ခြောက်နှစ်တာမျှ ပျင်းရိစွာ ရေးသားခဲ့ရတဲ့ တရားမ ကျင့်ထုံးဥပဒေရဲ့ နောက်ဆုံးအတွဲ (ပ ဉ္စမတွဲ) အတွက် စာမူအချောကို ပုံနှိပ်တိုက်ကို အပ်ပြီးဖြစ်လို့ အနားယူတဲ့ အချိန်မှာ အာရှယူ - ၁၉ ဘောလုံးပွဲကလည်း ရှိနေတော့ အတော်ဟန်ကျပါတယ်။
ခြောက်နှစ်တာမျှ ပျင်းရိစွာ ရေးသားခဲ့ရတဲ့ တရားမ ကျင့်ထုံးဥပဒေရဲ့ နောက်ဆုံးအတွဲ (ပ ဉ္စမတွဲ)
အတွက် စာမူအချောကို ပုံနှိပ်တိုက်ကို အပ်ပြီးဖြစ်လို့ အနားယူတဲ့ အချိန်မှာ အာရှယူ - ၁၉
ဘောလုံးပွဲကလည်း ရှိနေတော့ အတော်ဟန်ကျပါတယ်။
ဒီကြားထဲ ခေတ္တ 'ဗီဇာ' ပိတ်ခံထားရတဲ့ တပည့်ရှေ့နေ ရောက်လာပြန်တော့လည်း ထုံးစံအတိုင်း
ဥပဒေ ပြဿနာတွေကို ဆွေးနွေးရပြန်ပါတယ်။
" 'တရားမ ကျင့်ထုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ' မှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း စကားရပ်တွေ
ကို အစားထိုးကြည့်တာ ဘဝင်မကျစရာတွေ တွေ့ရတယ်ဆရာ"
"တော်ပါတော့ကွာ၊ ငါ့ကို လူအမြင်ကတ်အောင် မလုပ်နဲ့တော့၊ ဒီကိစ္စကို 'ယောနိသော
မနသိကာရ' လိုက်ပါလို့ ငါပြောထားပြီးပြီ မဟုတ်လား။ ဒီကိစ္စနဲ့ပတ်သက်လို့ မင်းနဲ့ငါ ဆွေးနွေးတဲ့
ဆောင်းပါးတွေမှာ ပြည့်စုံအောင် မဖော်ပြနိုင်ခဲ့ဘူး။ ဥပဒေသမားမဟုတ်တဲ့ စာဖတ်သူတွေကိုလည်း
အားနာရသေးတယ်လေ။ အပြည့်အစုံ သိချင်ရင်တော့ နှစ်ကုန်လောက်မှာ ထွက်လာမယ့်
ငါ့စာအုပ် ပ ဉ္စမတွဲမှာ ဖတ်ကြည့်ပါ။ အဲဒီမှာ စာတမ်းငယ်သဘောနဲ့ အပြည့်အစုံ သုံးသပ်ပြထား
တယ်"
"ဒါပေမဲ့ အခု ကျွန်တော်ပြောတော့မယ့် အချက်လောက်ကိုတော့ ဥပဒေသမား မဟုတ်တဲ့
စာဖတ်သူတွေလည်း စိတ်ဝင်စားမှာပါ ဆရာ"
"ဆိုပါဦး"
"ပြင်ဆင်ချက်ဥပဒေပုဒ်မ ၄(ခ)၊ ပုဒ်မ ၆(က)၊ ပုဒ်မ ရ(က) နဲ့ ပုဒ်မ ၁၁ တွေမှာ "a High Court of
the Region or a High Court of the State" ဆိုတဲ့ စကားရပ်နဲ့ အစားထိုးရမယ်လို့ ပြဋ္ဌာန်း
ထားပြီး ပြင်ဆင်ချက်ဥပဒေ ပုဒ်မ ၈၊ ပုဒ်မ ၁၁၊ ပုဒ်မ ၁၃၊ ပုဒ်မ ၁၆ (က)၊ ပုဒ်မ ၁၇ (ခ)၊ နဲ့ ပုဒ်မ ၂၁
တွေမှာတော့ "the High Court of the Region or the High Court of the State" ဆိုတဲ့
စကားရပ်နဲ့ အစားထိုးမယ်လို့ ဆိုပြန်တယ် ဆရာ။ ဥပဒေတစ်ခုတည်း မှာတောင် အဲဒီလို
အသုံးအနှုန်း ကွဲပြားနေတာက အဓိပ္ပာယ် ဘယ်လိုခြားနားလို့ပါလဲ ဆရာ"
"အဲဒါတော့ တပည့်တော်လည်း မလျှောက်တတ်ဘူးလို့ ပြောသလိုမျိုး ပြောရမှာပဲကွ။
အဲဒီဥပဒေကို ရေးတဲ့လူတွေကို မေးကြည့်မှပဲ သိနိုင်တော့မယ် ထင်တယ်၊ ငါပြောခဲ့တဲ့ ငါရဲ့
သုံးသပ်ချက် စာတမ်းငယ်မှာတော့ အဲဒီအချက်လည်းပါတယ်။ မင်းကို မိတ္တူ တစ်စောင်
ကြိုပေးလိုက်မယ်၊ ဖတ်ကြည့်ပေါ့။ ဒီနေရာမှာတော့ ဒီအချက်ကို ထပ်ပြီး မပြောလိုတော့ဘူး။
အရင်ဆောင်းပါးတွေမှာလည်း အတိုက်အလျောက်တော့ ဆွေးနွေးခဲ့ပြီးပြီပဲလေ"
"နောက်ပြီး ကျွန်တော့်စာအုပ်ထဲမှာ အဲဒီ စကားရပ်တွေကိုလိုက်ပြီး အစားထိုးပြင်ဆင်ရတာ
ပင်ပန်းလိုက်တာ ဆရာရယ်။ ဆရာ့ ဆောင်းပါးမှာ အကြံပြုထားသလို "High Court" ဆိုတဲ့
စကားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုချက် ထည့်ပေးလိုက်ရင် စာတစ်ကြောင်းတည်းနဲ့ ပြီးနိုင်တဲ့ဟာကို"
"အမြင်ချင်း မတူကြဘူးပေါ့ကွာ"
"ဒီအချက်နဲ့ ပတ်သက်လို့ ကျွန်တော် ဖတ်ဖူးတဲ့ ဟာသပုံပြင်လေးတစ်ခုကိုသွားပြီး သတိရမိတယ်
ဆရာ။ ဆရာလည်း တွေ့ဖူးမလားဘဲ"
"ဆိုပါဦး"
"တစ်ခါတုန်းက တောရွာတစ်ရွာမှာ ရွာသားတစ်ယောက်က အသက်ကြီးမှ ရဟန်းပြုပြီး
တောထွက်တယ်တဲ့ဆရာ။ ရွာနဲ့ ခပ်လှမ်းလှမ်း တောစပ်တစ်ခုမှာ ကျောင်းသင်္ခမ်းအဖြစ် တဲငယ်
တစ်လုံးဆောက်ပြီး သီတင်းသုံး နေသတဲ့။ သူ့ကျောင်းရှေ့မှာတော့ 'ပုဗ္ဗာရုံကြောင်း' ဆိုတဲ့
အမည်ကို ရေးသားထားသတဲ့ ဆရာ။ ရွာသားတွေ တောမှာ အလုပ်သွားလုပ်ကြတော့ အဲဒီ
ဆိုင်းဘုတ်ကို ဖတ်မိကြပြီး 'ကျောင်း'ကို ကကြီးရရစ်နဲ့ 'ကြောင်း' ထားတာကို ပြက်ရယ်ပြု
ကြတာပေါ့ဆရာ၊ ကြာလာတော့ တောထွက် ဦးပ ဉ္စင်းကြီးလည်း သည်းမခံနိုင်တော့ဘဲ။
'ဟေ့ - ကြောင်းကို ကကြီးရရစ်နဲ့ ရေးတော့ ဘယ်မအေ...က 'အိမ်'လို့ ဖတ်မှာလဲကွ၊ ဆိုပြီး
ထွက်ဆဲသတဲ့ ဆရာ။ အခုလည်းဆရာက article(a နှင့် the) အသုံးများတဲ့ ကိစ္စကို
ဆရာ့ဆောင်းပါးတွေမှာ ထောက်ပြတော့ အဲဒီတောထွက် ဦးပ ဉ္စင်းကြီး လိုများ ပြောမလား
မသိဘူးဆရာ"
"မင်းကတော့ ကြံကြံဖန်ဖန် တော်တော် ပြောတတ်တာပဲကွာ၊ ဒါက သမုတိသစ္စာကိစ္စပဲ။ မင်းကို
ငါပြောခဲ့သလို 'ယောနိသော မနသိကာရ' လိုက်ပါတော့ကွာ။ တစ်ခုတော့ ရှိတာပေါ့၊ အဲဒီ
ဦးပ ဉ္စင်းကြီးက အဲဒီအချိန်တုန်းက အာဏာပါ၀ါတွေ ရှိတဲ့သူ ဖြစ်ခဲ့ရင် အခုဆို မင်းတို့ ငါတို့
'အစိုးရ အထက်တန်းကြောင်း' ဆိုပြီး ရေးနေကြရမယ် ထင်တယ်ကွ။ ဒီကိစ္စ ထားလိုက်ပါတော့
ကွာ။ အခုမင်း ပြောနေတာက ကိုယ့်ရဲ့ မိခင်ဘာသာစကား မဟုတ်တဲ့ အင်္ဂလိပ်ဘာသာစကား
ကိစ္စပဲကွ။ ဒီထက်ဆိုးတဲ့ ကိုယ့်မိခင်ဘာသာစကား မြန်မာစာနဲ့ ရေးထားတဲ့ ဥပဒေတစ်ခုမှာတောင်
အများကြီး ပါနေတာကို တွေ့နေရတယ်ကွ၊ မင်းရော သတိထားမိရဲ့လား"
"ဘယ်ဥပဒေပါလိမ့် ဆရာ"
" '၂၀၁၄ ခုနှစ်၊ စာချွန်တော်အမိန့် လျှောက်ထားခြင်းဆိုင်ရာ ဥပဒေ'ကွ။ ၂၀၁၄ ခုနှစ်၊ ဇွန်လ
၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်း စာမှာပါတာ။ ရော့ ဒီမှာ ရှိတယ်။ ဖတ်ကြည့်"
"ဟုတ်ကဲ့၊ တွေ့ပြီ ဆရာ၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ)မှာ မဟုတ်လား ဆရာ"
"ဟုတ်တယ်၊ စာဖတ်သူတွေ သိရအောင် ဖတ်ပြစမ်းပါဦး"
"ဟုတ်ကဲ့၊ ဒီလိုပါ ဆရာ" 'ရှေ့တော်သွင်း စာချွန်တော်အမိန့်ဆိုသည်မှာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ တရားရုံး တစ်ရုံးရုံး (သို့မဟုတ်) အခွင့်အာဏာ ရှိသော အဖွဲ့အစည်း တစ်ခုခုကဖြစ်စေ၊
ထိန်းသိမ်းချုပ်နှောင်ထားသူကို စာချွန်တော်ရုံးသို့ ခေါ်ဆောင်စေပြီး ဥပဒေနှင့်အညီ ချုပ်နှောင်
ထားခြင်း ရှိ၊ မရှိ စိစစ်ကြားနာ၍ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ရေးသားထုတ်ပြန်သည့် အမိန့်စာ
ကိုဆိုသည်'တဲ့ ဆရာ"
"နောက်တစ်ခုရှိသေးတယ်ကွ။ ပုဒ်မခွဲ (င) ကို ဖတ်ကြည့်"
"ဟုတ်ကဲ့၊ ဒီလိုပါ ဆရာ 'တားမြစ်စေ စာချွန်တော်အမိန့်ဆိုသည်မှာ တရားရုံး တစ်ရုံးရုံး
(သို့မဟုတ်) တရားစီရင်မှု သဘောသက်ဝင်သည့် ကိစ္စရပ်တစ်ခုခု၏ စီရင် ဆောင်ရွက်မှုတွင်
စီရင်ခွင့်အာဏာကျော်လွန်၍ ဖြစ်စေ၊ တရားမျှတမှုကို ဆန့်ကျင်၍ ဆောင်ရွက်ခြင်း မပြုရန်
ရေးသားထုတ်ပြန်သည့် အမိန့်စာကို ဆိုသည်'တဲ့ ဆရာ"
"ကဲ... ဒီမြန်မာစာရေးသားပုံ နှစ်ခုနဲ့ ပတ်သက်ပြီး မင်းအမြင်ကို ပြောပါဦး"
" 'ဖြစ်စေ' ဆိုတာ 'သို့မဟုတ်' နဲ့ အဓိပ္ပာယ် တူတယ် မဟုတ်လား ဆရာ။ တစ်နည်း ပြောရရင်
'တစ်ခုမဟုတ် အခြားတစ်ခု' ကို ရည် ညွှန်းလိုတဲ့အခါမှာ သုံးတာ မဟုတ်လား ဆရာ။ ကျွန်တော့်
အထင်ကို ပြောတာပါ"
"မင့်အထင်ကို ပြောလို့ မခိုင်လုံဘူးလေ။ စာဖတ်သူတွေ ယုံကြည်လက်ခံနိုင်အောင် အကြောင်းပြ၊
အထောက်အထားပြရမယ်လေ နိုင်ငံတော်ကိစ္စကြီးဆိုတော့ စိတ်ထင်ရာ စွတ်ပြောလို့ မဖြစ်ဘူးကွ။
မြန်မာစာအဖွဲ့ က ထုတ်တဲ့ ဟောဒီမြန်မာအဘိဓာန်မှာ ကြည့်ပြီးပြောပါဦး"
"ဟာ... ဆရာ၊ ဒီမြန်မာအဘိဓာန်မှာ 'ဖြစ်စေ' ဆိုတဲ့ တည်ပုဒ် မပါပါလား ဆရာ"
"ဟုတ်တယ်၊ ငါရှာတာလည်း မတွေ့ဘူး။ ဒီတော့ မြန်မာစာအဖွဲ့ကပဲ ထုတ်ထားတဲ့ မြန်မာ -
အင်္ဂလိပ် အဘိဓာန်ထဲမှာ ရှာကြည့်ပါဦး၊ ရော့ ဒီမှာ"
"ဟာ တွေ့ပြီ ဆရာ၊ 'တည်ပုဒ်အဖြစ် ဖြစ်စေ... ဖြစ်စေ...'ဆိုပြီး 'ဖြစ်စေ' ကို သုံးရင် နှစ်ကြိမ်
သုံးရမယ်ဆိုတဲ့ သဘောနဲ့ 'ဖြစ်စေ' ကို နှစ်ကြိမ်ပြထားတယ် ဆရာ"
"အဲဒီမှာ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထားလိုက်တော့၊ မြန်မာလို ဥပမာ ပြထားတာကိုပဲ
ဖတ်ပြစမ်းပါဦး"
" 'မိုးရွာသည် ဖြစ်စေ၊ မရွာသည် ဖြစ်စေ' တဲ့ ဆရာ၊ နောက်ပြီး 'မောင်ဘဖြစ်စေ၊ မောင်လှဖြစ်စေ
လွှတ်လိုက်ပါ'တဲ့ ဆရာ"
"ဒီတော့ 'ဖြစ်စေ' ကို ကြိယာပုဒ်နဲ့ရော နာမ်ပုဒ်နဲ့ပါ တွဲဖက်သုံးနိုင်တယ်ဆိုတာ သိရပြီ။
အမှန်မှာတော့ 'ဖြစ်စေ' တစ်ကြိမ်တည်း သာပါတဲ့ မြန်မာဝါကျကို မြန်မာလူမျိုး တစ်ဦးက
ဖတ်ကြည့်ရုံနဲ့ မှားနေတယ်ဆိုတာ စိတ်ထဲမှာ ချက်ချင်းသိတာပဲ။ အခုဒို့က အဘိဓာန်တွေကို
ကိုးကားပြီး ပြောနေရတာက နိုင်ငံတော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ မြန်မာစာ ရေးသားပုံ
မှားနေတယ်ဆိုတာကို အထောက်အထားနဲ့ ပြောချင်လို့ပဲကွ။ မင်းရော၊ ငါရော မြန်မာစာပေ
ပညာရှင်များ မဟုတ်ကြတော့ ဒို့ ပြောတာ အမှန်ဖြစ်တယ်လို့ လက်ခံချင်မှ လက်ခံကြမှာကိုး။
တကယ်ဆိုတော့ ပြောမယ့်သာ ပြောနေရတာပါ။ အဲဒီ ဥပဒေထဲမှာပဲ'ဖြစ်စေ'ပါတဲ့ ပုဒ်မခွဲ(ဃ) ကို
ဖတ်ကြည့်လိုက်ရင် အခုဒို့ပြောနေတဲ့ အထောက်အထားကိုတောင် ပြနေဖို့လိုတော့မှာ
မဟုတ်ဘူးကွ။ ပုဒ်မခွဲ(ဃ)ကို ဖတ်ပြလိုက်ပါဦး"
"ဟုတ်ကဲ့၊ ဒီလိုပါ ဆရာ 'အာဏာပေး စာချွန်တော်အမိန့်ဆိုသည်မှာ တရားဝင် အခွင့်အာဏာရှိသူ
တစ်ဦးဦး၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ အစိုးရဌာန တစ်ခုခုက ဖြစ်စေ အပ်နှင်း
ထားသော လုပ်ပိုင်ခွင့်နှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်မှုကို ဥပဒေနှင့်အညီ လိုက်နာ
ဆောင်ရွက်စေရန် ရေးသားထုတ်ပြန်သည့် အမိန့်စာကိုဆိုသည်'တဲ့ ဆရာ"
"ကဲ ... ဒီတော့ 'ဖြစ်စေ'ကို သုံးရင် နှစ်ခါသုံး ရတယ်ဆိုတာ သူ့အလိုလို ရှင်းမနေဘူးလား"
"စာစီရာမှာ ကျကျန်ရစ်တာများ ဖြစ်မလားဆရာ"
"အဲဒီလိုပြောရင် မြန်မာ့အလင်းစာစီဌာနက လူတွေက မင်းကို လာရိုက်လိမ့်မယ်။ ဥပဒေစာစီရာမှာ
သူတို့က သိပ်သတိထားတာ"
"သက်ဆိုင်ရာ အစိုးရဌာနရဲ့ စာစီဌာနက မှားတာလည်း မဖြစ်နိုင်ဘူးလား ဆရာ"
"အဲဒီလိုပြောဖို့ကလည်း ခက်တယ်ကွ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်
နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ အဲဒီဥပဒေရဲ့ ဥပဒေကြမ်း၊ ပုဒ်မခွဲ (ဂ) နဲ့ (င)
တို့မှာလည်း ၂၀၁၄ ခုနှစ်၊ ဇွန်လ ရ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာပါတဲ့ ဥပဒေရဲ့
ပုဒ်မခွဲ (ဂ) နဲ့ (င)အတိုင်းဖြစ်နေတာကို တွေ့ရတယ်ကွ။ ဥပဒေမူကြမ်း ရေးဆွဲသူက မေ့ကျန်ခဲ့တာ
ဖြစ်နိုင်သလို ကွန်ပျူတာစာစီရာမှာ ကျန်ခဲ့တာလည်း ဖြစ်နိုင်တာပေါ့။ နောက်ပြီး အဲဒီဥပဒေကို
နိုင်ငံတော် သမ္မတက လက်မှတ်မထိုးဘူးကွ။ ဥပဒေရဲ့ နောက်ဆုံးစာပိုဒ်မှာ 'ဖွဲ့စည်းပုံ အခြေခံ
ဥပဒေဆိုင်ရာ' ပုဒ်မ ၁၀၆ ပုဒ်မခွဲ(ဂ) နှင့် ပုဒ်မ ၁၀၇ တို့အရ ဤဥပဒေကို ထုတ်ပြန်သည်' လို့
ရေးထားတယ်။ ဒီမှာလည်း 'ဆိုင်ရာ' ဆိုတာကြီးက အပိုဖြစ်ပြီး မှားနေပြန်ပြီ။ တော်တော့ကွာ။
ဇာတ်ဆရာကြီး စိန်အောင်မင်းရဲ့ ဓာတ်ပြားထဲမှာ ပြောသလို 'ပြောပြန်ရင်လည်း အောင်မင်း
လွန်ရာကျမယ်' လို့ ပြောရမလို ဖြစ်နေပြီ"
















