ရွေးကောက်ပွဲစနစ် ခုနစ်မျိုး တင်တော့ရော ထူးလာမှာလား

ရွေးကောက်ပွဲစနစ် ခုနစ်မျိုး တင်တော့ရော ထူးလာမှာလား

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်းဆုံး ရွေးကောက်ပွဲစနစ် ခုနစ်မျိုးကို အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြဖို့ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ညွှန်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ
လွှတ်တော်က ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ လေ့လာသုံးသပ်ရေး ကော်မရှင်အနေနဲ့ အနည်းဆုံး
ရွေးကောက်ပွဲစနစ် ခုနစ်မျိုးကို အောက်တိုဘာ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြဖို့ ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ညွှန်ကြားလိုက်ပါတယ်။

ဒီညွှန်ကြားချက်ကို ကြားလိုက်ရတဲ့အခါ အမတ်တွေ ကိုယ်တိုင်တောင် အံ့ဩသွားတယ်လို့
သိရပါတယ်။

အကြောင်းကတော့ ရွေးကောက်ပွဲ လေ့လာသုံးသပ်ရေးကော်မရှင်အနေနဲ့ သူတို့ရဲ့ အစီရင်ခံစာ
ဥက္ကဋ္ဌ သူရဦးရွှေမန်းဆီ တင်ပြထားပြီး ဖြစ်သလို၊ အဲဒီ တင်ပြချက်ကိုပဲ ဆွေးနွေးဆုံးဖြတ်ကြမယ်
ထင်ထားကြတာကြောင့်ပါ။

အခု သူရဦးရွှေမန်းက ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ကို သုံးပြီး ဘာလို့ အဲဒီလို ညွှန်ကြား လိုက်ရတာလဲ၊ 
PR စနစ် ကျင့်သုံးရေး ပြဿနာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးကြည့်ကြရအောင်။

အားလုံးသိကြတဲ့အတိုင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် PR လို့ခေါ်တဲ့ အချိုးကျ
ကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အင်န်ဒီအက်ဖ် အမတ် ဦးအောင်ဇင်က ပြည်သူ့ လွှတ်တော်မှာ
တင်ပါတယ်။

ဒါဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ လိုလားချက်အရ ညှိနှိုင်းပြီး တင်ပေးတယ်ဆိုပြီးတော့လည်း သတင်းတွေ
ဖြစ်ပေါ်ပါတယ်။

တကယ် လွှတ်တော်ထဲ တင်တော့လည်း ဦးအောင်ဇင်နဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့
ပူးပေါင်းပြီး တင်တယ်ဆိုတာ ကောင်းကောင်း ပေါ်လွင်ခဲ့သလို၊ မရှင်းမလင်း မရိုးမသား
လုပ်ခဲ့လို့လည်း လွှတ်တော်အတွင်း ပြဿနာပေါ်ခဲ့တဲ့ အဆိုတစ်ခုဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် ရွေးကောက်ပွဲတွေမှာ ဘယ်လို စနစ်မျိုး ကျင့်သုံးမလဲ ဆိုပြီး ဆွေးနွေး
အဖြေရှာ၊ လွှတ်တော်ကို တင်ပြဖို့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။

အဲဒီ ကော်မရှင်ဟာ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ကို အစီရင်ခံစာ တင်ရမယ်ဆိုတဲ့အတိုင်း
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ကတည်းက ဥက္ကဋ္ဌ သူရဦးရွှေမန်းဆီ အစီရင်ခံစာ တင်သွင်းခဲ့ပြီး
ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာမှာ လက်ရှိ ကျင်းပဖို့ သတ်မှတ်ထားတဲ့ မဲအများဆုံးရသူ အနိုင်ရတဲ့ FPTP စနစ်၊ 
PR လို့ခေါ်တဲ့ အချိုးကျ စနစ်နဲ့ နှစ်မျိုးပေါင်း စနစ်စတဲ့ ရွေးကောက်ပွဲ စနစ် သုံးခုကို တင်ပြထားပြီး
လွှတ်တော် အဆုံးအဖြတ် ခံယူဖို့ ပြုစုခဲ့တာပါ။

ပုံမှန်အားဖြင့်ဆိုရင် သူရဦးရွှေမန်းဟာ ဒီ အစီရင်ခံစာကို လွှတ်တော်ထဲတင် မဲခွဲဆုံးဖြတ်လိုက်ရင်
ပြီးတဲ့ ကိစ္စပါပဲ။ ဒါက ရိုးရှင်းတဲ့ ကိစ္စပါ။

မဲခွဲပြီးမှသာ တကယ်လို့ ပေါင်းစပ်စနစ် ကျင့်သုံးမယ်ဆိုရင် ဘယ်လို ပေါင်းစပ်စနစ်မျိုးလည်း
ထပ်ပြီး အသေးစိတ် ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

အခုတော့ သူရ ဦးရွှေမန်းက အနည်းဆုံး စနစ် ခုနစ်မျိုးလောက် တင်ပြပါဆိုတော့ ကော်မရှင်ရဲ့
ဆောင်ရွက်ချက်ဟာ ဘာမှ အဓိပ္ပာယ်မရှိတော့တဲ့သဘော သက်ရောက်သွားစေပါတယ်။

လွှတ်တော်ဆိုတာဟာ ဥက္ကဋ္ဌ ညွှန်ကြားချက်နဲ့ပဲ အလုပ်လုပ်ရတဲ့ လွှတ်တော် အဖြစ်လည်း ပိုပြီး
ပေါ်လွင်လာစေပါတယ်။

သူရဦးရွှေမန်းရဲ့ ရည်ရွယ်ချက် ဒီလို ရှိနိုင်ပါတယ်။

သူ့နဲ့ သူ့ရဲ့ လွှတ်တော်အနေနဲ့ အရင် ကျင့်သုံးခဲ့တဲ့ စနစ်၊ PR စနစ်၊ နှစ်မျိုး ပေါင်းစနစ်
ဒီလောက်တင်မကဘဲ ရွေးကောက်ပွဲ စနစ်အမျိုးမျိုးကို ကျယ်ကျယ် ပြန့်ပြန့်လေ့လာခဲ့တယ်၊
ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့တယ်။

သူနဲ့ လွှတ်တော်ထဲ ကြီးစိုးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးဖို့
ကြိုးစားတာ မဟုတ်ပါဘူး၊ စနစ် အမျိုးမျိုးထဲကမှ မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံး စနစ်တစ်ခုရအောင်
ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့တယ်ဆိုတဲ့ ပုံရိပ်မျိုးပေါ်အောင် ကြိုးစားပြတယ်လို့ မှတ်ယူနိုင်ပါ
တယ်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သူရဦးရွှေမန်းနဲ့ သူရဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ပုံမှန်ကျင့်သုံးနေတဲ့၊
သူတို့ကို အရှုံးကြီး ရှုံးစေတဲ့၊ အရှက်တကွဲ အကျိုးနည်းဖြစ်စေတဲ့၊ မဲအများဆုံးရသူ အမတ်ဖြစ်တဲ့
FTPT စနစ်ကို ဖျက်သိမ်းဖို့ လုပ်နေတာကတော့ ငြင်းလို့မရပါဘူး။

PR စနစ် ကျင့်သုံးဖို့ လွှတ်တော်ထဲ ရောက်လာတာကိုက ပုံမကျပါဘူး။

အရင် ကျင့်သုံးခဲ့တဲ့ မဲအများဆုံးရသူ အမတ်ဖြစ်တဲ့ FTPT စနစ် ချို့ယွင်းနေလို့၊ ပြသနာတွေ
ပေါ်ခဲ့လို့၊ ဘယ်လိုမဲဆန္ဒရှင်တွေက တောင်းဆိုလို့၊ ပြည်သူတွေ တောင်းဆိုလို့ စတာတွေ
တစ်ခုကြောင့်မှ မဟုတ်ခဲ့ပါဘူး။

ပြည်ခိုင်ဖြိုး ပါတီဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကို မဲဆန္ဒနယ်မြေတိုင်းမှာ ရာနှုန်းပြည့် ရှုံးနိမ့်ပြီးတော့မှသာ ဒီလို ရွေးကောက်ပွဲစနစ်
ပြောင်းလဲ ကျင့်သုံးဖို့ စလုပ်လာတာပါ။

ပြည်သူ့ဆန္ဒ မဟုတ်သလို၊ တိုင်းပြည်အကျိုး စီးပွားလည်း မဟုတ်၊ ပြည်ခိုင်ဖြိုးပါတီအကျိုး
စီးပွားသက်သက်လို့ ပြောနိုင်ပါတယ်။

အခု လွှတ်တော်ဆိုတာဟာ အားလုံးသိကြတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲက ပုံဖော်ပေးလိုက်တဲ့
လွှတ်တော်ပါ။ ပြည်ခိုင်ဖြိုးက အများစုပါ။ ဘယ်လိုအဆိုကို မဆို သူတို့ ဆုံးဖြတ်နိုင်စွမ်းရှိတယ်
ဆိုပြီး လုပ်ကိုင်နေကြတာပါ။

ဒါနဲ့ ပတ်သက်လို့ ၁၉၉၃ ခုနှစ်က စခဲ့ပြီး ၂၀၀၈ ခုနှစ်မှာမှ အပြီးသတ်ခဲ့တဲ့ အမျိုးသားညီလာခံကို
ပြန်ပြောင်း သတိရနိုင်ပါတယ်။

ညီလာခံကိုယ်စားလှယ်တွေကို စစ်အစိုးရက သူ့စိတ်ကြိုက်လူတွေ ထည့်၊ သူ့စိတ်ကြိုက်
စည်းကမ်းတွေနဲ့ ဖွဲ့စည်းပုံ ရေးဆွဲခိုင်းခဲ့တာပါ။

ဒါတောင် အားမရ၊ ဖွဲ့စည်းပုံ အကြမ်းရတာတောင် အချောထဲမှာ သူလိုချင်တာ သူထည့်ခဲ့ပါသေး
တယ်။

ပြောရရင် အဲဒီလို လုပ်နည်းလုပ်ပုံဟာ ပြည်သူတွေကို၊ တိုင်းရင်းသားတွေကို၊ နိုင်ငံကို
အနိုင်ကျင့်တဲ့ နည်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု ရေးဆွဲခဲ့ တယ်လို့ စွပ်စွဲရင် မှားမယ်
မဟုတ်ပါဘူး။

ဒါကြောင့်လည်းပဲ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြည်သူတွေ တိုင်းရင်းသားတွေ လက်မခံ၊
ပြင်ဖို့ ပြုဖို့ အခြေအနေ ဆိုက်လာရတာ ဖြစ်ပါတယ်။

အခုလည်း လွှတ်တော်ထဲမှာ PR စနစ် တင်၊ ဆွေးနွေး မဲခွဲဆုံးဖြတ်ကြပါဦးမယ်။

ကော်မရှင်က စနစ်သုံးမျိုးပဲ တင်တင်၊ သူရ ဦးရွှေမန်းက ညွှန်ကြားလို့ ခုနစ်ခုပဲတင်တင် ဆွေးနွေး
ဆုံးဖြတ်ပြီးရင် အသေချာဆုံး ထွက်လာမယ့် အဖြေကတော့ အရင်ကျင့်သုံး လာခဲ့တဲ့၊
ဘာပြသနာမှ မပေါ်ခဲ့တဲ့ မဲများသူ အမတ်အဖြစ် ရွေးချယ်ခံရတဲ့ FTPT စနစ် အစား အခြားတစ်ခုခု
ပြောင်းလဲ ကျင့်သုံးရေး ဖြစ်ပါလိမ့်မယ်။

တကယ်လို့ အဲဒီလိုသာ ဖြစ်လာခဲ့ရင် လွှတ်တော်ထဲမှာ ဘယ်လိုပဲ ဆွေးနွေးခဲ့တယ် ပြောပြော၊
အများစု ဆန္ဒနဲ့ ဒီမိုကရေစီ နည်းကျကျ မဲခွဲခဲ့တယ် ပြောပြော အမျိုးသားညီလာခံတုန်းကလို
ပြည်သူ့ ဆန္ဒ လျစ်လျူရှုပြီး အနိုင်ကျင့် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မျိုးပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်
တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021