ဟောင်းနွမ်း ချို့ယွင်း ဒေါ်လာကိစ္စ အဖြစ်မှန်က ဘာလဲ

ဟောင်းနွမ်း ချို့ယွင်း ဒေါ်လာကိစ္စ အဖြစ်မှန်က ဘာလဲ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ညောင်ဦး အမတ် ဦးအောင်ကြိုင်က ဟောင်းနွမ်း၊ မင်စွန်းနေတဲ့ ဒေါ်လာငွေစက္ကူတွေကို ဘဏ်တွေက ဘာကြောင့် လက်မခံသလဲဆိုတဲ့ ေမးခွန်းတစ်ခု မေးပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ ညောင်ဦး အမတ်
ဦးအောင်ကြိုင်က ဟောင်းနွမ်း၊ မင်စွန်းနေတဲ့ ဒေါ်လာငွေစက္ကူတွေကို ဘဏ်တွေက ဘာကြောင့်
လက်မခံသလဲဆိုတဲ့ မေးခွန်းတစ်ခု မေးပါတယ်။

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က အဲဒီလို ပြဿနာမျိုး
မရှိပါဘူး။

ဗဟိုဘဏ်အနေနဲ့ အစိုးရဘဏ်၊ ပုဂ္ဂလိက ဘဏ်တွေ အားလုံးကို ဒေါ်လာငွေစက္ကူ အစစ်သာမှန်ရင်
တော်ရုံတန်ရုံ ချို့ယွင်းတာတွေကို လက်ခံဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပြီးသားပါလို့ ပြန်ဖြေပါ
တယ်။

ဒေါက်တာဆက်အောင် ဖြေတာဟာ တကယ့်လက်တွေ့ အပြင်မှာ ဖြစ်ပျက်နေတာနဲ့
တက်တက်စင်အောင် ကွဲလွဲပြီး အဖြစ်မှန် မဟုတ်တာ တွေ့ရပါတယ်။

လက်တွေ့အပြင်မှာ ဘာတွေ ဖြစ်နေသလဲ၊ ပြဿနာရဲ့ အရင်းခံ ဘယ်လိုရှိသလဲဆိုတာ ဒီတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါက်တာဆက်အောင် ကတော့ "ဟောင်းနွမ်းနေသော်လည်း အစစ်အမှန်ဟု အလွယ်တကူ
ခွဲခြားနိုင်သော ငွေစက္ကူ၊ Money Changer ၏ Seal တံဆိပ်များ ရိုက်နှိပ်ထားသော ငွေစက္ကူ၊
မင်ရာများ လက်မှတ်များ ပါရှိသော ငွေစက္ကူ၊ အနည်းငယ် စွန်းထင်းပြီး Spot အစက်ပါရှိသော
ငွေစက္ကူ၊ ငွေစက္ကူခေါက် ရိုးကျိုး၍ အနည်းငယ် ပွန်းနေပြီး မျက်နှာပြင်မှာ အစွန်းကွက် အနည်းငယ်
ရှိသော်လည်း အစစ်အမှန်ဟု အလွယ်တကူ ဆုံးဖြတ်နိုင်သော ငွေစက္ကူနှင့် ငွေစက္ကူ
အနားထောင့်စွန်းများ အနည်းငယ် စုတ်ပြဲနေသော်လည်း ဆွေးမြေ့ခြင်း မရှိသော ငွေစက္ကူတို့ကို
နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း" ဆိုပြီး
ပြောခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း၊ ဒါဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ လုံးလုံးကြီးကို ခြားနားနေတဲ့
တင်ပြချက်ဖြစ်ပါတယ်။

တကယ်တမ်း အောက်ခြေက ပုဂ္ဂလိက နိုင်ငံခြားငွေလဲကောင်တာတွေမှာ၊ ပုဂ္ဂလိကဘဏ်တွေမှာ၊
နိုင်ငံခြား ကုန်သွယ်မှုဘဏ် အပါအဝင် အစိုးရဘဏ်တွေ အားလုံးမှာ ဖြစ်ပျက်နေတာကတော့
ဒေါ်လာဆိုရင် နည်းနည်းလေး ဟောင်းနေတာနဲ့၊ ခေါက်ရိုးတွေ ကျိုးနေတာနဲ့တင် လက်မခံဘူး
ဆိုတာပါ။

ပွင့်ပွင့်လင်းလင်း ပြောရရင် လွှတ်တော်ထဲမှာ ဒေါက်တာ ဆက်အောင်ပြောတဲ့ ဒေါ်လာငွေပုံစံ
အားလုံးကို လက်မခံရုံမက တချို့ ငွေစက္ကူ စီးရီးနံပတ်တွေကိုတောင် အတုထွက်ထားဖူးတယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ လက်မခံပါဘူး။

နောက်ပြဿနာ တစ်ခုက ဂျပန်၊ တရုတ်နဲ့ နိုင်ငံတချို့ က လာတဲ့ ဒေါ်လာငွေစက္ကူတွေမှာ
သက်ဆိုင်ရာ ဘဏ်တွေက စိစစ်ပြီးကြောင်း တံဆိပ်တုံး အမှတ်အသား သေးသေးလေးတွေ
ထုထားတဲ့ ကိစ္စပါ။

အဲဒီလို ဒေါ်လာငွေစက္ကူတွေကလည်း အလွန်များပါတယ်။ ဒါမျိုးကိုလည်း လက်မခံပါဘူး။
ဒီ ပြဿနာဘယ်ကစသလဲလို့ လေ့လာကြည့်တဲ့အခါ အစိုးရဗဟိုဘဏ်ဘက်က စတယ်ဆိုတာ
သိလာရပါတယ်။

ပြည်သူတွေ၊ လုပ်ငန်း ရှင်တွေ၊ ပုဂ္ဂလိက ဘဏ်တွေဟာ အကြောင်းအမျိုးမျိုးနဲ့၊ ခေါင်းစဉ်အမျိုးမျိုးနဲ့
အစိုးရဘဏ်တွေမှာ နိုင်ငံခြားငွေတွေကို သွားအပ်၊ သွားသွင်းတာမျိုးတွေ လုပ်ရလေ့ရှိပါတယ်။

ဒါပေမဲ့လည်း အရင်ခေတ် အဆက်ဆက်ကစ လက်ရှိ ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ လဲတာ၊
လက်ခံတာ ဆောင်ရွက်ခွင့်ပြုလိုက်တဲ့ ဒီနေ့ အချိန်ထိ အစိုးရဘဏ် ငွေလက်ခံဖို့ တာဝန်ရှိသူ
တွေဟာ ဟောင်းနွမ်း ဒေါ်လာကိုတောင် လက်မခံပါဘူး။

ဘယ်စက္ကူကို လက်ခံမယ်၊ လက်မခံဘူးဆိုတာ အဲဒီ ငွေလက်ခံသူတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

သူတို့ ပယ်လိုက်တဲ့ ဒေါ်လာ ငွေစက္ကူတွေကို ပြန်သယ်လာရုံပါပဲ။ ဘာမှ စောဒကတက်လို့
မရပါဘူး။

ဒီလိုနည်းနဲ့ ပုဂ္ဂလိကပိုင်းကလည်း အဲဒီလို ဟောင်းနွမ်း ချို့ယွင်းနေတဲ့ ဒေါ်လာငွေစက္ကူတွေကို
လက်မခံဘူးဆိုပြီး ဓလေ့ ထုံးစံ တစ်ခုလို ဖြစ် သွားခဲ့ရတာပါ။

ထုံးစံအတိုင်း ဒီပြဿနာမှာ အဂတိ လိုက်စားတာတွေ၊ မသမာမှုတွေ ပါလာတော့ ပြဿနာကို
ပိုပြီးဆိုးစေပါတယ်။

အစိုးရဘဏ်မှာ ဒေါ်လာသွားအပ်ရင် လက်ခံသူကို ကြိုတင် ညှိနှိုင်းထားရင်၊ လာဘ်ငွေပေးထားရင်
တော်ရုံ တန်ရုံဆို လက်ခံပေးလေ့ရှိတယ်ဆိုပြီး ကိုယ်တိုင် လုပ်ကိုင်ခဲ့သူတွေက ပြောပြကြပါတယ်။

မှောင်ခိုဈေးကွက်က ငွေလဲသူတွေကတော့ ရှင်းပါတယ်။ ငွေစက္ကူ ၁၀ ရွက်သွားလဲရင် ငါးရွက်နဲ့
အထက်ကို ချို့ယွင်းတယ်ဆိုပြီး လက်မခံပါဘူး။

လက်ခံစေချင်ရင် ဈေးလျှော့ပေးတာမျိုး လုပ်ပါတယ်။ တချို့ပုဂ္ဂလိက ဘဏ်တွေဆိုရင်
ဒီဘဏ်တစ်ခုက ထုတ်ယူလာတဲ့ ဒေါ်လာငွေစက္ကူကိုတောင် ဟိုတစ်ဘဏ်က လက်မခံပါဘူး။

ပြန်လဲခိုင်းတတ်ပါတယ်။ ဒီလိုနည်းနဲ့ အဲဒီလို ဟောင်းနွမ်း ချို့ယွင်း ဒေါ်လာငွေစက္ကူကို လက်မခံပဲ
ဈေးလျှော့ပေး အမြတ်ထုတ်တာ တကယ့် စီးပွားရေးလုပ်ငန်းကြီး တစ်ခုလို ဖြစ်လာပါတယ်။

အကြောင်းက တော့ ပုဂ္ဂလိကဘဏ်တွေ၊ မှောင်ခို ငွေလဲသူတွေဟာ သူတို့ကသာ ဟောင်းနွမ်း
ဒေါ်လာ ငွေစက္ကူတွေကို လက်မခံ၊ ပုံမှန်ပေါက်ဈေးထက် ဈေးလျှော့ဝယ်ပေမယ့် နိုင်ငံခြားထွက်သူ
တွေ၊ လိုအပ်သူတွေ လာဝယ်ရင် အဲဒီ ဟောင်းနွမ်း ချို့ယွင်းငွေစက္ကူတွေကိုပဲ ပုံမှန် ဈေးအတိုင်း
ရောင်းပေးလေ့ ရှိကြလို့ပါ။

အဓိက ပြဿနာ တက်တာကတော့ ပြည်သူတွေပါ။ ပုံမှန်ရလာတဲ့ ဒေါ်လာငွေတွေ သွားရောင်းရင်
ရောင်းမရ၊ ဈေးနှိမ်ခံရပါတယ်။ ဒေါ်လာငွေနဲ့ ဈေးနှုန်း သတ်မှတ်ထားတဲ့ အီလက်ထရွန်းနစ်ပစ္စည်း
လိုမျိုးကို သွားဝယ်ရင်လည်း အဲဒီ ဒေါ်လာငွေစက္ကူ အတော်များများကို လက်မခံပါဘူး။

နောက်ဆုံး ဆိုင်က သတ်မှတ်တဲ့၊ အမြတ်တင်ထားတဲ့ ဒေါ်လာဈေးနှုန်းကိုပဲ ကျပ်ငွေနဲ့ ပေးချေ
ရလေ့ရှိပါတယ်။

ဒီလို ကိစ္စမျိုး ပြည်တွင်းမှာ ဒေါ်လာနဲ့ လစာရတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းက လူတွေ၊
အိုင်အင်န်ဂျီအိုတွေလည်း မလွတ်ပါဘူး။ အားလုံး ခံစားရပါတယ်။

ပြဿနာရဲ့ အဓိက အကြောင်းရင်းခံကတော့ ဗဟိုဘဏ်ဟာ သူထုတ်ထားတဲ့ ညွှန်ကြားချက်ကို
သူ့အစိုးရဘဏ်တွေ ကိုယ်တိုင် လိုက်နာလာအောင် ကြီးကြပ်မှု မလုပ်နိုင်လို့ပါ။

အဲဒီကတစ်ဆင့် အဂတိလိုက်စားမှု၊ အဲဒီက တစ်ဆင့် မတရားခေါင်းပုံဖြတ် အမြတ်ထုတ်မှုအဖြစ်
အဆင့်ဆင့် ပြောင်းလဲသွားတာမျိုးဖြစ်ပါတယ်။

တကယ်တော့ ဈေးကွက်စီးပွားရေးစနစ်ကို တကယ်ကျင့်သုံးနေချိန်၊ နိုင်ငံတကာ ခရီးသည်တွေ၊
စီးပွားရေး လုပ်ငန်း လုပ်မယ့်သူတွေ ဥဒဟိုဝင်ရောက်နေတဲ့ ဒီနေ့လို အချိန်မျိုးမှာ ဟောင်းနွမ်း
ချို့ယွင်း ဒေါ်လာ ဆိုပြီး ငွေလဲကောင်တာတွေ၊ မှောင်ခိုသမားတွေ၊ အစိုးရဘဏ်ဝန်ထမ်းတွေ
လောဘတက် အမြတ်ထုတ်နေကြတာကတော့ အလွန် အရုပ်ဆိုး အကျည်းတန်လွန်းပါတယ်။

ဒါကို ပြေလည်ဖို့ဆိုရင် ဒေါက်တာဆက်အောင် လွှတ်တော်မှာ ရွတ်ပြတဲ့ ဗဟိုဘဏ်က
ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို အစိုးရ ဘဏ်တွေကိုယ်တိုင် တိတိကျကျ လိုက်နာလာအောင်
ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပြဖို့ လိုပါတယ်။

ပြီးရင် ပုဂ္ဂလိက ဘဏ်တွေနဲ့ ငွေလဲကောင်တာတွေကလည်း လိုက်နာလာအောင် အဲဒီ
ငွေလဲကောင်တာတွေမှာ စာတန်းကြီးတွေ၊ နမူနာပုံတွေ ချိတ်ဆွဲပြီး ဟောင်းနွမ်းချို့ယွင်း
ဒေါ်လာငွေတွေကို လက်ခံဆောင်ရွက်ပေးမယ့်အကြောင်း ပြည်သူတွေ သိအောင်
ကြေညာခိုင်းသင့်ပါတယ်။

ဒါမှသာ ဒေါ်လာ ငွေစက္ကူတွေရဲ့ ဟောင်းနွမ်း၊ ချို့ယွင်းမှုကို လက်ညှိုးထိုးပြီး အဂတိလိုက်စား၊
ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ ပပျောက်ပြီး နိုင်ငံတကာ နည်းတူ ဖြစ်လာမှာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021