ဇူလိုင် ၃၀ ရက်နေ့ထုတ် အစိုးရ သတင်းစာ၊ ပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တွေထဲ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ပီအာရ် အဆိုနဲ့ ပတ်သက်ပြီး ဖော်ပြထားချက်တွေကို ဖတ်ကြည့်ရင် ပြည်သူတွေ အူကြောင်ကြောင် ဖြစ်သွားနိုင်ပါတယ်။
ဇူလိုင် ၃၀ ရက်နေ့ထုတ် အစိုးရ သတင်းစာ၊ ပုဂ္ဂလိက သတင်းစာတွေနဲ့ ဂျာနယ်တွေထဲ
ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ပီအာရ် အဆိုနဲ့ ပတ်သက်ပြီး ဖော်ပြထားချက်တွေကို
ဖတ်ကြည့်ရင် ပြည်သူတွေ အူကြောင်ကြောင် ဖြစ်သွားနိုင်ပါတယ်။
သတင်းစာ တစ်စောင် တစ်မျိုး ရေးကြလို့ပါ။ သတင်းထောက်တွေ အဲလို ဝေဝေဝါးဝါး
ဖြစ်ရတာကလည်း မဆန်းပါဘူး။
ပီအာရ်ကိစ္စ ပြည်သူ့လွှတ်တော်မှာ စတင်ကတည်းက မရှင်းလင်းခဲ့သလို ကြားရက်မှာလည်း
အဲဒီ မရှင်းလင်းတဲ့ကိစ္စ ပြဿနာပေါ်ပါတယ်။
အငြင်းပွားမှုဖြစ်လို့ လွှတ်တော် သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် ဗီဒီယိုနဲ့ အသံဖိုင်
ပြန်ဖွင့်ပြရတဲ့ အဖြစ်လည်း ရောက်ခဲ့ပါသေးတယ်။
ပြည်သူ့လွှတ်တော်အတွင်း ပီအာရ်ကိစ္စ ဘယ်လိုဖြစ်ပျက်ခဲ့သလဲ၊ ဒီဇာတ်လမ်းရဲ့ ဒါရိုက်တာ
ဘယ်သူလဲ၊ ဘယ်လို ရိုက်ကူးတင်ဆက်သွားသလဲဆိုတာ ဆွေးနွေးတင်ပြပါ့မယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ ပုဇွန်တောင် အင်န်ဒီအက်ဖ်အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော်မှာ
ပီအာရ်စနစ် ကျင့်သုံးဖို့ တင်ပြပါတယ်။
ဒါပေမဲ့ သူ့အဆို တိတိကျကျမှာ ပီအာရ်လို့ ဖော်ပြမထားပါဘူး။
'မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့်
စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း'
ဆိုပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ အဆိုကို ရှင်းလင်းတဲ့အခါမှာ ဦးအောင်ဇင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ
လုပ်တဲ့အခါ တိုင်းဒေသကြီးတွေမှာ ပီအာရ်စနစ် ကျင့်သုံးပေးဖို့၊ ပြည်နယ်တွေမှာတော့
နဂိုစနစ်အတိုင်းပဲ ကျင့်သုံးဖို့၊ အဲဒီအတွက် ကော်မရှင်ဖွဲ့ပေးဖို့ဆိုပြီး ရှင်းလင်းပါတယ်။
ဆွေးနွေးတဲ့ တတိယမြောက်နေ့ မတိုင်ခင်မှာတော့ အမတ်တွေကို ဖြန့်ဝေတဲ့ စာမှာ ဦးအောင်ဇင်ရဲ့
အဆိုစာသား ပြောင်းသွားတာ တွေ့ကြရပါတယ်။
'ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ဒီမိုကရေစီစနစ်ကို ပိုမို
ဖော်ဆောင်နိုင်သော အချိုးကျ ကိုယ်စားပြုစနစ်ကို အခြေခံသည့် ရွေးကောက်ပွဲ နည်းလမ်းကို
ပြည်သူ့လွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက် စီစဉ် ဆောင်ရွက်ပေးရေး' ဆိုတာပါ။
အဆိုပါ စာသားမှာ ပီအာဆိုတာ အပီအပြင် ထည့်သွင်းထားတာ တွေ့ရပါတယ်။
အဆို နှစ်ခု ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဦးအောင်ဇင် တိတိကျကျ ပြောတာက 'ပထမဦးဆုံး
ကျွန်တော်တင်တဲ့ အဆိုကို ရုပ်သိမ်းပြီးပါပြီ။ ကျွန်တော် တင်တာနဲ့ မကိုက်ဘူးဆိုပြီးတော့
ပြန်ပြင်ပြီးတော့ တင်တာပါ' လို့ ဆိုပါတယ်။
သူရ ဦးရွှေမန်းရှင်းတာကတော့ ဒီအဆိုကို ဦးအောင်ဇင် လက်မှတ်ထိုးပြီး ၂၀၁၄ ခုနှစ်၊
ဇွန်လ ၅ ရက်က တင်ထားတယ်။
အဲဒီမှာ ဖော်ပြထားတာ အခု ၃၆ ရက်နေ့မြောက် အစီအစဉ်မှာ ပါတဲ့အတိုင်းပဲလို့ ဆိုပါတယ်။
အဆိုတင်တဲ့နေ့ ဦးအောင်ဇင် ရဲ့ တင်ပြချက်မှာ ပီအာရ်ကျင့်သုံးဖို့ တင်ပြထားတာကြောင့်
ပီအာရ်ပါတဲ့ အဆိုကိုပဲ အတည်ယူတယ်ဆိုပြီး သူရဦးရွှေမန်းက ဆုံးဖြတ်လိုက်ပါတယ်။
နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့နေ့မှာတော့ သူရဦးရွှေမန်းက ဦးအောင်ဇင်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး
သူ့သဘောထားအမြင်ကို အလွန်ရှည်လျားစွာ ရှင်းပါတယ်။
ဦးအောင်ဇင်ကိုလည်း သူ့အဆိုကို တစ်ခါ ပြန်ပြောခိုင်းပြန်ပါတယ်။ ကော်မရှင်ဖွဲ့ဖို့ ထပ်ထည့်ပါ
တယ်။ နောက်တော့ လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီနဲ့ တိုင်းရင်းသား အမတ်တွေက ကန့်ကွက်တဲ့အနေနဲ့
မတ်တတ်ရပ် ဆန္ဒပြုကြရပါတယ်။
ကန့်ကွက်သူဦးရေကို ရေတွက်ပါတယ်။ ဒီနေရာမှာ ဦးရွှေမန်းက ဘာကို မဲခွဲနေတာလဲ
မရှင်းလင်းတော့ ဒေါ်အောင်ဆန်းစုကြည်က ထမေးပါတယ်။
ဘာကို ထောက်ခံရမလဲ၊ ဘာကို ကန့်ကွက်ရမလဲ၊ ဦးအောင်ဇင်ရဲ့ အဆိုကိုလား၊ ကော်မရှင်ဖွဲ့ဖို့
သက်သက်ပဲလား။
ဒီအခါ သူရဦးရွှေမန်းက ရှည်လျားစွာ ပြန်ရှင်းပြန်ပါတယ်။
သူ့ရဲ့ နောက်ဆုံးစကား အတိအကျကတော့ ဦးအောင်ဇင်ရဲ့ အဆိုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့
သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ဆောင်ရွက်ဖို့အတွက် ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်ဖို့ကို
လွှတ်တော်က သဘောတူပါသလားဆိုတာပါ။
နောက် အဆိုအတည်ဖြစ်ကြောင်း ကြေငြာပါတယ်။ သူရ ဦးရွှေမန်းရဲ့ ရှင်းလင်းချက်ကြောင့်
ဒီတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်တို့ မကန့်ကွက်တော့ပါဘူး။
ဒီလိုနဲ့ ကန့်ကွက်သူ မရှိ အတည်ဖြစ်သွားပါတယ်။
ဒါပေမဲ့ မရှင်းတာက သူရဦးရွှေမန်း နောက်ဆုံးပြောသွားတဲ့ စကားကိုက မရှင်းတာပါ။
'မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲ စနစ်ဆောင်ရွက်ဖို့အတွက် ကော်မရှင် ဖွဲ့စည်း
ဆောင်ရွက်ဖို့' ဆိုရင် နဂို ဦးအောင်ဇင်ရဲ့ အဆိုနဲ့ မကိုက်ညီတော့ပါဘူး။
ဦးအောင်ဇင်က ပီအာရ်ဆိုပြီး တိတိကျကျ တင်ပြထားလို့ဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ နောက်ဆုံးအဆိုဟာ သူရဦးရွှေမန်း သူ့ဘာသာသူ ပြင်ပြီး တင်လိုက်တဲ့ အဆိုလို့ပဲ
မှတ်ယူနိုင်ပါတယ်။
ဒါပေမဲ့ ခက်တာက နောက်ဆုံးမှာ ဦးအောင်ဇင်ရဲ့ အဆိုအတည်ဖြစ်ကြောင်း ကြေညာပါတယ်
ဆိုပြီးလည်း လုပ်လိုက်ပြန်ပါသေးတယ်။
လွှတ်တော်ထဲမှာ ပီအာပွဲ ပြီးသွားပေမယ့် ပြီးလို့ မရနိုင်ဖြစ်သွားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီပါ။
ပွဲအပြီး သတင်းထောက်တွေကို သူပြောတာက အန်တီတို့ ထောက်ခံတာ ဥက္ကဋ္ဌကြီး ပြောသွားတဲ့
အဆိုကို ထောက်ခံတာ၊ ဦးအောင်ဇင် ပြောသွားတဲ့ အဆိုအတိုင်း မဟုတ်ဘူး။
ဒါကို အန်တီတို့ရဲ့ ကိုယ်စားလှယ်အားလုံး လက်မှတ်ထိုးပြီး တရားဝင် တင်မယ်လို့ ပြောဆိုခဲ့ပါ
တယ်။
ဒီလောက်ဆိုရင် ပြည်သူ့လွှတ်တော်ထဲက ပီအာရ် ဇာတ်ထုပ်ကြီး ဇာတ်ရည်လည်လောက်ပြီ
ထင်ပါတယ်။
အဆိုတွေ ခဏခဏ ပြောင်းတာ၊ နောက်ဆုံး အဆုံးအဖြတ်ယူတာတောင် ဦးအောင်ဇင်ရဲ့ အဆိုကို
အဆုံး အဖြတ်ယူတာလား၊ သူရ ဦးရွှေမန်းရဲ့ အဆိုကို အဆုံးအဖြတ် ယူရတာလား၊ သူရ ဦးရွှေမန်း
ကရော အဆိုတစ်ခုကို သူ့စိတ်ကြိုက် ပြန်ပြင်လို့ရသလား စသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊
အင်န်အယ်လ်ဒီတို့တင်မက အားလုံးကိုပါ နားလည်ရခက်အောင် ပဟေဠိများစွာပေးပြီး
ရိုက်ကူးသွားနိုင်သူ ဒါရိုက်တာကတော့ သူရဦးရွှေမန်း ဖြစ်ပါကြောင်း။
















