အပြောင်းအလဲနှင့် အမျိုးသားရေးဂုဏ်သိက္ခာ

အပြောင်းအလဲနှင့် အမျိုးသားရေးဂုဏ်သိက္ခာ

စာပေနယ်က နိုင်ငံအနှံ့ ခရီးသွားနေသူဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က စာရေးသူနဲ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ အတွေ့အကြံုနဲ့ ယူဆချက် အချို့ကို ပြောပြခဲ့ပါတယ်။

စာပေနယ်က နိုင်ငံအနှံ့ ခရီးသွားနေသူဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က စာရေးသူနဲ့ တွေ့ဆုံတဲ့အခါ
သူ့ရဲ့ အတွေ့အကြံုနဲ့ ယူဆချက် အချို့ကို ပြောပြခဲ့ပါတယ်။

သူဟာ နယ်အနှံ့ သွားနေရတော့ စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေကို ၀င်ရောက်
သုံးဆောင်ခဲ့ရကြောင်း အဲဒီဆိုင်တွေမှာ လူမျိုးခြား စားပွဲထိုးတွေကို လုံးဝမတွေ့ရဘဲ ကရင်၊ ဗမာ၊
ချင်း အစရှိတဲ့ တိုင်းရင်းသားလူငယ်လေးတွေကိုသာ တွေ့ခဲ့ရတာကများကြောင်း၊ လူမျိုးခြား
တွေဟာ သူတို့လူမျိုးအချင်းချင်း နိမ့်ကျနေတဲ့ ဘဝတွေကို ကူညီပံ့ပိုးမြှင့်တင်ပေးနေကြပေမယ့်၊
မြန်မာလူမျိုးတွေကတော့ ကိုယ့်လူမျိုးကို ကိုယ်စောင့်ရှောက်တဲ့အလေ့အထ နည်းပါးနေပြီး
ကိုယ်ထက်သာ မနာလိုစိတ်ဓာတ်တွေဟာ ယနေ့ထက်တိုင် မပြောင်းလဲသေးကြောင်း၊
ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်ထားမှုတွေကြောင့်လည်း ပြည်သူအများစုက ဆင်းရဲ မွဲတေနေခြင်း
ဖြစ်ကြောင်း၊ ယခုလည်း နယ်ပယ်အသီးသီးမှာ မတရားမှုတွေနဲ့ ရင်ဆိုင်ကြံုတွေ့နေရတဲ့သူတွေဟာ
ကိုယ့်လူမျိုးတွေ အများစုဖြစ်နေကြောင်း၊ ယနေ့စီးပွားရေး နယ်ပယ်အများစုကို လူမျိုးခြား
တွေကသာ လွှမ်းမိုးထားကြောင်း၊ ဒီပုံစံအတိုင်း ဆက်သွားနေရင် သူ့မြေးမြစ်တွေအထိ စစ်မှန်တဲ့
ပြောင်းလဲမှု ဖြစ်လာဦးမှာ မဟုတ်သေးဘူးလို့ သူထင်မြင်လျက်ရှိကြောင်း ပြောပါတယ်။

နိုင်ငံအတွင်း အကောင်အထည်ဖော်နေဆဲနဲ့ အကောင်အထည်ဖော်ဖို့ စီမံနေကြတဲ့ စီမံကိန်းကြီး
တွေနဲ့ ပတ်သက်ပြီး ဘယ်အလုပ်ပဲဖြစ်ဖြစ် စလုပ်မယ် ကြံရွယ်ကတည်းက အဲဒီ လုပ်ငန်းအပေါ်
ဘယ်လိုကောင်းမွန်အောင် လုပ်ပေးမယ်ဆိုတာထက် ဘယ်လောက် အကျိုးအမြတ်ရရှိ
ခံစားနိုင်မလဲဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေသမျှ မည်သည့်စီမံကိန်း၊ မည်သည့်
လုပ်ငန်းတွေမှ စေတနာမပါတဲ့အတွက် တည်တံ့ခိုင်မြဲခြင်း၊ အောင်မြင်ခြင်းတွေ ဖြစ်ပေါ်လာမှာ
မဟုတ်ကြောင်း၊ လုပ်ငန်းအပေါ် စေတနာထားပြီး ရည်ရွယ်ချက်တွေကောင်းမှသာ
စီမံကိန်းတွေဟာ ရေရှည်တည်တံ့ခိုင်မြဲမှာဖြစ်ကြောင်း၊ ၈၈ နောက်ပိုင်းကစပြီး မြေယာပိုင်ဆိုင်မှု
တွေကို ဒေသဆိုင်ရာ အာဏာပိုင်အသီးသီးက လက်သိပ်ထိုးပြီး သူတို့သဘောနဲ့သူတို့ စီမံခန့်ခွဲ၊
ခွဲခြမ်းစိတ်ဖြာခဲ့မှုတွေကြောင့် ယနေ့ အချိန်အခါမှာ လုပ်ရကိုင်ရခက်ခဲနေသလို နိုင်ငံတော်ပိုင်
မြေနေရာနဲ့ နိုင်ငံတော်ပိုင် အဆောက်အအုံတွေ မရှိသလောက်ဖြစ်နေကြောင်း၊ အရည်အသွေး
မမီတဲ့ လမ်းတံတား စီမံကိန်းတွေ၊ အကျိုးအမြတ်ကို ရှေ့တန်းတင်ခဲ့တဲ့ စီမံကိန်းတွေကြောင့်လည်း
နိုင်ငံတော် ဘဏ္ဍာငွေ မြောက်မြားစွာ ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာလူမျိုးအများစုဟာ ဘယ်အလုပ်ပဲ
လုပ်လုပ် စည်းလုံးညီညွတ်မှု နည်းကြလို့ နယ်ပယ်အသီးသီးမှာ စစ်မှန်တဲ့ အောင်မြင်မှုတွေနဲ့
ဝေးနေကြတဲ့အကြောင်း၊ မျိုးဆက်သစ် လူငယ်အများစုဟာ ခေတ်၊ စနစ်ရဲ့ သားကောင် တွေ
ဖြစ်ခဲ့ကြရတဲ့အတွက် ဘဝရည်မှန်းချက်တွေ ပျောက်ဆုံးနေတဲ့အပြင် ယနေ့ အချိန်အထိ
အနာဂတ်မျှော်လင့်ချက်တွေပါ ပျောက်ဆုံးနေကြရကြောင်း၊ ဒ့ါပြင်ပြည်သူ အများစုဟာ
အယုံလွယ်ပြီး အမှတ်သည်းခြေ မရှိတဲ့ စိတ်ဓာတ်မျိုးတွေကြောင့်လည်း ခေတ်အဆက်ဆက်
အာဏာပိုင်တွေရဲ့ လှည့်စားတာတွေကို ခံနေရတဲ့အကြောင်း ပြောပြသွားခဲ့ပါတယ်။

အမှန်တကယ်တော့ ဘယ်နိုင်ငံဘယ်တိုင်း ပြည်ပဲဖြစ်ဖြစ် အာဏာပိုင်စိုးခွင့်ရှိကြတဲ့ ပုဂ္ဂိုလ်တွေဟာ
သဘောထားအယူအဆနဲ့ စိတ်ထားတွေ မြင့်မြတ်မှန်ကန်ဖို့လိုကြပါတယ်။

ပြည်သူတွေအပေါ် အာဏာပိုင်စိုးခွင့် ရရှိခဲ့ကြတဲ့ အုပ်ချုပ်သူလူတန်းစားတွေရဲ့ စိတ်နေစိတ်ထားနဲ့
မှန်ကန်မျှတတဲ့ စီမံခန့်ခွဲမှု လုပ်ဆောင်ချက်တွေအပေါ်မူတည်ပြီး အဆိုပါ တိုင်းနိုင်ငံတွေမှာ
ရှိနေကြတဲ့ ပြည်သူတွေဟာ လွတ်လပ်ခြင်း၊ ချမ်းသာခြင်း ပျော်ရွှင်ခြင်း၊ တရားမျှတပြီး
ဆင်းရဲဒုက္ခ ကင်းဝေးခြင်းဆိုတဲ့ ဂုဏ်သိက္ခာရှိတဲ့ဘဝတွေကို ရရှိပိုင်ဆိုင် နေကြရတာပါ။

လက်ရှိအချိန်မှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်အဟုန်နဲ့ ကြိုးပမ်း ဆောင်ရွက်နေကြတယ်
ဆိုပေမယ့် တိုင်းရင်းသား ပြည်သူအများစု နေ့စဉ်ရင်ဆိုင်ကြံုတွေ ခံစားနေရတဲ့ အခက်အခဲ
အကျပ်အတည်းတွေ၊ တရားဥပဒေစိုးမိုးမှု နည်းပါးလာပြီး မင်းမဲ့စရိုက်ဆန်တဲ့လုပ်ရပ်
မြင့်မားလာမှုတွေ၊ အောက်ခြေအဆင့်ဌာနဆိုင်ရာ အသီးသီးမှာ တာဝန်ရှိအကြီးအကဲတွေ
အမြင်လှဖို့လောက်သာ ဦးစားပေး ပြုပြင်ပြောင်းလဲပေးနေပြီး ယခင် စစ်အစိုးရခေတ်အဆက်ဆက်
ပုံစံအတိုင်း အကျင့်စရိုက် လွှမ်းမိုးမှုရှိနေခြင်းများဟာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုများအပေါ်
ဝေဖန်ထောက်ပြစရာများအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ဝက်လောက်ကလို့ ထင်ပါတယ်။ လွှတ်တော်မတ် တစ်ဦးက တနင်္သာရီ တိုင်းဒေသကြီး
အတွင်း ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာကို တွေ့ လိုက်ရပါတယ်။

ဆီအုန်းစိုက်ပျိုးကြတဲ့ လုပ်ငန်းရှင်အချို့ဟာ နိုင်ငံတော်ကနေ စီမံကိန်းမြေတွေ မြောက်မြားစွာ
ယူထားကြပြီး အမှန်တကယ်ကျတော့ တာဝန်ရှိသူတွေနဲ့ နိုင်ငံတော်အကြီးအကဲတွေ
လာရောက်ကြည့်ရှု စစ်ဆေးပါက မြင်သာနိုင်တဲ့ အနေအထားမျိုးအဖြစ် အမြင်လှအောင်
လမ်းဘေး ၀ဲယာ သုံးပင်တန်းလောက်ကိုသာ ယောင်ပြစိုက်ပျိုးထားပြီး အတွင်းဘက်မှာတော့
အဖြစ်သဘောသာ စိုက်ပျိုးထားကြကြောင်း၊ သို့သော်လည်း နိုင်ငံတော်ကနေ ရရှိနိုင်မယ်ထင်တဲ့
ပါမစ် အခွင့်အရေးတွေကိုတော့ အပြည့်အဝယူနေကြတယ်လို့ ဆိုပါတယ်။

မှန်ပါတယ်၊ ဒါတွေ ဟာ ဒီနယ်ပယ်တစ်ခုတည်းမှာ မဟုတ်ပါဘူး။ နယ်ပယ်အသီးသီးမှာ တာဝန်မဲ့
အာဏာပိုင် အဖွဲ့အစည်းအချို့နဲ့ အပေးအယူ မျှတနေကြတဲ့ အခွင့်အရေးသမားတွေ၊
ကိုယ်ကျိုးအတ္တ သမားတွေဟာ ဂုဏ်သိက္ခာမဲ့စွာနဲ့ ကိုယ်ကျိုး ရှာနေမှုတွေကြောင့် အမြင်လှတဲ့
အပေါ်ယံ အပြောင်းအလဲအနည်းငယ်မှလွဲပြီး တိုင်းပြည်ဟာ လိုရာခရီးမရောက်ဘဲ ပြည်သူ
အများစုဟာ ဆင်းရဲတွင်း နက်နေကြခြင်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လေးလပတ် အစည်းအဝေးတုန်းကလည်း နေပြည်တော်ကို ရောက်ရှိလာတဲ့
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အကြီးအကဲတွေကို လယ်ဆည်တာဝန်ရှိ ပုဂ္ဂိုလ်တွေက
နေပြည်တော်နယ်မြေထဲမှာရှိတဲ့ စိုက်ခင်း အခြေအနေတွေကို ရှင်းလင်းပြသခဲ့တဲ့ သတင်းတွေကို
တွေ့လိုက်ရပါတယ်။

နေပြည်တော်နယ်မြေ အတွင်းမှာရှိတဲ့ စိုက်ခင်းစိုက် ကွက်အခြေအနေတွေကို နိုင်ငံတော်
အကြီးအကဲတွေနဲ့ နိုင်ငံခြားသံတမန်တွေ၊ နိုင်ငံခြား ဧည့်သည်တွေကို မကြာခဏရှင်းလင်းခေါ်ယူ
ပြသနေမှုတွေကို မြင်တွေ့ရနေပေမယ့် လယ်ယာမြေအများဆုံးရှိတဲ့ ဧရာဝတီတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီးတွေမှာ ဖြစ်ပျက်နေတဲ့၊ ဖြစ်ပျက်ခဲ့့တဲ့ လယ်ယာစိုက်ကွင်း အနေအထားတွေ၊
နိုင်ငံအနှံ့ဆုံးရှုံးမှုတွေ၊ ဖြစ်ပေါ်နေတဲ့ လယ်ယာလုပ်ငန်းခွင်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်
အကြီးအကဲတွေနဲ့ သံတမန်တွေကိုတော့ လယ်ဆည်ဝန်ကြီးဌာနက ခေါ်ယူ ရှင်းလင်းပြသမှုတွေ
မတွေ့မိသေးပါဘူး။

ဝေဖန်သုံးသပ်ပြုပြင်စရာ အများကြီးရှိနေသေးတဲ့ လယ်ယာကဏ္ဍမှာ နိုင်ငံအနှံ့ တောင်သူ
လယ်သမားအများစု ကြံုတွေ့ခံစားနေရတဲ့ လက်ရှိအခြေအနေမှန်တွေကို လယ်ဆည်ဝန်ကြီးဌာနနဲ့
တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ အကြီးအကဲ တာဝန်ရှိသူတွေက လယ်သမားတွေ အမှန်တကယ်
ကြံုတွေ့နေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုပြီး လယ်ယာကဏ္ဍကို လွှတ်တော်နဲ့သမ္မတအမြင်မှာ
အမြင်လှအောင်ဖြေ ရှင်းပေးနေကြဦးမယ်ဆိုရင်တော့ လယ်သမားတွေရဲ့ ဘဝဟာ ဆင်းရဲတွင်း
ဒုက္ခနွံတွင်းက ရုန်းထွက်နိုင်ကြဦးမှာ မဟုတ်ဘဲ ပြည်သူကို ဗဟိုပြုပြီး တိုင်းပြည်ကြီးပွား
တိုးတက်အောင် ကြံဆောင်မယ်ဆိုတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ရည်ရွယ်ချက်ဟာလည်း
အောင်မြင်လိမ့်မယ် မထင်သေးပါဘူး။

စာရေးသူတို့ နိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေပြုပြီး ဘဝကို နွားနဲ့ ရုန်းကာ
နေပူမရှောင် မိုးရွာမရှောင် တစ်ဝမ်း တစ်ခါးအတွက် နေ့စဉ်ရှာဖွေလုပ်ကိုင် စားသောက်နေရသူ
အများစုရှိနေတယ်ဆိုတာ အားလုံုးသိကြပါတယ်။

ဒီနေ့ဒီအချိန်အခါမှာ လယ်သမားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းနေရတဲ့ အဖြစ်အပျက်တွေ လက်တွေ့
ခံစားနေရတဲ့ ဒုက္ခအသီးသီးကို တာဝန်ယူမှု၊ တာဝန်ခံမှု နည်းနေကြပေမယ့် လယ်သမားတွေ
ပိုင်ဆိုင်ထားတဲ့ လယ်မြေတွေကို လူမျိုးခြားတွေ အပါအဝင် ငွေရှိတဲ့ အသိုင်းအဝိုင်းတွေနဲ့
လုပ်ပိုင်ခွင့်ရှိ နေသူတွေက လယ်သမားတွေရဲ့ စီးပွားရေး ချွတ်ခြံုကျနေမှုအပေါ်
အခွင့်ကောင်းယူကာ နည်းလမ်းမျိုးစုံနဲ့ ပိုင်ဆိုင်မှုရအောင် လုပ် ဆောင်နေကြပါတယ်။

လယ်သမားတိုင်းပြည်လို့ပြောပြီး လယ်သမားတွေလက်ထဲ လယ်မြေယာမြေတွေ မရှိတော့ရင်
လယ်မဲ့ယာမဲ့ ပြဿနာဟာ အနာဂတ်မှာ ဖြေရှင်းလို့ ခက်ခဲတဲ့ ပြဿနာတစ်ရပ်နဲ့
ကြံုတွေ့လာနိုင်ပါတယ်။

"လယ်လုပ်ဖို့ဆိုတာ မြေပိုင်ဆိုင်မှုက အရေးကြီးတယ်။ မြေမရှိဘဲ ဘာမှလုပ်လို့ မရဘူး။ ကျွန်မတို့
လယ်သမားကြီးတွေအနေနဲ့ အကြွေး နွံ့ထဲနစ်နေတဲ့အခါ လယ်မြေတွေကို လွယ်လွယ်နဲ့
ရောင်းဖြစ်ကြတယ်။ လွယ်လွယ်စဉ်းစားပြီး မရောင်းကြပါနဲ့လို့ ပြောချင်ပါတယ်"လို့
ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့ နယ်မှာရှိတဲ့ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံစဉ်
ပြောကြားချက်များကို အလေးအနက်ထားကြပြီး ပိုင်ဆိုင်မှုမဲ့၊ ခိုကိုးရာမဲ့ဘဝ တွေအဖြစ်
မရောက်အောင် ဂရုမူသင့်ကြပါတယ်။

နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင် သိမ်းဆည်းမြေယာတွေကို စွန့်လွှတ်ကြောင်း
ပြောကြားထားပေမယ့် တောင်သူလယ်သမားတွေထံအချိန်မီ ပြန်လည်ပေးအပ်မှု မရှိတာတွေ၊
မြေယာရယူမှုမှာ ရပ်ရွာနဲ့ တိုင်ပင်ဆွေးနွေးမှု မရှိတာတွေ၊ မြေယာအတွက် လျော်ကြေးများပေးရာ
မှာလည်း အဂတိလိုက်မှု၊ လာဘ်စားမှုများ ရှိနေခြင်းတွေ၊ အမှန်တကယ် ပိုင်ဆိုင်သူတွေလက်ထဲ
မရောက်ရှိမှုတွေဟာလည်း နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းစေတဲ့အပြင် ပြည်သူတွေယုံကြည်မှု
လျော့နည်းလာပြီး နိုင်ငံအနှံ့ ယခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။

ဒါ့ပြင် မြန်မာ့စီးပွားရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ မည်သည့်စီးပွားရေးလုပ်ငန်းရှင်တွေမဆို
ရင်ဆိုင်ရမယ့် အရှုပ်ထွေးဆုံးသော စိန်ခေါ်မှုဟာ မြေယာအရေးဖြစ်နေခြင်းဟာလည်း နိုင်ငံ
ဖွံ့ဖြိုးတိုးတက်မှုနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲ ရေးအတွက် အဟန့်အတားဖြစ်နေစေတာကတော့
အမှန်ပါပဲ။

ယနေ့အချိန်အခါမှာ ဟိုတယ်၊ မိုတယ်၊ ကွန်ဒိုအစရှိတဲ့ အဆောက်အအုံတွေနဲ့အတူ စီမံကိန်းကြီး
တွေဟာ နေပြည်တော်အပါအဝင် နိုင်ငံတော်ရဲ့ အဓိက မြို့ကြီးတွေမှာ အလျှိုအလျှိုပေါ်ထွက်
လာတာ ရုပ်ဝတ္ထုတွေအရ တင့်တယ်စရာ၊ အမြင်လှစရာလို့ ထင်ရပေမယ့်
"ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်" ဆိုသလိုပဲ ပြည်သူ အများစုရဲ့ တစ်ဝမ်းတစ်ခါး၊
ကျောတစ်နေရာ စာအတွက် ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်လှုပ် ရှားနေကြရတဲ့ လူနေမှု
ဘဝပုံရိပ်တွေဟာ နိုင်ငံ့ဂုဏ်သိက္ခာ၊ လူမျိုးသိက္ခာတွေကို ကျဆင်း နေစေတာကတော့
တကယ့်အရှိတရားတွေပဲ ဖြစ်ပါတယ်။

ဘယ်နိုင်ငံပဲဖြစ်ဖြစ် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍနယ်ပယ်အသီးသီးမှာ ကိုယ်ကျိုးအတ္တ
ကြီးမားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ စည်းကမ်းပျက်တာတွေ၊ မတရားမှုတွေ ရှိကြစမြဲပါပဲ။

ဒါပေမဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်တွေ၊ ကိုယ့်လူမျိုးတွေ
နွံနစ်စေမယ့် လုပ်ရပ်တွေ၊ ကိုယ့်လူမျိုးတွေ ဂုဏ်သိက္ခာမဲ့ပြီး လူမျိုးခြားတွေရဲ့ လွှမ်းမိုးခံရမယ့်
လုပ်ရပ်မျိုးတွေ မဖြစ်စေဖို့ အရေးကြီးလှပါတယ်။

လူရယ်လို့ဖြစ် လာရင် မိမိတို့ ရရှိထားကြတဲ့ ရာထူးဂုဏ်အဆင့် အတန်းနဲ့အညီ သူတစ်ပါးအတွက်
မိမိရဲ့ ငွေကြေးဥစ္စာနဲ့ ဖြစ်စေ၊ စေတနာနဲ့ ဖြစ်စေ၊ အတတ်ပညာနဲ့ ဖြစ်စေ၊ အကြံဉာဏ်နဲ့ဖြစ်စေ၊
လုပ်အားနဲ့ဖြစ်စေ အကျိုးပြုသင့်ကြပါတယ်။

မိမိတို့နဲ့ မိမိတို့ အသိုင်းအဝိုင်းပြည့်စုံနေပေမယ့် အစစအရာရာချို့တဲ့ နွမ်းပါးနေတဲ့ သူ တစ်ပါးတွေ
အတွက် မစဉ်းစားတဲ့သူတွေဟာ လူဖြစ်ပေမယ့် လူ့ဂုဏ်သိက္ခာနဲ့ မညီသူတွေ ဖြစ်ပါတယ်။

မတရားသဖြင့် ပစ္စည်းဥစ္စာတွေ ပေါများသထက် ပေါများလာအောင်၊ ရာထူး အာဏာတွေကို
တည်မြဲသထက် တည်မြဲနေအောင် ဘယ်နည်းနဲ့မဆို အသုံးပြုပြီး ရယူထားမှုတွေဟာ
ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တွေပဲ ဖြစ်တယ်ဆိုတာ ဆင်ခြင်တုံတရားများနဲ့ နောင်တရ
ဆင်ခြင်သင့်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အုပ်ချုပ်သူအာဏာ ပိုင်အဖွဲ့အစည်းများရဲ့ စစ်မှန်သော ပြုပြင် ပြောင်းလဲမှု
များနဲ့အတူ မှန်ကန်မျှတတဲ့ စီမံခန့်ခွဲမှုများအပြင် ပြည်သူတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့
စိတ်နေစိတ်ထားတွေ ကြီးမားလာမှသာ နိုင်ငံတော်ရဲ့ ရှေ့ခရီးလမ်းဟာ ဖြောင့်ဖြူးသာယာလာမှာ
ဖြစ်ပါတယ်။

အများ ပြည်သူအကျိုးစီးပွားကို ဦးတည်ခြင်း မရှိတဲ့ ခေတ်အဆက်ဆက် စနစ်ဟောင်းက
လုပ်ရပ်ဟောင်းတွေ၊ အယူအဆဟောင်းတွေကို ဖယ်ရှားပြီး မှန်ကန်တဲ့ သဘောထားတွေ၊
စိတ်ထားကြီးမားပြီး လက်တွေ့ဆန်တဲ့ မှန်ကန်မျှတတဲ့ စီမံခန့်ခွဲမှုတွေဖြင့်သာ ပြည်သူတွေအတွက်
တရားမျှတလွတ်လပ်ပြီး ဆင်းရဲဒုက္ခကင်းဝေးမယ့် ဂုဏ်သိက္ခာရှိတဲ့ လူမှုဘဝတွေကို
တည်ဆောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

သို့ဖြစ်၍လည်း တိုင်းရင်းသားလူမျိုးစု အားလုံးရဲ့ အနာဂတ်ကံကြမ္မာ အဆိုးအကောင်းကို
ဖန်တီးပေးမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်များမှသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေတဲ့၊
အဓိကကြတဲ့ ၂၀၀၈ ခုနှစ်၊ အခြေခံ ဥပဒေပြင်ဆင်ရေးအဆုံး စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ
ဖြင့်သာ အဘက်ဘက်က ကျဆင်းနေတဲ့ မိမိတို့ နိုင်ငံ၊ မိမိတို့လူမျိုးတွေရဲ့ အမျိုးသားရေး
ဂုဏ်သိက္ခာတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021