ပြည်သူအများ စိတ်ဝင်စားခဲ့ကြတဲ့ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေး ဇတ်လမ်းတစ်ခန်း ရပ်ဖို့ နီးလာနေပါပြီ။
ပြည်သူအများ စိတ်ဝင်စားခဲ့ကြတဲ့ ဓမ္မစေတီ ခေါင်းလောင်း ရှာဖွေရေး ဇတ်လမ်းတစ်ခန်း ရပ်ဖို့
နီးလာနေပါပြီ။
ကျိုက်ထီးဆောင်း ဆရာတော်ရဲ့ ဩဝါဒ၊ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ ဒေါပုံကုန်းမြေမှာ
ခေါင်းလောင်း ရှာဖွေတူးဆွနေတာတွေကို မိုးရာသီမှာ ဆိုင်းငံ့ထားတော့မယ်လို့ ကြေညာပါတယ်။
အလားတူ မြစ်သုံးခွဆုံရာမှာ ခေါင်းလောင်း တွေ့ထားပြီလို့ ကြေညာထားတဲ့ ဦးစံလင်းရဲ့ ပြောဆိုမှု
ဟာလည်း လိမ်ညာမှုတစ်ခု ဖြစ်တယ်ဆိုတာ သူ့အဖွဲ့သားတွေကပါ ထုတ်ဖော်ပြောဆိုတဲ့အဆင့်
ရောက်လာပါပြီ။
ခေါင်းလောင်း ရှာဖွေရေး ဇာတ်လမ်း ဘယ်လိုဇာတ်သိမ်းမလဲ၊ မှန်းဆ ဆွေးနွေးကြည့်ရအောင်ပါ။
ဓမ္မစေတီခေါင်းလောင်းကို ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ပံ့ပိုးမှုနဲ့ ဒေါပုံကုန်းမြေမှာ ရှာတယ်ဆိုတာကိုတော့
လူသိနည်းပါတယ်။
ကျိုက်ထီးဆောင်း ဆရာတော်ရဲ့ ဩဝါဒအရ ကျိုက်ထီးဆောင်း သာသနာပြုအဖွဲ့က ရှာတယ်လို့
ဆိုပါတယ်။
ဒေါပုံကုန်းမြေက ရှာဖွေမယ့် မြေနေရာကို ခြံစည်းရိုးခတ်ပြီး မြေကြီးထဲ တူးဆွ ရှာကြတာပါ။
အခုတော့ မိုးရာသီမှာ ရှာဖွေမှုရပ်ဆိုင်းထားတော့မယ် ဆိုပြီး ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးတော့ မလုပ်ပါဘူး။
ပြည်သူအများ စိတ်ဝင်စားကြတာက ဦးစံလင်းရဲ့ ခေါင်းလောင်း ရှာဖွေမှုပါ။
အဲဒီ အဖွဲ့ကတော့ ခေါင်းလောင်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နဲ့ ပုဇွန်တောင်ချောင်း ဆုံရာမှာ
သောင်တူးသင်္ဘောတစ်စီး၊ လူစီးသင်္ဘော တစ်စီးနဲ့ ရှာဖွေကြပါတယ်။
ရှာဖွေတဲ့ နည်းကတော့ သင်္ဘောပေါ်မှာ သတ်သက်လွတ်စား၊ တရားထိုင် ၀ိဇ္ဇာနည်းနဲ့
ရှာကြတယ်လို့ ဆိုပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က စရှာတာမှာ ဩဂုတ်လ ၂၆ ရက်နေ့မှာ တွေ့ပြီဆိုပြီး ကြေညာပါတယ်။
ကြေညာပုံကိုလည်း ကြည့်ပါဦး။
"၁၃၇၆ ခုနှစ် တော်သလင်းလဆန်း ၂ ရက်၊ (အင်္ဂါနေ့) ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို
ကျွန်တော် (မြေပုံ မောင်စံလင်း) (ကော့သောင်း) အဖွဲ့မှ တွေ့ရှိထားပြီဖြစ်သည်။ နဂါးများမှ
အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးနှင့်တကွ နဂါးအပေါင်းတို့က ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို
အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့် အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို
သတင်းထုတ်ပြန်ရန် နောက်ကျနေခြင်းဖြစ်သည်။ ကျွန်တော်တို့၏ မြန်မာ့နည်း မြန်မာ့ဟန်
မြန်မာ့အဆင့် နည်းပညာသည် လျှို့ဝှက်ချက်များစွာ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။
အရိယာ ၀ိဇ္ဇာအပေါင်းကို ခွင့်ပြုချက် တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်း တွေ့ရှိပြီဖြစ်ကြောင်း
အတိအလင်း ကြေညာခြင်း ဖြစ်သည်။"
"ကျွန်တော်တို့ အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူအပေါင်း ၀ိုင်းဝန်းပြီး
ဆောင်ရွက်ပေးကြသော အလှူရှင်များနှင့် ခုနစ်ရက် သားသမီး အပေါင်းတို့ကို ကျေးဇူးတင်ရှိ
ပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးပါရန်
ကျွန်တော်မှ တောင်းပန်အပ်ပါသည်။ မကြာမီရက်အတွင်း ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို
ကုန်းပေါ်အရောက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်" ဆိုပြီး ဖော်ပြပါရှိ
ပါတယ်။
အဲဒီလို ကြေညာပြီးနောက်ပိုင်း ခေါင်းလောင်းဆယ်တဲ့ ကိစ္စ ပြည်သူတွေ စိတ်ဝင်စားမှု
များလာပါတယ်။
သွားရောက်ကြည့်ရှု သူတွေလည်း မနည်းမနောပါပဲ။ ဘာတွေမှ မြင်ကြရတာတော့ မဟုတ်ပါဘူး။
နောက်ပိုင်း ခေါင်းလောင်းကြီးကို တွေ့ပြီဖြစ်တဲ့အတွက် အဲဒီ ခေါင်းလောင်းကို ကြိုးဆိုင်းဖို့
ရေငုတ်သမားတွေ လုပ်နေကြတယ်လို့ ဆိုပြန်ပါတယ်။
တစ်နေ့တစ်မျိုး မရိုးအောင် အမျိုးမျိုးပြောနေပေမယ့် ခေါင်းလောင်းကြီးကို တွေ့တယ်ဆိုတဲ့ကိစ္စ
ဦးစံလင်း အပြောပဲရှိပြီး ဘယ်သူမှ အတည်မပြုနိုင်ကြပါဘူး။
ဟော ခုနောက်ဆုံးတော့ ဦးစံလင်းက တစ်မျိုး ပြောလာပြန်ပါပြီ။
ဒီမိုကရေစီတူဒေး သတင်းစာကို ပြောရာမှာ ဦးစံလင်းက "စက်တင်ဘာ ၈ ရက် နံနက်က
သဗ္ဗန်တစ်စင်းက သောင်တူးစက် အနားကိုလာပြီး အမွှေးတိုင်တွေ ထွန်း၊ ပွဲတွေပေးပြီး
လာလုပ်သွားတယ်၊ အဖျက်သဘောနဲ့ လာပြီး လုပ်သွားကြတာ၊ အဲလို အဖျက်တွေ ၀င်လေ
တူးဖော်မှု နောက်ကျလေပဲ"လို့ ဆိုပါတယ်။
ခေါင်းလောင်းတွေ့ပြီဆိုတဲ့ သူ့ရဲ့ ကြေညာချက်ကိုတော့ ခေါင်းမာမာနဲ့ ဆက်ပြီး
ဆုပ်ကိုင်ထားတုန်းပါ။
ဒါပေမဲ့ သူ့ရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ တွေ၊ ခေါင်းလောင်း ဆယ်ယူရေး အဖွဲ့ဝင် တွေကတော့
တစ်မျိုး ပြောလာကြပါပြီ။
"ရေငုပ်သမားတွေက ခေါင်းလောင်းကို တွေ့ထားတယ်ဆိုတာလည်း မဟုတ်ဘူး။ ပြည်သူတွေရော၊
ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့ကိုရော ဦးစံလင်းက ညာထားတာပါ"ဆိုပြီး
ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ဝင် တစ်ယောက်က ပြောတာကို ကိုးကားပြီး စံတော်ချိန် နေ့စဉ်
သတင်းစာက ဖော်ပြပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြုအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသန်းစိန်
ကိုယ်တိုင် "သူဘာကြောင့် ညာလည်းဆိုတာ မသိဘူး။ သင်္ဘောပေါ်တက် ဖို့ကျတော့လည်း
စည်းခြားထားတယ်ဆိုတော့ မတက်ဖြစ်ခဲ့ဘူး။ ဦးစံလင်းက သွေးရိုးသားရိုးနဲ့ တကယ်ခေါင်းလောင်း
တွေ့လို့ ကြေညာခိုင်းတာထင်လို့ ကြေညာတာပါ" လို့ ပြောဆိုသည်အထိ ရှိလာပါတယ်။
အလားတူ အထောက်အကူပြု ပြနြ်ကားရေးအဖွဲ့မှ ဦးကြည်ဝင်းကလည်း "ဦးစံလင်း က
ဓမ္မမိတ်ဆွေတွေကြားမှာလည်း ခေါင်းလောင်းအကြောင်းပဲ အမြဲပြောနေတာ။ ပြီးတော့ သူ့ရဲ့သီလ၊
သမာဓိဂုဏ်ကို ယုံပြီး ကျွန်တော်တို့အနေနဲ့ ကူညီပေးနေတာပါ" လို့ ဆိုပါတယ်။
အားလုံးကို ခြံုငုံ သုံးသပ်ကြည့်လိုက်ရင် ခေါင်းလောင်းကို တွေ့ပြီလို့ ပြောတာ ဦးစံလင်း
တစ်ယောက်တည်း ရှိတာပါ။
သူ့ရဲ့ ဆယ်ယူရေး အဖွဲ့ဝင်တွေ၊ ပြန်ကြားရေး အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်း သူကြေညာခိုင်းလို့
ကြေညာရတာပါလို့ တရားဝင် ထုတ်ဖော်ပြောဆိုနေကြပါပြီ။
ဦးစံလင်း ပြောစကားတွေ ထုတ်ပြန်ကြေညာချက်တွေထဲမှာလည်း သဘာဝယုတ္တိမကျတဲ့
နတ် နဂါး တွေ၊ အမွှေးတိုင် ထွန်းတာတွေ၊ ၀ိဇ္ဇာနည်းတွေ စသဖြင့် အဓိပ္ပာယ်မဲ့တာတွေက လွှမ်းခြံု
နေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဦးစံလင်းရဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ပြီဆိုတာ လိမ်ညာမှုတစ်ခု
ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါပြီ။
ဇာတ်လမ်းဆုံးသွားလို့ ခေါင်းလောင်းကြီးကို မတွေ့တဲ့တိုင် လိမ်ညာတာလို့ ထုတ်ဖော်ပြောဆို
မှာတော့ မဟုတ်ပါဘူး။
ဒီအတွက် သူဘာလို့ ဒီလို တိုင်းပြည်နဲ့ ပြည်သူတွေကို လိမ်ညာရတာလဲ၊ နောက်ကွယ်မှာ
ဘာကိစ္စတွေ ရှိနေသလဲဆိုတာ ဖော်ထုတ်ပြီး တရားဥပဒေကြောင်းအရလည်း
အရေးယူသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















