ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဓိကကျသည့် ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုသော်လည်း တပ်မတော်ကိုယ်စားလှယ် အများစုပါ၀င်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေး ကောင်စီ(ကာလုံ)၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရန် တပ်မတော်သားကိုယ်စားလှယ်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင် အကြံပြုလိုက်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အဓိကကျသည့် ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုသော်လည်း
တပ်မတော်ကိုယ်စားလှယ် အများစုပါ၀င်သော အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေး ကောင်စီ
(ကာလုံ)၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရန် တပ်မတော်သားကိုယ်စားလှယ်များက ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ၏ အစီရင်ခံစာတွင်
အကြံပြုလိုက်သည်။
ယခုလ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသော
စာမျက်နှာ ၁၁၆ မျက်နှာပါ၀င်သည့် ကော်မတီ၏ အစီရင်ခံစာတွင် လူထုအများဆုံး
စိတ်ဝင်စားလျက်ရှိသည့် သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ
ပြင်ဆင်ရေး စသည့် ပုဒ်မများအပါအဝင် အခြားပုဒ်မများနှင့် စပ်လျဉ်း၍ ပါတီအသီးသီး၏
ပြင်ဆင်ရန် အကြံပြုချက်များကို အသေးစိတ်ဖော်ပြထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ နှင့် ပတ်သက်သည့် အကြံပြုချက်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများကမူ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မများကို
ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်၏
ထောက်ခံမှုအစား ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ (သို့မဟုတ်) ၅၀ ရာခိုင်နှုန်းကျော်၏
သဘောတူညီချက်ဖြင့် ပြင်ဆင်ရန် အကြံပြုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီကမူ တိကျရေရာသည့် အကြံပြုချက်မပေးဘဲ
ပြည်သူများနှင့် ပြည်သူ့ ကိုယ်စားလှယ်များ၏ အရေးပါမှု အခန်းကဏ္ဍကို အခြေအနေ အချိန်အခါ
နှင့် လိုက်လျောညီစွာ တိုးမြှင့်ပေးရမည်ဟုသာ အကြံပြုထားသည်။
ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အဓိကျသည့် တပ်မတော်လွှတ်တော်
ကိုယ်စားလှယ်များကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို မပြင်ဆင်လိုကြောင်းနှင့်
ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် အကြံပြုထားသည်ကို တွေ့ရသည်။
သို့သော် အခန်း(၅) အုပ်ချုပ်ရေးကဏ္ဍတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြံုရေး ကောင်စီ
ဖွဲ့စည်းရန် ပုဒ်မ ၂၀၁ ဖြင့် ပြဋ္ဌာန်းထားသော်လည်း တပ်မတော်သား ကိုယ်စားလှယ်များက
ကောင်စီ၏ တာဝန်များကို ပုဒ်မခွဲများဖြင့် အသေးစိတ် ထပ်မံဖြည့်စွက်ရန် အကြံပြုထားသည်။
ကာလုံတွင် နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်က
တိုက်ရိုက်ခန့်အပ်ပိုင်ခွင့်ရှိသည့် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန
၀န်ကြီးနှင့် နယ်စပ်ရေးရာ ၀န်ကြီးတို့ပါ၀င်ရာ အဖွဲ့ဝင် ၁၁ ဦးရှိသည့်အနက် တပ်မတော်ဘက်က
အဖွဲ့ဝင်ခြောက်ဦးအထိ နေရာယူထားသည်။
ထပ်မံဖြည့်စွက်ရန် အကြံပြုထားသည့် ပုဒ်မခွဲ (ခ)တွင် အချက်ငါးချက်ပါ၀င်ပြီး ကောင်စီအနေဖြင့်
အရေးပေါ် အခြေအနေကြေညာရာတွင် နိုင်ငံတော်သမ္မတအား လိုအပ်သော အကြံဉာဏ်ပေးရန်၊
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုသည့်အခါ လိုအပ်သည့် ထောက်ခံချက်များပေးရန်၊
နိုင်ငံတော် ကာကွယ်ရေး၊ လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စများတွင်
သမ္မတအား အကြံဉာဏ်ပေးရန်၊ အာဏာသုံးရပ် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ
ယိုယွင်းလာသည့်အခါ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ကို ဖျက်သိမ်းရန်
သင့်၊ မသင့် နိုင်ငံတော် သမ္မတကို အကြံပေးရန်၊ ပြည်သူသို့မဟုတ် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်အရေအတွက် သုံးပုံတစ်ပုံနှင့် အထက်အကြောင်းမျိုးမျိုးကြောင့် လစ်လပ်သွားပါက
လွှတ်တော်ကို ဖျက်သိမ်းရန် သင့်၊ မသင့် နိုင်ငံတော်သမ္မတအား အကြံပေးရမည်ဟု
ပြဋ္ဌာန်းသင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသည့် ပုဒ်မ ၂၁၂ တွင် ပုဒ်မခွဲ (က) မှ
(စ)အထိ ကာလုံ၏ အခန်းကဏ္ဍ မပါ၀င်သော်လည်း "နိုင်ငံတော်သမ္မတသည် အာဏာ သုံးရပ်
အချင်းချင်း အပြန်အလှန် ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ အမျိုးသားကာကွယ်ရေးနှင့်
လုံခြံုရေးကောင်စီ၏ ထောက်ခံအကြံပြုချက်ဖြင့် ပြည်သူ့လွှတ်တော်ကိုဖြစ်စေ၊ အမျိုးသား
လွှတ်တော်ကိုဖြစ်စေ ဖျက်သိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပ
ပေးရမည်"ဆိုသည့် အချက်ကို ပုဒ်မခွဲ (ဆ) အနေဖြင့် ထပ်မံ ဖြည့်စွက်ရန် တပ်မတော်သား
ကိုယ်စားလှယ်များက အကြံပြုထားသည်။
ယင်းအကြံပြုချက်အပေါ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့ကြပြီး
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ
က ယင်းဖြည့်စွက်ချက်မှာ မဖြစ်သင့်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ (Facebook) တွင်
ရေးသားခဲ့သည်။
"ဒါကြီးက အာဏာရှင် ဆန်တာလားပေါ့။ ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ သမ္မတလည်း
ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ယောက်ပဲ။ သူကနေ လွှတ်တော်နှစ်ရပ်လုံးကို ဖျက်သိမ်း
ပစ်လို့ရတယ်ဆိုတာ အာဏာရှင်ပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် မဖြစ်သင့်ဘူးလို့ ပြောတာပါ"ဟု
ဦးလှဆွေက မြန်မာတိုင်း(မ်)ကို ပြောသည်။
သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် တပ်မတော်ဘက်က
အကြံပြုချက် တစ်စုံတစ်ရာ မတွေ့ရဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီက အခြေအနေ
အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်ကြောင်း အကြံပြုထားပြီး အင်န်အယ်လ်ဒီ ပါတီကမူ
ပယ်ဖျက်ရန် အကြံပြုထားသည်။
အခြားပါတီများ၏ အကြံပြုချက်တွင် သမ္မတလောင်း၏ မိဘ၊ ဇနီး၊ ခင်ပွန်း ကိုသာ နိုင်ငံခြားသား
သို့မဟုတ် နိုင်ငံခြား အစိုးရ ဩဇာခံ မဖြစ်ရန်လိုအပ်ပြီး မူလ ပြဋ္ဌာန်းချက်တွင် ပါ၀င်သော
တရားဝင် သားသမီး၊ သားသမီးတစ်ဦးဦး၏ ဇနီးဆိုသည့် စကားရပ်ကို ဖြုတ်ပယ်ရန်
အကြံပြုထားသည်။
အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပြုလိုသော လွှတ်တော်ကိုယ်စားလှယ်များ
အနေဖြင့် ယခုလ ၂၄ ရက်နေ့ နောက်ဆုံးထားကာ လွှတ်တော်သို့ အမည် စာရင်းပေးရမည်
ဖြစ်ကြောင်း သိရသည်။
















