ပျောက်ကွယ်လုဖြစ်နေတဲ့ ကျောက်သင်ပုန်း

ပျောက်ကွယ်လုဖြစ်နေတဲ့ ကျောက်သင်ပုန်း

သူငယ်တန်းကလေးကို ၀လုံးလေး ၀ိုင်းဖို့ အတွက် ကျောက်သင်ပုန်းနဲ့လေ့ကျင့် ပေးခဲ့တယ်။ ကျောက်တံလေး ခဏခဏ ကျိုးတော့ အသစ်မရပါဘူး။ အုတ်နံရံမှာ ခြစ်ပြီး ကျောက်တံ သွေးရတယ်။

သူငယ်တန်းကလေးကို ၀လုံးလေး ၀ိုင်းဖို့ အတွက် ကျောက်သင်ပုန်းနဲ့လေ့ကျင့် ပေးခဲ့တယ်။
ကျောက်တံလေး ခဏခဏ ကျိုးတော့ အသစ်မရပါဘူး။ အုတ်နံရံမှာ ခြစ်ပြီး ကျောက်တံ
သွေးရတယ်။ အထပ်ထပ်လေ့ကျင့်တော့ လက်ရေးလေးတွေ ၀ိုင်းလာတယ်။

နည်းနည်းအတန်းရလာလို့ ဂဏန်းတွက်တော့လည်း ကျောက်သင်ပုန်းနဲ့ပဲ။ လေ့ကျင့်စရာ
စာအုပ်က များများစားစား မဝယ်နိုင်တော့ ကျောက်သင်ပုန်းက ကျောင်းစာအုပ်ပဲ။ ၀ယ်နိုင်လည်း
မိဘတွေက ၀ယ်မပေးဘူးလေ။ ကလေးအနေနဲ့ ကိုယ်ပိုင်ပစ္စည်းကို တန်ဖိုးထားတတ်အောင်
သင်ပေးချင်တာကိုး။ ကျောက်သင်ပုန်းက လွှတ်ကျတာနဲ့ ကွဲသွားတယ် မဟုတ်လား။

"ငယ်ငယ်က တံတွေးနဲ့ ကျောက်တံကို ဆွတ်ဆွတ်ပြီး စာရေးခဲ့ရတာ အရမ်းပျော်တယ်။
မူလတန်းမှာ သင်ခန်းစာ စာအုပ်ဆိုတာ မရှိဘူး။ ကျောင်းက သင်လိုက်တာကို ခေါင်းနဲ့ မှတ်၊
ကျောက်သင်ပုန်းမှာ လေ့ကျင့်၊ ပြန်ကြည့်စရာ မှတ်စု မရှိဘူး။ ဆရာတွေကလည်း ခေါင်းထဲ
ရောက်အောင် သင်သလို ကျောင်းသားကလည်း မှတ်တယ်။ အဲဒါကြောင့် ငယ်ငယ်က စာတွေ
မှတ်မိနေတုန်းပဲ။ အဲဒီခေတ်က ပညာရေးမှာ ကျောက်သင်ပုန်းရဲ့ အားသာချက်တွေ အများကြီးပါ"
လို့ ရန်ကုန်မြို့နေ ဒေါ်ဝါ၀ါလင်းက ပြောလာတယ်။

"ကျောက်သင်ပုန်းနဲ့ သချင်္ာတွက်ရင်တော့ စာအုပ်သက်သာတာပေါ့။ အားနည်းချက်က
မှတ်စုစာအုပ်လို ပြန်ကြည့်လို့ မရဘူး။ ကျောက်သင်ပုန်းနဲ့ ရေးတော့ တခြစ်ခြစ်နဲ့ မြည်တယ်။
စာပဲလုပ်လုပ်၊ အရုပ်ပဲဆွဲဆွဲ ကလေးအိမ်ထဲမှာ ရှိတယ်။ စာလုပ်နေတယ်ဆိုတာ မိဘက
သိတယ်လေ"လို ဦးခင်မောင်ထွန်း အရွှန်းဖောက်ကလေး ပြောပါတယ်။

အရင်က ကျောက်သင်ပုန်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့
ခေတ်မစားတော့ပါဘူး။ ကျောက်သင်ပုန်းကိုလည်း မေ့တော့မလိုဖြစ် နေချိန်မှာ စာရေးဆရာ
အကြည်တော် ရေးတဲ့ 'ကျောက်သင်ပုန်းတွေ မိုးထားတဲ့ အိမ်' စာအုပ်ထွက်လာတော့
ကျောက်သင်ပုန်းကို ပြန်အမှတ်ရလာကြပါတယ်။ နောက် စာအုပ်ကို ရုပ်ရှင်ရိုက်တော့
အများစုရင်ထဲ ထပ်ပြီးစွဲသွားခဲ့ပြန်ပါတယ်။

ကျောက်သင်ပုန်းကျောက်ကို အိမ်မိုးသွပ်အနေနဲ့လည်း သုံးလို့ရသလို အခြားအိမ်တွင်း
အလှဆင်တဲ့နေရာမှာလည်း သုံးကြတယ်။ ဒီကျောက်ကို ဆက်ပြီး အသုံးချ ချင်ပေမယ့်
ကျောက်သား လိုသလောက် ရဖို့တော လိုပါတယ်။ ကျောက်သင်ပုန်းလုပ်ငန်းကို ဂျပန်နိုင်ငံ
အပါအဝင် ပြည်ပနိုင်ငံများက လာရောက် လေ့လာခဲ့ကြတယ်လို့ သိရတယ်။

မွန်ပြည်နယ်၊ ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ် မုဒွန်း၊ ကျောက်သင်ပုန်းရွာမှာရှိတဲ့ သင်ပုန်းတောင်က
ကျောက်သင်ပုန်းထုတ် လုပ်နိုင်တဲ့ ကျောက်သား ရှားပါးလာခဲ့တာကြောင့် ကျောက်သင်ပုန်း
လုပ်ငန်းအများစု ရပ်နားခဲ့ရသော်လည်း လုပ်ငန်း ၂၀ နီးပါး ဆက်လက်လုပ်ကိုင်နေကြတယ်လို
ဒေသခံတွေကပြောပါတယ်။

လွန်ခဲ့တဲ နှစ်ပေါင်း ၆၀ ၀န်းကျင်မှာတော့ သင်ပုန်းတောင် ကျောက်ကြမ်း လိုသလောက်
ထွက်ခဲ့ပါတယ်။ မုဒွန်းရွာ တစ်ရွာလုံး ကျောက်တွင်း တူးသူကတူး။ ကျောက်သား အချောထည်
တိုက်သူကတိုက်၊ ဈေးကွက်တင်သူကတင်နဲ့ လုပ်ငန်းအတော်လေး စည်ပင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကျောက်တွင်း တစ်တွင်း၊ နှစ်တွင်း လောက်ပဲ ကျောက်သားရနိုင်ပါတော့တယ်။

ဈေးကွက်ကို တင်ပို့နိုင်တဲ့ ကျောက်သင်ပုန်းလုပ်ငန်း ခုနစ်ခုလောက်သာ ရှိပြီး အနည်းငယ်သာ
ဆက်လက်လုပ်ကိုင်နိုင်တဲ့ လုပ်ငန်း ၁၀ ခု နီးပါး ရှိတယ်လို့ သိရပါတယ်။

ကျောက်သင်ပုန်း တစ်ချပ်ရဖို့ ထင်သလောက် မလွယ်ကူလှပါဘူး။ ကျောက်သင်ပုန်းတစ်ချပ်
ထုတ်လုပ်ဖို့အတွက် ကျောက်အကြမ်းသားတွေကို အလွှာလိုက် ခွဲစိတ်ရပါတယ်။ လိုချင်တဲ့
အရွယ်ရဖို့အတွက် ကျောက်လှီးဓားကို အသုံးပြု အနားညှိ ဖြတ်တောက်ပေးရပါတယ်။
ကျောက်သား အထူအပါးအတွက် ရွေပေါ်ထိုးပြီး၊ ကော်ပတ်စားပေး ရတယ်။ ပြီးနောက်မှာတော့
သစ်သားဘောင် တပ်ပေရပြီး အရောင်တင် ပေးရတယ်။ ကျောက်တံ လုပ်ဖို့အတွက်
သက်တမ်းနု ကျောက်သားကို အသုံးပြုရပါတယ်။ ကျောက်သင်ပုန်းလုပ်တဲ့အတိုင်း အဆင့်ဆင့်
လုပ်ဆောင်ပြီး ရေ တစ်ညစိမ်ရပါတယ်။ နောက်ဆုံးမှာ ထိပ်တစ်ဖက်ကို ချွန်ပေးရတယ်လို့
တူးမာကျောက်သင်ပုန်းလုပ်ငန်းက ဒေါ်အုန်းကြည်က ရှင်းပြတယ်။

မတ်လနှင့် ဧပြီလတွေမှာ ကျောက်သင်ပုန်းတွေကို ပြုလုပ်ကြပြီး ကျောင်းဖွင့်ရာသီအမှီ ရောင်းချ
ကြပါတယ်။ လက်ရှိအချိန်အထိ တနင်္သာရီနဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်မှာတော့ ၀ယ်လက်များ
ရှိနေပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေအတွက် ရိုးရာလက်ဆောင်အဖြစ် ရန်ကုန်က
အော်ဒါမှာယူတာတွေလည်း ရှိတတ်တယ်လို့သူက ပြောပါတယ်။

"ကျောက်သားအကြမ်း တစ်ချပ်ကို ၂၀၀ ပေးရတယ်။ အလုပ်သမားခကလည်း ပေးရတယ်။
ပြန်ရောင်းတော့ ကျောင်းသုံးအရွယ် အသေးဆုံးက ၆၀၀၊ အရွယ်သုံးမျိုး ထုတ်တယ်။ ဈေးက
၁၀၀ စီပဲကွာတယ်။ တစ်ချပ်ကို ၅၀ ပဲ အမြတ်ရတယ်။ ၀ယ်လက်တွေရှိလို့ တော်သေးတယ်။
ဒီအလုပ်နဲ့ပဲ ထမင်းစားနေရတာ။ ဒီအလုပ်မလုပ်လို ဘယ်အလုပ်လုပ်မလဲ။ အသက် ကိုးနှစ်
ကတည်းက မိဘကလုပ်လာလို့ ဆက်လုပ်လာတာ အခုဆို ၆၀ ရှိပြီ။ ဒီအလုပ်ကိုပဲ လုပ်နိုင်တဲ့
အရွယ်အထိ ဆက်လုပ်သွားမှာ"လို့ ဒေါ်အုန်းကြည်က ပြောပါတယ်။

ကျောက်သင်ပုန်းလုပ်ငန်း ကျဆင်းလာတာက ကျောက်သားနည်းပါးမှုအပြင်၊ ဘောင်ကွပ်သည့်
သစ်သား ဈေးကြီးလာတာ၊ အလုပ်သမားခ ဈေးတတ်တာ၊ ကျောက်ပွတ်တဲ့ မျိုးဆက် လျော့နည်း
လာတာနဲ့ စာအုပ်အစားထိုးမှုတွေ တွင်ကျယ်လာတာတွေကြောင့်ဖြစ်တယ်လို့ ကိုစည်သူကျော်စွာ
က ပြောပါတယ်။

"နှစ်ရှည်လများ လုပ်လာကြတာဆိုတော့ ကျောက်သင်ပုန်းကထွက်တဲ့ အမှုန်တွေကြောင့်
တီဘီတို့၊ အဆုတ်ရောဂါတို့ ရလာကြတယ်။ အရင်ကျောက်ပွတ်သူတွေ သေကုန်ပြီလေ။
ကျောက်တူးတာလည်း အန္တရာယ်များတယ်။ တောင်ပေါ်တက်ပြီး ၀ါးသုံးပြန်လောက် နက်တဲ့
ကျောက်တွင်းထဲကို ပြန်ဆင်းရတာ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက လုပ်ငန်း ကျလာတာ။
ကျောက်သား ရှားတာက တစ်ကြောင်းဆိုပေမယ့် နောက်တစ်ကြောင်းက ထိုင်း၊ မလေး၊
အခုနောက်ပိုင်း ကိုရီးယား၊ ဂျပန်တွေကို သွားအလုပ်လုပ်ကြပြီလေ။ ပင်ပင်ပန်းပန်းနဲ့
ကျောက်သင်ပုန်း မပွတ်ကြတော့ဘူး" လို့ ကိုစည်သူကျော်စွာက ပြောတယ်။ ကျောက်သင်ပုန်း
လုပ်ငန်းလုပ်ကိုင်သူနဲ့ သုံးစွဲသူ နည်းလာပေမယ့်လည်း မွန်တို့ရဲ့ လေ့လာစရာလက်မှုပညာအဖြစ်
ဆက်လက်ရှင်သန်နေမယ်လို ယုံကြည်ကြောင်း သူက ပြောပါတယ်။

မုဒွန်းကျေးရွာ အပါအဝင် ဘီလူးကျွန်းကို လက်ရှိထပ်တိုးတဲ့ရွာတွေအပါအဝင် ရွာပေါင်း ရ၂ ရွာနဲ့
ဖွဲ့စည်းထားပါတယ်။ ကျောက်သင်ပုန်း၊ ဆေးတံ၊ ၀ါးခမောက်၊ ဓား၊ ဓနိမိုးနဲ့ သရက်ပြင် စသည်ဖြင့်
ရွာတိုင်းမှာ လက်မှုလုပ် ငန်းတစ်ခုစီ လုပ်ကိုင်ကြတယ်။

လက်ရှိအချိန်မှာတော့ ဒီလုပ်ငန်းတွေက သိပ်မတွင်ကျယ်တော့ပါဘူး။ အများစုက ထိုင်း၊
မလေးရှား စတဲ့ နိုင်ငံတွေမှာ အလုပ်သွားလုပ်နေကြလို့ပါပဲ။ ဒါပေမဲ့လည်း ဧပြီလ ဘုရားပွဲရာသီ
မှာတော့ ကိုယ့်ရပ်ရွာမှာ ပြန်ဆုံတတ်ကြတယ်လို့ ကိုစည်သူကျော်စွာက ပြောပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021