ဆိုင်ကယ်ပေါ်လစီ မှန်ပြီလား

ဆိုင်ကယ်ပေါ်လစီ မှန်ပြီလား

အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစ လေးလခွဲတာ ကာလအတွင်း ပြည်တွင်းကို ရောက်နေတဲ့ လိုင်စင်မဲ့ ခိုးသွင်း ဆိုင်ကယ် အစီးရေ လေးသိန်းခွဲကျော်ကို တရားဝင် မှတ်ပုံတင်ပေးခဲ့ပြီးဖြစ်ကြောင်း ကြေညာပါတယ်။

အစိုးရဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစ လေးလခွဲတာ ကာလအတွင်း ပြည်တွင်းကို
ရောက်နေတဲ့ လိုင်စင်မဲ့ ခိုးသွင်း ဆိုင်ကယ် အစီးရေ လေးသိန်းခွဲကျော်ကို တရားဝင် မှတ်ပုံတင်
ပေးခဲ့ပြီးဖြစ်ကြောင်း ကြေညာပါတယ်။

တစ်ဆက်တည်း ကျန်ရှိနေသေးတဲ့ တရားမဝင် ဆိုင်ကယ်တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့
ပြည်နယ် အစိုးရအဖွဲ့ အစီအစဉ်တွေနဲ့ ဖမ်းဆီးအရေးယူတော့မယ့် အကြောင်း အသေးစိတ်
ထုတ်ပြန်ကြေညာပါတယ်။

ဩဂုတ်လ ၂၆ ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီ ကြေညာချက်မှာ ဆိုင်ကယ်တင်သွင်းခွင့်၊
မှတ်ပုံတင်ခွင့်တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အစီအစဉ် ပါရှိတာကြောင့် အစိုးရက ချမှတ်ထားတဲ့
ဆိုင်ကယ် တင်သွင်းခွင့် ပေါ်လစီ မှန်ကန်ပြီလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးသုံးသပ်
တင်ပြသွားပါ့မယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ အပိုင်း နှစ်ပိုင်း ပါ၀င်ပါတယ်။ တရားမဝင် လိုင်စင်မဲ့ ဆိုင်ကယ်တွေကို
ဖမ်းဆီးအရေးယူမှုလုပ်တဲ့ အပိုင်းနဲ့ ဆိုင်ကယ် တင်သွင်း မှတ်ပုံတင်ပေးတဲ့ အပိုင်းဆိုပြီး နှစ်ပိုင်းပါ။

လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖမ်းဆီးအရေးယူမှု အပိုင်းမှာဆိုရင် လာမယ့် အချိန်တွေက စပြီး လိုင်စင်မဲ့
ဆိုင်ကယ်တွေ တွေ့ရင် ဖမ်းဆီးအရေးယူမယ်၊ အဲဒီလို စိစစ်တာ၊ အရေးယူတာကို သက်ဆိုင်ရာ
တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေက တိုက်ရိုက် လုပ်ကိုင်သွားမယ်၊ ဖမ်းမိတဲ့ ဆိုင်ကယ်
တွေကို ဒဏ်ကြေးအဖြစ် အနည်းဆုံး သက်ဆိုင်ရာ ဒေသပေါက်ဈေးရဲ့ ၅၀ ရာခိုင်နှုန်း
ကောက်ခံမယ်၊ ဆိုင်ကယ် ဖမ်းဆီး အသိမ်းခံရသူဟာ ဒဏ်ကြေးပေးရင် ကုန်းလမ်းသယ်ယူ
ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ကညန မှာ တရားဝင် မှတ်ပုံတင်ခွင့် ရမယ်လို့ ဆိုပါတယ်။

ဒဏ်ကြေး မဆောင်တဲ့ ဆိုင်ကယ်တွေကိုတော့ သိမ်းဆည်းပြီး လေလံပစ် ရောင်းချမယ်လို့
ဖော်ပြထားပါတယ်။

အဲဒီလို လေလံပစ်ရောင်းချတဲ့ ဆိုင်ကယ် တွေကိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်
အလိုက် နယ်မြေ ကန့်သတ်ချက်နဲ့ မှတ်ပုံတင်ပေးသွားမှာဖြစ်ပြီး ဒေသအလိုက် သီးခြားနံပါတ်တွေ
ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ပြောရရင် ဆိုင်ကယ်မှာ တစ်နိုင်ငံလုံး သယ်ဆောင်၊ လွှဲပြောင်း၊ ရောင်းချ၊ စီးနင်းနိုင်တဲ့ ဆိုင်ကယ်
တွေနဲ့ ဒေသတစ်ခုတည်းမှာပဲ စီးနင်း နိုင်တဲ့ ဆိုင်ကယ်တွေဆိုပြီး နှစ်မျိုးနှစ်စား ပေါ်ပေါက်လာမယ့်
သဘောဖြစ်ပါတယ်။

ဆိုင်ကယ်တွေ တင်သွင်း၊ မှတ်ပုံတင် လုပ်ပေးတဲ့ဆီမှာလည်း နောက်ထပ် နှစ်မျိုး ကျင့်သုံးမယ်
ဆိုတာ တွေ့လာရပြန်ပါတယ်။

တစ်မျိုးကတော့ လက်ရှိ အခြေအနေအတိုင်း နိုင်ငံခြားကနေ အစီးလိုက် တင်သွင်းလာပြီး
ပြခန်းဖွင့် ရောင်းချတာ၊ အစိတ်အပိုင်းတွေ တင်သွင်းလာပြီး ပြန်လည် တပ်ဆင်ရောင်းချတာတွေ
ပုံမှန်အတိုင်း ခွင့်ပြုပေးနေမှာဖြစ်ပြီး တစ်နိုင်ငံလုံး စီးနင်းနိုင်တဲ့ လိုင်စင်နဲ့ မှတ်ပုံတင်
ဆက်လုပ်ပေးမယ်လို့ ဆိုပါတယ်။

ဒီအပိုင်း ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ဒါ့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်
လည်း မှတ်ပုံတင်ခွင့်ပြုချက် ပေးသွားမယ်ဆိုတဲ့ သဘောမျိုးလည်း ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ အဲဒီစာပိုဒ် သိပ်မရှင်းလင်းပါဘူး။ ဖော်ပြထားတာက - တိုင်းဒေသကြီး၊ ပြည်နယ်အတွင်း
မော်တော်ဆိုင်ကယ်များ မှတ်ပုံတင် ဆောင်ရွက်ခြင်းကို သက်ဆိုင်ရာ အစိုးရအဖွဲ့များက
မှတ်ပုံတင် စီးရေအပေါ် လိုအပ်သလို ထိန်းချုပ်ကန့်သတ် ဆောင်ရွက်သွားမည်လို့ ဆိုထားပါတယ်။

ဒီ စာသား အရေးကြီးပေမယ့် သိပ်ပြီး မရှင်းလင်းပါဘူး။ ဒီကိစ္စ ပြည်နယ် တချို့က ကညနရုံးတွေကို
ဆက်သွယ် စုံစမ်းကြည့်တော့ ကြေညာချက်ကိုပဲ တွေ့ရပြီး လက်တွေ့ အသေးစိတ် ညွှန်ကြားချက်
မရောက်သေးဘူး၊ ဒါကြောင့် တိတိကျကျ မပြောနိုင်ဘူးလို့ ဖြေကြပါတယ်။

ပြောရရင် လေးလကျော်အတွင်း တရားမဝင် ခိုးသွင်းထားတဲ့ လိုင်စင်မဲ့ ဆိုင်ကယ် လေးသိန်း
ခွဲလောက် လာပြီး မှတ်ပုံတင်ကြတယ် ဆိုတာ နည်းတဲ့ အရေအတွက် မဟုတ်ပါဘူး။

အရင်တုန်းကလည်း လိုင်စင်မဲ့ ဆိုင်ကယ် အရေအတွက် သန်းနဲ့ချီ ခုလိုပဲ အကြိမ်ကြိမ် လိုင်စင်
လုပ်ပေးခဲ့ရဖူးပါတယ်။

အကြောင်းကတော့ သန်း ၆၀ သော ပြည်သူလူထုအတွက် ဆိုင်ကယ် လိုအပ်ချက်
ပုံမှန်ရှိနေပေမယ့် အဲဒီလို အပ်ချက်ကို ဖြည့်ဆည်းပေးမယ့် တရားဝင် ဈေးကွက် ရှိမနေတာပါ။

ဒီအတွက် ပြည်တွင်းမှာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ ပြည်သူတွေရဲ့ ၀ယ်လိုအားကို ဖြည့်ဆည်း
ပေးနိုင်မယ့် ဆိုင်ကယ် ဈေးကွက်ကြီးတစ်ခု ရှိနေဖို့ လိုပါတယ်။

အလွန်ကြီးမားတဲ့ ဈေးကွက်ကြီးဖြစ်တာကြောင့် ဆိုင်ကယ် ထုတ်လုပ်တဲ့ စက်ရုံတွေ၊ တပ်ဆင်တဲ့
စက်ရုံကြီးတွေ၊ အရောင်းပြခန်းတွေ အများကြီးရှိနေဖို့ လိုပါတယ်။

ဒီလို ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ရောက်လာအောင်လည်း အစိုးရက ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရက တရားဝင် လိုင်စင်လုပ်ပေးလိုက်တဲ့ ဆိုင်ကယ် အားလုံး လိုလိုဟာ နယ်စပ်
အသီးသီးကနေ ခိုးသွင်းလာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် နယ်စပ်တွေမှာ ဆိုင်ကယ်ဈေးကွက် ဖွင့်ပေးရင်လည်း ဖြစ်နိုင်ပါတယ်။

အဲဒီလို ဈေးကွက် လိုအပ်ချက်ကို စနစ်တကျ ဖြည့်တင်းပေးဖို့ အစီအစဉ် မရှိဘူး ဆိုရင်တော့
လိုင်စင်မဲ့ ဆိုင်ကယ် ခိုးသွင်းတဲ့ သံသရာ လည်နေဦးမှာ ဖြစ်ပါတယ်။

နောက်ထပ် ဖြေရှင်းနည်းတစ်ခုက သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေကို သူတို့
ဒေသတွင်း စီးနင်းမယ့် ဆိုင်ကယ်တွေ တရားဝင် တင်သွင်းခွင့်ပေးတာ၊ ဒေသလိုင်စင် လုပ်ခွင့်ပြု
တာမျိုး ဖြစ်ပါတယ်။

ခြံုပြီးပြောရရင် ဆိုင်ကယ် တင်သွင်းခွင့် ပြဿနာဟာ အစိုးရက ဖြေရှင်းဖို့ အရည်အချင်း မရှိလို့
ပြည်တွင်းကို ဆိုင်ကယ် အစီးရေ သန်းနဲ့ချီ ခိုးသွင်းမှု ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ခိုးသွင်းလာတဲ့ သန်းနဲ့ချီရှိတဲ့ ဆိုင်ကယ်တွေကို ပြန်ပြန်ပြီး လိုင်စင်လုပ်ပေးနေရတာကိုက
ရှက်စရာကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။

ဒီ ပြဿနာ ဖြေရှင်းဖို့ဆိုရင် အခု ချမှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်း အသစ်တွေ တကယ်
လက်တွေ့ကျ မကျ၊ အဆင်ပြေမပြေ စနစ်တကျ သုံးသပ် အကောင်အထည်ဖော် သင့်ပါကြောင်း
တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021