အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၃)

အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနှင့် ပတ်သက်လို့ (၃)

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ မိမိအနေနဲ့ ပြောချင်တာလေးတွေရှိတဲ့အတွက် ဆောင်းပါး နှစ်စောင်ရေးခဲ့ပြီးဖြစ်ပေမယ့် ဥပဒေကြမ်းကို ဝေဖန်တဲ့ အဆင့်ကို မရောက်သေးဘူး။

ဒီဥပဒေကြမ်းနဲ့ ပတ်သက်လို့ မိမိအနေနဲ့ ပြောချင်တာလေးတွေရှိတဲ့အတွက် ဆောင်းပါး နှစ်စောင်
ရေးခဲ့ပြီးဖြစ်ပေမယ့် ဥပဒေကြမ်းကို ဝေဖန်တဲ့ အဆင့်ကို မရောက်သေးဘူး။

ဒီလို ဖြစ်ရတာက လူငယ်ဥပဒေသမားတွေနဲ့ ဥပဒေသမား မဟုတ်တဲ့ စာဖတ်သူတွေအတွက်
ဒီဥပဒေကြမ်းရဲ့ အကြောင်းအရာဖြစ်တဲ့ "Arbitration" အဓိပ္ပာယ်နဲ့ အခြေခံသဘောတရားအပြင်
နိုင်ငံတကာမှာ ကျင့်သုံးဆောင်ရွက်ပုံတွေကို အကျဉ်းချုပ်ပြီး ပြောခဲ့ရတာကြောင့်ပါ။

အခုဆက်လက်ပြီး ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆွေးနွေးပါ့မယ်။ ဥပဒေအမည်နဲ့ ပတ်သက်ပြီး
ဆန့်ကျင်ကန့်ကွက်တဲ့ သဘောမဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စဉ်းစားနိုင်အောင်
ပြောလိုတာက 'စီရင်ဆုံးဖြတ်'ဆိုတဲ့ စကားရပ်အစား 'ဆုံးဖြတ်' လို့ သုံးရင်သင့်မလားဆိုတဲ့
အချက်ပါ။

စာရေးသူအနေနဲ့ 'စီရင်'ဆိုတဲ့ စကားလုံးကို တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေအတွက်
သီးသန့်ထားရင် ကောင်းမလားဆိုပြီး စဉ်းစားမိလို့ဖြစ်ပါတယ်။

အဲဒီလိုဆိုရင် 'အနုညာတ ဆုံးဖြတ်ခြင်း ဥပဒေ'ဆိုပြီး ဖြစ်လာပါလိမ့်မယ်။

ယခင်အစဉ်အလာတွေအရ 'အနုညာတ ဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေ'ဆိုပြီး သုံးစွဲမယ်ဆိုရင်တော့
အဓိပ္ပယ်ပိုပြီး ပြည့်စုံမှာဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ 'ဆိုင်ရာ'ဆိုတဲ့ စကားလုံး ကို ဥပဒေအမည်တွေမှာ မတွေ့မိတော့ဘူး
လို့ ထင်ပါတယ်။

နောက်တစ်ချက်က ဥပဒေရဲ့ 'နိဒါန်း' ဆိုတာ နဲ့ပတ်သက်လို့ ပြောချင်ပါသေးတယ်။ ဥပဒေ တွေရဲ့
အစမှာ 'နိဒါန်း'ဆိုပြီး ရှေးအခါက သုံးခဲ့တာရှိပေမယ့် နောက်ပိုင်းမှာ မသုံးတော့ဘဲ 'ရည်ရွယ်ချက်'
ဆိုပြီး သုံးစွဲလာတာကို ဥပဒေသမားတွေ သိကြပါလိမ့်မယ်။

စာရေးသူ နားလည်သလို ပြောရမယ်ဆိုရင်တော့ 'နိဒါန်း'က ဥပဒေ ကိုယ်ထည် (body of the
Act) မှာ မပါဘူး။ 'ရည်ရွယ်ချက်' ကတော့ ဥပဒေ ကိုယ်ထည်ထဲ မှာပါပါတယ်။
ဘာခြားနားသလဲလို့ မေးရင်တော့ အနှစ်သာရအားဖြင့် ဒီဝေါဟာရ နှစ်ခုစလုံးက ဥပဒေပြဋ္ဌာန်း
ရခြင်းရဲ့ အကြောင်းရင်းကို ဖော်ပြတာချင်း တူပေမယ်လို့ 'ရည်ရွယ်ချက်' ကတော့
ဥပဒေပြဋ္ဌာန်းချက်မှာ အကျုံးဝင်လို့ ပိုပြီး လေးနက်တယ်လို့ ပြောနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့လိုတဲ့အခါ
ဥပဒေရဲ့ ရည်ရွယ်ချက်ကို ထည့်သွင်း စဉ်းစားနိုင်တာကြောင့် ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ရေးအတွက် 'နယက' က
ကြိုတင်ပြဋ္ဌာန်းပေးခဲ့တဲ့ ဥပဒေနဲ့ နည်းဥပဒေ ၁၇ ခုမှာတော့ 'နိဒါန်း'ထည့်တာကို တွေ့ရပါတယ်။

ဒီကွဲပြားခြားနားမှုက ဥပဒေရေးဆွဲရေးကိစ္စမှာ သိပ်အရေးမကြီးပါဘူး။ အကြောင်းသင့်သလို
သုံးစွဲနိုင်တဲ့ ကိစ္စပဲလို့ မှတ်ယူသင့်ပါတယ်။

ဒါပေမဲ့ 'နိဒါန်း'မှာ ဖော်ပြထားချက်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာတွေရှိပါတယ်။
'နိဒါန်း'ရဲ့ အစမှာ 'အငြင်းပွားမှုပြဿနာများအား အနုညာတနည်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းကို
အားပေးရန်လည်းကောင်းလို့' ပါရှိပါတယ်။

အငြင်းပွားမှုကို ဖြေရှင်းနိုင်တဲ့ နည်း ငါးနည်းရှိပါတယ်။

(၁) စေ့စပ်ဆွေးနွေးခြင်း (Negotiation)၊ (၂) ညှိနှိုင်းဖျန်ဖြေခြင်း (Conciliation)၊ (၃) ဒိုင်လူကြီး
ခန့်ထားပြီး ဖြေရှင်းခြင်း (Settlement by a referee)၊ (၄) အနု ညာတနည်းဖြင့် ဆုံးဖြတ်ခြင်း
(Arbitration) နဲ့ (၅) တရားစွဲဆိုခြင်း (Litigation) တို့ဖြစ်ပါတယ်။

မိမိတို့ရဲ့ အငြင်းပွားမှုကို ဘယ်ပုံ ဘယ်နည်း ဖြေရှင်းမယ်ဆိုတာက အငြင်းပွားသူတွေက
နှစ်သက်သဘောတူ ရွေးချယ်ဆုံးဖြတ်ရမယ့် ကိစ္စပါ။

နိဒါန်းမှာ ဖော်ပြထားသလို အနုညာတ ဆုံးဖြတ်နည်းကို အားပေးရမယ်လို့ဆိုတော့ ကျန်တဲ့
နည်းတွေက သူ့လောက်မကောင်းလို့လား၊ တရားရုံးက ဆုံးဖြတ်တဲ့နည်းက မကောင်းလို့လားဆိုပြီး
မေးရင် ကတ်သီးကတ်သတ်မေးတယ်လို့ ပြောမလားမသိဘူး။ (စကားစပ်မိလို့ ဥပမာလေးတစ်ခု
ပြောပါရစေ၊ 'တောင်တောရယ်သာ၊ မာလာက ငုံဖူး . . .' အစချီတဲ့ ဒွေးချိုးလေးပါ
စကားအသုံးအနှုန်းနဲ့ပတ်သက်ပြီး အပြောင်အပြက် ပြောတတ်သူတွေ၊ ကတ်သီးကတ်သတ်
ပြောတတ်သူတွေက "တောင်တောရယ်သာ ဆိုတော့ မြောက်တောက ဘာဖြစ်နေလို့တုံး"လို့
မေးသလိုမျိုး မေးတာတော့ မဟုတ်ပါဘူး။ စဉ်းစားစေချင်လို့ပါ။)

နိဒါန်းမှာ အဲဒီလိုဖော်ပြထားတာမျိုးကို စာရေးသူ ဖတ်ရှုရတဲ့ ကုလသမဂ္ဂရဲ့ 'နမူနာ ဥပဒေ' နဲ့
အရင်ဆောင်းပါးတွေမှာ ဖော်ပြခဲ့တဲ့ နိုင်ငံခြားဥပဒေတွေမှာတော့ မတွေ့မိဘူး ထင်တာပဲ။

ဒီတော့ နိဒါန်းမှာပါတဲ့ 'အငြင်းပွားမှု ပြဿနာများအား အနုညာတနည်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း
ကို အားပေးရန်...' ဆိုတဲ့ စကားရပ်ကို ချန်လှပ်သင့်တယ်လို့ မြင်ပါတယ်။

ဥပဒေကြမ်းပုဒ်မ ၁(ခ)မှာပါတဲ့ 'ဒီဥပဒေ ဟာ နိုင်ငံတော်တစ်ဝန်းလုံးမှာ အာဏာတည်ရမယ်'ဆိုတဲ့
ပြဋ္ဌာန်းချက်က မလိုအပ်ဘူးလို့ ထင်တယ်။ အဲဒီပြဋ္ဌာန်းချက်မပါရင်လည်း ဒီဥပဒေက
တစ်နိုင်ငံလုံးမှာ အာဏာတည်မှာပဲ မဟုတ်လား။ အိန္ဒိယဥပဒေမှာ ပြည်နယ် နှစ်ခုအတွက်
ခြွင်းချက်နဲ့ အာဏာတည်စေတာက သူ့နိုင်ငံရဲ့ လိုအပ်ချက်ကြောင့်ဖြစ်မှာပါ။ ဥပဒေကြမ်းပုဒ်မ
၁(ဂ) နဲ့ ၁(ဃ)တို့ကတော့ ဥပဒေနဲ့ သက်ဆိုင်ခြင်း(ဥပဒေအာဏာတည် ခြင်း)နဲ့ ဆိုင်တဲ့
ပြဋ္ဌာန်းချက်ဖြစ်ပြီး ကုလသမဂ္ဂရဲ့ နမူနာဥပဒေနဲ့ အိန္ဒိယဥပဒေတို့မှာ ပါရှိတဲ့ အတိုင်းဖြစ်ပါတယ်။

ဒါပေမဲ့ ဒီပြဋ္ဌာန်းချက်တွေက 'အငြင်းပွားသူများသည် မိမိတို့၏ အငြင်းပွားမှုကို မိမိတို့
ရွေးချယ်သည့် နည်းလမ်းဖြင့် ဖြေရှင်းခွင့်ရှိသည်'ဆိုတဲ့ နိုင်ငံတကာက လက်ခံထားတဲ့
ယေဘုယျမူကို ထိခိုက်လွှမ်းမိုးခြင်းရှိမရှိ စာရေးသူအနေနဲ့ သံသယဖြစ်မိပါတယ်။

နိုင်ငံတကာက လက်ခံထားတဲ့မူအရ အငြင်းပွားသူတွေအနေနဲ့ မိမိတို့ရဲ့ အငြင်းပွားမှုကို မိမိတို့
ရွေးချယ်ထားတဲ့ အနုညာတ ဥပဒေ/နည်းဥပဒေများ အတိုင်း မိမိတို့သဘောတူ သတ်မှတ်ထားတဲ့
နေရာမှာ ဖြေရှင်းခွင့်ရှိပါတယ်။

နောက်ပြီး အာဆီယံစာချုပ်တစ်ခုမှာ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရနဲ့ တခြားနိုင်ငံက နိုင်ငံသားတစ်ဦးတို့
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုဖြစ်တဲ့အခါ အဲဒီအငြင်းပွားမှုကို ၀ါရှင်တန်ကွန်ဗင်းရှင်းအရ
ဖြေရှင်းရမယ်လို့ ပါရှိတာနဲ့ပတ်သက်ပြီး စာရေးသူ ဒီဂျာနယ်မှာ ရေးသားခဲ့တဲ့ 'အငြင်းပွားမှုကို
တရားရုံးပြင်ပ တွင် ဖြေရှင်းခြင်း' ခေါင်းစဉ်ပါ ဆောင်းပါး တစ်ပုဒ်မှာ ဝေဖန်ရေးသားခဲ့ဖူးပါတယ်။

ဒီ အာဆီယံသဘောတူညီချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအနေနဲ့ စင်ကာပူနိုင်ငံက ကုမ္ပဏီ
တစ်ခုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုလို အနုညာတနည်းနဲ့ ဖြေရှင်းမှုတစ်ခုကို ရင်ဆိုင်ခဲ့ဖူးပါ
တယ်။

အဲဒီအငြင်းပွားမှုဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံစာချုပ်ကို လက်မှတ်မရေးထိုးမီက ချုပ်ဆိုခဲ့တဲ့
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်က ပေါ်ပေါက်ခဲ့တဲ့ အငြင်းပွားမှုဖြစ်တဲ့အတွက် မြန်မာနိုင်ငံက
လက်မှတ်ရေးထိုးထားတဲ့ အာဆီယံစာချုပ်နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အချက်တစ်ချက်တည်းနဲ့
မြန်မာနိုင်ငံက အနိုင်ရရှိခဲ့ပေမယ့် အပြည်ပြည်ဆိုင်ရာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ဥပဒေပြဿနာ
နှစ်ခုကို ဖြေရှင်းခွင့်မရရှိဘဲ ကျန်ရစ်ခဲ့ပါတယ်။

အဲဒီပြဿနာကတော့ "မြန်မာနိုင်ငံ အစိုးရရဲ့ စီးပွားရေးအဖွဲ့အစည်း တစ်ခုနဲ့ နိုင်ငံခြားကုမ္ပဏီတို့
ချုပ်ဆိုခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်မှာ အငြင်းပွားမှုပေါ်ပေါက်ခဲ့သော် မြန်မာနိုင်ငံရဲ့ 
"Arbitration  Act, 1944" အရ မြန်မာနိုင်ငံမှာပဲ ဖြေရှင်းရမယ်"လို့ ပါရှိပေမယ့် အဲဒီအငြင်းပွားမှု
ကို အာဆီယံစာချုပ်အရ ၀ါရှင်တန်ကွန်ဗင်းရှင်းပါ လုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းရမယ်ဆိုတော့
တစ်ခုနဲ့ တစ်ခု ဆန့်ကျင်နေတဲ့အတွက် ဥပဒေချင်း ၀ိရောဓိဖြစ်မှု (Conflict of Law) ပြဿနာပဲ
ဖြစ်ပါတယ်။

ဒါ့ပြင် "အစိုးရ အချင်းချင်း ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်များဟာ အဲဒီနိုင်ငံများရဲ့ နိုင်ငံသားများ
အပေါ် အာဏာသက်ရောက်မှု ရှိသလား" ဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုလည်း
ရှိပါသေးတယ်။ အဲဒီအငြင်းပွားမှုမှာ အဲဒီဥပဒေ ပြဿနာတွေကို ဖော်ထုတ်မှုရှိမရှိ မသိရပေမယ့်
စာရေးသူသာ အဲဒီတုန်းက မြန်မာနိုင်ငံ အစိုးရဘက်က ရှေ့နေဖြစ်ခဲ့မယ်ဆိုရင်တော့
အဲဒီပြဿနာတွေကို ဖော်ထုတ်ပြီး အာဆီယံ စာချုပ် မှားနေတယ်ဆိုတာကို ထောက်ပြ
ကန့်ကွက်ခဲ့မှာအမှန်ပဲ။ (အခုထိလည်း ဒီအာဆီယံစာချုပ် ရှိနေသေးတာကြောင့်
ဒီပြဿနာကတော့ ရှိနေဆဲဖြစ်ပါတယ်)။

အထက်မှာဖော်ပြခဲ့တဲ့ ဥပဒေပြဿနာတွေနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံရဲ့ "Arbitration act
1996" ကို လေ့လာကြည့်တဲ့ အခါ ဥပဒေနိဒါန်းပိုင်း (Introductory) မှာ ယေဘုယျမှုများ
(General Principles) ဆိုတဲ့ ခေါင်းစဉ်နဲ့ "ဤအပိုင်းပါ ပြဋ္ဌာန်းချက်များသည် အောက်ပါမူများ
အပေါ်တွင် အခြေခံထားခြင်းဖြစ်သဖြင့် ယင်းမူများနဲ့အညီ အဓိပ္ပာယ်ကောက်ယူရမည်'လိ့ု
ခြေဆင်းမှာ ဖော်ပြပြီးတဲ့နောက် အောက်မှာဆက်ပြီး မူ သုံးရပ်ကိုဖော်ပြထားပါတယ်။

အဲဒီမူတွေကတော့ "(က) အနုညာတနည်းဖြင့် ဆုံးဖြတ်ခြင်း၏ ရည်ရွယ်ချက်မှာ မလိုအပ်သော
နှောင့်နှေး ကြန့်ကြာမှုနှင့် ငွေကြေးကုန်ကျမှုများ မရှိစေဘဲ ဘက်လိုက်မှုမရှိသော ခုံသမာဓိအဖွဲ့က
အငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းမှု ပြုလုပ်နိုင်စေရန်။ (ခ) အများပြည်သူတို့၏
အကျိုးစီးပွားကို ဆန့်ကျင်သည့် ကိစ္စမှတစ်ပါး အငြင်းပွားသူများအနေဖြင့် ၎င်းတို့၏အငြင်းပွားမှုကို
မည်သို့မည်ပုံ ဖြေရှင်းမည်ဆိုခြင်းကို လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ခွင့် ရှိစေရန်။ (ဂ) ဤအပိုင်းနှင့်
သက်ဆိုင်သော ကိစ္စများတွင် ဤအပိုင်းပါပြဋ္ဌာန်းချက်များအရ မှတစ်ပါး တရားရုံးအနေဖြင့်
၀င်ရောက်စွက်ဖက်မှု မပြုလုပ်စေရန်" ဆိုတာတွေဖြစ်ပါတယ်။

အထက်ဖော်ပြပါ အင်္ဂလိပ်ဥပဒေရဲ့ ပြဋ္ဌာန်းချက်များအရ စာရေးသူအနေနဲ့ ဒီလို အဓိပ္ပာယ်
ကောက်ယူချင်ပါတယ်။

ဥပမာ - စင်ကာပူနိုင်ငံက ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှာ လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့
ကိစ္စမှာ အငြင်းပွားမှု ပေါ်ပေါက်တဲ့အခါ "UNC ITRAL  Arbitration Rules" ကို အသုံးပြုပြီး
ခုံသမာဓိအဖွဲ့က ရန်ကုန်မြို့မှာ ရုံးထိုင်ဖြေရှင်းမယ်လို့ သဘောတူညီထားတဲ့ကိစ္စက မြန်မာနိုင်ငံနဲ့
သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံခြား တိုင်းပြည်နှစ်ခုရဲ့ ကုမ္ပဏီများအကြား ဖြစ်ပွားတဲ့ စီးပွားရေးဆိုင်ရာ
အငြင်းပွားမှုကို ကြားနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ရန်ကုန်မြို့မှာ ခုံသမာဓိအဖွဲ့ရုံးထိုင်ပြီး ဖြေရှင်းမယ်လို့
သဘောတူညီထားတဲ့ ကိစ္စမျိုးတွေဟာ အင်္ဂလိပ် ဥပဒေရဲ့ မူအရဆိုရင် မြန်မာနိုင်ငံဥပဒေမှာ
အကျုံးမဝင်ဘူးလို့ ယူဆပါတယ်။

အဲဒီလို ကိစ္စမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ ဥပဒေကြမ်းပုဒ်မ ၁(ခ)နဲ့ ငြိစွန်းမှုရှိပါသလား၊ ကင်းလွတ်ပါ
သလားဆိုတဲ့ ပြဿနာက စာရေးသူရဲ့ ခေါင်းထဲကို ရောက်လာပါတယ်။

မြန်မာနိုင်ငံ ရဲ့ အနုညာတဆုံးဖြတ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေ
စဉ်းစား နိုင်အောင်လို့ ပုစ္ဆာထုတ်ကြည့်တဲ့ သဘောပါ။

ဆက်ပြီး ဆွေးနွေးပါဦးမည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021