ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးခေါ်ပါတယ်။ ခေါ်ရခြင်း အဓိက အကြောင်းရင်းကတော့ အမတ်တွေရော၊ ပြည်သူလူထုကပါ ဝေဖန်ပြစ်တင်ထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ ဆက်လုပ်ခွင့်ရအောင် ရှင်းလင်းတင်ပြမှုတွေ လုပ်ပြီး လွှတ်တော် သဘောထား တောင်းခံတာပါ။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး
ခေါ်ပါတယ်။ ခေါ်ရခြင်း အဓိက အကြောင်းရင်းကတော့ အမတ်တွေရော၊ ပြည်သူလူထုကပါ ဝေဖန်
ပြစ်တင်ထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စ ဆက်လုပ်ခွင့်ရအောင် ရှင်းလင်းတင်ပြမှုတွေ လုပ်ပြီး
လွှတ်တော် သဘောထား တောင်းခံတာပါ။
ရှင်းလင်းတင်ပြသူက ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား မြို့တော်ဝန် ဦးလှမြင့် ပါ။
တိုင်းဒေသကြီးလွှတ်တော်မှာ သူဘယ်လို ရှင်းလင်း တင်ပြခဲ့သလဲ၊ သူ့တင်ပြချက်တွေဟာ
လွှတ်တော်နဲ့ ပြည်သူလူထုကို မလိမ့်တစ်ပတ် လုပ်တယ်လို့ ဗဟန်းအမတ် ဒေါက်တာညိုညိုသင်း
က ဘာကြောင့် စွပ်စွဲရသလဲ၊ အဲဒီစီမံကိန်းကြီး ဘာဆက်ဖြစ်သွားနိုင်သလဲဆိုတာ
ဒီတစ်ပတ်ဆွေးနွေးတင်ပြသွားပါ့မယ်။
ဒီ ရန်ကုန်မြို့သစ် စီမံကိန်းနဲ့ ပတ်သက်ပြီး အရင် ကျင်းပပြီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်
အစည်းအဝေးမှာ ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်စား မြို့တော်ဝန် ဦးလှမြင့် ကပဲ တင်သွင်းခဲ့တာ
ဖြစ်ပါတယ်။
အကြမ်းဖျင်းလောက် ပြန်ပြောရရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ ပန်းလှိုင်မြစ်နဲ့ တွံတေး
တူးမြောင်းအကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက သုံးသောင်းကျော်
မှာ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံနဲ့ ငွေကျပ် ဘီလျံ ရ,၀၀၀ အကုန်အကျခံပြီး ရန်ကုန်မြို့သစ်
တစ်ခု ဖော်ထုတ်တည်ဆောက်မယ်။
အဲဒီ စီမံကိန်းကိုလုပ်ဖို့ မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးပြီးပြီလို့
တင်ပြခဲ့တာ ဖြစ်ပါတယ်။
တင်ပြမှုအပြီး မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးလို့ ဆိုနိုင်တဲ့ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံလောက်
ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရမယ့် စီမံကိန်းကြီး လုပ်ဖို့ လျှို့ဝှက်ထားခဲ့တယ်၊ ဘယ်သူမှ မကြားဖူးတဲ့
ကုမ္ပဏီ တစ်ခုကို လုပ်ပိုင်ခွင့်ပေးလိုက်တယ် ဆိုတဲ့ အခြေအနေအောက်မှာ အမတ်တွေ၊
မီဒီယာတွေရော ပြည်သူတွေကပါ ၀ိုင်းဝန်း ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
နောက်ပိုင်း အဲဒီ ကုမ္ပဏီ မီဒီယာတွေက စုံစမ်းတဲ့အခါ ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားခြင်း မရှိ၊
ရင်းနှီးမြှုပ်နှံဖို့ တကယ် ထည့်ဝင်ငွေ စာရင်းဟာလည်း ကျပ်ငွေ သိန်း ၁,၀၀၀ တောင် မပြည့်၊
လုပ်ကိုင်မယ့် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တွေကိုလည်း ဘယ်သူတွေမှ မသိ၊ သတင်းဌာနတွေ
ကိုလည်း ရှောင်ရှားဆိုတဲ့ အခြေအနေ ပေါ်ပေါက်လာတဲ့အခါ ဝေဖန်ပြစ်တင်မှု ပိုပြီးပြင်းထန်ခဲ့တာ
ဖြစ်ပါတယ်။
အခု အဲဒီစီမံကိန်းကို မဖြစ်မနေ လုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြတာ
ဖြစ်ပြီး ဒီတစ်ကြိမ်တော့ စီမံကိန်း လုပ်ပိုင်ခွင့်ကို ပွင့်လင်းမြင်သာမှုရှိရှိ တင်ဒါခေါ်မယ်လို့
ပြောဆိုထားပါတယ်။
လွှတ်တော်ထဲမှာ ဦးလှမြင့် ရှင်းတဲ့အခါ ဒီစီမံကိန်းနယ်မြေဟာ အရင် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA နဲ့ ရန်ကုန် စည်ပင် ပူးပေါင်း ရေးဆွဲခဲ့တဲ့ မဟာရန်ကုန် ၂၀၄၀
မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံချက် Strategic Urban Development Plan of The Greater
Yangon 2040 ထဲက အစိတ်အပိုင်း တစ်ခုဖြစ်တယ် ဆိုပြီး အဲဒီ စီမံကိန်းကြီးအကြောင်း
ရှင်းပါတယ်။
အဲဒီ စီမံကိန်းကြီးနဲ့ ပတ်သက်လို့ အလုပ်ရုံ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်လုပ်တယ်၊ အစိုးရအဖွဲ့
သမ္မတဆီကိုလည်း တင်ပြမှုတွေ ရှိခဲ့တယ်ဆိုပြီး ရှင်းတာ ဖြစ်ပါတယ်။
ဒေါက်တာ ညိုညိုသင်း ထောက်ပြတာ အဲဒီ အချက်ပါ။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အကောင်အထည်ဖော်မယ်ဆိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း
ဆိုတာဟာ ဂျိုက်ကာက အကောင်အထည်ဖော်ဖို့ စီမံကိန်း ရေးဆွဲ တင်ပြထားတဲ့ စီမံကိန်းရဲ့
အစိတ်အပိုင်းတစ်ခု ဖြစ်သယောင်၊ ထင်ယောင်ထင်မှား ဖြစ်အောင် တင်ပြတာမို့ သူက ဝေဖန်တာ
ဖြစ်ပါတယ်။
တကယ့်အဖြစ်မှန်ကတော့ ဒီကြည့်မြင်တိုင် တစ်ဖက်ကမ်းက ရန်ကုန်မြို့သစ်စီမံကိန်း ဆိုတာဟာ
ဘယ်ဂျိုက်ကာ၊ ဘယ်ပညာရှင်တွေကမှ ရေးဆွဲထားတဲ့ စီမံကိန်း မဟုတ်ပါဘူး။
မြို့သစ် အကောင်အထည်ဖော်မယ်ဆိုတဲ့ ဦးအောင်ကျော်လွင် ဆိုသူ တစ်ယောက်တည်းရဲ့ စိတ်ကူး
စီမံချက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြတော့လည်း သူတစ်ယောက်တည်းပဲ
တင်ပြခဲ့တယ်လို့ ရန်ကုန်စည်ပင်ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက သတင်းမီဒီယာတွေကို
အတိအလင်း ပြောဆိုခဲ့ပြီး ဖြစ်လို့ပါပဲ။
ဒါကို ဂျိုက်ကာက ဦးဆောင် ရေးဆွဲထားတဲ့ ၂၀၄၀ စီမံကိန်းနဲ့ ရောထွေး တင်ပြတာဟာ
လိမ်လည်လှည့်ဖျားသလို ဖြစ်နေတယ်ဆိုတာလည်း အမှန်ပါပဲ။
ဂျိုက်ကာရဲ့ ၂၀၄၀ စီမံကိန်းဟာ အတော်လေး ကျယ်ပြန့်ပြီး ရန်ကုန်မြို့တော်ကို မြို့တော်
ဗဟိုချက်ကနေ အရပ်လေးမျက်နှာ တိုးချဲ့ဖို့ ပြင်ဆင်ထားတဲ့ စီမံကိန်း အကြီးကြီးပါ။
ဒီအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ သူတို့ သက်တမ်း မကုန်ခင် ဒီရန်ကုန်မြို့ သစ်
စီမံကိန်းကြီးကို အရမ်းအရမ်းကြီး အကောင်အထည် ဖော်ချင်သပဆိုရင် ဘယ်နေရာမှာ အစပြု
ဖော်ထုတ်မလဲ။
ပညာရှင်တွေကို စီမံချက်ရေးဆွဲ တင်ပြခိုင်းတာ ပိုကောင်းပါလိမ့်မယ်။
ကိုယ်နဲ့ နီးစပ်သူတွေ မြေဝယ်ထား ပြီးဖြစ်မယ့် ဒီနေရာ ဒီနေရာပဲ ဆိုပြီး လက်ညှိုးတထိုးထိုး
လုပ်နေလို့ မကောင်းပါဘူး။
အကောင်အထည် ဖော်မယ့် နေရာနဲ့ စီမံကိန်း ထွက်လာပြီဆိုရင် စီမံကိန်းကို အကောင်အထည်
ဖော်မယ့် Developer တွေက ဘယ်သူ ဘယ်အပိုင်းတွေ တာဝန်ယူရမယ်၊ ဘယ်လို
အကျိုးခံစားခွင့်ရမယ်၊ အစိုးရဘက်က ဘာတွေရမယ် စသဖြင့် တိတိကျကျ စီမံကိန်း
ရေးဆွဲထားရပါမယ်။
ဦးမြင့်ဆွေတို့ တင်ပြချက်အရကိုပဲ ဒေါ်လာ ၁၅ ဘီလျံလောက် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းကြီးမျိုး
ဖြစ်လေတော့ Developer တစ်ယောက်တည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ Developer အများအပြား
အသုံးပြုဖို့ လိုကောင်းလိုပါလိမ့်မယ်။
ပြီးရင် မြန်မာပြည်မှာ အကြီးဆုံး စီမံကိန်း ဖြစ်လာမယ့်အတွက် တင်ဒါရွေးချယ်ရေးကိစ္စ
အကြံပေးနိုင်မယ့် နိုင်ငံတကာ အကြံပေး အဖွဲ့ ငှားပြီး လုပ်ဆောင်ရပါမယ်။
ဦးမြင့်ဆွေ တို့ ဦးလှမြင့် တို့ပြောသလို ယုံကြည်လောက်သူတွေဆိုပြီး ဟိုကသည်က
ဆွဲထုတ်လာတဲ့ သူတွေနဲ့ တင်ဒါရွေးချယ်ရေး အဖွဲ့ ဖွဲ့လို့ မရပါဘူး။
နောက်တစ်ခုက တင်ဒါခေါ်မယ့် ကိစ္စပါ။
ကြီးမားတဲ့ စီမံကိန်းကြီးမို့ နိုင်ငံတကာ တင်ဒါ ခေါ်သင့်ပါတယ်။
ပြည်တွင်းက ဦးမြင့်ဆွေတို့ရဲ့ ရန်ကုန်မြို့သစ် အများပိုင်ကုမ္ပဏီလို အမြီးကျက်အမြီးစား
ခေါင်းကျက် ခေါင်းစားကုမ္ပဏီတွေကိုလည်း အဲဒီအထဲ ၀င်ပြိုင်ခိုင်းပါ။
တင်ဒါ ရွေးချယ်တဲ့အခါ ဒီလို မြို့သစ် ဖော်ထုတ်တဲ့ နေရာမှာ အတွေ့အကြံုရှိတဲ့ နာမည်
ကောင်းရထားတဲ့၊ ဘဏ္ဍာငွေကြေး အင်အား တောင့်တင်းတဲ့ ကုမ္ပဏီတွေကို ရွေးချယ်
တာဝန်ပေးရပါလိမ့်မယ်။
လွှတ်တော်ကဏ္ဍ ကလည်း အရေးကြီးပါတယ်။
မြေသိမ်းခံရမယ့် ပြည်သူတွေ မနစ်နာအောင်၊ တကယ်လို့ မြေဝယ်ပြီး ဈေးကစားသူတွေ
လုပ်ချင်တိုင်း လုပ်လို့ မရအောင်၊ အထူးမြေအသုံးချမှုဆိုင်ရာ ဥပဒေလိုမျိုး ပြဋ္ဌာန်းပေးပြီး
မြေဈေးနှုန်းတွေ ထိန်းချုပ်ပေးတာ လုပ်ရပါမယ်။
ဒါမှသာ နိုင်ငံအတွက် ပြည်သူတွေအတွက် အကျိုးရှိမယ့် မြို့သစ် စီမံကိန်း အကောင်အထည်
ပေါ်လာမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် စက်တင်ဘာ ၂၆ ရက် တိုင်းဒေသကြီး လွှတ်တော်မှာ
ဒေါက်တာညိုညိုသင်းတို့ ဆွေးနွေးကြပါဦးမယ်။
ကြိုတင်မှန်းဆ ကြည့်လို့ရသလောက်ကတော့ အမှန်တရားအတွက်၊ တိုင်းပြည်ကောင်းကျိုး
အတွက် ဒေါက်တာညိုညိုသင်း တို့တစ်ယောက် နှစ်ယောက် ဘယ်လောက်ပဲ အာခေါင်ကွဲအောင်
အော်နေနေ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ လုပ်ချင်တာကို ရုပ်သေးရုပ်သာသာ
တိုင်းဒေသကြီး လွှတ်တော်က သဘောတူ ခေါင်းညိတ်၊ လက်ခံ၊ တံဆိပ်တုံး ထုပေးလိုက်မှာ
အသေအချာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















