ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ သူ့ရဲ့ မိုဘိုင်းဖုန်း ကွန်ရက်ကို မြန်မာပြည်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ သူ့ရဲ့ မိုဘိုင်းဖုန်း
ကွန်ရက်ကို မြန်မာပြည်မှာ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒါဟာ မြန်မာ့ ဆက်သွယ်ရေးသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူလိုက်တာလည်းဖြစ်ပြီး
ဆက်သွယ်ရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အစိုးရ ၀န်ကြီး ဌာနတစ်ခုတည်းက နှစ်ပေါင်းများစွာ
တစ်ဦးတည်း လက်ဝါးကြီးအုပ် ခြယ်လှယ်နေတာကိုလည်း နိဂုံးချုပ်သွားစေပါတယ်။
သိပ်မကြာခင် နော်ဝေအခြေစိုက် တယ်လီနော ကုမ္ပဏီဟာလည်း မိုဘိုင်းဖုန်းဝန်ဆောင်မှု
ဈေးကွက်ထဲ ၀င်ရောက်လာပါဦးမယ်။
ခုလို ဈေးကွက် အပြိုင်အဆိုင်ဖြစ်လာတဲ့ ဒီကနေ့ အခြေအနေမှာ ပြည်သူတွေရဲ့ ဆက်သွယ်ရေး
ဆိုင်ရာ လိုအပ်ချက်ဆန္ဒတွေ ပြည့်ဝပါပြီလား၊ ပြည်သူတွေ ဘာလိုချင်နေကြသလဲ၊ ဆက်သွယ်ရေး
အော်ပရေတာတွေကရော ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ၊ ဘာအခက်အခဲတွေများ
ကြံုနေရသလဲ၊ ဒီပြဿနာတွေ ဘယ်အချိန်မှာများ ပြေလည်သွားနိုင်မလဲဆိုတာ
ဆွေးနွေးတင်ပြသွားပါ့မယ်။
မိုဘိုင်းဖုန်း ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ခြံုငုံသုံးသပ်ကြည့်ရင်
ပထမဦးဆုံး ဆင်းကတ်ကို ဈေးပေါပေါနဲ့ အလွယ်တကူ ၀ယ်ယူရရှိချင်ပါတယ်။
တယ်လီဖုန်း ပြောဆိုခဈေးနှုန်း ချိုသာချင်ပါတယ်။ ဘယ်ကွန်ရက်နဲ့မဆို ဆက်သွယ်လို့
ရချင်ပါတယ်။ ကိုယ့်တယ်လီဖုန်းကို ဘယ်နေရာသွားသွား သယ်ဆောင် အသုံးပြုချင်ပါတယ်။
တယ်လီဖုန်းကနေ အင်တာနက်လိုင်း အသုံးပြုပြီး ဘက်စုံအသုံးပြုချင်ကြပါတယ်။
ဒါတွေက ပြည်သူတွေရဲ့ လိုအပ်ချက်ပါ။ ဒီလိုအပ်ချက်တွေနဲ့ ပတ်သက်ရင် မြန်မာ့ဆက်သွယ်ရေး
က အပြည့်အဝ စွမ်းဆောင်ပေးနိုင်ခြင်း မရှိခဲ့ဘူး၊ ခုချိန်ထိလည်း မရှိသေးဘူး ဆိုတာ
ပြည်သူအားလုံး သိကြပါတယ်။
ပြည်တွင်းမှာ မြန်မာ့ဆက်သွယ်ရေးရဲ့ မိုဘိုင်းဖုန်းအလုံး ကိုးသန်းနီးပါး အသုံးပြုနေကြပြီး လူဦးရေရဲ့
၁၅ ရာခိုင်နှုန်းလောက်ပဲ ဖုန်း အသုံးပြုနိုင်ကြပါသေးတယ်။
ဒါပေမဲ့ အားနည်းချက်တစ်ခုက အဲဒီ ၁၅ ရာခိုင်နှုန်းသော ဖုန်းတွေတောင် စနစ်တစ်မျိုးတည်း
မဟုတ်ကြပါဘူး။
ဂျီအက်စ်အမ် စနစ်နှစ်ခု၊ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ်၊ စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်၊ မြန်မာ့စီးပွားရေး
ကော်ပိုရေးရှင်းက သီးသန့်ကွန်ရက် လုပ်ထားတဲ့ စီဒီအမ်အေ ၈၀၀ မဂ္ဂါဟတ် အပါအဝင် စုစုပေါင်း
စနစ် ခြောက်မျိုးမက ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ အတိတ်ကာလကတော့ အပြိုင်အဆိုင်မရှိတဲ့အတွက် ပြည်သူတွေဟာ
မြန်မာ့ဆက်သွယ်ရေးက မိုဘိုင်းဖုန်းဆင်းကတ်တွေကိုပဲ အသုံးပြုခဲ့ကြရပါတယ်။
ခုဆိုရင် အော်ရီဒူးကုမ္ပဏီက မိုဘိုင်းဖုန်း ဆင်းကတ်တွေ စပြီးရောင်းချနေပါပြီ။
ဒါပေမဲ့ အဓိက ပြဿနာတစ်ခုက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တွေမှာတောင် အော်ရီဒူး
ဖုန်းတွေ လိုင်းကောင်းကောင်း မမိတာပါ။
ဒီ အချက်ဟာ လက်ရှိ အော်ရီဒူးဖုန်း စသုံးစွဲနေတဲ့ ပြည်သူတွေကို စိတ်ပျက်စေပါတယ်။
ပြဿနာရဲ့ အရင်းခံ အကြောင်းတရားကတော့ ရှင်းပါတယ်။ အော်ရီဒူးကုမ္ပဏီဟာ ဆင်းကတ်တွေ
စပြီးရောင်းချရတဲ့ အချိန်ရောက်လာသည်အထိ သူ့ရဲ့ မိုဘိုင်းဖုန်း နက်ဝပ်ကို လိုအပ်သလောက်
တည်ဆောက်လို့ မပြီးတဲ့ ပြဿနာပါ။ လွယ်လွယ်ပြောရရင် တာဝါတိုင်တွေကို လိုအပ်သလောက်
တည်ဆောက်လို့ မပြီးသေးတာပါ။
ဒါနဲ့ပတ်သက်ပြီး တာဝါတိုင် တည်ဆောက်ရာမှာ ကူညီ ၀န်ဆောင်မှု ပေးနေသူ တစ်ယောက်နဲ့
အော်ရီဒူးကုမ္ပဏီ တာဝန်ရှိသူတစ်ယောက် ပြောပြချက်အရ အခက်အခဲတွေ အများကြီး
ကြံုတွေ့ရတယ်လို့ ဆိုပါတယ်။
မြေပြင်မှာ တာဝါတိုင်တွေ တည်ဆောက်တဲ့အခါ မြန်မာနိုင်ငံရဲ့ မြေအသုံးချမှု ဥပဒေက ကုမ္ပဏီကို
အခက်အခဲ ဖြစ်စေပါတယ်။
ဥပဒေမှာ မြေကို ၁၀ မျိုး မက ခွဲခြားထားတာ၊ မြေတစ်မျိုးမျိုးနဲ့ ပတ်သက်ရင် ၀န်ကြီးဌာနတစ်ခု
မကနဲ့ ပတ်သက်ဆက်စပ် ခွင့်ပြုချက် တောင်းခံရတာ စတဲ့ ပြဿနာတွေ အများကြီးကြံုရတယ်လို့
ရှင်းပြကြပါတယ်။
ဒီအတွက် ကုမ္ပဏီတာဝန်ရှိသူတွေဟာ နိုင်ငံတော်သမ္မတဆီ အသနားခံ တင်ပြ၊ အကူအညီ
တောင်းရလောက်သည်အထိ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အောက်ခြေ အစိုးရဝန်ထမ်းတွေရဲ့ ပြဿနာကြောင့် ဒီကိစ္စ လွယ်လွယ်ပြေလည်
မသွားပါဘူး။
လက်ရှိ ရန်ကုန်မှာ ကြံုရတဲ့ ပြဿနာကတော့ တစ်မျိုးပါ။ တချို့ တာဝါတိုင်တွေကို
အဆောက်အအုံတွေပေါ် တင်ရ၊ တည်ဆောက် ရပါတယ်။ ဒီအခါ ရင်ဆိုင်တိုးရတာက စည်ပင်က
အင်ဂျင်နီယာတွေကိုပါ။
တာဝါတိုင် ဆောက်မယ်ဆိုရင် မြေပိုင်ရှင်ရဲ့ ထောက်ခံချက် တင်ပြပါ၊ အဆောက်အအုံက
ခံနိုင်ရည် ရှိမရှိ လေ့လာစမ်းသပ် တိုင်းထွာမှုလုပ်ပါ၊ အဆောက်အအုံ တစ်ခုခုဖြစ်ရင်
တာဝန်ယူရမယ် စသဖြင့် အများအပြား တောင်းဆိုပါတယ်။
ဒီနေရာမှာ အဆောက်အအုံ ခံနိုင်ရည် ရှိမရှိ လေ့လာစမ်းသပ် တိုင်းထွာဖို့ အဆောက်အအုံရဲ့ Blue
Print လိုလာပါတယ်။ ဒီ Blue Print ဟာ နဂိုမူလ ဆောက်လုပ်တဲ့ မြေပိုင်ရှင် ဒါမှမဟုတ်
အင်ဂျင်နီယာနဲ့ စည်ပင်ဌာနတွေမှာ ရှိပါတယ်။
အဆောက်အအုံ တချို့ဟာ ဆောက်လုပ်ပြီးတာ ကြာပြီဖြစ်တဲ့အတွက် Blue Print ကို မြေရှင်နဲ့
အင်ဂျင်နီယာဆီမှာ ရှာဖို့ မလွယ်ကူပါဘူး။
ဒီအတွက် တာဝါတိုင် ဆောက်မယ့်သူတွေဟာ စည်ပင်ကပဲ ပြန်တောင်းယူရပါတယ်။
စည်ပင်ဘက်က အဖြေကတော့ ရှင်းပါတယ်။ သူတို့ဆီမှာ အဆောက်အအုံ အချက်အလက်တွေကို
ကွန်ပျူတာနဲ့ သိမ်းတာ သိပ်မကြာသေးဘူး။ အရင်ကဟာတွေဆို စာရွက်တွေနဲ့၊ ဒါကြောင့်
Blue Print တွေကို ရှာပေးဖို့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။
စည်ပင်ဘက်က တုံ့ပြန်မှုဟာ အဆောက်အအုံပေါ်မှာ တာဝါတိုင်ဆောက်မယ့် လုပ်ငန်းတွေကို
ရပ်တန့် ဒါမှမဟုတ် နှောင့်နှေးသွားစေပါတယ်။
ပြောရရင် အော်ရီဒူးကုမ္ပဏီဟာ မြန်မာဗျူရိုကရေစီယန္တရားရဲ့ ပြဿနာရှာ စိန်ခေါ်တာကို ခံနေရတာ
တွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ် သုံးစွဲသူ ပြည်သူတွေကြားမှာတော့ လိုင်းမမိတဲ့ ပြဿနာဟာ အကြီးအကျယ်
ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။
နောက် ဝေဖန်ခံရတာက အင်တာနက် အသုံးပြုခဈေးနှုန်းပါ။
အင်တာနက် အသုံးပြုရ လွယ်တယ်၊ မြန်မာ့ဆက်သွယ်ရေးထက် ပိုမြန်တယ်ဆိုပေမယ့်
ဈေးကြီးနေသေးတယ် ဆိုတဲ့ ဝေဖန်မှုပါ။
ဒါကလည်း အင်တာနက် Bandwidth ကို မြန်မာ့ဆက်သွယ်ရေးက ၀ယ်ပြီး အသုံးပြုရတာကြောင့်
ဖြစ်နိုင်ပါတယ်။
အားလုံးကို ခြံုငုံသုံးသပ်ကြည့်ရင် အော်ရီဒူး၊ တယ်လီနောကုမ္ပဏီတွေ ၀န်ဆောင်မှု ပေးလာတဲ့
တိုင် ပြည်သူတွေရဲ့ မိုဘိုင်းဖုန်း ဆက်သွယ်ရေးဆိုင်ရာ လိုအပ်ချက် ပြည့်ဝဦးမှာ မဟုတ်ပါဘူး။
အထူးသဖြင့် မိုဘိုင်းဖုန်း တစ်လုံးကို ကိုင်ပြီး မြန်မာပြည် အနှံ့သွားရောက် ဆက်သွယ်
ပြောဆိုနိုင်တဲ့ အနေအထားရောက်ဖို့ လိုနေပါဦးမယ်။ နောင် ၂၀၁၅ အကုန် ၀န်းကျင်မှာ
စနစ်တစ်မျိုးကိုပဲ အသုံးပြုတဲ့ ဆက်သွယ်ရေး အော်ပရေတာ တစ်ခုခုက နိုင်ငံအနှံ့ လွှမ်းခြံုတဲ့
နက်ဝပ် တည်ဆောက်နိုင်ချိန်ရောက်မှသာ ပြည်သူတွေအနေနဲ့ မိုဘိုင်းဖုန်း အသုံးပြုမှု
အဆင်ပြေလာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
















