မြန်မာ့တပ်မတော် ပြောင်းလဲနေကြောင်း သက်သေပြပါ

မြန်မာ့တပ်မတော် ပြောင်းလဲနေကြောင်း သက်သေပြပါ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သူ ကိုပါကြီးဟာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းမှာ တပ်မတော် တပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းခံနေရာကနေ ထွက်ပြေးတယ်ဆိုပြီး အသေပစ်သတ်တာ ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သူ ကိုပါကြီးဟာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းမှာ တပ်မတော် တပ်ဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းခံနေရာကနေ
ထွက်ပြေးတယ်ဆိုပြီး အသေပစ်သတ်တာ ခံခဲ့ရပါတယ်။

ခုလို ပစ်သတ်ခံရတဲ့ ကိစ္စကိုလည်း သူ ပျောက်ဆုံးနေကြောင်း သူ့ဇနီးဖြစ်သူက သတင်းမီဒီယာ
တွေကို တရားဝင်ပြောဆိုပြီး အတော်လေး နောက်ကျမှ တပ်မတော်ဘက် က သတင်းထုတ်ပြန်
ပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကိုပါကြီး ပစ်သတ်ခံရမှုနဲ့ ပတ်သက်ပြီး
၈၈ ပွင့်လင်း အဖွဲ့အစည်း အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အတော်များများက
ဆန့်ကျင် ကန့်ကွက်နေကြပြီး ဒီကိစ္စဖြစ်ရပ်အမှန် ဖော်ထုတ်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေလည်း
ပေါ်ပေါက်လာတာ တွေ့ရပါတယ်။

ကိုပါကြီးဆိုတာ ဘယ်လို လူမျိုးပါလဲ၊ ဖြစ်စဉ် ဘယ်လို ဖြစ်ပွားခဲ့တာပါလဲ၊ ဒီ ပြဿနာ
မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ကို ဘယ်လောက် ထိခိုက်စေနိုင်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကိုပါကြီး ပစ်သတ်ခံရလို့ သေဆုံးပြီး နောက်ပိုင်း တပ်မတော်ဘက်က မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ)ကို ပေးပို့တဲ့ စာထဲမှာ ကိုပါကြီးကို ဒီကေဘီအေ ဗျူဟာမှူး
စောဆန်းအောင် ခေါင်းဆောင်တဲ့ KKO အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ
အောင်နိုင် ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သေဆုံးသူ ကိုပါကြီး(ခေါ်) ကိုအောင်နိုင်ဟာ အဲလို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက
အဖွဲ့ဝင် တစ်ယောက်လား ဆိုတာကိုတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

လူမှုကွန်ရက် စာမျက်နှာတွေနဲ့ ပုဂ္ဂလိကပိုင် သတင်းစာဂျာနယ်တွေမှာတော့ ကိုပါကြီးဟာ
အရင်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုံခြံုရေး
တာဝန်ယူပေးနေတဲ့ သုံးရောင်ခြယ် အဖွဲ့ဝင်ဖြစ်ခဲ့တယ်၊ နောက်ပိုင်း ထိုင်းမြန်မာ နယ်စပ်မှာ
နေထိုင်ပြီး အလွတ်သတင်းထောက်အဖြစ် အသက် မွေးဝမ်းကျောင်း လုပ်နေတယ်ဆိုပြီး
ဓာတ်ပုံ အထောက်အထား၊ သူရေးသားပေးပို့တဲ့ သတင်းအထောက်အထားတွေနဲ့တကွ
ဖော်ပြခဲ့ကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ငြင်းလို့ မရနိုင်တဲ့ အချက်ကတော့ ကိုပါကြီး ဆိုသူဟာ လက်နက်ကိုင်
တပ်ဖွဲ့ဝင်ဖြစ်စေ၊ အလွတ်သတင်းထောက်ဖြစ်စေ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်နေတယ်
ဆိုတာပါပဲ။

ဖြစ်စဉ်အရ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ
ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက စတင်ပစ်ခတ်လို့ တပ်မတော်နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

ဒီကေဘီအေ တပ်ဖွဲ့ဝင်တချို့ ဟာ အပစ်ရပ် စာချုပ်ပါ စည်းကမ်းချက်ကို ချိုးဖောက်ပြီး
အစိုးရပိုင်နက် နယ်မြေအတွင်း လက်နက်ကိုင်ဆောင် ၀င်ရောက်လာပြီး နယ်မြေ တာဝန်ရှိတဲ့
အာဏာပိုင် အဖွဲ့ အစည်းတွေက တားဆီးရာကနေ တိုက်ပွဲတွေ စပြီးဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲ စတင်ဖြစ်ပွားတဲ့အချိန်မှာ ရဲ၊ ပြည်သူ့စစ်နဲ့ တပ်မတော်သား တချို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်
တွေ ရဲ့ ဖမ်းဆီး ထားတာခံရပြီး တချို့ ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာတွေ ရခဲ့ပါတယ်။

နောက်ပိုင်း ဒီကေဘီအေ အဖွဲ့က ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်နက်
၁၀ လက်ကျော်ကိုတော့ သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လက်နက်တွေ သိမ်းယူပြီး ဆုတ်ခွာဖို့ ကြိုးစားတဲ့ ဒီကေဘီ အေတပ်ဖွဲ့တွေကို
တပ်မတော်ဘက်က ၀ိုင်းရံ ပိတ်ဆို့တိုက်ခိုက်ရာကနေ နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ
ဖြစ်ပါတယ်။

ဒီလိုနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကျိုက်မရော လှေဆိပ်မှာ ကိုပါကြီးကို ရဲနဲ့
စစ်တပ် ပူးပေါင်းအဖွဲ့က လက်နက်မဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ကျိုက်မရော လှေဆိပ်ဆိုတာဟာ စစ်မြေပြင် မဟုတ်ပါ။

မြို့တစ်မြို့ဖြစ်ပြီး မွန်ပြည်နယ် မြို့တော် မော်လမြိုင်နဲ့ ၁၀ မိုင်ကျော်ကျော် လောက်ပဲ ဝေးပါတယ်။

တကယ်တော့ ကိုပါကြီးဟာ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့ဝင်ဆိုရင် လက်နက်မဲ့ ဖမ်းမိတဲ့
စစ်သုံ့ပန်း ဖြစ်ပါမယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဖမ်းဆီးရမိသူ တစ်ယောက်ကို သက်ဆိုင်ရာ ရဲစခန်း၊ အဲဒီကနေတစ်ဆင့်
တရားရုံး တင်ပို့ပြီး ဥပဒေအတိုင်း လိုအပ်သလို စစ်ဆေးတာမျိုး လုပ်နိုင်ပါတယ်။

ဒါပေမဲ့ ဖမ်းဆီးရမိတဲ့ ရဲနဲ့ နယ်မြေခံတပ်ဖွဲ့ဟာ အဲဒီလို ဥပဒေအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း
မပြုလုပ်ခဲ့ဘဲ လေးရက်တိုင်တိုင် ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် တရားရုံးပို့တာမျိုး မလုပ်ဘဲ အောက်တိုဘာလ ၄ ရက်နေ့မှာ လှုပ်ရှား စစ်ကြောင်း
တစ်ခုထံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ မေးစရာရှိတာက မသင်္ကာစရာ ဖမ်းဆီးရမိတဲ့ နိုင်ငံသား တစ်ယောက်၊ သို့မဟုတ်
စစ်သုံ့ပန်းတစ်ယောက်ကို ခုလိုပဲ လှုပ်ရှားစစ်ကြောင်းထံကို လွှဲပြောင်းပေးလို့ ရပါသလား
ဆိုတာပါ။

ဒီကိစ္စပြောမယ်ဆိုရင် မြန်မာ့တပ်မတော် ရဲ့ အရင်က လူ့အခွင့်အရေးကို အကြီးအကျယ်
ချိုးဖောက်ခဲ့တဲ့ အစဉ်အလာကြီး နည်းနည်းဖြစ်ဖြစ် ပြန်ပြောမှ ဖြစ်ပါလိမ့်မယ်။

အရင်ခေတ်တုန်းကဆို မြန်မာ့တပ်မတော်ဟာ စစ်ဆင်ရေးတွေ လုပ်ဖို့ မြို့ပေါ် က နိုင်ငံသားတွေကို
ပေါ်တာ အထမ်းသမားတွေအဖြစ် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင် မတရားခိုင်းစေလေ့
ရှိပါတယ်။

စစ်ကြောင်းသွားရာ လမ်းတစ်လျောက်က ကျေးရွာသား၊ ကျေးရွာသူတွေကို အတင်းအားဓမ္မ
ဖမ်းဆီးပြီး အထမ်းသမား ပေါ်တာ လုပ်ခိုင်းတာ၊ လမ်းပြခိုင်းတာ၊ လူသားမြေ မြှုပ်မိုင်းရှင်းသူအဖြစ်
ရှေ့ကနေ သွားခိုင်းတာ စတာတွေ လုပ်ခဲ့ဖူးပါတယ်။

ဒါတင်မက ပေါ်တာ အထမ်းသမားတွေ အဖြစ်၊ လူသား မိုင်းရှင်းသူတွေအဖြစ် အကျဉ်းသားတွေ
ကိုလည်း အသုံးပြုခဲ့ပါသေးတယ်။

အဲဒီခေတ် အဲဒီအချိန်တုန်းက ရှေ့တန်းမှာ လက်နက်လာချတဲ့ တစ်ဖက် လက်နက်ကိုင်အဖွဲ့က
တပ်ဖွဲ့ဝင်တွေကိုလည်း ခုလိုပဲ လမ်းပြအဖြစ် အတင်းအကျပ် ပြန်လည် ခိုင်းစေတာ၊ လူသား
မိုင်းရှင်းကိရိယာအဖြစ် ပြန်သုံးတာ၊ စစ်ကြောင်းရှေ့ က သွားခိုင်းပြီး ပစ်ရင်ခတ်ရင်
အရင်သေအောင် ကျည်ကာအဖြစ် အသုံးချတာ၊ ကြည့်မရရင် ထွက်ပြေးတယ်ဆိုပြီး
ဗြောင်ပစ်သတ်တာ စသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာလုပ်ခဲ့ဖူးတဲ့ သာဓကတွေ
ရှိခဲ့ပါတယ်။

ဒီထက်ဆိုးတာတွေလည်း အများကြီးရှိပြီး ရှေ့တန်းမှာ ဘယ်လို တရား ဥပဒေကိုမှ
လေးစားလိုက်နာ စောင့်ထိန်းခြင်း မရှိခဲ့ပါဘူး။

နောက်ပိုင်း တိုင်းပြည်မှာ အပြောင်းအလဲတွေ လုပ်လာတဲ့အခါ တပ်မတော်ကလည်း
ကောင်းမွန်တဲ့ အပြောင်းအလဲ တချို့ လုပ်ခဲ့ပါတယ်။

ကလေးစစ်သား စုဆောင်းတာတွေ ရပ်ဆိုင်းပါတယ်။ အသက်မပြည့်ဘဲ ရောက်နေနှင့်ပြီးသား
သူတွေကို မိဘ ရပ်ထံ ပြန်လွှဲ ပေးပါတယ်။ မြို့တွေပေါ်မှာ ပေါ်တာ မဆွဲတော့ပါဘူး။

ကျေးလက်က လူတွေကို ဖမ်းဆီးပြီး လူသားမိုင်းရှင်းကိရိယာအဖြစ် သုံးတယ်ဆိုတဲ့
သတင်းမျိုးတွေလည်း မကြားရသလောက် ဖြစ်လာပါတယ်။

ဒီလို ကောင်းမွန်တဲ့ အပြောင်းအလဲ လုပ်နေတဲ့ အခြေအနေအောက်မှာ အခုလို ကိုပါကြီး ဥပဒေမဲ့
သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ကိုပါကြီး ပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ဖြေရှင်းတဲ့ စာရဲ့ နောက်ဆုံးအပိုင်းမှာ
ဖော်ပြထားပေမယ့် ရှေ့နောက် မညီတာတွေ၊ သံသယ ဖြစ်စရာတွေ အများကြီး တွေ့ကြရပါတယ်။

ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ဖမ်းဆီးမိတဲ့ နိုင်ငံသား တစ်ယောက်ကို ဒါမှမဟုတ် စစ်သုံ့ပန်း
တစ်ယောက်ကို စစ်မြေပြင်ဆီ ခေါ်သွားလို့ ရသလား၊ ဥပဒေက ခွင့်ပြုထားသလား ဆိုတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဟာ ဒီပြဿနာကြီး တိုင်းသိပြည်သိ ဖြေရှင်းရပါတော့မယ်။

အမိန့်ပေး စေခိုင်းသူ ဒါမှမဟုတ် အောက်ခြေ တပ်ရင်းတပ်ဖွဲ့က လုပ်တာကိုင်တာ မှားတယ်
ဆိုရင်လည်း မှားတဲ့အတိုင်း ၀န်ခံရပါလိမ့်မယ်။

ဒီလိုမှမဟုတ်ရင် မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တဲ့ ကိုပါကြီး တပ်မတော် တပ်ဖွဲ့တစ်ခုရဲ့
ထိန်းသိမ်းမှုအောက်မှာ ရှိနေစဉ်အတွင်း ပစ်သတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှု
လုပ်နေပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021