ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၂ မှာ ယခင်ဥပဒေများရဲ့ အစဉ်အလာအတိုင်း ဥပဒေမှာ သုံးစွဲမယ့် အဓိက စကားရပ်များရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါတယ်။
ဒီဥပဒေကြမ်းရဲ့ ပုဒ်မ ၂ မှာ ယခင်ဥပဒေများရဲ့ အစဉ်အလာအတိုင်း ဥပဒေမှာ သုံးစွဲမယ့် အဓိက
စကားရပ်များရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါတယ်။
ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်တွေက ကုလသမဂ္ဂရဲ့ 'နမူနာဥပဒေ' နဲ့ အိန္ဒိယဥပဒေတွေမှာ ပါရှိတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို မြန်မာဘာသာ ပြန်ဆိုထားတာဖြစ်ကြောင်း သိသာနိုင်ပါတယ်။
"အနုညာတ(စီရင်)ဆုံးဖြတ်ချက်" ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ 'အမြဲတမ်း
ခုံသမာဓိအဖွဲ့'ဆိုတဲ့ စကားရပ်ပါရှိပါတယ်။
အဲဒါက အဲဒီဥပဒေတွေမှာပါရှိတဲ့ "Permanent arbitral institution" ကို မြန်မာဘာသာ
ပြန်ဆိုထားတာပါ။
"Institute, institution" ဆိုတဲ့ စကားလုံး (နာမ်ပုဒ်)ရဲ့ အဓိပ္ပာယ်က 'လုပ်ငန်း/ကိစ္စတစ်ရပ်ရပ်
အတွက် တည်ထောင်ထားတဲ့ အဖွဲ့အစည်း၊ ယင်းအဖွဲ့ အစည်းတည်ရှိရာ အဆောက်အအုံ၊ သိပ္ပံ၊
တက္ကသိုလ်၊ ဌာန'စတဲ့ အဓိပ္ပာယ်တွေရှိတော့ အဲဒီစကားလုံးကို 'လှေနံဓားထစ်' ဆိုသလို
တရားသေသတ်မှတ်ပြီး သုံးစွဲလို့ မရဘူး။
ကိစ္စအားလျော်စွာ ဆီလျော်သလို သုံးစွဲမှသာ စာဖတ်သူအနေနဲ့ နားလည်နိုင်မှာ ဖြစ်ပါတယ်။
"Permanent arbitral institution" ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရကို အဓိပ္ပာယ်ပေါ်လွင်အောင်၊
တိကျနိုင်သမျှ တိကျအောင် ဘာသာပြန်ဆိုရမယ်ဆိုရင် 'အမြဲတမ်းတည်ထောင်ထားရှိသော
အနုညာတဆုံးဖြတ်ခြင်းဆိုင်ရာ ဌာန/အဖွဲ့အစည်း၊ သို့မဟုတ် 'အနုညာတ ဆုံးဖြတ်ခြင်းဆိုင်ရာ
ဌာန၊ အဖွဲ့အစည်း' လို့ ဖြစ်ပါလိမ့်မယ်။
ဒီနေရာမှာ 'အနုညာတဆုံးဖြတ်ခြင်း'နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဆောင်ရွက်နေကြပုံတွေကို
ပြောပြဖို့လိုမှာဖြစ်လို့ နည်းနည်း လောက်ပြောပါရစေ။
ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေ မှာ နိုင်ငံနှစ်နိုင်ငံက ကုမ္ပဏီတွေအကြား ပေါ်ပေါက်တဲ့ စီးပွားရေးနဲ့
ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ 'အပြည်ပြည်ဆိုင်ရာ အနုညာတ
ဆုံးဖြတ်ခြင်းကို ကြီးကြပ်ကွပ်ကွဲတဲ့ ဌာနများ၊ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အနုညာတ
ဆုံးဖြတ်ရေးဌာနများ' (International Institutes of Arbitration) ကို တည်ထောင်
ထားရှိတဲ့အကြောင်း စာရေးသူရဲ့ "Arbitration" ဆိုင်ရာ ယခင်ဆောင်းပါးတွေမှာ
အလျဉ်းသင့်သလို ဖော်ပြခဲ့ဖူးပါတယ်။
ထင်ရှားတဲ့ ဌာနကြီးတချို့ကို ဖော်ပြရမယ်ဆိုရင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်မှာ "The ICC
International Court of Arbitration" အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တော် "The London Court
of International Arbitration" (ဒီနေရာမှာ 'Court' လို့ သုံးထားပေမယ့် လူ အများနားလည်
ထားကြတဲ့ 'တရားရုံး' မဟုတ်ပါဘူး)။
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်မှာ "The International Centre for Settlement
of Investment Disputes" စတာတွေ ဖြစ်ပါတယ်။
အာဆီယံနိုင်ငံတွေဖြစ်ကြတဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာလည်း
အလားတူ ဓှုညအနမညအေငသညေူ ဗမဘင အမအေငသည ဃနညအမနဓ တွေရှိကြပါတယ်။
အဲဒီဌာနတွေဟာ အနုညာတဆုံးဖြတ်ရေးကိစ္စတွေမှာ လိုအပ်သလို ကြီးကြပ်ဆောင်ရွက်တဲ့၊
အထောက်အပံ့ပေးတဲ့ အမြဲတမ်းတည်ထောင် ထားရှိတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
အဲဒီလိုအမြဲတမ်း တည်ထောင်ထားရှိတဲ့ "International Arbitration Centre" တွေမှာ
"Arbitration" ပြုလုပ်မယ်ဆိုရင် အဲဒီဌာနတွေက ထုတ်ပြန်ထားတဲ့ "Arbitration Rules" ကို
အငြင်းပွားသူ နှစ်ဖက်တို့က သဘောတူရွေးချယ်ပြီး လုပ်တာရှိသလို တခြား "Arbitration Rules"
တစ်ခုခုအရ လုပ်တာလည်းရှိပါတယ်။
အဲဒီလိုလုပ်ရာမှာ အဲဒီဌာနတွေရဲ့ ပါ၀င်ပတ်သက်မှုကတော့ အငြင်းပွားသူ နှစ်ဖက်တို့က
သဘောတူရွေးချယ်ထားတဲ့ "Arbitration Rule" ပါ စည်းကမ်းချက်များ အပေါ်မှာ
မူတည်ပါတယ်။
အဲဒီလို ဌာနမှာမျိုး မှာလုပ်တဲ့ "Arbitration" မျိုးကို "Institutional Arbitration" (အနုညာတ
ဆုံးဖြတ်ခြင်းဆိုင်ရာ ဌာနမှာ ပြုလုပ်တဲ့ အနုညာတဆုံးဖြတ်မှု) လို့ ခေါ်ပါတယ်။
အဲဒီလိုဌာနမျိုးမှာ ပြုလုပ်တာ မဟုတ်ဘဲ အငြင်းပွားသူ နှစ်ဖက်တို့က ရွေးချယ်ထားတဲ့
"Arbitration Rules or Act" အရ၊ နှစ်ဖက်သဘောတူရွေးချယ်ထားတဲ့ နိုင်ငံနဲ့ နေရာမှာ
ပြုလုပ်တဲ့ Arbitration မျိုးကိုတော့ "adhoc Arbitration" (ကိစ္စတစ်ခုချင်း၊ သို့မဟုတ်
အငြင်းပွားမှုတစ်ခုချင်းအလိုက် ပြုလုပ်တဲ့ အနုညာတဆုံးဖြတ်မှု) လို့ ခေါ်ကြပါတယ်။
ဥပဒေကြမ်းပုဒ်မ ၂(က) ပါ "အမြဲတမ်းခုံ သမာဓိအဖွဲ့" ဆိုတာက အထက်မှာဖော်ပြခဲ့တဲ့
"Institutional Arbitration" ကို ဆိုလိုတာ ဖြစ်ကြောင်း သိသာနိုင်ပါတယ်။
အဲဒါကို 'အမြဲတမ်းခုံသမာဓိအဖွဲ့' လို့ မြန်မာဘာသာပြန်ဆိုထားတာကတော့ မမှန်ဘူးလို့
ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ "Institutes of Arbitration" (အနုညာတဆုံးဖြတ်ရေး
ဌာန)တွေမှာ အမြဲတမ်းခုံသမာဓိအဖွဲ့ (permanent arbitration tribunal) ဆိုတာမျိုး မရှိပါဘူး။
အငြင်းပွားသူနှစ်ဖက်တို့က မိမိတို့စိတ်ကြိုက် Arbitrator(s) (ခုံသမာဓိလူကြီး၊ သို့မဟုတ်
လူကြီးများ) ကို ရွေးချယ်စေနိုင်ဖို့အတွက် ခုံသမာဓိလူကြီးများ စာရင်း (panel of arbitrators)
ကိုသာ ထုတ်ပြန်ထားပါတယ်။
အငြင်းပွားသူတွေအနေနဲ့ အဲဒီလိုဌာနမျိုးမှာ အဲဒီ ဌာနက ထုတ်ပြန်ထားတဲ့ "Arbitration Rules"
အရ မိမိတို့ရဲ့ အငြင်းပွားမှုကို ဖြေရှင်းဖို့ သဘောတူဆုံးဖြတ်ထားတယ်ဆိုရင် အဲဒီခုံ
သမာဓိလူကြီးတွေ စာရင်းထဲက မိမိတို့နှစ် သက်သူကို သဘောတူရွေးချယ်ခွင့် ရှိပါတယ်။
နှစ်ဖက်သဘောတူရွေးချယ်နိုင်ခြင်း မရှိတဲ့ ကိစ္စမှာတော့ အဲဒီဌာနက သတ်မှတ်ထားတဲ့
အာဏာပိုင်က ခုံသမာဓိလူကြီး(တွေ)ကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
ဒီတော့ဥပဒေကြမ်းမှာပါရှိသလို 'အမြဲတမ်းခုံသမာဓိ' အဖွဲ့ဆိုတာ တိကျမှန်ကန်မှု မရှိပါဘူး။
မူရင်းအင်္ဂလိပ်ဘာသာမှာ ဖော်ပြထားတာကလည်း "permanment arbitral tribunal" လို
"permanent arbitral institution" လို့ဖြစ်တဲ့အတွက် 'အနုညာတ ဆုံးဖြတ်ခြင်းဆိုင်ရာ
အမြဲတမ်းဌာန' သို့မဟုတ် 'အနုညာတဆုံးဖြတ်ရေးဌာန'လို့ ဘာသာပြန်ဆိုသင့်ပါတယ်။
အင်္ဂလိပ်ဘာသာမှာပါ ရှိတဲ့ "permanent" ဆိုတဲ့ စကားလုံးက ပိုနေတာပါ။ အမှန်က 'arbitral
institution' ဆိုရင် လုံလောက်ပါပြီ။
ဒီတော့ အင်္ဂလိပ်ဘာသာမှာရော မြန်မာဘာသာမှာပါ "permanent" (အမြဲတမ်း)ဆိုတဲ့
စကားလုံးကို ဖြုတ်ပယ်လို့ ရပါတယ်။
ဥပဒေကြမ်း၊ ပုဒ်မ ၂ (င)မှာ ပါရှိတဲ့ 'တရားရုံး' ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က
အိန္ဒိယဥပဒေမှာတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မှီးထားတာဖြစ်ပေမယ့် ရေးသားပုံ မရှင်းလှဘူး။
'နမူနာဥပဒေ' မှာပါတဲ့ 'တရားရုံး' ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ရိုးရှင်းလွယ်ကူပေမယ့်လို့ မြန်မာနိုင်ငံ
အတွက် အသုံးပြုဖို့မဖြစ်နိုင်တာကို တွေ့ရတယ်။
နောက်ပြီး အဲဒီအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ခရိုင်တရားရုံးကို ဖော်ပြထားပေမယ့် ဒီရုံးနဲ့ အဆင့်တူတဲ့
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးတွေကို
ဖော်ပြမထားတော့ အဲဒီတရားရုံးတွေ မပါဘူးလားလို့ မေးစရာ ဖြစ်နေတယ်။
ဒီတော့ "တရားရုံး" ဆိုသည်မှာ အနုညာတခုံရုံးက ဆုံးဖြတ်ရမည့် အငြင်းပွားမှုများကို တရားမ
မူလစီရင်ပိုင်ခွင့်အရ စီရင်ဆုံးဖြတ်ခွင့်ရှိသည့် ခရိုင်တရားရုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ သို့မဟုတ် တရားလွှတ်တော်ကို ဆိုသည်" လို့ ဖွင့်ဆိုရင်
လိုရင်း၊ တိုရှင်း ဖြစ်မလားမသိဘူး။
ဥပဒေကြမ်း၊ ပုဒ်မ ၂(စ) မှာပါရှိတဲ့ 'နိုင်ငံတကာ အနုညာတစီရင်ဆုံးဖြတ်ခြင်း' ဆိုတဲ့ စကားရပ်ရဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကုလသမဂ္ဂရဲ့ 'နမူနာဥပဒေ' "Article 1 (3)" မှာ ပါတဲ့အတိုင်း
မြန်မာဘာသာ ပြန်ဆိုထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာသာစကားနှစ်ခုရဲ့ သဒ္ဒါနည်းအရ ၀ါကျတည်ဆောက်ပုံခြင်း မတူညီတဲ့အတွက်
သာမန်စာဖတ်သူတွေကို မဆိုထားနဲ့ ဥပဒေသမားတွေပင် နားလည်ဖို့ မလွယ်ကူတဲ့
အရေးအသားမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။
"အနုညာတာစီရင်ဆုံးဖြတ်ခြင်း ဆိုသည်မှာ ............နိုင်ငံတကာ အနုညာတ စီရင်ဆုံးဖြတ်ခြင်း
ဟု ခေါ်တွင်စေရမည်"လို့ ရေးထားတယ်။
အဲဒီဝါကျ အလွန်ရှည်လျားတဲ့အတွက် ၀ါကျရဲ့ အလယ်ပိုင်းမှာပါရှိတဲ့ အပိုဒ်ခွဲတွေနဲ့ ထပ်ဆင့်
အပိုဒ်ခွဲတွေကို ချန်လှပ်ပြီး ၀ါကျအစ (ကတ္တားပုဒ်)နှင့် ၀ါကျရဲ့အဆုံး (ကြိယာပုဒ်) တို့ဟာ
ဘယ်လိုမှ လိုက်ဖက်မှုမရှိတဲ့ မှားနေတဲ့ မြန်မာဝါကျဖြစ်တယ်ဆိုတာကို စာဖတ်သူတွေ
မြင်သာအောင် ဖော်ပြခြင်း ဖြစ်ပါတယ်။
နောက်ပြီး 'နိုင်ငံတကာ' ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကိုလည်း စိစစ်ကြည့်ဖို့ လိုမယ်။ အဲဒါက
"international" ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို မြန်မာပြန်ဆိုထားတာပါ။ 'နိုင်ငံတကာ' ဆိုတာ
'အပြည်ပြည်ဆိုင်ရာ' ဆိုတဲ့ ဝေါဟာရနှင့် အဓိပ္ပာယ်တူပါတယ်။
နာမဝိသေသနပုဒ်ဖြစ်ပြီး 'နိုင်ငံအများနှင့် သက်ဆိုင်သော' လို့ အဓိပ္ပာယ် ရပါတယ်။
'နှစ်နိုင်ငံအကြား၊ နှစ်နိုင်ငံနှင့် သက်ဆိုင်သော ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။
၁၉၄၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၁၄ မှာတော့ "international" ကို
'ပြည်ထောင်ချင်းချင်း' လို့ ဘာသာပြန်ဆိုထားကြောင်း ဒီဆောင်းပါးရဲ့ အထက်တစ်နေရာမှာ
ဖော်ပြခဲ့ဖူးပါပြီ။
'နမူနာဥပဒေ'နဲ့ နိုင်ငံခြားဥပဒေတွေမှာ သုံးစွဲခဲ့တဲ့ "international arbitration agreement"
ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား(ကုမ္ပဏီ)နဲ့ တခြားနိုင်ငံရဲ့ နိုင်ငံသား(ကုမ္ပဏီ)တို့
ပြုလုပ်ထားတဲ့ အနုညာတ သဘောတူညီချက်ကို ဆိုလိုတာပါ၊ အဲဒီ နှစ်နိုင်ငံမှအပ တခြားနိုင်ငံ
တွေနဲ့ မဆိုင်ပါဘူး။
ဒီတော့ ဒီနေရာမှာ "international" ကို 'အပြည်ပြည်ဆိုင်ရာ၊နိုင်ငံတကာ' ဆိုပြီး ဘာသာပြန်
သုံးစွဲလို့ မရပါဘူး။
နောက်ပြီး စာရေးသူ လေ့လာမိသလောက် ပြောရရင် ဥပဒေကြမ်းမှာ "နိုင်ငံတကာ အနုညာတ
စီရင်ဆုံးဖြတ်ခြင်း"ဆိုတဲ့ စကားရပ်ရဲ့အဓိပ္ပယ် ဖွင့်ဆိုချက်ကို ဥပဒေကြမ်းမှာ ထည့်သွင်းထားပေမယ့်
အဲဒီစကားရပ်ကို ဥပဒေကြမ်း ကိုယ်ထည်ထဲမှာ သုံးစွဲထားတာ မတွေ့ရဘူးလို့ ထင်တာပဲ။
ကုလသမဂ္ဂရဲ့ နမူနာ ဥပဒေမှာလည်း အလားတူပဲလို့ ထင်ပါတယ်။
စာရေးသူအနေနဲ့ မျက်စိလျှမ်းသွားလို့ပါ ဆိုရင်လည်း သည်းခံစေလိုပါတယ်။
ဥပဒေကြမ်း ပုဒ်မ ၂(ဆ) မှာလည်း "နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အနုညာတ
စီရင်ဆုံးဖြတ်ခြင်း" ဆိုတဲ့ စကားရပ်ကိုလည်း ဥပဒေကြမ်းကိုယ်ထည်ထဲမှာ မတွေ့မိဘူးလို့
ထင်တာပဲ။
နောက်ပြီး သတိပြုသင့်တာက ကုလသမဂ္ဂရဲ့ 'နမူနာ ဥပဒေ'ဟာ အဓိကအားဖြင့်
အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကိစ္စတွေအတွက် ရေးဆွဲပြထားတဲ့ ဥပဒေကြမ်း
သဘောသာ ဖြစ်ပါတယ်။
'နမူနာဥပဒေ' ရဲ့ အမည်ကိုက "UNCITRAL Model Law on International Commercial
Arbitration" လို့ ဖြစ်ပါတယ်။
အဲဒီနမူနာ ဥပဒေမှာ "Commercial" ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုချက်မထည့်ဘဲ
အောက်ခြေမှတ်စု (Foot note) အဖြစ် 'ယင်း စကားလုံးကို အဓိပ္ပာယ်ကျယ်ပြန့်စွာ ဖွင့်ဆိုရန်နှင့်
မည်သည့်ကိစ္စများ ပါသင့်ကြောင်း' မြောက်မြားစွာသော ကိစ္စများကို ဖော်ပြပြီး ရှင်းလင်းထားတာ
တွေ့ရပါတယ်။
ဒီဥပဒေရေးထုံးမျိုးကို ဘယ်နိုင်ငံမှာမှ တွေ့ရှိနိုင်မယ် မထင်ပါဘူး။ UNCITRAL လို အတိုကောက်
ခေါ်ကြတဲ့ 'ကုလသမဂ္ဂရဲ့ ကုန်သွယ်ရေးဥပဒေ ကော်မရှင်' အနေနဲ့ နိုင်ငံအများအတွက်
လွှမ်းခြံုမိအောင် ဒီလိုလုပ်ရတာ ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းပေးဖို့လိုတဲ့ ဥပဒေက ကူးသန်းရောင်းဝယ်ရေးကိစ္စမှ ပေါ်ပေါက်တဲ့
အငြင်းပွားမှုမျိုးသာမကဘဲ တရားရုံးမှာ တရားစွဲဆို ခွင့်ရှိတဲ့ အငြင်းပွားမှုအားလုံးကို အနုညာတ
နည်းနဲ့ ဖြေရှင်းရေးဆိုင်ရာ ဥပဒေသာ ဖြစ်ပါတယ်။
ဒီတော့ ဥပဒေကြမ်းရဲ့ ပုဒ်မ ၂(စ) နှင့် ၂(ဆ) တို့က အပိုသက်သက် ထည့်ထားသလို ဖြစ်နေတာ
ကို တွေ့ရှိရပါတယ်။
နောက်ပြီး ဥပဒေကြမ်း၊ ပုဒ်မ ၂(ဇ) မှာ ပါတဲ့ "တရားဝင်ကိုယ်စားလှယ်" ဆိုတာကလည်း
အိန္ဒိယဥပဒေမှာ ပါတဲ့အတိုင်း ထည့်ထားတာပါ။ မြန်မာနိုင်ငံမှာ တည်ဆဲ တရားမကျင့်ထုံးဥပဒေ၊
ပုဒ်မ ၂ (၁၁) မှာ အဲဒီစကားရပ်နဲ့ အဓိပ္ပာယ်တူ ဖွင့်ဆိုချက်ရှိပြီး ဖြစ်ပါတယ်။
ဒီဥပဒေကြမ်းမှာ ထပ်ပြီး ထည့်ဖို့လိုမှာ မဟုတ်ပါဘူး။ အိန္ဒိယ အနုညာတ ဥပဒေမှာ ဒီစကားရပ်ကို
အဓိပ္ပာယ် ဖွင့်ဆိုရတဲ့အကြောင်းက အဲဒီ ဥပဒေ ပုဒ်မ ၁၉ (၁) မှာ "အနုညာတ ခုံရုံးသည်
၁၉၀၈ ခုနှစ်၊ တရားမ ကျင့်ထုံး ဥပဒေနှင့် ၁၈၇၂ ခုနှစ် သက်သေခံ အက်ဥပဒေတို့ကို လိုက်နာရန်
တာဝန်မရှိ" ဆိုပြီး အတိအလင်း ပြဋ္ဌာန်းထားတာကြောင့်ပါ။
မြန်မာနိုင်ငံ ဥပဒေကြမ်းမှာတော့ အဲဒီလို အတိအလင်း ပြဋ္ဌာန်းချက်မျိုးကို မတွေ့ရှိရပါဘူး။
ဥပဒေကြမ်း၊ ပုဒ်မ ၄၆ မှာ 'နောက်ဆက်တွဲ ပထမဇယား၊ ဒုတိယဇယားနှင့် တတိယဇယား'ဆိုပြီး
ဖော်ပြထားပါတယ်။
သတင်းစာမှာ ဖော်ပြတဲ့ ဥပဒေကြမ်းမှာ အဲဒီဇယားတွေ မပါရှိပေမယ့် အိန္ဒိယ ဥပဒေမှာပါတဲ့
အတိုင်း ဖော်ပြထားတာ ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် အဲဒီဇယား (၃)ခုက "New York Covention၊
Rome Protocol" နှင့် "Rome Convention" တွေ ဖြစ်မယ်ဆိုတာ အသေအချာ သိနိုင်ပါတယ်။
ဥပဒေကြမ်းမှာ အဲဒီဇယားတွေကို ထည့်ရတဲ့ အကြောင်းက ပုဒ်မ ၄၆ မှာပါရှိတဲ့ "နိုင်ငံခြား
အနုညာတဆုံးဖြတ်ချက်" ဆိုတဲ့ စကားရပ် ကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ လိုအပ်လို့ ဖြစ်တယ်လို့
ယူဆပါတယ်။ အဲဒီဇယားတွေ မပါဘဲနဲ့လည်း အဲဒီစကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုလို့ရပါတယ်။
ပိုဆိုးတာက အဲဒီ "Rome Protocol" နဲ့ "Convention" ကို ဥပဒေကြမ်းရဲ့ ဇယားတွေအဖြစ်
ပူးတွဲထားပြီးမှ အဲဒီ ကွန်ဗင်းရှင်းတွေကို နောက်ဆက်တွဲ ဇယားအဖြစ် ပူးတွဲပြဋ္ဌာန်းထားတဲ့
မြန်မာနိုင်ငံရဲ့ "The Arbitration (Protocol and Convention) Act, 1937 ကို
ရုပ်သိမ်းကြောင်း ဥပဒေကြမ်း ပုဒ်မ ၅၅ မှာ ဖော်ပြထားပြန်တော့ ဘယ်လိုပြောရမှန်းတောင်
မသိတော့ပါဘူးလို့ ပြောရမလို ဖြစ်နေပါတယ်။
ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆက်လက် ပြောစရာတွေ ရှိသေးပေမယ့် ဆောင်းပါး သိပ်ရှည်နေမှာ
ဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတော့မယ်။
ဒါပေမဲ့ စာရေးသူရဲ့ ဆောင်းပါးဆက် (၄) စောင်မှာ ထောက်ပြခဲ့တဲ့ အချက်တွေအရ
အောက်ပါအတိုင်း ထင်မြင်ချက် ပေးလိုပါတယ်။
(၁) လက်ရှိဥပဒေကြမ်းမှာ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံစွာ ပါ၀င်ပြီး ဖြစ်တယ်လို့
ယူဆပါတယ်။ ဒါပေမဲ့ မလိုအပ်တဲ့ အချက်အလက်တွေနဲ့ မရှင်းလင်းတဲ့ ဘာသာပြန်ဆိုချက်တွေ
ပါ၀င်နေတဲ့အတွက် ဥပဒေကြမ်းတစ်ခုလုံးကို အသစ်ပြန်လည် ရေးဆွဲသင့်ပါတယ်။
(၂) မြန်မာနိုင်ငံအနေနဲ့ "New York Convention" ပါ တာဝန်တွေကို ထမ်းဆောင်ဖို့ တာဝန်ရှိ
နေတဲ့အတွက် ပြီးပြည့်စုံတဲ့ ဥပဒေ တစ်ခုကို မပြဋ္ဌာန်းနိုင်သေးမီ လိုအပ်တယ်လို့ ယူဆပါက
အိန္ဒိယမှာလို "The Foreign Awards (Recognition and Enforcement) Act" သို့မဟုတ်
စင်ကာပူမှာလို "The Arbitration (Foreign Awards) Act ဆိုတာမျိုးကို ကြားကာလ
အစီအစဉ်အဖြစ် မြန်မာဘာသာနဲ့ ပြဋ္ဌာန်း ပေးသင့်တယ်လို့ ယူဆပါတယ်။
















