ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က ကရင်လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ တာဝန်ရှိသူတွေ
လက်မှတ်ရေးထိုးပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်ထဲမှာ သူတို့ လေးဖွဲ့ဟာ ကော်သူးလေ တပ်မတော်(KPF)အဖြစ် ပြန်လည်
ပေါင်း စည်းဖို့ သဘောတူတယ်၊ ကရင် အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ထားတဲ့
မူလေးချက်အပေါ် ရပ်တည်သွားမယ်၊ ဒီလေးဖွဲ့ဟာ တစ်ခုတည်းသော ကရင်အမျိုးသား
အလံတော်အောက်မှာ ရှိနေပြီး တစ်ဖွဲ့ ကို တိုက်လာခိုက်လာရင် အဖွဲ့တစ်ခုလုံး အနေနဲ့ စုစည်းခုခံ
ကာကွယ်သွားမယ်၊ ဒါ့ပြင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက်
တိုင်းရင်းသား တပ်ပေါင်းစုနဲ့ ပူးပေါင်းလက်တွဲ တိုက်ပွဲဝင်သွားမယ် စတာတွေ ဖော်ပြထားပါတယ်။
အပေါ်ယံအားဖြင့် ကြည့်လိုက်ရင်တော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ တချို့ ပူးပေါင်းပြီး ကော်သူးလေ
တပ်မတော် ဖွဲ့မယ်၊ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်အောင် ကြိုးစားမယ် ဆိုတာကတော့
အားရစရာပါပဲ။
ဒါပေမဲ့ ပါ၀င်တဲ့ အဖွဲ့တွေကို အသေအချာ ကြည့်လိုက်ရင်၊ ကိုယ်စားပြုမှုကို အသေအချာ စစ်ဆေး
ကြည့်လိုက်ရင် ဒါဟာ ပေါင်းစည်းမှုကို ဖော်ပြတာမဟုတ်ဘဲ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေထဲက
ပိုမိုကြီးမား နက်ရှိုင်းတဲ့ ကွဲပြဲမှုကို ဖော်ပြနေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
ကြေညာချက်မှာ လက်မှတ်ထိုးထားတာ ကလူဖွဲ့ပါ။ KNLA၊ KNDO၊ DKBA နဲ့ KNU/KNLA (PC)
အဖွဲ့တွေ ဆိုပြီး ဖြစ်ကြပါတယ်။
တစ်ဖွဲ့ချင်းစီကို ကြည့်ရင် KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ KNDO
ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ ဆိုတာတွေဟာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး
အောက်က လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ ဖြစ်နေပါတယ်။
ကြေညာချက်ထဲမှာတော့ KNLA ကို ကိုယ်စားပြုပြီး ဒုစစ်ဦးစီးချုပ်က လက်မှတ်ရေးထိုးထားပါ
တယ်။
ဒုစစ်ဦးစီးချုပ်ဟာ လက်ရှိ တပ်မဟာ (၅) တပ်မဟာမှူးလည်းဖြစ်တဲ့ စောဘောကျော်ဟဲ ဖြစ်ပါ
တယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ ကေအင်န်ယူ ဥက္ကဋ္ဌ စောတာမလာဘော ရဲ့ သားတစ်ဦးဖြစ်ပြီး လက်ရှိ
ကေအင်န်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ မောင်နှစ်မ တော်စပ်ပါတယ်။
KNDO ဆိုတာက ကရင်ရဲတပ်ဖွဲ့ လို့ အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။
ဦးစီးချုပ်အနေနဲ့ လက်မှတ်ထိုးသူကတော့ စောနာဒါးမြ ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ အရင်
ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဗိုလ်မြရဲ့ သားဖြစ်ပါတယ်။
ဒီကြေညာချက်ထွက်ပြီး သိပ်မကြာခင် ကေအင်န်ယူ ဗဟိုခေါင်းဆောင်တွေ အစည်းအဝေး
ထိုင်ပါတယ်။
အဲဒီနောက် ကေအင်န်ယူ ကာကွယ်ရေးဌာနက တာဝန်ခံ စောရော်ဂျာခင် လက်မှတ်ထိုးပြီး
ကြေညာချက်တစ်စောင် ထုတ်ပါတယ်။
အကျဉ်းချုပ်ကတော့ ကေအင်န်ယူဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ဦးဆောင်ပြီး
ကရင့် လက်နက်ကိုင်တပ်တွေ ညီညွတ်ပေါင်းစည်းရေးကို လုပ်နေတဲ့ အကြောင်း၊ ဒါပေမဲ့ အခု
ကြေညာချက်ကတော့ ကေအင်န်ယူအဖွဲ့ ကြီးနဲ့ မဆိုင်တဲ့အကြောင်း၊ ပါ၀င် လက်မှတ်ရေးထိုးသူ
တွေ ကိုယ့်သဘောနဲ့ ကိုယ်ထိုးပြီး ထုတ်ပြန်တာ ဖြစ်တဲ့အကြောင်း၊ ကေအင်န်ယူကတော့
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းဖြေရှင်းတာတွေ ဆက်လုပ်သွားမယ်ဆိုတဲ့အကြောင်း
ဖော်ပြထားပါတယ်။
တစ်ဆက်တည်း အဖွဲ့လေးဖွဲ့ ကြေညာချက်နဲ့ ဆက်စပ်ပြီး ကေအင်န်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့
ကွယ်လွန်ပြီဖြစ်တဲ့ ဥက္ကဋ္ဌ စောတာမလာဘောရဲ့ နောက်ထပ် သားတစ်ယောက်ဖြစ်တဲ့
စောမဲအေစိန် ကလည်း ထောက်ခံတဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောလာပါတယ်။
ပြဿနာ တစ်ခုလုံးကို ခြံုငုံသုံးသပ်ကြည့်လိုက်ရင် ဒီသဘောတူ ကြေညာချက်ကို ကေအင်န်ယူ
ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ အပါအဝင် ကေအင်န်ယူ
ဗဟိုကော်မတီအဖွဲ့နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အုပ်စုက လက်မှတ်ထိုး ထုတ်ပြန်
လိုက်တာပါ။
ဒီကြေညာချက်နဲ့ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ စောမဲအေစိန်တို့ရဲ့ ပြောဆိုချက်တွေကိုကြည့်ရင်
ကေအင်န်ယူ အဖွဲ့ကြီးအတွင်း အကွဲအပြဲဟာ ပိုပြီး နက်ရှိုင်း ကျယ်ပြန့်လာတာ တွေ့နိုင်ပါတယ်။
နောက်ထပ် လက်မှတ်ထိုးသူတွေကိုလည်း ကြည့်လိုက်ပါဦး။
DKBA အဖွဲ့ အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် လက်မှတ်ထိုးတယ်လို့ ဖော်ပြထားပါ
တယ်။
ဒီကိစ္စ စောလားပွယ် မသိဘူး၊ လက်မှတ်ကလည်း စက်တင်ဘာလ ၃၀ နေ့စွဲကြီးနဲ့ ဖြစ်နေတော့
စောလားပွယ်အနေနဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်နေတယ်လို့ DKBA မြဝတီ ဆက်ဆံရေးရုံး
တာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ပြောတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။
ဒီ ကြေညာချက်နဲ့ ပတ်သက်လို့ မီဒီယာတွေကို DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က
ထွက်ပြောတာမို့ အဲဒီ လက်မှတ် သူလုပ်တာပဲလို့ နားလည်နိုင်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး DKBA အဖွဲ့က တရားဝင် ကြေညာချက် ဘာမှ ပြန်ထုတ်တာ
မရှိသေးပါဘူး။
KNU/KNLA (PC) အဖွဲ့အတွက်ကတော့ ရှင်းပါတယ်။
ဗိုလ်တိုက်ဂါးက လက်မှတ်ထိုးထားတာပါ။
နဂို အစိုးရတပ်နဲ့ ပတ်သက်ပြီး ကြေညာချက်ထုတ်တဲ့ ကိစ္စသူတို့နဲ့ မဆိုင်ပါဘူး၊ ဗိုလ်တိုက်ဂါး
တစ်ယောက်တည်း သူ့သဘောနဲ့ သူလုပ်တာပါဆိုပြီး KNU/KNLA (PC) ခေါင်းဆောင်
စောထိန်မောင်က ကြေညာချက် ထုတ်ခဲ့ပြီး ဖြစ်လေတော့ အခု ကြေညာချက်အတွက်လည်း
စောထိန်မောင် တို့ စိတ်ဆိုးနေကြတယ် ကြားပါတယ်။
ဒီပြဿနာ တစ်ခုလုံးကို ခြံုငုံသုံးသပ်ကြည့် ရင် ကရင်လက်နက်ကိုင် တပ်ဖွဲ့လေးဖွဲ့
သဘောတူညီချက် ဆိုတာထက် အဖွဲ့သုံးဖွဲ့ ထဲက အင်အားစုသုံးစု လက်မှတ်ရေးထိုး
ထုတ်ပြန်လိုက်တာလို့ပဲ ပြောနိုင်ပါတယ်။
လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့စလုံးကိုလည်း ကိုယ်စားမပြုပါဘူး။
ဒီအတွက် ကရင်အမျိုးသား လက်နက်ကိုင်တပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းခြင်း သဘောတူညီချက်
ဆိုတာဟာ ပေါင်းစည်း မှုဆိုတာထက် အဲဒီ အဖွဲ့ သုံးဖွဲ့ရဲ့ ကွဲပြဲမှုပိုမို နက်ရှိုင်းလာတာကို
ဖော်ပြနေတဲ့ သဘော ဖြစ်ပါတယ်။
ဒါဟာ ကရင်တော်လှန်ရေးနဲ့ ကရင်ပြည်သူလူထု အကျိုးစီးပွားအတွက် မကောင်းနိုင်သလို၊
မြန်မာပြည် ငြိမ်းချမ်းရေး အတွက်လည်း ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။
















