"ဆရာ၊ ကျွန်တော် လာလို့ရပြီလား၊ ဆရာလည်း နေကောင်းတယ် မဟုတ်လား" "ဥပဒေကြမ်း နှစ်ခုနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ဆက်တိုက်ရေးခဲ့လို့ အသက်အရွယ်အရ၊ နည်းနည်းတော့ 'ပန်း' သွားတာပေါ့ကွာ" အခု စာဖတ်ပြီး အနားယူနေတယ်လေ၊ ဘာပြဿနာ တွေ့ပြန်ပြီလဲကွ"
"ဆရာ၊ ကျွန်တော် လာလို့ရပြီလား၊ ဆရာလည်း နေကောင်းတယ် မဟုတ်လား"
"ဥပဒေကြမ်း နှစ်ခုနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ ဆက်တိုက်ရေးခဲ့လို့ အသက်အရွယ်အရ၊
နည်းနည်းတော့ 'ပန်း' သွားတာပေါ့ကွာ" အခု စာဖတ်ပြီး အနားယူနေတယ်လေ၊ ဘာပြဿနာ
တွေ့ပြန်ပြီလဲကွ"
"ဟာ... ဆရာကလည်း ဆရာ့ဆီကို ကျွန်တော်လာပြီဆိုမှတော့ ထုံးစံအတိုင်း ပြဿနာကတော့
ပါလာပြီပေါ့ဆရာ၊ ဆရာပဲ ကျွန်တော့်ကို 'ပြဿနာကောင်' လို့ ခေါ်နေတာ မဟုတ်လား"
"အေးပါကွာ၊ ထမင်းစားပြီမှ လာခဲ့၊ ဒါက ငါ့ယဉ်ကျေးမှုလေ"
"ဟုတ်ကဲ့၊ လက်ဖက်ရည်လောက်ဆို တော်ပါပြီ ဆရာ"
"အေး ... လာခဲ့လေကွာ"
ဥပဒေ ပြဿနာတွေကို ဆွေးနွေးဖက်ဖြစ်တဲ့ တပည့်ရှေ့နေက ဖုန်းဆက်လို့ အပြန်အလှန်
ပြောဖြစ်တာတွေပါ။ စာရေးသူဆီကို လာဖို့ သူခွင့်တောင်းရတဲ့ အကြောင်းက ဒီလိုပါ။
လွှတ်တော်က ပြဋ္ဌာန်းမယ့် 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' နဲ့
'အနုညာတစီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်း' တွေနဲ့ ပတ်သက်လို့ ဆောင်းပါးရှစ်စောင်ကို
ဆက်တိုက်ရေးနေခဲ့တော့ သူနဲ့ ဆွေးနွေးဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ ဥပဒေဆောင်းပါး ရေးတာက
ရသဆောင်းပါးရေးသလိုမျိုး စိတ်ကူးရတာကို ခွင့်ချရေးရတာမျိုးမဟုတ်ဘဲ အချက်အလက်
မှန်ကန်တိကျရေးအတွက် ဆိုင်ရာ စာအုပ်စာတမ်းတွေကို ကြိုတင် ဖတ်ရှု၊ ဖတ်ပြီးသား
သိပြီးသားဆိုရင်တောင် ပြန်လှန်ကြည့်ပြီးမှ ရေးရတာဆိုတော့ နည်းနည်းတော့ ပင်ပန်းပါတယ်။
ဒါကြောင့် တပည့်ရှေ့နေက လာဖို့ ဖုန်းဆက်တဲ့အခါ "မလာနဲ့ဦးကွ၊ ငါ မအားသေးဘူး" ဆိုပြီး
သူ့ကို 'ဗီဇာ' ပိတ်ထားခဲ့ရပါတယ်။ သူရောက်လာလို့ သူနဲ့ စကားပြောရတာကလည်း
အပန်းဖြေနည်းတစ်မျိုးပဲ ဆိုပါတော့။
"ဥပဒေကြမ်းနှစ်ခုနဲ့ ပတ်သက်တဲ့ ဆရာ့ ဆောင်းပါး ရှစ်စောင်စလုံးကို ကျွန်တော်ဖတ်ခဲ့ ပြီးပါပြီ။
'အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်း' နဲ့ ပတ်သက်ပြီး ဆရာက ဥပဒေကြမ်းရဲ့ နိဒါန်းနဲ့
အခန်း (၁) လောက်ကိုပဲ ဝေဖန်အကြံပြုပြီး ရပ်ပစ်လိုက်တာကို တွေ့ရတယ်။ ဆက်ပြီး
ဝေဖန်ထောက်ပြစရာတွေရှိသေး တယ်လို့ဆိုပြီးမှ ဘာကြောင့် ရပ်ပစ်လိုက်တာပါလဲ ဆရာ"
"ဥပဒေ ဆောင်းပါးဆိုတာက တခြား စာဖတ်သူတွေကို မပြောနဲ့ဦး၊ ဥပဒေသမား တချို့အနေနဲ့
တောင်မှ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်ချင်မှဖြစ်မယ်လို့ ငါထင်တယ်ကွ၊ အယ်ဒီတာတွေက
ငြိုငြင်ပြီး စိတ်မဝင်စားတဲ့ စာဖတ်သူတွေက 'မေတ္တာပို့' ကြမှာကိုလည်း ကြည့်ရသေးတယ်။
ဥပဒေကြမ်း အဆုံးထိ စိစစ်ဝေဖန်ခြင်းမပြုဘဲ ဆောင်းပါးကို ရပ်ပစ်လိုက်တယ်ဆိုတာကတော့
ဒီလိုပါ။ ဥပဒေကြမ်းတစ်ခုလုံးကို စိစစ်ကြည့်လိုက်တော့ ဒီဥပဒေကြမ်းကို ပြန်လည်ပြီး
အသစ်ရေးဆွဲဖို့ လိုမယ်ဆိုတာကို တွေ့ရတယ်။ အချက်အလက်တွေကလည်း လိုတာ ထက်ပိုပြီး
ပြည့်စုံနေတဲ့အတွက် ပိုတာတွေကို ဖြုတ်ပြီး ပြန်လည်တည်းဖြတ်လိုက်ရင်၊ အင်္ဂလိပ်ဘာသာကနေ
မြန်မာဘာသာပြန်ဆိုထားတဲ့ ၀ါကျတချို့ကို မြန်မာလို ပီသအောင် ပြန်ရေးလိုက်ရင် သင့်တော်တဲ့
ဥပဒေတစ်ခု ဖြစ်လာနိုင်မယ်လို့ ယူဆလိုပါ။ နောက်ပြီး ဥပဒေကြမ်းစိစစ်တဲ့ အစည်းအဝေးမျိုးမှာ
အသေးစိတ် ဝေဖန်ဆွေးနွေးနိုင်ပေမယ်လို့ ဆောင်းပါးမှာကျတော့ အဲဒီလို အသေးစိတ် အချက်တွေ
ထည့်ဖို့ အခြေအနေမပေးဘူးကွ"
"အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ဆရာ့ရဲ့ ဝေဖန်ထောက်ပြချက်တွေကို
တာဝန်ရှိသူတွေက ဘယ်လောက် လက်ခံတယ်ဆိုတာ ဥပဒေအဖြစ် ပြဋ္ဌာန်းချက်
ထွက်မလာသေးလို့ မသိရသေးပေမယ့် တရားမကျင့်ထုံးဥပဒေနဲ့ ပတ်သက်တဲ့ ဆရာ့ရဲ့
ဆွေးနွေးချက်တွေကို လက်ခံပြီး ဥပဒေကြမ်းကို ပြင်ဆင်တာ သိပ်မတွေ့ရဘူးလို့ ထင်တယ် ဆရာ"
"ဥပဒေ ထွက်လာတဲ့အခါ ငါလည်း တစ်ခေါက်လောက်တော့ ဖတ်ဖြစ်တယ်။ ဘဝင်မကျစရာတွေ
ကတော့ တွေ့နေရတာပဲ။ ဥပဒေကြမ်းကို ပြင်တယ်ဆိုတာကလည်း ငါထောက်ပြလို့ ဟုတ်ချင်မှ
ဟုတ်မှာပါ။ ဥပဒေကြမ်းကို စိစစ်သူတွေထဲမှာ ငါနဲ့ အမြင်တူတဲ့ သူတွေလည်း ပါနိုင်တဲ့အတွက်
အမြင်ချင်း တိုက်ဆိုင်မှုလည်း ဖြစ်နိုင်တာပေါ့။ ဒီကိစ္စက ငါ့အဖို့တော့ သိပ်အရေးမကြီးဘူး။
ငါ မကြာခဏ ပြောခဲ့ဖူးသလိုပဲ ငါဆောင်းပါးရေးတဲ့ ရည်ရွယ်ချက်က စာဖတ်သူတွေ ဥပဒေသုတ
ရရှိစေဖို့၊ အထူးသဖြင့် လူငယ် ဥပဒေသမား လေးတွေ ကြည့်တတ်၊ မြင်တတ်၊ တွေးတတ်၊
ခေါ်တတ် စေချင်လို့ပဲကွ"
"ဆရာက ဥပဒေကြမ်းတစ်ခုနဲ့ ပတ်သက်လို့ ဆရာ့ရဲ့အမြင်ကို ဂျာနယ်မှာ ရေးတာဆိုတော့
တာဝန်ရှိသူတွေအနေနဲ့ မဖတ်မိတာလည်း ဖြစ်နိုင်တာပေါ့ဆရာ"
"ငါဆောင်းပါးရေးတယ် ဆိုတာကလည်း တရားစီရင်ရေးနဲ့ဆိုင်တဲ့ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး
ရေးတာပါ။ တခြားဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး မရေးနိုင်ပါဘူး။ တရား စီရင်ရေးဆိုင်ရာ
ဥပဒေကြမ်းတွေနဲ့ ပတ်သက်လို့ ရေးတဲ့ဆောင်းပါမိတ္တူတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့
အဖွဲ့အစည်းတွေကို လိပ်မူပြီး ပို့ပေးပါတယ်။ တစ်ခါပို့ရင် စာအိတ် သုံးအိတ်မှာ မိတ္တူတွေပါထည့်ပြီး
အမြန်ချော ပို့နဲ့ ပို့ရတာဆိုတော့ ပို့တဲ့လူအတွက် ခရီးစရိတ်ပါ ပေါင်းရင် ကျပ် ၅,၀၀၀
လောက်တော့ ကုန်တာပေါ့။ ငွေကုန်တာက သိပ်အရေးမကြီးပေမယ့် ပို့ပေးမယ့်လူရှာရတာက
မလွယ်ဘူးကွ"
"အီးမေးလ်တို့၊ ဖက်စ်တို့နဲ့ ပို့ရင်ကော ဆရာ"
"ငါက ကျွန်ပျူတာမကိုင်တတ်ဖူး၊ လိပ်စာတွေလည်း မသိဘူးကွ၊ နောက်ပြီး စာရွက်ရေကများတော့
အဲဒါတွေကလည်း အဆင်ပြေမယ် မထင်ဘူး"
"ဆရာက အမြန်ချောပို့နဲ့ ပို့တာဆိုတော့ ဆရာ့ဆောင်းပါးတွေ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ
ရောက်မှာပါဆရာ၊ ဒါပေမဲ့ ကျွန်တော်မှတ်မိသလောက်ပြောရရင် ဆရာ့ သုံးသပ်ချက်တွေကို
သိပ်လက်မခံဘူးလို့ ထင်တယ်ဆရာ"
"အမြင်ချင်း မတူကြလို့ နေမှာပေါ့ကွာ၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတဲ့လူတွေရဲ့ သဘောအတိုင်း ဖြစ်ရမှာပေါ့၊
ဒါက လုပ်ထုံးလုပ်နည်းပဲလေ"
"ဒါပေမဲ့ ဆရာ၊ ဆရာ့ဆောင်းပါးတွေမှာ အကျိုးအကြောင်းပြပြီး သုံးသပ်ထားတဲ့ အကြံပြုချက်
တချို့ကိုတော့ လက်ခံသင့်တယ်လို့ ကျွန်တော်မြင်တယ်ဆရာ၊ ဥပမာ တရားမ ကျင့်ထုံးဥပဒေ
ပုဒ်မ ၉၃ ကို ပယ်ဖျက်တဲ့ကိစ္စ ဆိုပါတော့။ အများပြည်သူတွေကို စိတ်ငြိုငြင်စေတဲ့ကိစ္စ၊
အများပြည်သူဆိုင်ရာ ဘာသာရေးနဲ့ အလှူဒါနအတွက် အသင်းအဖွဲ့ကိစ္စတွေမှာ တရားစွဲဆိုဖို့
ခွင့်ပြုချက်ပေးဖို့ကိစ္စမှာ ရှေ့နေချုပ်ကို အာဏာအပ်နှင်းထားတယ်။ အဲဒီအာဏာကို နိုင်ငံတော်
သမ္မတရဲ့ အမိန့်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးဦးကို အပ်နှင်းနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ
အခု ကျင့်သုံးနေတဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆိုတဲ့ မူဝါဒနဲ့လည်း ကိုက်ညီနေတာပဲ၊ နောက်ပြီး
လိုအပ်မှသာ ကျင့်သုံးနိုင်တဲ့ အာဏာလည်းဖြစ်တော့ ဘယ်သူ့အကျိုးကိုမှလည်း ထိခိုက်စရာ
မရှိပါဘူး ဆရာရယ်။ နှစ်ပေါင်း ၁၀၀ လောက်အတွင်းမှာ ဘာပြဿနာမှလည်း ပေါ်ပေါက်ခဲ့တာ
မရှိဘဲ နဲ့ အဲဒီပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်တယ် ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲ
ဆရာ"
"ဒီကိစ္စနဲ့ပတ်သက်လို့ ငါစဉ်းစားမိတာ တစ်ခုတော့ ရှိတယ်ကွ၊ လွန်ခဲ့တဲ့ နှစ်နှစ် လောက်တုန်းက
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ အရ၊ နိုင်ငံတော် သမ္မတက တရားသူကြီးများကို တရားစီရင်ခွင့်
အာဏာအပ်နှင်းခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်နဲ့ ပတ်သက်ပြီး အဲဒီတုန်းက အခြေခံဥပဒေခုံးရုံးက
'အဲဒီပြဋ္ဌာန်းချက်တွေဟာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီတော့ဘူး' လို့
ဆုံးဖြတ်ဖူးတယ် မဟုတ်လား၊ အခြေခံဥပဒေဆိုင်ရာ မူဖြစ်တဲ့ "Separation of power" လို့
ခေါ်တဲ့ 'အာဏာခွဲဝေ ကျင့်သုံးရေး' မူနဲ့ မကိုက်ညီဘူးလို့ ဆိုလိုတာ ပေါ့ကွာ၊ အခုကိစ္စမှာလည်း
တာဝန်ရှိသူတွေက အဲဒီလို စဉ်းစားခဲ့သလား မသိဘူးကွ"
"ဟာ ဆရာကလည်း ဆရာမဟုတ်တော့သလိုပဲ။ "water follow, fish follow"
(ရေလိုက်၊ ငါးလိုက်) လုပ်နေပြန်ပါပြီ"
"ငါ စဉ်းစားမိတာကို ပြောတာပါကွာ"
"ဆရာကလည်း ဒီကိစ္စက တရားစီရင်ရေး ကိစ္စမှ မဟုတ်တာ။ တရားစွဲဆိုပေးတာ၊ တရားစွဲဆိုနိုင်ဖို့
ခွင့်ပြုချက်ပေးတာက အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့ ကိစ္စမဟုတ်လား ဆရာ"
"အေး... ဟုတ်သားပဲ"
"နောက်ပြီး ပယ်ဖျက်ပစ်ရမယ့် ပုဒ်မ ၁၀၂ နဲ့ ပုဒ်မ ၁၂၆ တို့ကိုကျတော့ မပယ်ဖျက်ပြန်ဘူး။
မလိုအပ်ဘဲနဲ့ ပြင်ဆင်ချက်ပြုလုပ်ပြန်ရော"
"ဒို့က ဗုဒ္ဓဘာသာဝင်တွေ မဟုတ်လားကွာ၊ အကုသိုလ်မပွားချင်စမ်းနဲ့၊ 'ယောနိသောမန သိကာရ'
လို့ ဗုဒ္ဓမြတ်စွာ ဟောကြားထားတဲ့ အတိုင်း 'အလိုက်သင့် နှလုံးသွင်း၊ သဘောထား' လိုက်ပါကွာ"
"ဆရာပဲ ဆောင်းပါးခေါင်းစီးတိုင်းမှာ 'ဆို ရေးရှိက ဆိုအပ်လှ၏၊ ဘာညာဆိုပြီး ဖော်ပြထား
ပြီးတော့"
"အေးလေကွာ၊ အခုမင်းမှာ ဆိုရေးရှိတဲ့ အတိုင်းဆိုပြီးပြီ၊ ပြောပြီးပြီ၊ ပြီးပြီပေါ့ ဘာလို သေးလဲ"
"လိုသေးတယ် ဆရာ၊ အဲဒါကမှ တကယ့် ပြဿနာ"
"ဘာလဲဟ၊ မင်းဟာကလည်း အထိတ်တလန့်"
"တရားမကျင့်ထုံး ဥပဒေမူကြမ်းပါ ပုဒ်မ ၁၂၆ ကို ပြင်ထားတာက အင်္ဂလိပ်စာ အရေးအသား
မှားနေတယ်လို့ ဆရာ့ဆောင်းပါးမှာ ထောက်ပြခဲ့တယ် မဟုတ်လား။ ဆရာက အဲဒီ ပုဒ်မ ၁၂၆
မှာပါတဲ့ ပုဒ်မခွဲ (၂) ခုစလုံး မှားနေတယ်လို့ ပြောခဲ့ပေမယ့် ပုဒ်မခွဲ တစ်ခုကိုသာ ဖြုတ်ပယ်ပြီး
ကျန်ပုဒ်မခွဲတစ်ခုက မူလအတိုင်းပြန်ပါလာတယ် ဆရာ။ ဥပဒေ အဖြစ် ပြဋ္ဌာန်းလိုက်တဲ့ အဲဒီပုဒ်မခွဲ
(ယခု ပုဒ်မ) ကို ဆရာထောက်ပြတဲ့အတိုင်း ပြင်ဆင်ထားတဲ့ ပုဒ်မနဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်လို့
အဲဒီစာပိုဒ် (ပုဒ်မနှစ်ခုစလုံး) ကို ကွန်ပျူတာစာစီပြီး ယူလာခဲ့တယ်။ ဆရာ အပေါ်က စာပိုဒ်က
ယခုထုတ်ပြန်လိုက်တဲ့ ဥပဒေမှာပါတဲ့ ပုဒ်မ ၁၂၆ ဖြစ်ပြီး အောက်က စာပိုဒ်က ဆရာပြောတဲ့
အတိုင်း ပြင်ဆင်ထားတဲ့ စာပိုဒ်ပါ ဆရာ။ ဒီမှာ ကြည့်ပါဦး"
"126. After issuing the rules made under the foregoing provisions, the Supreme Court of the Union shall distribute and submit such rules to the respective representatives of the Pyithu Hluttaw and Amyotha Hluttaw at the nearest regular session to enable to be discussed whether such rules are in conformity with the provisions of relevant Law or not, and to be resolved in accordance with the provisions contained in section 137 and 157 of the Constitution of the Republic of the Union of Myanmar and carry out in accordance with the resolution adopted by the Pyidaungsu Hluttaw."
"126. After issuing the rules made under the foregoing provisions, the Supreme Court of the Union shall distribute and submit such rules to the respective representatives of the Pyithu Hluttaw and Amyotha Hluttaw at the nearest regular session to enable them to discuss whether such rules are in conformity with the provisions of relevant Law or not, and to resolve in accordance with the provisions contained in section 137 and 157 of the Constitution of the Republic of the Union of Myanmar and carry out in accordance with resolution adopted by the Pyidaungsu Hluttaw."
"အေး ဟုတ်ပါပြီ။ အဲဒါ ငါပြင်ပြထားတဲ့ အောက်က စာပိုဒ်မှာ "to enable them" ဆိုတဲ့
စာသားကို ဖြုတ်ရင်လည်း ရတယ်။ ထည့်ရင်လည်း ရတယ်"
"ဒီတော့ ပြဿနာက ..."
"ဆိုပါဦး"
"ဆရာက မှားတယ် ဆိုပေမယ်လို့လည်း ကျွန်တော်က ဥပဒေသမားဆိုတော့ နိုင်ငံတော်က
ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာပါတဲ့ဟာက အမှန်ဖြစ်တယ်လို့ လက်ခံရမယ် မဟုတ်လား ဆရာ"
"ဒီလိုဆိုတော့ မင်းက အာဏာရှိသူဘက်ကို မျက်နှာလိုက်တာပေါ့လေ။ ဒီမှာ ကိုယ့်လူ၊
ဘာသာစကားကိစ္စမှာတော့ အဲဒီမင်း ပြောတဲ့မူကို အသုံးချလို့ မရဘူးကွ။ ဥပဒေ ရေးဆွဲရာမှာ
ဘယ်ဘာသာစကားနဲ့ပဲ ရေး ရေး အဲဒီဘာသာစကားရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း မှန်ကန်အောင်
ရေးရမှာပေါ့ကွ။ အာဏာရှိတယ်ဆိုပြီး ဘာသာစကား ကိုတော့ 'မောင်ပိုင် စီး'လို့ မရဘူး ကိုယ့်လူ။
ဥပဒေပြဋ္ဌာန်းချက်ရဲ့ ဆိုလိုရင်းအတိုင်း အဓိပ္ပာယ်ရှင်းနေရင် အဲဒီ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာရမှာ
ဖြစ်ပေမယ်လို့ အသုံးပြုတဲ့ ဘာသာစကားရဲ့ စည်းမျဉ်း စည်းကမ်းနဲ့ မညီဘဲ မှားနေတဲ့
ကိစ္စမှာတော့ 'ဥပဒေမှာ ဒီလိုရေးထားလို့ မှန်တယ်'ဆိုပြီး လက်ခံလို့ ဘယ်ဖြစ်မလဲကွ။
အဲဒီလိုမှားတာမျိုးတွေက မြန်မာဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမှာလည်း တွေ့နိုင်တာပဲ"
"ဒါပေမဲ့ ဆရာ၊ ဆရာ့ကို လေးစားပေမယ်လို့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ
ပညာရှင်တွေ၊ အင်္ဂလိပ်စာတတ် ပုဂ္ဂိုလ်တွေလည်းပါနေတော့ ဆရာ ပြောသလို မှားတယ်ဆိုတာ
ဖြစ်နိုင်ပါ့မလား ဆိုပြီး တွေးစရာတော့ ဖြစ်နေတာပေါ့ ဆရာ"
"ဒီလိုတွေးတယ်ဆိုလည်း သဘာဝ ကျပါတယ်။ လွှတ်တော်ထဲမှာ ငါတို့ထက် အလွန်တော်တဲ့
ပညာရှင်တွေ အတော်များများ ပါမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ဥပဒေရေးဆွဲခဲ့ကြဖူးတဲ့
မင်းတို့ ငါတို့ အတွေ့အကြံုအရ တစ်ခါတလေမှာ မျက်စိလျှမ်း တတ်တာလည်း မကြာခဏ
ကြံုဖူးခဲ့ကြတယ် မဟုတ်လား။ နောက်တစ်ချက်ကလည်း ဒီပညာရှင်တွေအနေနဲ့ မျက်စိလျှမ်းသွား
ခဲ့တာ မဟုတ်ရင်တောင် သူတို့ဘာသာရပ် မဟုတ်တော့ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိ သူတွေက
ထောက်ခံတင်ပြတာကို ယုံကြည်တာမျိုးလည်း ရှိတတ်သေးတာကိုးကွ။ အမှန်ကို သိချင်တယ်
ဆိုရင်တော့ အမှန်တကယ် အင်္ဂလိပ်စာ တတ်ကျွမ်းသူတွေ၊ အင်္ဂလိပ်ဘာသာကို မိခင်ဘာသာ
စကားအဖြစ် ပြောသူတွေကို မေးကြည့်ပေါ့ကွာ။ ငါကလည်း ဘုန်းကြီး ကျောင်းထွက်ဆိုတော့
အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် ငါပြောတာပဲ မှန်ရမယ်လို့ တစ်ထစ်ချ မဆိုလိုပါဘူး။
'ဆိုရေးရှိက ဆိုအပ်လှ၏' လို့ ဆိုတဲ့ အတိုင်း ဒို့အမြင်ကို ပြောပြတာပဲကွ။ ဒါပေမဲ့ အခု
ဒို့ ထောက်ပြခဲ့တဲ့ အချက်တွေကို လက်မခံဘူး ဆိုပေမယ့်လည်း တရားမဏ္ဍိုင်ကို
ထိခိုက်စေလောက်တဲ့ အချက်တွေ မဟုတ်လောက်ပါဘူး။ ဒီတော့ 'ယောနိ သောမနသိကာရ'
လိုက်ပါကွာ"
"ဟုတ်ကဲ့"
"ဘာပဲဖြစ်ဖြစ် ဥပဒေသမားတွေ၊ အထူးသဖြင့် လူငယ်ဥပဒေသမားလေးတွေအတွက်
ဆင်ခြင်စဉ်းစားစရာ၊ ဗဟုသုတ ဖြစ်ဖွယ်ရာရှိတဲ့အတွက် ကျေးဇူးပါဆရာ"
















