အခုရက်ပိုင်း အထူးခြားဆုံး နိုင်ငံရေးသတင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့အတွင်း အကွဲအပြဲ ဖြစ်ပေါ်ခဲ့ခြင်းပါ။
အခုရက်ပိုင်း အထူးခြားဆုံး နိုင်ငံရေးသတင်းကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ
စုဖွဲ့ထားတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့အတွင်း အကွဲအပြဲ
ဖြစ်ပေါ်ခဲ့ခြင်းပါ။
တိုင်းရင်းသား လက်နက်ကိုင်တွေထဲက အင်အားလည်းကြီး၊ သမ္ဘာရင့် ၀ါရင့်လည်း ဖြစ်တဲ့
ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်တွေ UNFC ညီလာခံ
မပြီးဆုံးခင် ထွက်ခွာသွားခဲ့ကြတဲ့ ပြဿနာပါ။
နောက်ပိုင်း UNFC နဲ့ ပူးပေါင်း ဆောင်ရွက်မှု ရပ်ဆိုင်းထားကြောင်း ကေအင်န်ယူ ဥက္ကဋ္ဌ
စောမူတူးစေးဖိုး လက်မှတ်ရေးထိုးပြီး အကြောင်းကြားစာပေးပို့ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။
UNFC ညီလာခံအတွင်း ပြဿနာတွေ ဘယ်လို ဖြစ်လာတာပါလဲ၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ
ဆိုတာ ဒီတစ်ပတ်ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ UNFC အတွင်း အကွဲအပြဲ ဖြစ်ကြတယ်ဆိုတာ အဖွဲ့အတွင်း အင်အားအကြီးဆုံး
တွေဖြစ်ကြတဲ့ ကေအိုင်အို ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ ကေအင်န်ယူ ကရင်လက်နက်ကိုင်အဖွဲ့
အကြား ကွဲပြဲမှုလို့ ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်။
နောက် ဒီလို တစ်ဖွဲ့ နဲ့တစ်ဖွဲ့ သဘောထား မတူညီမှုတွေ ဖြစ်ပေါ်နေတာဟာလည်း ညီလာခံ
ကာလမှမဟုတ်ပါဘူး။
စပြီး ဖွဲ့ခဲ့ချိန်ကစလို့ သုံးနှစ်တာကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ သဘောထား ကွဲလွဲမှုတွေလို့
ပြောရင်လည်း ရပါတယ်။
သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးရဲ့ ပြောဆိုချက်တွေအရရော၊ ညီလာခံအတွင်း ကေအင်န်ယူ
အဖွဲ့က တင်ပြတဲ့အချက် ကိုးချက်ပါ စာတမ်းအရပါ ကွဲလွဲချက် အချက်ပေါင်းများစွာရှိပေမယ့်
အဓိကအနေနဲ့ အချက်နှစ်ချက် ရှိနေတာ တွေ့ရပါတယ်။
ပထမ အရေးအကြီးဆုံး ကွဲလွဲချက်ကတော့ UNFC ရဲ့ ဖွဲ့စည်းပုံ ကိစ္စပါ။
လက်ရှိ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ကေအင်န်ယူက ခုလို ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။
UNFC ၏ အခြေခံဥပဒေသည်လည်း အဖွဲ့ ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ဖွဲ့စီ
တိုင်း၏ နိုင်ငံရေးရည်မှန်းချက်၊ အကျိုးစီးပွား၊ လက်ရှိနိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုနှင့်တစ်ပြေးညီ
တုံ့ပြန်လုပ်ဆောင်ရန် ထင်ဟပ်မှုမရှိ၊ ယန္တရားမဲ့နေပါသည်။
အထူးသဖြင့် အဖွဲ့ဝင်များ၏ အာဏာကို ဖြတ်လမ်းဖြင့်လုယူခြင်း၊ ဗျူရိုကရေစီကြိုးနီ အုပ်ချုပ်မှု
ထူထောင်ခြင်းဖြစ်နေပါသည်"လို့ ဆိုပါတယ်။
ဒီအတွက် ကေအင်န်ယူက "လတ်တလောအခြေအနေတွင် NCCT က တစ်နိုင်ငံလုံး အပစ်အခတ်
ရပ်စဲရေး ရရှိရန်၊ တုုိင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ အစည်းများအတွက်
အကျိုးဆောင် ညှိနှိုင်း ဆွေးနွေးနေပါသည်။ ထုုိအခြေအနေနှင့် ကိုက်ညီသည့်စုဖွဲ့မှုကုုိ
စဉ်းစားကြရန်လိုသည်။ ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် လိုက်လျောညီထွေမည့်
စုဖွဲ့မှုမျိုး ရှာဖွေရန်လိုအပ်သည်။ Vertical Top Down စုစည်းမှုထက် Parallel Cooperaton
အခြေခံစုစည်းမှုကို ဖော်ဆောင်ရန်စဉ်းစားသင့်သည်" ဆိုပြီး အဆိုပြုပါတယ်။
ဒီအတွက် "အလေးထား တိုက်တွန်းအကြံပြုလိုသည်မှာ ၁။ အစုအဖွဲ့ တည်ဆောက်မှုအခြေခံမူနှင့်
မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် အဖွဲ့ဝင် အဖွဲ့အစည်းများအားလုံး ဆွေးနွေးညှိနှိုင်းသဘောတူပြီးမှသာ
ဆောင်ရွက်ရန် ၂။ တပ်ပေါင်းစုထက် လက်ရှိနုုိင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့်
မဟာမိတ် ပူးပေါင်းဆောင်ရွက်မှု ပုံစံအနေအထားဖြင့် စုပေါင်းညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖွဲ့ဝင်
အားလုံး ပါ၀င်ဦးဆောင်မှု ပြုနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ဖန်တီးရန်ဟု အကြံပြုတင်ပြ
လိုပါသည်" ဆိုပြီး အကြံပြုခဲ့တာ တွေ့ရပါတယ်။
ဒါပေမဲ့ UNFC အဖွဲ့ ကြီးရဲ့ ဦးဆောင်မှုကို အပြည့်အဝ ရယူထားနိုင်တဲ့ ကေအိုင်အိုနဲ့ အဖွဲ့ဝင်တွေက
လက်မခံတဲ့အတွက် ညီလာခံကနေ ထွက်တဲ့အထိ ဖြစ်ခဲ့ရတာပါ။
နောက် ဒုတိယ အရေးကြီးပြဿနာက UNFC ဖွဲ့စည်းပုံနဲ့ ဆက်စပ်တဲ့ နိုင်ငံရေး ရပ်တည်ချက်
ဆိုင်ရာ ပြဿနာတွေပါ။
သုံးနှစ်တာကာလ UNFC လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး '၁။ တစ်ဖွဲ့ချင်းဖြင့် အပစ်အခတ်ရပ်စဲရေး
ပြုလုုပ်ရန် ပိတ်ပင်တားမြစ်ခြင်း၊ ၂။ နိုင်ငံရေးကိစ္စဆွေးနွေးခြင်းအား UNFC ဖြင့်သာပြုလုပ်ရန်၊
၃။ လူမှုရေး အကူအညီများကုုိ UNFC မှတစ်ဆင့်သာ ပြုလုုပ်ရန်' ဆိုတဲ့ အချက်တွေကို
ခေါင်းဆောင်မှု အာဏာလုယူခြင်း၊ မှားယွင်းတဲ့ နိုင်ငံရေး ဦးဆောင်မှုပေးခြင်းတွေအဖြစ်
ကေအင်န်ယူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
နောက် အားလုံးသိကြတဲ့အတိုင်း လက်ရှိအခြေအနေကို ကေအင်န်ယူက အစိုးရနဲ့ ငြိမ်းချမ်းရေး
လုပ်ဖို့ အခွင့်ကောင်း အချိန်အခါလို့ သတ်မှတ်ထားတာပါ။
တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စမယ်၊
မြေမြှုပ်မိုင်းတွေ ရှင်းမယ်၊ ဒုက္ခသည်တွေကိစ္စ ဖြေရှင်းမယ်၊ တိုင်းရင်းသားနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး
တွေ လုပ်မယ်လို့ ခံယူထားတာပါ။ ကေအိုင်အို ဘက်ကတော့ အပစ်ရပ်တာမျိုး လုပ်စရာ မလိုဘူး၊
နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြေလည်သွားရင် အလိုလို အပစ်ရပ်သွားလိမ့်မယ်လို့ ခံယူပြီး
ကိုယ်တိုင်လည်း အစိုးရနဲ့ အပစ်ရပ် လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းပါ။
အခြားတစ်ဖက်မှာလည်း UNFC အနေနဲ့ ဖက်ဒရယ်တပ်မတော် မြောက်ဘက်ခြမ်း၊ ဖက်ဒရယ်
တပ်မတော် တောင်ဘက်ခြမ်းဆိုပြီး လုပ်နေတဲ့ ကိစ္စတွေကိုလည်း ကေအင်န်ယူက မသင့်တော်တဲ့
အကြောင်း၊ 'နိုင်ငံရေးတွေ့ဆုံုဆွေးနွေးမှုကို ထိခုုိက်စေမည့် စစ်ဘက်ဆုုိင်ရာလုပ်ဆောင်ချက်များကို
ရှောင်ကြဉ်ရမည်ဖြစ်သည်' ဆိုပြီးလည်း သတိပေးခဲ့ပါတယ်။
ပြဿနာ တစ်ခုချင်းမှာလည်း သဘောထား မတိုက်ဆိုင်တာတွေ ရှိပါတယ်။
UNFC ဟာ အဖွဲ့ဝင် အသစ်တွေ လက်ခံဖို့ စဉ်းစားတယ်လို့ ဆိုပါတယ်။
ဒီအခါ ကေအင်န်ယူက 'နိုင်ငံရေးအရ ကရင်တစ်မျိုးသားလုံးက လက်ခံသည့် အဖွဲ့ကသာလျှင်
ကိုယ်စားပြုမှု လုပ်နိုင်မည့်နည်းတူ၊ ကိုယ်စားပြုရန် ထိုက်တန်သူ၊ အဖွဲ့အစည်း ဖြစ်ရပါမည်' လို့
ဆိုပါတယ်။
အဓိပ္ပာယ်ကတော့ အဖွဲ့ထဲမှာ အခြား ကရင်ကိုယ်စားပြု လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုခုကို
အဖွဲ့ဝင်အဖြစ် ကေအင်န်ယူက လက်မခံနိုင်ဘူးလို့ ဆိုလိုက်တာပါ။
ပြောရရင် လက်ရှိ ကေအင်န်ယူနဲ့ ကေအိုင်အိုအကြား အကွဲအပြဲဟာ ပြဿနာ တစ်ရပ်ရပ်ပေါ်
အခြေခံပြီး အချိန်ကာလတိုတိုလေးအတွင်းမှာ ပေါ်ပေါက်လာတာမျိုးတော့ မဟုတ်ပါဘူး။
နိုင်ငံရေး ခံယူချက်နဲ့ ပတ်သက်ပြီး၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မတူညီတဲ့၊ ကွဲပြားခြားနားတဲ့
အမြင်ပေါင်းများစွာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
UNFC အတွင်း ဒီ အကွဲအပြဲ ပြဿနာကိုကြည့်ရင် တစ်တိုင်းပြည်လုံး အပစ်ရပ်စာချုပ် တစ်ခု
ပေါ်ပေါက်ဖို့ တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့အတွင်းကိုလည်း အများကြီး
ဂယက်ရိုက်ခတ်နိုင်ခြေ ရှိနေပါတယ်။
NCCT အဖွဲ့ထဲမှာ အပစ်အခတ် ရပ်စဲရေး သိပ်မလိုလားတဲ့၊ ကိုယ်တိုင်လည်း အပစ်ရပ်စာချုပ်
လက်မှတ်ထိုးဖို့ ငြင်းဆန်နေတဲ့ ကေအိုင်အို အဖွဲ့ရဲ့ သဘောထားတွေ လွှမ်းမိုးလာရင် အစိုးရ၊
တပ်မတော်ဘက်နဲ့ ဆွေးနွေးညှိနှိုင်းရ ခက်ခဲလာစေမှာ ဖြစ်ပါတယ်။
ဒီအခါ အစိုးရနဲ့ တိုင်းရင်းသားတွေ နဂို ပြောဆိုနေကြတဲ့ ၂၀၁၄ နှစ်မကုန်ခင် တစ်တိုင်းပြည်လုံး
ဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးကို နှစ်ဖက် သဘောတူ၊ ပေါ်ပေါက်၊ လက်မှတ်ရေးထိုးဆိုတဲ့
မျှော်လင့်ချက် မှေးမှိန်သွားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















