နောက်ဆုံး ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေရဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် ညှိနှိုင်းဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ ဖြစ်လာတာတွေက တိုက်ပွဲတွေပါ။
နောက်ဆုံး ကျင်းပခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေရဲ့
တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် ညှိနှိုင်းဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ခဲ့ပြီးတဲ့နောက်
နောက်ဆက်တွဲ ဖြစ်လာတာတွေက တိုက်ပွဲတွေပါ။
ရှမ်းပြည်နယ်ထဲမှာ အစိုးရ တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့ ပဋိပက္ခဖြစ်သလို
ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းပြည်တောင်ပိုင်း RCSS/SSA တပ်ဖွဲ့ ပဋိပက္ခ ဖြစ်ပါတယ်။
တောင်ပိုင်းမှာတော့ အစိုးရတပ်ဖွဲ့နဲ့ DKBA ကရင် လက်နက်ကိုင်တပ်ဖွဲ့ ပဋိပက္ခ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေကို ကြည့်ပြီး အစိုးရတပ်ဘက်က လွန်တယ်၊ အစိုးရတပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးကို
မလိုလားဘူးလို့ ယတိပြတ် ပြောလို့ မရသလို၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက
လွန်တယ်၊ ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုပြီး ယတိပြတ် စွပ်စွဲလို့ မရပါဘူး။
ဖြစ်စဉ် တစ်ခုချင်းစီကို သုံးသပ်မှပဲ အမှန်တရားနဲ့ နီးစပ် နိုင်ပါလိမ့်မယ်။
လက်ရှိ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘာကိစ္စ ပဋိပက္ခ ဖြစ်ပွားနေရသလဲ၊
ငြိမ်းချမ်းရေးကိုရော မျှော်လင့်နိုင်ပါ့ဦးမလားဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ SSPP/SSA တပ်ဖွဲ့တွေ ကျေးသီးမြို့နယ် ၀မ့်ဝပ်ကျေးရွာ
အုပ်စုမှာ တိုက်ပွဲတွေ ဖြစ်ပါတယ်။
သတင်းဖော်ပြချက်တွေအရ SSPP/SSA တပ်ဖွဲ့တွေ အခြေချရာ ဧရိယာကို အစိုးရတပ်တွေက
ထောင်ချီဝင်ရောက်လာလို့ တိုက်ပွဲတွေ ဖြစ်ရတာလို့ ဆိုပါတယ်။
နှစ်ဖက်သေကြေဒဏ်ရာ ရပါတယ်။ အစိုးရတပ်ဘက်က သေကြေဒဏ်ရာ ရများတဲ့အတွက်
အတော်များများ နောက်တန်းဆေးရုံကို ရဟတ်ယာဉ်တွေနဲ့ သယ်ပို့ ရတဲ့အထိ ဖြစ်တယ်လို့
ဆိုပါတယ်။
ဒီတိုက်ပွဲ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အရင်က ငြိမ်သက်နေတဲ့ ၀အဖွဲ့နဲ့ ရှမ်းအထူး ဒေသ ၄
မိုင်းလားအဖွဲ့ကလည်း အစိုးရဘက်ကို ကြေညာချက်ထုတ် ကန့်ကွက်တာ လုပ်ပါတယ်။
အစိုးရတပ်ဖွဲ့ဟာ SSPP/SSA နယ်မြေထဲကို တပ်သားထောင်ချီပြီး ၀င်ရောက်ခဲ့တယ်၊ ၁၂၀ မမ လို
တကယ့် စစ်ပွဲကြီးတွေမှာ သုံးတဲ့ လက်နက်တွေကို အသုံးပြုပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်။
ဒါမျိုး ခုလို ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ မလုပ်သင့်ဘူး။
ဒါကြောင့် အောက်တိုဘာ ၂ ရက်နောက်ပိုင်း သိမ်းပိုက်ခဲ့တဲ့ နယ်မြေတွေကနေ ပြန်ပြီး
ဆုတ်ခွာပေးသင့်တယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ပါတယ်။
အလားတူပါပဲ။ ဒီ တိုက်ပွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး SSPP/SSA တပ်ဖွဲ့၊ RCSS/SSA တပ်ဖွဲ့၊
တရားဝင် ရှမ်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်ပါတီနဲ့ ရှမ်းအမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်တို့ပူးပေါင်းပြီး ကြေညာချက်ထုတ် ကန့်ကွက်တာ လုပ်ခဲ့ပါတယ်။
အဲဒီ အဖွဲ့လေး ဖွဲ့ပေါင်းပြီး ထုတ်တဲ့ ကြေညာချက် သမ္မတဆီ အထိ ပို့တာလည်း လုပ်ခဲ့ကြပါတယ်။
အဲဒီ နယ်မြေမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ အချိန်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှမ်းလက်နက်ကိုင်
အဖွဲ့တွေနဲ့ ရှမ်းနိုင်ငံရေးပါတီ ခေါင်းဆောင်တွေ တွေ့ဆုံ အစည်းအဝေး လုပ်နေချိန်နဲ့လည်း
တိုက်ဆိုင်နေပါတယ်။
ထူးခြားတာက အဲဒီ အစည်းအဝေးကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ
၀န်ကြီး ဦးအောင်မင်းလည်း တက်ရောက်နေတာပါ။
အဲဒီ အစည်းအဝေးကြီးမှာလည်း ရှမ်းခေါင်းဆောင်တွေက အစိုးရတပ်ရဲ့ ကျေးသီးမြို့နယ် ထိုးစစ်ကို
အစိုးရတပ်ဘက်က ရပ်ဆိုင်းပေးဖို့ ၀န်ကြီးဦးအောင်မင်းကို ပြောဆိုခဲ့ကြပါသေးတယ်။
၀န်ကြီးဦးအောင် မင်းကတိပေးနိုင်တာ တစ်ခုကတော့ သမ္မတက သူ့ကို ပြောထားတဲ့အကြောင်း၊
အစိုးရ တပ်အနေနဲ့ SSPP/SSA ဌာနချုပ် ၀မ်ဟိုင်း ကို သိမ်းဖို့တော့ အစီအစဉ် မရှိပါဘူးဆိုတဲ့
အကြောင်းပဲ ဖြစ်ပါတယ်။
လက်တွေ့ တိုက်ပွဲ ဖြစ်နေတဲ့ ၀မ့်ဝပ်ကျေးရွာအုပ်စု နယ်မြေနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ
မပေးနိုင်ပါဘူး။
တကယ်တော့ အဲဒီနယ်မြေကိစ္စ ခုမှ ပြဿနာ ပေါ်တာ မဟုတ်ပါဘူး။
ရှေ့ပိုင်းမှာကတည်းက အစိုးရတပ်တွေ ၀င်လာတယ်၊ တိုက်ပွဲတွေ ဖြစ်တယ်၊ ဒါကြောင့်
ရှမ်း တိုင်းရင်းသားတွေ ဒုက္ခသည် ဘဝ ရောက်ပြီး ဘေးလွတ်ရာ ခိုလှုံနေရတယ်ဆိုတဲ့
ကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်ထဲအထိ ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ မပြေလည်သေးတာကတော့ ဒီကနေ့ အထိပါပဲ။
နောက်ဆုံး အခြေအနေအထိ နှစ်ဖက် အပစ်ရပ်ထားလိုက်ကြပေမယ့် ၀မ့်ဝပ်နယ်မြေထဲ
တိုးဝင်လာတဲ့ အစိုးရတပ်ကတော့ ဆုတ်ခွာ မပေးသေးပါဘူး။
ဒီ ပြဿနာနဲ့ ပတ်သက်ရင်တော့ ရှင်းပါတယ်။
အစိုးရဟာ အပစ်ရပ်ထားဆဲကာလ ငြိမ်းချမ်းရေး တည်ဆောက်ဆဲကာလ ခုလို အငြင်းပွား
နယ်မြေထဲ စစ်အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်တာမျိုး မလုပ်သင့်ပါဘူး။
ပြန်လည်ဆုတ်ခွာပေးပြီး နယ်မြေ အငြင်းပွားမှု ပြဿနာကို နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းဖြေရှင်းတာမျိုး
လုပ်သင့်ပါတယ်။
ဒါက ရှမ်းပြည်နယ် မြောက်ပိုင်းက ပြဿနာပါ။
ရှမ်းပြည်နယ် တောင်ပိုင်းက ပအိုးဝ် လက်နက်ကိုင် တပ်ဖွဲ့နဲ့ RCSS/SSA အဖွဲ့ တိုက်ပွဲဖြစ်ပွားတာ
ဟာလည်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားရာကနေ ဖြစ်တာပါ။
ဒါကိုလည်း နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရင် ပြေလည်နိုင်ပါတယ်။
တောင်ပိုင်း မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကတော့ ရှမ်းပြည်နယ်က
ပဋိပက္ခနဲ့ ခြားနားပါတယ်။
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အပစ်ရပ်စဉ်က သဘောတူထားတဲ့ လက်နက်ကိုင်
တိုင်းရင်းသားတွေ အနေနဲ့ အစိုးရတပ် ထိန်းချုပ်ထားရာ နေရာတွေကို သွားရင် ယူနီဖောင်း
မဝတ်ဖို့၊ လက်နက် ယူဆောင်ခြင်း မပြုဖို့၊ လက်နက်နဲ့ သွားမယ်ဆိုရင် သတင်းပို့အကြောင်းကြား
ခွင့်ပြုချက်ရမှ သွားဖို့ ဆိုတဲ့ သဘောတူညီချက် ချိုးဖောက်ရာကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။
အစိုးရတပ် နယ်မြေထဲကို ဒီကေဘီအေ တပ်ဖွဲ့က ခွင့်မတောင်းဘဲ ယူနီဖောင်းဝတ် လက်နက်
ကိုင်ပြီး ၀င်ရောက်တာ၊ အဲဒါကို လာတားမြစ်တဲ့ အစိုးရတပ်နဲ့ လုံခြံုရေးတာဝန်ရှိသူတွေကို ဆီးကြို
ပစ်ခတ် တိုက်ခိုက်၊ ဖမ်းဆီးပြီး ယူနီဖောင်းချွတ်၊ လက်နက်သိမ်းလိုက်တာကနေ တိုက်ပွဲတွေ
အစပြုတာပါ။
နောက်ပိုင်း အစိုးရတပ်ဟာ သူထိန်းချုပ်ထားရာ မြဝတီ၊ ကျိုက်မရော၊ မုဒုံမြို့တွေက ဒီကေဘီအေ
တပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်တွေကို ၀င်ရောက် ရှာဖွေပြီး လက်နက်တွေကို သိမ်းပါတယ်။
မြဝတီမြို့နဲ့ ကားလမ်းတစ်လျှောက် လုံခြံုရေး ယူပါတယ်။
ဒီကေဘီအေအဖွဲ့က သိမ်းသွားတဲ့ လက်နက်တွေကို ပြန်တောင်းတော့အခု နောက်ဆုံး
ဒီကေဘီအေ အဖွဲ့က ပြန်ပေးလိုက်ပါပြီ။
ဒါပေမဲ့ ပြဿနာတွေ ပြီးပြတ်သွားပြီရယ်လို့တော့ မဟုတ်သေးပါဘူး။
ပြောရရင် လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအနက် တချို့နေရာတွေမှာ အစိုးရတပ်ဘက်က
အလျော့ပေးဖို့ လိုပါတယ်။
တချို့ နေရာတွေမှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေက စည်းကမ်း ထိန်းသိမ်းဖို့ လိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်တာနဲ့ စစ်ရေးနဲ့ မဖြေရှင်းဘဲ နှစ်ဖက် တွေ့ဆုံ ဆွေးနွေး၊
စားပွဲဝိုင်းပေါ်မှာ အဖြေရှာရင်း တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် တစ်ခုရအောင်
ဆက်ဆွေးနွေးကြရင် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရှိပါသေးကြောင်း သုံးသပ်တင်ပြလိုက်
ရပါတယ်။
















