အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာပြည်လာပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့တဲ့အခါ
မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အမေရိကန်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ပြောသွားပါတယ်။
အဲဒီအထဲမှာ ယူနတီဂျာနယ် သတင်းထောက်တွေကို ထောင် ၁၀ နှစ်စီ ချလိုက်တဲ့ကိစ္စ အပါအဝင်
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ သတင်း မီဒီယာအပေါ် ဖိနှိပ်နေမှုကိစ္စတွေလည်း ပါ၀င်ခဲ့ပါတယ်။
ပြည်ထဲရေးနဲ့ အစိုးရဘက်က သတင်းမီဒီယာတွေအပေါ် ဘယ်လိုဖိနှိပ်နေတယ်ဆိုတာနဲ့
ပတ်သက်ပြီး ပြည်တွင်းမှာရော၊ ပြည်ပမှာပါ ရေးကြ၊ သားကြ ဖော်ပြကြတာမို့
သိပ်အဆန်းတကြယ် မဟုတ်တော့ပါဘူး။
ဒါပေမဲ့ မြန်မာ့သတင်းမီဒီယာလောက ဆိုတာကလည်း ချောက်ပစ်ကင်း သဲလဲစင်တော့
မဟုတ်ပါဘူး။ မီဒီယာဘက်ကလည်း အမှားတွေ အများကြီး ရှိနေပါတယ်။
ဒါ့ပြင် မီဒီယာသမားတွေဘက်က မှားနေတဲ့ကိစ္စ၊ မီဒီယာတွေကိုယ်တိုင် ပြန်ဖော်ပြတာမျိုးကလည်း
ဒီနိုင်ငံမှာ အလွန်ရှားပါတယ်။
မီဒီယာသမား ဘာတွေမှားနေသလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
မျက်မှောက်ခေတ် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုလို့ ပြောဆိုလိုက်ရင် ကယားပြည်နယ်
လွိုင်ကော်က အလဲဗင်း သတင်းထောက် မခိုင် ထောင်သုံးလ ကျသွားတဲ့ကိစ္စ၊ မကွေးတိုင်းက
ဒီဗီဘီ ရုပ်သံ သတင်းထောက် ကိုဇော်ဖေနဲ့ မိတ်ဆွေတစ်ယောက်ကို ထောင် တစ်နှစ်နဲ့
ချလိုက်တဲ့ကိစ္စ (နောက်ပိုင်း အယူခံတက် ထောင် သုံးလ ပြင်ဆင်၊ လွတ်မြောက်ခဲ့ပြီး)၊
ယူနတီသတင်းဂျာနယ် စီအီးအိုနဲ့ သတင်းထောက်တွေကို ထောင် ၁၀ နှစ် ချလိုက်တဲ့ကိစ္စ၊
သတင်းမီဒီယာသမားတွေကို အက်စ်ဘီ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့က ဥပဒေအရ မဟုတ်ဘဲ
ခေါ်ယူစစ်မေးတဲ့ကိစ္စ၊ ဘိုင်မွန်းတည့်နေ ဂျာနယ်သတင်းထောက်၊ အယ်ဒီတာနဲ့ ထုတ်ဝေသူတွေကို
ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကိစ္စတွေကို တန်းစီပြီး ပြောလေ့ရှိကြပါတယ်။
တစ်ခုချင်းစီကို လေ့လာကြည့်ကြရအောင်ပါ။
အလဲဗင်း သတင်းထောက် မခိုင် ကိစ္စဆိုရင် အမှုဖြစ်နေသူ တစ်ယောက်နဲ့အတူ ရှေ့နေ
တစ်ယောက် အိမ်ကိုသွားပါတယ်။
အဲဒီမှာ ရှေ့နေက ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲပြီး သက်ဆိုင်ရာ တရားရုံးက ထောင်ဒဏ် သုံးလ
ချမှတ်လိုက်တာကို ခံရပါတယ်။
ပြောရရင် မခိုင်ဟာ အစိုးရ ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် အာဏာပိုင်အဖွဲ့အစည်း တစ်ခုခုနဲ့
ပြဿနာဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ရှေ့နေဆိုတဲ့ သာမန်ပြည်သူနဲ့ ပြဿနာ ဖြစ်ခဲ့တာပါ။
ဒါကို သတင်းထောက် သတင်းသွားယူတာကို ဖမ်းရမလား၊ ထောင်ချရမလားဆိုပြီး
သူ့သက်ဆိုင်ရာ သတင်းဌာနက ကြွေးကြော်လှုံ့ဆော်ခဲ့ပြီးနောက် ပြည်ပ စာနယ်ဇင်းအဖွဲ့အစည်း
တချို့ရဲ့ ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
နောက်ပိုင်း ဂျာနယ်လစ်တချို့က လမ်းလျှောက် ဆန္ဒပြတာမျိုးအထိ ဖြစ်ခဲ့ပါတယ်။
တကယ်ဆန်းစစ်ရင် မခိုင် သတင်းသွားယူတယ်ဆိုတာ ရိုးရှင်းမှု မရှိပါဘူး။ ပြဿနာဖြစ်တာ
ဘယ်အစိုးရ၊ စစ်တပ်အာဏာပိုင် တစ်ခုနဲ့မှ မပတ်သက်ဘဲ မီဒီယာဖိနှိပ်မှုအဖြစ် မှားယွင်း
ပုံဖော်ခဲ့ကြတာပါ။
နောက်ပြဿနာ တစ်ခုကတော့ ဒီဗီဘီ သတင်းထောက် ကိုဇော်ဖေ ကိစ္စ ဖြစ်ပါတယ်။ သူကတော့
ပညာရေးဌာန တာဝန်ရှိသူ တစ်ယောက်နဲ့ ပြဿနာ တက်တာပါ။ ဒါပေမဲ့ သူဟာလည်း
ပညာရေးမှူးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ကျောင်းသားမိဘ တစ်ယောက်နဲ့ အတူတူ
အဲဒီပြဿနာအတွက် ပညာရေးမှူးရုံးကို လိုက်သွားခဲ့တာပါ။
သတင်းသွားယူပုံ ရိုးရိုးရှင်းရှင်း မဟုတ်ပါဘူး။ နောက်ပိုင်း တရားစွဲခံရတဲ့အခါ၊ ထောင်ချလိုက်တဲ့
အခါ မီဒီယာကို ဖိနှိပ်မှုအဖြစ် ပုံဖော်ကြပြန်ပါတယ်။
တကယ်တော့ မကွေးတိုင်းမှာ ကိုဇော်ဖေ ခုလို ပြုမူခံရတာဟာ မီဒီယာမို့လို့ ရွေးချယ် ဖိနှိပ်တယ်
ဆိုတာမျိုးထက် ဘယ်သူ့ကိုမဆို အာဏာပိုင်တွေက နှိပ်ကွပ်တယ်ဆိုတဲ့ သဘောပေါ်လွင်ပါတယ်။
အဲဒီထဲမှာ ပြည်သူတွေနဲ့အတူ မီဒီယာက တနွယ်ငင် တစင်ပါ ဖြစ်သွားရတာမျိုးပါ။
နောက်ထပ် ပြဿနာကြီးတစ်ခုက ယူနတီ ဂျာနယ်ကိစ္စပါ။
ယူနတီ ဂျာနယ်ပါ ရေးသားဖော်ပြချက်တွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ မကိုက်ညီရုံမက
အတော်ဆိုးရွားတဲ့ ရေးသားဖော်ပြမှုလို့ ပြောနိုင်ပါတယ်။
အစိုးရ ဒါမှမဟုတ် သက်ဆိုင်ရာက အရေးယူကို ယူသင့်တဲ့ ရေးသားဖော်ပြမှုမျိုးပါ။
ဒါပေမဲ့ အခု နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲပြီး ထောင် ၁၀ နှစ်ချလိုက်တာမျိုးကတော့
လက်သင့်ခံနိုင်ဖွယ်ရာ မရှိပါဘူး။
မီဒီယာ အပေါ် ဖိနှိပ်မှုလို့ ရှင်းရှင်းလင်းလင်း ပြောနိုင်ပါတယ်။ သတင်းမီဒီယာသမားတွေကို
အက်စ်ဘီလို့ ခေါ်တဲ့ သတင်းရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ မဟုတ်ဘဲ ခေါ်ယူစစ်ဆေးခဲ့တဲ့ကိစ္စ
ဆိုရင် မီဒီယာ အပေါ် ဖိနှိပ်မှုဖြစ်ပါတယ်။
အဲဒီကိစ္စတွေ ကိုင်တွယ်ရတဲ့ အက်စ်ဘီ တာဝန်ရှိသူ တစ်ယောက်ကဆိုရင် မီဒီယာတွေ သူတို့ကို
ကြောက်သွားအောင် လုပ်တာ၊ တချို့ ကြောက်လို့ ထွက်ပြေးသွားသူတွေတောင်ရှိတယ်၊
သူတို့လုပ်ရပ် အောင်မြင်တယ်ဆိုတာမျိုးအထိ ပြောခဲ့ပါတယ်။ အတော်ဆိုးတဲ့ ကိစ္စပါ။
လက်ရှိ သတင်းမီဒီယာသမားတွေ ပြဿနာ ဖြစ်ရတာမှာ ဥပဒေနားမလည်မှု၊ စာနယ်ဇင်းကျင့်ဝတ်
မသိမှု၊ သက်ဆိုင်ရာ သတင်းဌာနတွေရဲ့ သွေးထိုးမြှောက်ပေးမှု၊ တစ်ခါတရံ ဆိုးကျိုးဖြစ်စေတဲ့
နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အားပေးကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒီအထဲမှာ ဥပဒေနားမလည်မှု နဲ့ စာနယ်ဇင်းကျင့်ဝတ် မသိမှု ကိစ္စတွေကတော့ ရှင်းလင်းပါတယ်။
တစ်ခါတစ်ရံ ဆိုးကျိုးဖြစ်စေတဲ့ နိုင်ငံတကာ မိသားစုရဲ့ အားပေးမှု၊ ကူညီမှုတွေအကြောင်း
ရှင်းဖို့လိုပါလိမ့်မယ်။
မြန်မာနိုင်ငံထဲမှာ သတင်းသမားတစ်ယောက်ယောက် အာဏာပိုင်တွေရဲ့ အရေးယူခံရပြီဆိုတာနဲ့
နိုင်ငံတကာ မိသားစုတွေက ၀ိုင်းဝန်း ပြစ်တင် ပြောဆိုပေးလေ့ရှိကြပါတယ်။
လွှတ်ပေးဖို့ အရေးဆိုပေးကြပါတယ်။ ဒါတင်မက ငွေကြေးနဲ့ ရုပ်ဝတ္တု အကူအညီပေးတာတွေ
ကိုလည်း လုပ်ကြပါတယ်။
ဆိုးရွား ရက်စက်လွန်းတဲ့ အာဏာရှင်စနစ်အောက်မှာ အဲဒါတွေဟာ အလွန်အဖိုးတန်တဲ့
အကူအညီ ဖြစ်စေခဲ့ပါတယ်။
နမူနာအားဖြင့် မကွေးက ဒီဗွီဘီ သတင်းထောက် ကိုဇော်ဖေ အမှုရင်ဆိုင်နေရချိန် နိုင်ငံတကာ
မိသားစုတွေဆီကနေ ကျပ်ငွေ သိန်းဆယ်ဂဏန်း တချို့ အကူအညီရခဲ့ပါတယ်။
ဒါဟာ လျှို့ဝှက်ထားဖို့လည်း မလိုပါဘူး။ (မှတ်ချက် ကိုဇော်ဖေ ကတော့ ရိုးသားသူ လူကောင်းပါ)။
ယူနတီဂျာနယ်က လုပ်သက် သုံး၊ လေးလ လောက်တောင် မပြည့်တဲ့ လူငယ်တစ်ယောက်ကို
ဆုပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုက စဉ်းစားခဲ့ပါသေးတယ်။
ဒါပေမဲ့ နောက်ပိုင်း လွတ်လပ်ပွင့်လင်းစပြုလာတဲ့ ကာလတွေမှာတော့ အဲဒါတွေဟာ
တစ်ခါတစ်ရံမှာ သတင်းထောက်တွေကို ဘာကိုမှ ထီမထင်တဲ့ ဘာကိုမှ ဂရုမစိုက်တဲ့
သွေးနထင်ရောက်သူတွေ ဖြစ်သွားစေတာ၊ ဘာလုပ်လုပ် ဂရုစိုက်စရာ မလိုဘူး၊ ငါ့ကိုဖမ်းတာနဲ့
ဂျာနယ်လစ်တွေ ၀ိုင်းအော်ပေးလိမ့်မယ်၊ နိုင်ငံတကာက ၀ိုင်းအော်ပေးလိမ့်မယ်၊
သူရဲကောင်းဖြစ်မယ်၊ ငွေကြေးထောက်ပံ့မှု ရမယ်ဆိုတဲ့အထိ အခြေအနေ ဆိုက်သွားစေပါတယ်။
တကယ်လည်း ထောင်ကျဖူးတဲ့ မီဒီယာသမားတချို့ အပြင်ပြန်ရောက်လာ၊ သတင်းပညာ
ဘာမှမတတ်ပဲ ထောင်လွှားထောင်လွှား ဖြစ်သူတွေဖြစ်၊ ထောင်ကျဖူးတာနဲ့တင် သတင်းစာဆရာ
တွေကို ပြန်သင်တဲ့ သင်တန်းဆရာ လုပ်ကိုင်နေတာတွေတောင် ရှိလာနေပါပြီ။
တစ်ချို့ မီဒီယာတွေကျတော့လည်း စာနယ်ဇင်းကျင့်ဝတ်ကို ကောင်းကောင်းကြီး ချိုးဖေါက်၊
မီဒီယာကို နိုင်ငံရေး ဂိုဏ်းဂဏ တိုက်ပွဲအတွက် ကောင်းကောင်းအသုံးချ၊ တစ်ဖက်က ဥပဒေအရ
အရေးယူဖို့ ပြင်ဆင်လာတာနဲ့ မီဒီယာကို ဖိနှိပ်ပါတယ်ဆိုပြီး အော်ဖို့ ပြင်ထားကြပါတယ်။
အဲဒါတွေကြောင့်လည်း မပေါ်သင့်တဲ့ ပြဿနာတွေ ပေါ်ရတာဖြစ်ပါတယ်။
ကြားထဲမှာ တန်ဆာခံ ဖြစ်ရတာက စတုတ္ထမဏ္ဍိုင်ကို ပီပီပြင်ပြင် တာဝန်ယူမယ်ဆိုတဲ့ ရိုးသားတဲ့
လူငယ် သတင်းထောက်တွေ အယ်ဒီတာတွေပါ။
ဘယ်ဟာက မီဒီယာအပေါ် ဖိနှိပ်တာလဲ၊ ဘယ်ဟာတွေက ပုဂ္ဂိုလ်ရေးပြဿနာလဲ၊
ဘယ်ဟာတွေက မီဒီယာတွေကို နိုင်ငံရေးအတွက် အသုံးချရင်း ပြဿနာ ပေါ်တာလဲ စသဖြင့်
မစဉ်းစားနိုင်ဘဲ လမ်းပေါ်ထွက် ဆန္ဒပြမိကြတာမျိုးတွေပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလောကထဲမှာ မီဒီယာကို စတုတ္ထမဏ္ဍိုင် ပီသစေချင်သူတွေကတော့
တကယ့်ကို ကြိုးစားနေကြပါတယ်။
ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေကိုလည်း မြင်တွေ့နေ ရပါတယ်။
အစိုးရနဲ့ အာဏာပိုင်ဘက်ကလည်း မီဒီယာကို ကန့်သတ် ဖိနှိပ်ဖို့ ကြိုးစားနေတာကလည်း
ငြင်းမရတဲ့ အချက်တွေ ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သတင်းမီဒီယာသမားတွေ ဘက်မှာလည်း အားနည်းချို့ယွင်းချက်တွေ
အမှန်တကယ် ရှိနေပါတယ်။
ဒါကြောင့် မီဒီယာကို ဖိနှိပ်နေပါတယ်၊ ဖိနှိပ်နေပါတယ် အော်နေရုံနဲ့ မပြီး၊ ပြည်ပက လာမယ့်
ထောက်ပံ့ကြေးတွေကို မျှော်နေရုံနဲ့ မပြီးပဲ ကိုယ့်လောက ကိုယ်ပြုပြင်သွားမှသာ ပြည်သူတွေ
တကယ်လေးစားရတဲ့ စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင် ဖြစ်လာမှာ ဖြစ်ပါတယ်။
















