကို ကိုးကားပြီး ဖော်ပြထားတဲ့ သတင်းပါ။

သတင်းထုတ်ပြန်ချက်ကိုကြည့်ရင် အချက်အလက် ခိုင်လုံပုံလည်း မရပါဘူး။ ခိုင်လုံတယ်ဆိုရင်
တိုက်ရိုက် နာမည်တပ်ပြီး စွပ်စွဲဖော်ပြမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို ဦးဆောင်နေတဲ့သူတွေကတော့ ကိုရဲမင်းဦး၊ အရင် ဒီဗီဘီမှာ အလုပ်လုပ်ခဲ့ပြီး နိုင်ငံရေး
အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ရွှေသံစဉ် ကိုဝင်းမော်၊ သိပ်မကြာသေးခင်တုန်းက အော်ရီဒူး ဖုန်း
မသုံးဖို့ လှုံ့ဆော် ဟောပြောခဲ့တဲ့ ရန်ကုန်က မကွေးကျောင်းတိုက်ဆရာတော်စတဲ့ လူနဲ့
သံဃာတချို့ ပါ၀င်ကြပါတယ်။

ဒီ ထုတ်ပြန်ကြေညာချက်ဟာ တိကျသေချာ ခိုင်လုံမှု မရှိသလောက် စွပ်စွဲခံရတဲ့ဘက်ကို
ဘယ်လောက်ကြီးတဲ့ ဘေးအန္တရာယ် ကျရောက်နိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

ဆက်တိုက်ဆိုသလိုပါပဲ။ မန္တလေး အကြမ်းဖက်မှုကိစ္စ သမ္မတမိန့်ခွန်းပြောတဲ့ ဇူလိုင်လ ရ ရက်နေ့
မှာပဲ ဘိုင်မွန်းတည့်နေဂျာနယ် သတင်းထောက်နဲ့ အယ်ဒီတာတွေကို အက်စ်ဘီက ဖမ်းပါတယ်။

သူတို့ကို ဖမ်းဆီး အရေးယူလိုက်ရတာဟာ ကိုထင်ကျော် ခေါင်းဆောင်တဲ့ ဒီမိုကရေစီရေး
စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့ ရဲ့ ထုတ်ပြန်ကြေညာချက်ကို
'ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ် အစိုးရအဖြစ်
ပြည်သူများက တင်မြှောက်ကြောင်း MDCF ထုတ်ပြန်' ဆိုတဲ့ ခေါင်းစဉ်နဲ့ မျက်နှာဖုံးမှာ
ဖော်ပြခဲ့တာကြောင့်လို့ အာဏာပိုင်တွေဘက်က ဆိုပါတယ်။

ဘိုင်မွန်းတည့်နေလိုပဲ အဲဒီသတင်းကို နောက်နေ့မှာ ဖော်ပြခဲ့ကြတဲ့ တခြားသတင်းစာဂျာနယ်တွေ
ကိုတော့ လုံးဝ အရေးယူတာ မတွေ့ရပါဘူး။

အကြောင်းကတော့ ဒီသတင်းထည့်တာဟာ MDCF အဖွဲ့က ဆန္ဒပြပွဲလုပ်ပြီး ကြေညာချက်
ဖြန့်ဝေမယ့်နေ့နဲ့ ချိန်ကိုက်ဖြစ်အောင် လုပ်တယ်လို့ ယူဆပြီး ဖမ်းရတာလို့ ဆိုပါတယ်။

ပုဒ်မ ၁၀ (ဃ)၊ ၁၀ (ည) တပ်ပါတယ်။ ဖမ်းဆီးထားသူတွေကို ဘာတွေ စစ်ဆေးတယ်ဆိုတာ
မသိရပါဘူး။

ဇူလိုင် ၂၂ ရက်နေ့ ရမန်ထပ်ယူ တရားရုံးကို ခေါ်လာတော့လည်း ဘယ်တစ်စုံတစ်ယောက်ကိုမှ
စကားတစ်ခွန်းမှ ပြောခွင့်မပေးပါဘူး။

ဒါပေမဲ့ ဘိုင်မွန်းတည့်နေဂျာနယ် ထုတ်ဝေသူ လိုင်စင်ပိုင်ရှင်ရဲ့ ခင်ပွန်း ဦးစံတင်နဲ့ ဒီဇိုင်နာ ကိုဇွဲ
တို့ကို ခေါ်ယူစစ်ဆေးရာမှာတော့ အိုအိုင်စီက ထောက်ပံ့ပေးတာ ရှိသလား၊ နိုင်ငံခြားဘဏ်
တွေကနေ ငွေလွှဲပေးတာတွေ ရှိသလား၊ ပြည်တွင်းက အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်တွေက
ငွေကြေးထောက်ပံ့တာတွေ ရှိသလား စတဲ့ မေးခွန်းတွေ အဓိက မေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ပေါ်လွင်နေတာက အက်စ်ဘီရဲ့ ရည်ရွယ်ချက်ပါ။ MDCF နဲ့ ပတ်သက်တဲ့ သတင်းရေးလို့
ဖမ်းဆီးရတယ် ဆိုပေမယ့် သူတို့ အဓိက စွပ်စွဲပြီး အရေးယူချင်တာက အိုအိုင်စီလို နိုင်ငံတကာ
အစ္စလာမ္မစ် အဖွဲ့အစည်းကနေ ငွေကြေးထောက်ပံ့မှု ယူပြီး ထုတ်နေတယ်ဆိုတဲ့ ပုံစံမျိုး
ဖြစ်ပါတယ်။

ဒါကြောင့်လည်း နောက်ပိုင်း သတင်း ဖော်ပြမှုနဲ့ မဆိုင်တဲ့၊ ဂျာနယ်နဲ့ တိုက်ရိုက် မသက်ဆိုင်တဲ့
ငွေရင်းနှီးစိုက်ထုတ် လုပ်ကိုင်သူ ပုံနှိပ်တိုက်ပိုင်ရှင် ကိုကျော်မင်း မိသားစုကို ဖမ်းဆီးဖို့
အသည်းအသန် ကြိုးစားပါတော့တယ်။

အက်စ်ဘီတွေဟာ အရမ်းတော်ပါတယ်။ ချီးကျူးဖို့ ကောင်းပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို
ရောက်နေပြီဖြစ်တဲ့ ကိုကျော်မင်း၊ သူ့ဇနီး ဒေါက်တာအိအိစံ၊ သူတို့ကလေး နှစ်ယောက်နဲ့
ကိုယဉ်မင်းထွန်း အားလုံးကို ထိုင်းရဲက ဖမ်းဆီးပြီး အက်စ်ဘီ လက်ထဲရောက်အောင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်။ (အခုနောက်ဆုံးသတင်း ဒေါက်တာအိအိစံနဲ့ ကလေးနှစ်ယောက်ကို
သူ့အိမ် ပြန်ပို့ထားပြီလို့ သိရပါတယ်။)

တစ်ဆက်တည်းဆိုသလိုပါပဲ။ ဇူလိုင်လ ၂၀ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ
သမ္မတ အကြံပေး နေဇင်လတ်ရဲ့ စတုတ္ထမဏ္ဍိုင် အခြေခိုင်ဖို့ လိုသည်ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်
ဖော်ပြပါရှိပါတယ်။

အဲဒီ ဆောင်းပါးထဲမှာ အိုအိုင်စီ အပါအဝင် ပြည်ပ အဖွဲ့အစည်းများ၏ အထောက်အပံ့
ရယူထားသည့် မီဒီယာများ ရှိနေသည်ဟု အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့က ဆိုထားပြီး
အရေအတွက်အားဖြင့် ငါးခု ခန့်ရှိကာ ၎င်းတို့ကို ဖော်ထုတ် အရေးယူပေးသွားရန် ပြည်ထောင်စု
အစိုးရကို တိုက်တွန်းကြောင်း ထိုအဖွဲ့ကကြေညာခဲ့သည်ဆိုပြီး ကိုးကားဖော်ပြထားပါတယ်။

သမ္မတရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် တစ်ယောက်ဟာ အဲဒီ မခိုင်မာတဲ့ စွပ်စွဲချက်တစ်ခုကို
အတည်ယူပြီး တစ်စုံတစ်ခုကို ကြံစည်တော့မယ်ဆိုတာ တွေ့လိုက်ရတော့ ရိုးသားပါတယ်ဆိုတဲ့
သမ္မတကိုတောင် သံသယ ဖြစ်စရာ ရှိလာပါတယ်။

ဆက်ရေးထားတာ ကြည့်ပါဦး။ တစ်ဆက်တည်းပဲ ဆောင်းပါးမှာ ယခု ထိုဂျာနယ်မှ တာဝန်ရှိသူ
များကို တာဝန်ရှိသူများက ခေါ်ယူစစ်ဆေးနေကြလေပြီ။ အလောင်းအစားကြီးသည့် စွန့်စားမှုဖြစ်၍
တန်ရာတန်ကြေး နည်းပါးမည်ဟုတော့ မမြင်ပါလို့ ဖော်ပြထားပါတယ်။

အလွန်ကြောက်စရာကောင်းတဲ့ မှတ်ချက်ပါ။ ဒီလောက်ဆိုရင် ဇာတ်လမ်းတစ်ခုလုံးကို
ဇာတ်ရည်လည်လောက်ပြီ ထင်ပါတယ်။

တကယ်ဆို သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်၊ ၂၀၁၂ ဇွန်လ စာပေစိစစ်ရေး ရုပ်သိမ်းပြီး
နောက်ပိုင်း စာနယ်ဇင်း လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်ရလာတဲ့ အချိန်မှာ တခြားသော
စာနယ်ဇင်း ပေါင်းစုံနည်းတူ မွန်းတည့်နေ၊ ဘိုင်မွန်းတည့်နေနဲ့ အစ္စလာမ် ဘာသာဝင် ထုတ်ဝေသူ
တချို့ကလည်း ဂျာနယ်လေးတွေ ထုတ်ဝေလာကြပါတယ်။

အဲဒီ ဂျာနယ်နှစ်စောင်စလုံးမှာ သီးခြား အယ်ဒီတာချုပ်၊ အယ်ဒီတာနဲ့ သတင်းထောက်တွေ
ရှိကြပြီး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။

သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် သတင်းရေးသား တင်ဆက်ပါတယ်။ တခြားသော
သတင်းစာဂျာနယ်တွေနည်းတူ အစိုးရဘက်ကို ဝေဖန်တာ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
အတိုက်အခံဘက်ကို ထောက်ခံတဲ့ သတင်း၊ ဆောင်းပါး ဖော်ပြတာမျိုးတွေ လုပ်ပါတယ်။

သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ထူးခြားချက်ကတော့ ရခိုင်ပြည်နယ်ဘက်က
ဘင်္ဂါလီတွေအရေး၊ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှု
ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ သတင်းစာတွေမှာ ဖော်ပြထားတာတွေကို တိုက်ရိုက်
ဘာသာပြန် ဖော်ပြထားတာမျိုး လုပ်လေ့ရှိပါတယ်။

ဂျာနယ်ထဲမှာ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေကို နိုင်ငံတကာက သုံးနှုန်းသလို ရိုဟင်ဂျာလို့
သုံးနှုန်းပါတယ်။ စထွက်စဉ် ကာလတုန်းက နိုင်ငံတကာ အစ္စလာမ်ဘာသာရေးနဲ့ ပတ်သက်တဲ့
သတင်းတိုထွာ ဘာသာပြန်ဖော်ပြတာတွေ ရှိပါတယ်။ ဒီလောက်ပါပဲ။

အခု အဲဒီဂျာနယ်နှစ်စောင်က တာဝန်ရှိသူတွေကို ဖမ်းဆီးထားလို့ ဂျာနယ်နှစ်စောင် စလုံးလည်း
ရပ်တန့်နေပါပြီ။

ပြည်ထဲရေး ၀န်ကြီးဌာန၊ အက်စ်ဘီ၊ သမ္မတ ရဲ့ နိုင်ငံရေးအကြံပေး နေဇင်လတ်တို့ ဘာတွေ
လိုချင်ကြပါသလဲ၊ ဘာတွေ လုပ်ချင်ကြပါသလဲ၊ သိပ်အကြာကြီး ဖုံးဖိလို့ မရပါဘူး။

ဖြစ်နိုင်ရင်တော့ ပြည်ထဲရေး၊ အက်စ်ဘီ၊ သမ္မတအကြံပေး အားလုံး ဒီကိစ္စကို ဥပဒေနဲ့အညီပဲ
ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြပါလို့သာ တိုက်တွန်းလိုပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021