ဒီမိုကရေစီ တံခါးဝကို ရောက်ဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ

ဒီမိုကရေစီ တံခါးဝကို ရောက်ဖို့ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေလဲ

လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် တံခါးဝဆီ သွားနေဆဲ အနေအထား ဖြစ်ပါတယ်။ ဒီအဆင့်ကို ပညာရှင်တွေက အာဏာရှင်စနစ်ရဲ့ ဖြေလျော့မှုအဆင့်လို့ ခေါ်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ် တံခါးဝဆီ သွားနေဆဲ အနေအထား ဖြစ်ပါတယ်။
ဒီအဆင့်ကို ပညာရှင်တွေက အာဏာရှင်စနစ်ရဲ့ ဖြေလျော့မှုအဆင့်လို့ ခေါ်ကြပါတယ်။

နိုင်ငံအတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုက ဒီမိုကရေစီစနစ် တံခါးဝဆီ မရောက်သေးဘူး၊
ဒီမိုကရေစီစနစ် အမြစ်စတွယ်ဖို့ မသေခြာသေးဘူး၊ ဒီမိုကရေစီ ခရီး ခြေလှမ်းတွေ မစရသေးဘူး၊
စိန်ခေါ်မှုတွေ ရှိနေဆဲ ဆိုတာကို အတိုက်အခံတွေနဲ့ တိုင်းရင်းသားတွေ အပါအဝင် တပ်မတော်၊
သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ အဖွဲ့ဝင်တွေ ကိုယ်တိုင်ကပါ နားလည် သဘောပေါက်ကြတာပါ။

ဒီအတွက် စိန်ခေါ်မှုတွေကို ဖြေရှင်းရမယ်ဆိုတာကိုလည်း အားလုံး လက်ခံထားကြတာ
တွေ့ရပါတယ်။ ဘယ်လို စိန်ခေါ်မှုတွေ ဖြစ်မလဲ၊ ဘယ်လို ဖြေရှင်းရင်ကောင်းမလဲဆိုတာ
ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒီမိုကရေစီ တံခါးဆီ ချဉ်းကပ်ရာမှာ ကြံုနေရတဲ့ အကြီးဆုံး စိန်ခေါ်မှုကတော့ ပြည်တွင်းစစ်
ပြဿနာပါ။

၁၉၄၈ ဇန်နဝါရီ ၄ ရက်မှာ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ
လွတ်လပ်ရေး အရသာကို ၈၃ ရက်လောက်ပဲ ခံစားလိုက်ရပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မှု ကြံုရပြီး ပြည်တွင်းစစ်
စဖြစ်ပွားပါတယ်။

တစ်နှစ်ကျော်အကြာ ၁၉၄၉ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကရင်တိုင်းရင်းသားတွေ လက်နက်ကိုင်
ပုန်ကန်ပါတယ်။

၁၉၆၀ ကျော်ခုနှစ်တွေ ရောက်တဲ့အခါ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပုန်ကန်မှု မလုပ်တဲ့
တိုင်းရင်းသားရယ်လို့ လုံးဝ မရှိတော့ပါဘူး။

တိုင်းရင်းသားအားလုံးရဲ့ ပုန်ကန်တိုက်ခိုက်မှုကို ကြံုကြရပါတယ်။

ဒီမိုကရေစီ တံခါးဝဆီ သွားရာလမ်းမှာ တိုင်းပြည် တည်ငြိမ်ဖို့ လိုပါတယ်။

ပြည်တွင်းစစ်ရပ်ဆိုင်းပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ လိုပါတယ်။

ဒါပေမဲ့ ဖြစ်ချင်တော့ ဒီမိုကရေစီ စနစ်ကို သွားပါ့မယ်လို့ ကြွေးကြော်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ
တက်လာတော့မှ အပစ်ရပ်ထားတာ ၁၇ နှစ်ကြာပြီဖြစ်တဲ့ ကေအိုင်အို ကချင်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။

ပြဿနာ ဘယ်လောက် ကြီးတယ်၊ ငယ်တယ်ဆိုတာ ဒုက္ခသည် တစ်သိန်း နီးပါးလောက်
ပေါ်ပေါက်လာတာ ကြည့်ရင် သိနိုင်ပါတယ်။

တအာင်းပလောင် အဖွဲ့ ပြန်လှုပ်ရှားလာပြီး တိုက်ပွဲ ပိုကြီးထွားလာပါတယ်။

ချေမှုန်းခံလိုက်ရတဲ့ ကိုးကန့်တပ်ဖွဲ့ တစ်ကျော့ ပြန်ပေါ်လာပြီး တိုက်ပွဲထဲ ပါ၀င်လာပြန်ပါတယ်။

အခု လက်ရှိ အစိုးရဟာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေရပါတယ်။

နှစ််ပေါင်း ၆၀ ကျော် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ပြဿနာ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီခရီးလမ်း
လျှောက်လှမ်းနိုင်မှာဖြစ်ပြီး ဒါဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေပါတယ်။

ဒုတိယအကြီးဆုံး စိန်ခေါ်မှု ပြဿနာကတော့ ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး ဘာသာရေး
ဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပါတယ်။

ပြည်သူတွေ မထင်မှတ်ဘဲ ပေါ်လာတဲ့ အဲဒီအကြမ်းဖက်မှုကြီးကနေ လူပေါင်း ရာချီသေ၊ နေအိမ်
ထောင်နဲ့ချီ ဖျက်ဆီးခံရ၊ လူပေါင်း တစ်သိန်းကျော် ဒုက္ခသည်စခန်းရောက်ရသည်အထိ ကြီးမားပြီး
ဒီကနေ့ထက်တိုင် နိုင်ငံတကာ မိသားစုက အာရုံစိုက်ရတဲ့ ပြဿနာ ဖြစ်နေဆဲပါ။

ဒီ ပြဿနာ မြန်မာပြည်မက မိတ္တီလာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်
လားရှိုး၊ မန္တလေးမြို့တွေ အထိ ပျံ့နှံ့သွားခဲ့ရုံမက အခြား မြို့နယ်၊ ကျေးရွာ အတော်များများမှာလည်း
အမုန်းတရားပျံ့နှံ့တာ၊ ပဋိပက္ခဖြစ်လုနီး အခြေအနေ ကြံုရတာတွေ ဖြစ်ပျက်ခဲ့ပါတယ်။

ဒီပြဿနာဟာလည်း ဒီမိုကရေစီ စနစ်ဆီ သွားရာလမ်းမှာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု
ဖြစ်ပါတယ်။

ဒါကို ဖြေရှင်းဖို့ အဓိက တာဝန်ရှိတဲ့ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက လျစ်လျူရှုထားတာကြောင့်
လည်း စိုးရိမ်စရာ အခြေအနေတွေ ဆက်ဖြစ်ပေါ်နေပြီး ဒီမိုကရေစီ ဖော်ဆောင်ရေးကို မသေချာ
မရေရာ ဖြစ်စေပါတယ်။

နောက်ထပ် အရေးကြီးတဲ့ စိန်ခေါ်မှုက အရပ်ဝတ် ၀တ်ထားရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့
အာဏာဆက်ပြီး ရယူလိုမှုဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး တပ်မတော်ဟာ အသွင်သုံးမျိုးနဲ့ အုပ်စု သုံးစုခွဲလိုက်ပါတယ်။

အဓိက ငယ်ရွယ်တဲ့ မျိုးဆက်သစ် အင်အားစုက ယူနီဖောင်းဝတ်ပြီး တပ်မတော်တာဝန်
ဆက်ယူထားပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း တချို့ အစိုးရတာဝန်နဲ့ တချို့ကတော့ လွှတ်တော်ကို တာဝန်ယူပြီး
ပြည်ခိုင်ဖြိုးပါတီကို ရှင်သန်အောင် လုပ်ကိုင်ကြပါတယ်။

သိပ်မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက် ပွဲဖြစ်ခဲ့ရင် အဲဒီ စစ်ဗိုလ်ချုပ်ဟောင်းတွေ အရှုံးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ၂၀၁၂
ကြားဖြတ် ရွေးကောက်ပွဲနဲ့ အခြေအနေအရပ်ရပ်က ညွှန်ပြခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဒါကို နားလည် သဘောပေါက်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ လွှတ်တော်ကို ချုပ်ကိုင်ထား
ခွင့်ရတဲ့ အနေအထားကို အသုံးပြုပြီး အာဏာကို လက်မလွှတ်ရရေး၊ လာမယ့် ရွေးကောက်ပွဲ
တွေမှာ အချိုးကျ ကိုယ်စားပြုစနစ်ခေါ် PR စနစ် ကျင့်သုံးရေး၊ ကြိုးစားလာကြပါတယ်။

ဒါကို တိုင်းရင်းသားတွေ၊ အတိုက်အခံနဲ့ ပြည်သူတွေက ခါးခါးသီးသီး လက်မခံတော့
ထိပ်တိုက်တိုးမှုသဖွယ် ဖြစ်လာစေပါတယ်။

ဒါဟာလည်း ဒီမိုကရေစီ တံခါးဝဆီ သွားရာ လမ်းက စိန်ခေါ်မှုတစ်ခု ဖြစ်လာစေပါတယ်။

နောက်ထပ် စတုတ္ထစိန်ခေါ်မှုက အစိုးရဟာ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တရားရေးဌာနကို အသုံးပြုပြီး
လွတ်လပ်ခွင့်ရလာတာ သိပ်မကြာသေးတဲ့ စာနယ်ဇင်းလောကကို ဖိနှိပ်ဖို့ လုပ်လာတာပဲ
ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုရင် မီဒီယာ လွတ်လပ်ခွင့် ပေးရမယ်ဆိုတာ ဘယ်သူမှ
မငြင်းကြပါဘူး။

ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာ အစိုးရဟာ အစွမ်းထက်တဲ့ ရုပ်သံနဲ့ ရေဒီယို မီဒီယာကို အပြည့်အဝ
ချုပ်ကိုင်ထားဆဲဖြစ်ပြီး စာနယ်ဇင်းကိုပဲ လွတ်လပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရလာတဲ့အခါ စာနယ်ဇင်းတွေဟာ ပြည်သူတွေကို
သတင်းမှန်ပေးတာ၊ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နဲ့ အဖွဲ့အစည်း အသီးသီးကို ဝေဖန်
ထိန်းကျောင်းမှုတွေ လုပ်လာနိုင်ကြပါတယ်။

ဒါကို အာဏာရ အစိုးရက လက်ခံချင်ပုံ မရပါဘူး။ ဒီအတွက် စာနယ်ဇင်းတွေကို ရေးသားမှု
အပေါ်မှာတင်မက အခြားသော ပုဒ်မတွေနဲ့ အရေးယူတာ လုပ်ပြခဲ့ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

နောက်ဆုံး ပြဿနာ တစ်ခုမှာ ယူနတီဂျာနယ် တာဝန်ရှိသူနဲ့ သတင်းထောက် လေးယောက်ကို
ထောင် ၁၀ နှစ်စီ ချမှတ်လိုက်တဲ့ ကိစ္စကတော့ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ ပြဿနာ
တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ရှိ ရလာခါစ စာနယ်ဇင်းလွတ် လပ်ခွင့်လေးလောက်ကိုတောင် ဖိနှိပ်ပြနေတာဟာ ဒီမိုကရေစီ
တံခါးဝဆီသွားဖို့ ခရီးလမ်းမှာကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်စေပါတယ်။

အလားတူ အစိုးရဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းတာ၊ ပညာရေးစနစ် ပြန်တည်ဆောက်ဖို့
မစတင်နိုင်သေးတာ စတဲ့ စိန်ခေါ်မှုပေါင်းများစွာ ရှိနေသေးပေမယ့် စောစောက တင်ပြခဲ့တဲ့
စိန်ခေါ်မှု လေးမျိုးကတော့ အဓိကကျတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။

ဒီ စိန်ခေါ်မှုတွေ ဖြေရှင်းပေးနိုင်မယ့် အဓိက တာဝန်ရှိသူတွေဟာ တပ်မတော်နဲ့ စစ်ဗိုလ်ချုပ်ဟောင်း
တွေပဲဖြစ်ပြီး အတိုက်အခံတွေ၊ တိုင်းရင်းသားတွေကတော့ ကူညီဖြေရှင်းပေးကြရမှာ ဖြစ်ပါတယ်။

ဒီ စိန်ခေါ်မှုတွေကို ဖြေရှင်းမပေးနိုင်ရင် ဒီမိုကရေစီ စနစ် အသက်ဝင်လာဖို့ ဝေးလို့ တံခါးဝကို
ရောက်ဖို့တောင် မသေချာသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021