တစ်လကြာလေ့လာခဲ့သမျှ ၂၅ နှစ်သား ဒီမိုကရေစီနိုင်ငံ ပိုလန်

တစ်လကြာလေ့လာခဲ့သမျှ ၂၅ နှစ်သား ဒီမိုကရေစီနိုင်ငံ ပိုလန်

ပိုလန်နိုင်ငံ ၀ါဆောမြို့တော် ရှိုပင်(Chopin) လေဆိပ်ကိုရောက်တာနဲ့ ဥရောပတိုက်ရဲ့ ဆောင်းဦး သစ်ရွက်ကြွေမြင်ကွင်းနဲ့ အအေးဓာတ် သိသိသာသာ ပိုနေတဲ့ ရာသီဥတုက ဆီးကြိုနှုတ်ဆက်ပါတယ်။

ပိုလန်နိုင်ငံ ၀ါဆောမြို့တော် ရှိုပင်(Chopin) လေဆိပ်ကိုရောက်တာနဲ့ ဥရောပတိုက်ရဲ့ ဆောင်းဦး
သစ်ရွက်ကြွေမြင်ကွင်းနဲ့ အအေးဓာတ် သိသိသာသာ ပိုနေတဲ့ ရာသီဥတုက ဆီးကြိုနှုတ်ဆက်ပါ
တယ်။

ပူနွေးစိုစွတ်တဲ့ အီကွေတာ ရပ်ဝန်းဒေသက မြန်မာနိုင်ငံသား တစ်ဦးရဲ့ ပထမဆုံးအကြိမ် ဥရောပ
ခရီးဟာ ထူးခြားတဲ့ခံစားမှုနဲ့ အမှတ်ရစရာ ခရီးစဉ်အဖြစ်နဲ့ စတင်ခဲ့ပါတယ်။

"နေ့အပူအချိန်က အဲဒီအချိန်က ၁၂ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။ ကျွန်တော်အတွက်ကတော့
ရေခဲသေတ္တာထဲမှာ လမ်းလျှောက်နေရသလိုပါပဲ" ဒါပေမဲ့ ပိုလန်လူမျိုးတွေကတော့
သိပ်မအေးသေးဘူးလို့ ဆိုကြပါတယ်။

ခရီးစဉ် တစ်လျှောက်လုံးအတွက် စီစဉ်ပေးမယ့် ပိုလန်လူမျိုး မစ္စတာဘားတက်စ်ကော်ဇာကေးဗစ်ချ်
က အပြုံးနဲ့ ပွေ့ဖက်ဆီးကြိုနှုတ်ဆက်ပြီးတော့ ကျွန်တော်တို့အတွက် ငှားရမ်းထားတဲ့ ခပ်နွေးနွေး
တိုက်ခန်းလေးရှိရာကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီခရီးစဉ်ဟာ ပိုလန်အစိုးရရဲ့ ပိုလန်ပြည်သူများ အကူညီပေးရေးအဖွဲ့အစည်း (Polish Aid)နဲ့
သမ္မတဟောင်း လက်ချ်ဗာဝင်ဆာ ထူထောင်ထားတဲ့ (Welesa Institute) တို့ကနေ
ပူးပေါင်းပြီးတော့ ပိုလန်နိုင်ငံရဲ့နိုင်ငံရေး အပြောင်းအလဲနဲ့ သတင်းမီဒီယာ အခြေအနေတွေကို
တစ်လကြာလေ့လာဖို့ မြန်မာပြည်က သတင်းသမားနှစ်ဦးကို အောက်တိုဘာလ အတွင်းက
ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဉ်ကို တစ်နှစ် တစ်ကြိမ်ပြုလုပ်တဲ့ သုံးကြိမ်မြောက် အစီအစဉ်လည်းဖြစ်ပါတယ်။

၂၅ နှစ်တာ ဒီမိုကရေစီနိုင်ငံရေးခရီး

ပိုလန်ဟာ ကွန်မြူနစ်စနစ်ကို ဆယ်စုနှစ် အတော်ကြာ ကျင့်သုံးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်ပြီးတော့
အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကနေ တစ်ဆင့် ၁၉၈၉ ခုနှစ်မှာ ဒီမိုကရေစီစနစ်
ပြောင်းလဲနိုင်ခဲ့တဲ့ တိုင်းပြည် တစ်ပြည်ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဥရောပနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လာပြီးနောက်ပိုင်း စီးပွားရေး
အခွင့်အလမ်း ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။

ပိုလန်နိုင်ငံရေး အပြောင်းအလဲ စတင်ချိန်မှာ မြန်မာနိုင်ငံဟာလည်း ၈၈ အရေးတော်ပုံကြီးနဲ့အတူ
ဒီမိုကရေစီအရေး အကြမ်းမဖက် လှုပ်ရှားမှုတွေ အရှိန်ကောင်းနေခဲ့ချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာဟာ ပိုလန်လောက်နိုင်ငံရေး ကံမကောင်းခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ပိုလန်စစ်တပ်က အာဏာကို လူထုလက်ထဲကနေ ပြန်မသိမ်းဘဲ
သူ့နေရာသူ နေခဲ့လို့ပဲပါ။

အဲဒီအချိန်က လူထုလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူကတော့ အလုပ်သမားခေါင်းဆောင် မစ္စတာ
လက်ချ် ဗာဝင်ဆာ ဆိုသူဖြစ်ပါတယ်။

Solidarity Movememt လို့ခေါ်တဲ့ အကြမ်းမဖက်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့်
ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၈၃ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

"ဆိုးဝါးလွန်းလှတဲ့ စနစ်အဟောင်းကြီးကို တွန်းလှန် ဖြိုဖျက်ပစ်နိုင်ခဲ့တဲ့ အောင်ပွဲကြီး တစ်ခု
ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်၊ အဲဒီ အောင်ပွဲကြီးကို သဘောင်္ကျင်း အလုပ်သမားတွေကနေ
စတင်ခဲ့တာ"လို့သူက နယူးယော့ခ်တိုင်း သတင်းစာအင်တာဗျူးမှာ ဂုဏ်ယူစွာနဲ့ပြောဆိုခဲ့ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ကျောထောက်နောက်ခံ ပိုလန်ကွန်မြူနစ်အစိုးရနဲ့ ဒီမိုကရေစီ လိုလားသူ
အတိုက်အခံကြားမှာ စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးပွဲကနေ နိုင်ငံရေးအဖြေရှာ နိုင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအစိုးရကတော့ ယနေ့အချိန်ထိ အတိုက်ခံတွေဘက်က တောင်းဆိုနေတဲ့ တွေ့ဆုံ
ဆွေးနွေးပွဲမျိုး အချိန်မတန်သေးဘူးလို့ ငြင်းဆိုနေတုန်းပါ။

ပိုလန်နိုင်ငံရေး အပြောင်းအလဲကြောင့် အဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စု လက်အောက်ခံ
အရှေ့ဥရောပ နိုင်ငံများအထိ ဒီမိုကရေစီအရေး လှုပ်ရှားမှုဟာ အရှိန်အဟုန်နဲ့ သက်ရောက်မှုတွေ
ရှိစေခဲ့သလို ကွန်မြူနစ်စနစ် အောက်ကနေ ရုန်းထွက်ခဲ့ကြပါတယ်။

အများပြည်သူ သတင်းစာနဲ့ သတင်းလွတ်လပ်ခွင့်

ခရီးစဉ်အတွင်းမှာ ပိုလန်နိုင်ငံရဲ့ အကြီးဆုံး အများပြည်သူ့ ရေဒီယိုသတင်းဌာန၊ အကြီးဆုံး
နေ့စဉ်ထုတ် သတင်းစာတိုက်၊ ဥရောပရေးရာ သုံးသပ်ချက် မဂ္ဂဇင်းတိုက်နဲ့ အပတ်စဉ်ထုတ်
နယ်သတင်းစာတိုက်တွေမှာ အချိန်ပိုင်း အလုပ်သင် လေ့လာခွင့် ရရှိခဲ့ပါတယ်။

ပိုလန်နိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို အကောင်းဘက်ကို တွန်းပို့ခဲ့တာဟာ သတင်းမီဒီယာ
လွတ်လပ်ခွင့်ကို အပြောင်းအလဲကာလမှာ ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့
ပိုလန် သတင်းစာဆရာတွေက အခိုင်အမာပြောဆိုကြပါတယ်။

၀ါဆောမြို့က ပိုလန်အများပြည်သူ ရေဒီယိုသတင်းဌာန (Polish Public Radio) ကို ငါးရက်
သွားရောက်လေ့လာခွင့် ရရှိခဲ့ပါတယ်။

ပိုလန်ရေဒီယိုဟာ မြန်မာနိုင်ငံက မြန်မာ့အသံ ရေဒီယိုသတင်းဌာနနဲ့ အတော်လေး ဆင်တူပါတယ်။

မတူတာက သူတို့ဟာ အစိုးရရဲ့ အာဘော်တွေကို ဖော်ပြခြင်း မရှိသလို အစိုးရဝန်ကြီးဌာန
တစ်ခုခုရဲ့ လွှမ်းမိုး ချုပ်ကိုင်ထားခြင်း၊ နိုင်ငံရေးပါတီတစ်ခုခုရဲ့ ဩဇာလွှမ်းမိုးမှု မရှိဘူးဆိုတာပဲ
ဖြစ်ပါတယ်။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကတော့ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းဆိုပြီး
ပြောဆိုနေပေမယ့် အစိုးရရဲ့ အာဘော်တွေ၊ ၀ါဒဖြန့်ချိမှုတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။

ဒီမိုကရေစီ အစိုးရတိုင်းဟာ အများပြည်သူ့ အခွန်ငွေတွေ အစိုးရရဲ့ ၀ါဒဖြန်ချိရေးမှာ အသုံးပြုခွင့်
မရှိဘူးလို့ ပိုလန်သတင်းစာဆရာတွေက ဝေဖန်ကြပါတယ်။

ပိုလန်ရေဒီယိုဟာ ပိုလန်ပြည်သူတွေရဲ့ သီးခြားအခွန်တော်ငွေနဲ့ ရပ်တည်နေတာကြောင့် ပုဂ္ဂလိက
မီဒီယာများလို လက်ဝဲလက် ယာယိမ်းလို့ မရသလို ဘယ်ပါတီကိုမှ ဘက်လိုက် ဖော်ပြခွင့်လည်း
မရှိပါဘူး။

သတင်းမီဒီယာ အားလုံးကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် အပေါ်မှာ
ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခွင့် အပြည့်အဝရရှိ ကြပါတယ်။

"ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ သတင်းလွတ်လပ်ခွင့် အပြည့်အဝ
ရရှိရေးနဲ့ သတင်းသမားတွေကို အကာအကွယ်ပေးရေးကို အခြေခံဥပဒေမှာ အခိုင်အမာ
ပြဋ္ဌာန်းနိုင်ခဲ့တယ်၊ သတင်းလွတ်လပ်ခွင့်ကို သပ်သပ် တောင်းဆိုခဲ့ရတာမျိုးတော့ မရှိခဲ့ဘူး"လို့
ပိုလန်အမျိုးသားရေဒီယို သတင်းဌာန ၀ါရင့်သတင်းထောက် Wolciech Cegielski က
ပြောပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ အစောပိုင်းအတွင်း ပိုလန်နိုင်ငံမှာ ကွန်မြုနစ် တစ်ပိုင်း
အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ချစားမှုသတင်းကို အကြီးဆုံး ပုဂ္ဂလိက သတင်းစာက ဖွင့်ချ
ထုတ်ဖော်နိုင်ခဲ့ပါတယ်။

အဲဒီသတင်းကြောင့် အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေကို တရားရုံးက စစ်ဆေး
အရေးယူခဲ့ပြီးနောက်ပိုင်းမှာ ကွန်မြူနစ်ပါတီကို ပြည်သူတွေက ရွေးကောက်ပွဲကနေ နိုင်ငံရေး
အဆုံးသတ်စေနိုင်ခဲ့တယ်လို့ အဆိုပါ သတင်းစာတိုက်ရဲ့ သတင်းစာဆရာတစ်ဦးက
ပြောဆိုပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ

ခရီးစဉ်ကာလ ၀ါဆောမြို့တွင်း လှည့်လည်သွားလာနိုင်ဖို့အတွက် ခရီးသွားလာခွင့် ကတ်ပြားလေး
တစ်ခုကို မြို့လယ်က မြေအောက်ရထား ပို့ဆောင်ရေးဌာနတစ်ခုမှာ ပြုလုပ်နိုင်ပါတယ်။

အဲဒီကတ်တစ်ခုက မြေအောက်ရထား၊ မြေပေါ်ဓာတ်ရထားနဲ့ ဘတ်စ်ကားတွေ စီးနင်းတဲ့
အခါတိုင်းမှာ အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

ဒီစနစ်က ဖွံ့ဖြိုး ပြီးနဲ့ ဖွံ့ဖြိုးစ တိုင်းပြည်တွေမှာ ပြည်သူတွေ အလွယ်တကူ စီးနင်းနိုင်အောင်
တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ပိုလန်ဟာ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဂျာမနီ စတဲ့တိုင်းပြည်တွေအပြင် နော်ဝေ၊
ဆွီဒင်စတဲ့ စကင်းဒီနေးဗီးယန်း တိုင်းပြည်တွေနဲ့ စည်းကမ်းလေးစားလိုက်နာမှု၊ နည်းပညာပိုင်း
အားနည်းချက်များစွာ ရှိနေသေးတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန
အရာရှိတစ်ဦးက ပြောပါတယ်။

ဒါကြောင့် စည်းကမ်း ဖောက်ဖျက်တဲ့ ကားသမားတွေကို ပြင်းပြင်းထန်ထန် အရေးယူမှုတွေ
လုပ်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။

အားလုံးက ကျွမ်းကျင်တဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်တယ်လို့ ပိုလန်ရောက် မြန်မာတစ်ဦးဖြစ်သူ
မြို့ပြအင်ဂျင်နီယာ ဒေါက်တာသန်းထိုက်က ပြောပါတယ်။

အများပြည်သူ အပမ်းဖြေနေရာများနဲ့ လေ့လာစရာများ

၀ါဆောမြို့ကို ရောက်တဲ့နေ့က ညနေစောင်းအချိန်ဖြစ်ပါတယ်။

ကားပေါ်ကနေ မြင်ရတဲ့ မြင်ကွင်းကို့ ချက်ချင်း လမ်းလျှောက် ထွက်ချင်စိတ်ကို နောက်တစ်နေ့
မိုးလင်းအထိ အတော်လေး မျိုသိပ်စောင့်စားခဲ့ရပါသေးတယ်။

အားကစားကွင်း ပန်းခြံနဲ့ စက်ဘီးစီး လမ်းလျှောက်ထွက်ဖို့ နေရာက မြို့အနှံ့ နေရာအနှံ့
ရပ်ကွက်တိုင်းနီးပါး ရှိနေပါတယ်။

မြစ်ကမ်းပါးတွေမှာ သဘာဝ သစ်တောဥယျာဉ်တွေ ထိန်းသိမ်းထားပါတယ်။

၀မ်းဘဲ၊ စင်ယော်၊ ရေကြက်စတဲ့ တိရစ္ဆာန်တွေကလည်း သဘာဝအတိုင်း ရှိနေကြပါတယ်။

ပိုလန်တစ်နိုင်ငံလုံးမှာ လေ့လာစရာ ပြတိုက်တွေ တစ်ပုံတစ်ပင်ရှိပါတယ်။

စာပေ၊ ဂီတ၊ သိပ္ပံနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာ ပြတိုက်တွေကို စနစ်တကျ ထိန်းသိမ်းထားပြီးတော့
အများပြည်သူ အလွယ်တကူ လာရောက်လေ့လာနိုင်အောင် စီမံထားပါတယ်။

ပိုလန် ရိုးရာဓလေ့နဲ့ မြန်မာပထမဆုံးရောက်တဲ့ မြို့

"အိမ်ကို ဧည့်သည်လာတာဟာ ဘုရားသခင် ကိုယ်စားရောက်လာတာပဲ ဖြစ်တယ်" ဆိုတဲ့
ပိုလန်ရှေးစကားပုံတစ်ခုကို သတိရမိပါတယ်။

ပိုလန်နဲ့ ဂျာမနီနယ်စပ်က 'ဆဝူပါ' မြို့ ငယ်လေးကို ငါးရက်တာ လေ့လာရေးအနေနဲ့ သွားရောက်
လေ့လာခွင့်ရတော့ မြို့ခံတွေရဲ့ စရိုက်၊ ပိုလန်လူမျိုးတွေရဲ့ ဓလေ့က ဆိုရိုး စကားထဲကလိုပဲဆိုတာ
သိခဲ့ရပါတယ်။

ဒီမြို့ လေးကို အရင်က မြန်မာလူမျိုးတွေ တစ်ခါမှ မလာဖူးဘူးလို့ မြို့ခံမိတ်ဆွေ တချို့ကပြောတော့
ပထမဆုံးအခြေချခဲ့ရတဲ့ ကိုယ့်အဖြစ်ကို ဂုဏ်ယူမိသေးတယ်။

ပိုလန်ကနေ မပြန်ခင်မှာ သိလိုက်ရတဲ့ သတင်းစကား တစ်ခုကတော့ နောင်နှစ်တွေမှာ ဒီလို
လေ့လာရေးခရီးစဉ်မျိုး နောက်ထပ် ရှိနိုင်ဖို့ မသေချာတော့ဘူးဆိုတာ ဖြစ်ပါတယ်။

ပိုလန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာတော့ မြန်မာနိုင်ငံရဲ့
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ် အပေါ်မှာမူတည်ပြီးတော့ အကူအညီတွေ
ဆက်လက်ပေးဖို့ စောင့်ကြည့်နေကြောင်း ပြောဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ၂၅ နှစ်ကြာ ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေ
ဆောင်ရွက်ဆဲဖြစ်တဲ့ ပိုလန်နိုင်ငံ လေ့လာရေးခရီးက မြန်မာပြည်က နိုင်ငံရေး မျိုးဆက်သစ်တွေ
အနေနဲ့ သွားရောက်လေ့လာသင့်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021