ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားသော မြန်မာ့နိုင်ငံရေးမှာ အရေးပါသူ ၁၄ ဦး တွေ့ဆုံပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
အခြားသော မြန်မာ့နိုင်ငံရေးမှာ အရေးပါသူ ၁၄ ဦး တွေ့ဆုံပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေး ပွဲပုံစံနဲ့ ပုံရိပ်ကိုကြည့်ရင်တော့ ခေတ်သစ် မြန်မာ့သမိုင်းမှာ မြင်ရခဲတဲ့ နိုင်ငံကို
ဦးဆောင်နေသူများ တွေ့ဆုံကြတဲ့ပွဲမို့ တိုင်းရင်းသား ပြည်သူတွေအတွက်၊ တိုင်းပြည်အတွက်
ကောင်းမွန်တဲ့ အလားအလာလို့ မှတ်ယူရဖို့ ရှိနေပါတယ်။
ဒါပေမဲ့လည်း တကယ့်အနှစ်သာရမှာတော့ တွေ့ဆုံပွဲဆိုပေမယ့် ဘာတွေ ဘယ်လိုဆွေးနွေးကြမယ်
ဆိုပြီး အာဏာပိုင်တွေဘက်က ကြိုတင်အကြောင်းကြားမှု မရှိခဲ့တာ၊ တစ်ယောက်နဲ့ တစ်ယောက်
အပြန်အလှန် ဆွေးနွေးတိုင်ပင် ညှိနှိုင်းတာမျိုး မဟုတ်ခဲ့တာ၊ ဆွေးနွေးပွဲကနေ ကြေညာချက်
ရလဒ်တစ်ခု ရေရေရာရာ ထွက်ပေါ်လာခြင်း မရှိတာ စတဲ့အချက်တွေကြောင့် ဟန်ပြလုပ်တဲ့
ပွဲတစ်ခုအဖြစ် ဝေဖန်ခံခဲ့ရပါတယ်။
ဒါဟာ ဘယ်လို တွေ့ဆုံဆွေးနွေးပွဲမျိုးပါလဲ၊ နောက်ထပ် ဘာအကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်
သေးသလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ အခုလို နိုင်ငံ့အရေးကို ဦးဆောင်နေကြသူတွေ တွေ့ဆုံဆွေးနွေးကြဖို့
ဒေါ်အောင်ဆန်းစုကြည်ဘက်က တောင်းဆိုထားတာ ကြာလှပါပြီ။
သမ္မတ၊ လွှတ်တော် နာယက၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ သူပါ၀င်တဲ့ လေးပွင့်ဆိုင်
တွေ့ဆုံဆွေးနွေးပွဲပါ။
ဒါပေမဲ့ လက်ရှိ အာဏာရယူထားသူတွေဘက်က ဒီအချက်ကို လိုက်လျောခြင်း မရှိခဲ့ပါဘူး။
သမ္မတ ဦးသိန်းစိန်ဘက်က အကြောင်းပြတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ
ဆိုရင် လွှတ်တော်က ကိုင်တွယ်နေတယ်။ အဲဒီအတွက်ဆို မလိုဘူး၊ တကယ်လို့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီခေါင်းဆောင်
တစ်ယောက်၊ မြန်မာနိုင်ငံမှာ တရားဝင်ပါတီ ၆၀ ကျော် ရှိနေတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဖို့ မသင့်တော်ဘူး ဆိုပြီး အကြောင်းပြချက်
ပေးပါတယ်။
ဒါကြောင့် အဲဒီနောက်ပိုင်း သမ္မတဟာ နိုင်ငံရေးပါတီ အားလုံးနဲ့ တွေ့ဆုံပွဲဆိုပြီး လုပ်ခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာတောင် သမ္မတကို တင်ပြစရာ ရှိတာတင်ပြဖို့ ပါတီ အားလုံးကို ခွင့်ပြုဖို့
အချိန် မပေးနိုင်ဘူး။
ဒါကြောင့် ပြောခွင့်ပြုမယ့် ပါတီ ၁၀ ခု မဲနှိုက်တဲ့ အစီအစဉ် လုပ်ခဲ့ပါတယ်။
ပြောရရင် လက်ရှိ အာဏာကို ရယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်
ကို ပြည်သူလူထု ထောက်ခံမှု အများဆုံး နိုင်ငံရေးခေါင်းဆောင် တစ်ယောက်၊ အင်န်အယ်လ်ဒီ ကို
ပြည်သူထောက်ခံမှု အများဆုံးပါတီကြီး တစ်ခုအဖြစ် အရင်တုန်းကတည်းက လက်ခံဖို့
ငြင်းဆန်ခဲ့သလို၊ အခုထိလည်း လက်မခံနိုင်သေးဘူးဆိုတာ ဖော်ပြနေပါတယ်။
ဒါကြောင့်လည်း တိုင်းပြည်ထဲမှာ စစ်မှန်တဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တစ်ခု
ဒီကနေ့ထက်ထိ ပေါ်ပေါက်မလာ သေးတာပါ။
အခုတော့ သမ္မတ ဦးသိန်းစိန် အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံး
ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတာ အောင်မြင်မှု မရသေးပါဘူး။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စဆိုတာကလည်း လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်
ဆိုပေမယ့် တကယ့် တကယ်အာဏာ ရထားသူတွေနဲ့ ပြည်သူတွေကို ကိုယ်စားပြုသူတွေ၊
တိုင်းရင်းသားတွေကို ကိုယ်စားပြုသူတွေ အဆင်ပြေပြေ ညှိနှိုင်းတိုင်ပင် သဘောတူညီနိုင်ခြင်း
မရှိသေးပါဘူး။
ဒီလို အခြေအနေမှာ လူ ၁၄ ယောက်ပါတဲ့ နိုင်ငံရေး တွေ့ဆုံမှု လုပ်ခဲ့တာပါ။
ဒါနဲ့ ပတ်သက်လို့ သိပ်မကြာခင်တုန်းကပဲ အမေရိကန် သမ္မတ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်
နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက်ထံ သီးခြားစီ တယ်လီဖုန်းဆက် စကားပြောတာ
ရှိခဲ့တယ်။
သိပ်မကြာခင် နေပြည်တော်မှာ အာဆီယံ ထိပ်သီး အစည်းအဝေးကြီး ကျင်းပတဲ့အခါ သမ္မတ
အိုဘားမား မြန်မာနိုင်ငံကို ဒုတိယတစ်ကြိမ်လာဖို့ ရှိနေပြန်ပါသေးတယ်။
ဒီအတွက် တိုင်းပြည်အာဏာ ရယူထားသူတွေအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို
ကောင်းကောင်းမွန်မွန် လုပ်နေပါတယ်။
နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေပါတယ်ဆိုတာကို ပြသဖို့
ဒီဆွေးနွေးပွဲကို ဟန်ပြသဘော လုပ်တာဆိုပြီး ၀ိုင်းဝန်းဝေဖန်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ ဝေဖန်သူတွေ မမှားဘူးဆိုတာ ဖော်ပြနေပါတယ်။
တွေ့ဆုံပွဲအတွက် ဖိတ်ကြားစဉ်ကတည်းက ဘာအစည်းအဝေးဖြစ်တယ်။ ဘယ်သူတွေ
တက်ရောက်ကြမယ်။ ဘာအကြောင်းအရာတွေကို ဘယ်နည်းဘယ်ပုံ ဆွေးနွေးကြမယ်ဆိုတာ
ကြိုတင်အသိပေး အကြောင်းကြားထားခြင်း မရှိသလို တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ
ထုတ်မပြောရ ဆိုတာကလည်း ပါလိုက်ပါသေးတယ်။
တကယ်တွေ့ဆုံကြတော့လည်း တစ်ယောက် ၁၀ မိနစ်စီလောက် ပြောခွင့်ပေးတာအပြင်
အပြန်အလှန် အခြေအတင် ဘာမှဆွေးနွေးတာ မရှိသလို၊ ဘာရလဒ်မှလည်း တိတိကျကျ
ထွက်ပေါ်လာတာ မရှိခဲ့ပါဘူး။
သမ္မတကနေ ဖွဲ့စည်းပုံပြင်ရေး ကိစ္စ၊ အဆင်မချောနိုင်သေးတဲ့ အပစ်ရပ် လက်မှတ်ထိုးရေးကိစ္စ
ပြောဆိုခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ သူ့အနေနဲ့ အဲဒါတွေ ဆွေးနွေးဖို့ သူ့ပါတီရဲ့
မင်းဒိတ် မပါဘူး။
ဖိတ်ကြားတာ နောက်ကျတဲ့အတွက် ပါတီအစည်းအဝေး မခေါ်နိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း
ပြောပြီး တခြားကိစ္စတွေကိုပဲ ပြောဆိုခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင် ဦးခွန်ထွန်းဦးက အစည်းအဝေးနောက်ပိုင်း အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
တကယ့် တွေ့ဆုံပွဲအစစ်က အဲဒီလို ဖြစ်ခဲ့ပေမယ့် အစိုးရဘက်က ရိုက်ယူထားပြီး ထုတ်ပြန်ပေးခဲ့တဲ့
ဓာတ်ပုံတွေမှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က
ဒေါ်အောင်ဆန်းစုကြည်ကို ရင်းနှီးဖော်ရွေမှုတွေနဲ့ ကြိုဆိုနေတဲ့ ပုံတွေ၊ လိုက်ပါပို့ဆောင်တဲ့ပုံတွေ
အတော်များများ တွေ့မြင်ကြရပါတယ်။
ပြောရရင် အာဏာရယူထားသူတွေဟာ ဒီလိုဓာတ်ပုံတွေ ထုတ်ပြပြီး အများပြည်သူနဲ့ နိုင်ငံတကာ
အမြင်ကောင်းအောင် ဒီတွေ့ဆုံပွဲကို ဟန်ပြလုပ်တာလားဆိုပြီး သံသယပွားစရာပါ။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ အစိုးရ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့မတိုး
နောက်မဆုတ် အခြေအနေကြံု နေရတာဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားပြန်လည်
သင့်မြတ်ရေး လုပ်ငန်းစဉ် တစ်ခု အမြန်ပေါ်ပေါက်ဖို့ လိုနေပြီဆိုတာကို အချက်ပြနေတဲ့
သဘောလည်းဖြစ်ပါတယ်။
ဒီအတွက် နိုင်ငံကို ဦးဆောင်နေသူတွေရဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲကြီး တစ်ခု တကယ်ပဲ
လိုအပ်နေပါတယ်။
လက်ရှိ အာဏာရယူထားသူတွေ စဉ်းစားဖို့လိုတာက မြန်မာပြည်မှာ အတုအယောင် ဆိုရှယ်လစ်၊
အတုအယောင် ရွေးကောက်ပွဲ၊ အတုအယောင် အမျိုးသားညီလာခံ၊ အတုအယောင် ဆန္ဒခံယူပွဲ၊
အတုအယောင် ဈေးကွက် စီးပွားရေး၊ အတုအယောင် ဒီမိုကရေစီ စတာတွေ များခဲ့ပါပြီ။
ဒါကြောင့် အတုအယောင် တွေ့ဆုံမှုအစား တကယ့်အစစ်အမှန်တွေ့ဆုံမှုတွေ လုပ်ကြပါ၊
ပြည်သူတွေအရေး တိုင်းပြည်ရဲ့ အရေးတွေကို တကယ်ပဲ ဆွေးနွေးညှိနှိုင်း အဖြေရှာသင့်ပြီ
ဖြစ်ပါတယ်။
















