"လာထိုင်ကွာ၊ ဒီတစ်ခေါက် ဘာပြဿနာပါ လာသေးလဲ။ လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်တဲ့ ဥပဒေ အကြောင်းဆိုရင်တော့ မပြောတော့နဲ့၊ ပြောပါများရင် မသိတဲ့လူတွေအနေနဲ့ ပြောသူကိုပဲ အမြင်ကတ်တတ်တယ်ကွ။ ဒို့ပြောတာတွေလည်း အဟောသိကံဖြစ်သွားလိမ့်မယ်"
"လာထိုင်ကွာ၊ ဒီတစ်ခေါက် ဘာပြဿနာပါ လာသေးလဲ။ လွှတ်တော်က ပြဋ္ဌာန်းပြီးဖြစ်တဲ့
ဥပဒေ အကြောင်းဆိုရင်တော့ မပြောတော့နဲ့၊ ပြောပါများရင် မသိတဲ့လူတွေအနေနဲ့ ပြောသူကိုပဲ
အမြင်ကတ်တတ်တယ်ကွ။ ဒို့ပြောတာတွေလည်း အဟောသိကံဖြစ်သွားလိမ့်မယ်"
ဥပဒေပြဿနာတွေကို ဆွေးနွေးဖက်ဖြစ်တဲ့ တပည့်ရှေ့နေရောက်လာပြန်လို့ ကြိုပြီးတားလိုက်
ရတာပါ။
"ဟုတ်ကဲ့။ ပြဋ္ဌာန်းပြီး ဥပဒေအကြောင်း မဟုတ်ပါဘူး ဆရာ။ ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်လို့
မေးချင်တာလေးတွေ ရှိလို့ပါ ဆရာ"
"ဆိုပါဦး"
"၁၉၈၈ ခုနှစ်မှာ 'နဝတ' က ပြဋ္ဌာန်းခဲ့တဲ့ 'ရှေ့နေချုပ်ဥပဒေ'မှာ ရှေ့နေချုပ်ရဲ့ တာဝန်အဖြစ် 'ဥပဒေ
များကို စိစစ်ခြင်း၊ ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ဘာသာပြန်ဆိုခြင်း' ဆိုပြီးပါရှိခဲ့ပေမယ့် ၂၀၁၀ ပြည့်နှစ်
မှာ 'နယက' က ပြဋ္ဌာန်း ခဲ့တဲ့ 'ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ' မှာတော့ ဥပဒေတွေကို
ဘာသာပြန်ဆိုခြင်းဆိုတဲ့ တာဝန်သာပါရှိပြီး ဥပဒေရေးဆွဲခြင်း တာဝန်ပါတာကို မတွေ့ရဘူး ဆရာ။
ဒါပေမဲ့အဲဒီ ဥပဒေပုဒ်မ ၁၂(ဏ)မှာတော့ 'ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စပ်လျဉ်းသည့်
ဥပဒေကြမ်းများကို သတ်မှတ်သည့်နည်းလမ်းများနှင့် အညီ ပြည်ထောင်စုလွှတ်တော်သို့
တင်သွင်း ခြင်း' ဆိုပြီး ပြဋ္ဌာန်းထားတာကိုတော့ တွေ့ရတယ် ဆရာ။ အဲဒီပြဋ္ဌာန်းချက်အရ
ဆိုရင်တော့ သူ့ရုံးနဲ့ ပတ်သက်တဲ့ ဥပဒေကိုပဲ ရေးဆွဲပြီး လွှတ်တော်ကို တင်မယ်။
တခြားဌာနတွေရဲ့ ဥပဒေကြမ်းတွေကိုတော့ ရေးဆွဲပေးခြင်း၊ စိစစ်ပေးခြင်း မလုပ်ဖူးဆိုတဲ့
သဘောလား ဆရာ"
"ဟာကွာ၊ ပြဋ္ဌာန်းပြီး ဥပဒေတွေအကြောင်း မပြောနဲ့တော့လို့ ပြောထားပြီးပြီ မဟုတ်လား။ လက်ရှိ
ဥပဒေအရ ရှေ့နေချုပ်ရဲ့ တာဝန်တွေထဲမှာ ဥပဒေရေးဆွဲခြင်း တာဝန်မပါဘူးဆိုမှတော့ ရှင်းနေတဲ့
ဥစ္စာကို မင်းက အတွန့်မတက်ချင်စမ်းနဲ့"
"အတွန့်တက်တာ မဟုတ်ပါဘူး ဆရာ။ ဆရာတို့ ကျွန်တော်တို့က တချို့ဥပဒေတွေမှာ
အရေးအသား မှားယွင်းမှုတွေပါတာကို ဆွေးနွေးခဲ့ကြတာဆိုတော့ ဒီလိုမှားယွင်းမှုတွေက
ဥပဒေရေးဆွဲတဲ့ ဌာန/အဖွဲ့အစည်းနဲ့ သက်ဆိုင်တယ် မဟုတ်လား ဆရာ။ အခုဖြစ်နေတာက
ဘယ်ဌာန၊ ဘယ်အဖွဲ့အစည်းမှာ ဥပဒေ ရေးဆွဲရေး တာဝန်ရှိတယ်ဆိုတာကို မသိရလို့ပါ"
"လွှတ်တော်တွေမှာတော့ ဥပဒေကြမ်း ကော်မတီဆိုပြီး ရှိတယ် မဟုတ်လား။ နောက်ပြီး
အဲဒီကော်မတီတွေကို အထောက်အကူပြုဖို့ ကျွမ်းကျင်သူတွေကိုလည်း ခန့်ထားမယ် မဟုတ်လား။
အဲဒါက လွှတ်တော်တွေကို တင်ပြလာတဲ့ ဥပဒေကြမ်းတွေကို စိစစ်တဲ့ အဖွဲ့မဟုတ်လား ဆရာ၊
ကျွန်တော် ဆိုလိုတာက ဥပဒေကြမ်းတွေကို လွှတ်တော်ကို မတင်ပြမီ ကနဦးရေးဆွဲဖို့ တာဝန်ရှိတဲ့
အဖွဲ့အစည်းကို ပြောတာပါ ဆရာ"
"ဒီကိစ္စက အတိအကျပြောဖို့ ခက်တယ်ကွ။ ဥပဒေကြမ်းရေးဆွဲဖို့ တာဝန်ရှိတဲ့ ဌာန/ အဖွဲ့အစည်း
တွေက ခေတ်အလိုက်ပြောင်းလဲမှုတွေ ရှိခဲ့တာ ဆိုတော့..."
"ဪ ... ဟုတ်ကဲ့။ ကျွန်တော်မှတ်မိပြီ ဆရာ၊ မြန်မာနိုင်ငံရဲ့ ဥပဒေရေးဆွဲရေးသမိုင်းနဲ့
ပတ်သက်ပြီး ဗဟိုဥပဒေရုံးမှာ ဒုညွှန်မှူးအဖြစ် ဆရာတာဝန်ထမ်းဆောင်နေတုန်းက စာတမ်း
တစ်စောင်ပြုစုခဲ့ဖူးတယ် မဟုတ်လား ဆရာ"
"ဟုတ်တယ်ကွ၊ အဲဒီတုန်းက ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်အရ၊
အဲဒီတုန်းက ဗဟိုဥပဒေရုံးညွှန်ချုပ်က ငါ့ကို တာဝန်ပေးလို့ လုပ်ခဲ့ရတာ။ ဒို့က ဥပဒေကြမ်းနဲ့
ဥပဒေတချို့ကို ဝေဖန်တဲ့ ဆောင်းပါးတွေ ရေးနေတော့ အဲဒီစာအုပ်ကလေးကို သတိရလို့
ပြန်ရှာကြည့်တာ လတ်တလော အသုံးမလိုတဲ့ စာအုပ်တွေထားတဲ့ မြေအောက်ခန်းထဲမှာ
တွေ့ရတာနဲ့ ယူထားတယ်။ စာအုပ်ချုပ်တဲ့ ပင်အပ်တွေ သံချေးတက်ပြီး ဆွေးနေလို့ ပြန်ချုပ်ထား
ရတယ်။ ရော့၊ ဒီမှာ ဖတ်ကြည့်၊ စာတမ်းရဲ့ ခေါင်းစဉ်ကတော့ သူ့ခေတ်အခါ အလျှောက်
တော်တော်ရှည်သကွ"
" 'ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့နှင့် ဥပဒေရုံးအဆင့်ဆင့်တို့၏ နောက်ခံသမိုင်း အကျဉ်းချုပ်နှင့်
ဥပဒေရေးဆွဲခြင်း၊ ဘာသာပြန်ခြင်း လုပ်ငန်းအဆင့်ဆင့်ဖြစ်ပေါ် တိုးတက်လာပုံကို လေ့လာ
တင်ပြချက်စာတမ်း'တဲ့ ဆရာ၊ အဲဒီတုန်းက တခြားစာတမ်း သုံးလေးစောင်လည်း ဆရာရေးခဲ့ဖူး
တယ်လို့ ကျွန်တော် မှတ်မိတယ်"
"ဟုတ်တယ်၊ အဲဒီတုန်းက 'ဤသူသည် အုန်းပင်တက်ရာမှာ အလွန်တော်သည်' ဆိုပြီး ဂျပန်စာနဲ့
ရေးထားတဲ့ 'ဂျပန်အုန်းပင်တက် လက်မှတ်' မျိုးရထားတဲ့ အချိန်ပေါ့ကွာ"
"အဲဒါ၊ ဂျပန်ခေတ်က ပုံပြင်လေးမဟုတ်လား ဆရာ။ အဲဒီတုန်းက ကျွန်တော်လည်း မမွေးသေးဘူး
ဆိုတော့ ပြန်ပြောပြပါဦး ဆရာ"
"ဒို့လည်း အဲဒီတုန်းက ငါးနှစ်ခြောက် နှစ်သားလောက်ဆိုတော့ နားမလည်သေးဘူး ပေါ့ကွာ။
အတော်လေးကြီးလာမှ တစ်ဆင့်စကား၊ တစ်ဆင့်နားဆိုသလို ပြန်ပြောကြလို့ သိရတာကွ။
တစ်ဦးနဲ့ တစ်ဦးနည်းနည်းတော့ ကွဲလွဲနိုင်တာပေါ့။ ပုံပြင်ဆိုပေမယ့်လည်း တကယ့်ဖြစ်ရပ်မှန်နဲ့
တူတယ်ကွ"
"ဟုတ်ကဲ့၊ ဆရာကြားသိခဲ့တာကိုပဲ ပြောပြပါ ဆရာ"
"ဒီလိုကွ၊ ဂျပန်ခေတ်က ရွာတစ်ရွာမှာ ဂျပန်တပ်စခန်းတစ်ခုချထားတယ်။ အဲဒီမှာ အုန်းပင်တွေ
ကလည်း ပေါတော့ ဂျပန်စစ်ဗိုလ် က အုန်းရေသောက်၊ အုန်းသီးစားချင်တာနဲ့ အုန်းပင်
တက်တတ်တဲ့ လူတစ်ယောက်ကို ရှာပေးဖို့ ရွာသူကြီးကို ပြောတော့ ရွာသူကြီးကလည်း ရွာသား
တစ်ယောက်ကို ခေါ်ပေးရတာပေါ့။ အဲဒီရွာသားက ဂျပန်စစ်ဗိုလ်အလို ရှိသလောက် အုန်းသီးတွေ
လည်း ခူးပေးပြီးရော ဂျပန်စစ်ဗိုလ်က သူ့ကို သဘောကျတာနဲ့ စာရွက်တစ်ရွက်ပေါ်မှာ 'ဂျပန်စာလုံး
ခပ်ကြီးကြီးနဲ့ ရေးထားတဲ့ ထောက်ခံချက် လက်မှတ်တစ်စောင်ကို အဲဒီရွာသားကို ပေးပြီးတော့
နောက်ပြောင်းလာတဲ့ ဂျပန် စစ်ဗိုလ်တွေ လာရင် ဒီလက်မှတ်ကိုပြပါလို့ စကားပြန်ကတစ်ဆင့်
ပြောခဲ့သတဲ့။ ဒါနဲ့ အဲဒီရွာသားကလည်း သူ့အတွက် အခွင့်အရေးကောင်းတွေ ရတော့မှာပဲဆိုပြီး
ပျော်နေရှာသတဲ့။ ဒီဂျပန် စစ်ဗိုလ်ပြောင်းသွားလို့ နောက်စစ်ဗိုလ် တစ်ယောက်ရောက်လာတော့
အဲဒီ လက်မှတ်ကို အဲဒီရွာသားက သွားပြတဲ့အခါ အုန်းပင်တက်ခိုင်းပြီး အုန်းသီး ခူးခိုင်းပြန်ရောတဲ့။
ဒီလိုနဲ့ ဂျပန်စစ်ဗိုလ် တစ်ယောက်ပြောင်းတိုင်း အုန်းပင်တက်ပြီး အုန်းသီးခူးပေးရပေမယ့်
ပိုက်ဆံလဲ မရ၊ တခြားဘာအခွင့်အရေးမှလည်း မရတော့ ရွာသားခမျာ ဘာမှလည်း
ပြန်မပြောရဲတော့ စိတ်ဆင်းရဲနေရတာပေါ့။ အဲဒီတုန်းက ငါ့ဘဝကလည်း အဲဒီလိုပဲပေါ့ကွာ"
"ဒါပေမဲ့ အဲဒီစာအုပ်ကလေးက နောင်လာ နောက်သားတွေအတွက် အဖိုးတန်ပါတယ် ဆရာ။
စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေနိုင်ရင်တောင် ပိုကောင်းမယ် ဆရာ"
"အဲဒီလိုလည်း တစ်ခါတလေတော့ စိတ်ကူးမိပေမယ့် လုပ်ဖြစ်မလားတော့ မသိဘူးကွ။ ဒါပေမဲ့
အဲဒီတုန်းက ငါလည်း တတ်နိုင်သလောက် အခိုင်အမာဖြစ်မယ့် အကိုးအကားတွေ ရှာနေရလို့
စာတမ်းက မထွက်နိုင်ဘဲ ကြန့်ကြာနေတော့ အချိန်ကန့်သတ်ပေးခဲ့တဲ့အတွက် ရသလောက်နဲ့ပဲ
လွှတ်လိုက်ရလို့ သိပ်တော့ အားမရလှဘူးပေါ့ကွာ။ ဥပမာ - တချို့ အချက်အလက်တွေအတွက်
ကျမ်းပြု ဆရာတစ်ယောက်ရဲ့ စာအုပ်ကို ကိုးကားခဲ့ရပေမယ့် ငါ့ဆန္ဒအရဆိုရင် မူရင်းအမိန့်ပြန်တမ်း
စတာတွေကို ရှာဖွေကိုးကား လိုသေးတယ်"
"အခုလောက်ဆိုလည်း မဆိုးပါဘူး ဆရာ။ နောင်မှာ ဒီဘာသာရပ်ကို စိတ်ဝင်စားသူတွေ၊
ကျမ်းပြုလိုသူတွေ ပေါ်လာရင် သူတို့ ဆက်လုပ်မှာပေါ့ ဆရာ။ ဆရာရှိတုန်းကဆိုရင် ဥပဒေအရာရှိ
အသစ်ကလေးတွေကို အလုပ်ခွင်ဝင် သင်တန်းပေးတဲ့အခါ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ရဲ့
သမိုင်းကြောင်းကို သင်တန်းစစချင်း ဆရာကိုယ်တိုင် ပို့ချပေးခဲ့တဲ့အတွက် အရာရှိအသစ်
ကလေးတွေအနေနဲ့ ကိုယ့်ဝန်ထမ်းဘဝ တစ်လျှောက်လုံး လုပ်ရမယ့်အလုပ် ပေါ်ပေါက်လာပုံက
စပြီး သိကြရတော့ လုပ်ငန်းဆောင်ရွက်ရာမှာ အထောက်အကူဖြစ်တာပေါ့ ဆရာ။ ကိုယ်စီးမယ့်
မြင်းကို မစီးခင် အထီးလား၊ အမလားဆိုတာကို သိဖို့ လိုအပ်သလို ဥပဒေရေးဆွဲသူ တစ်ဦးအနေနဲ့
လည်း ဥပဒေရေးဆွဲရေးလုပ်ငန်း ဖြစ်ပေါ်တိုးတက်လာပုံနဲ့ ဥပဒေရေးဆွဲတဲ့ နည်းပညာကို သိထားမှ
လုပ်ငန်းဆောင်ရွက်ရာမှာ အထောက်အကူဖြစ်မယ် မဟုတ်လား ဆရာ။ ဒီတော့ လူငယ်
ဥပဒေသမားလေးတွေအတွက် သမိုင်းကြောင်းကစပြီး ဆွေးနွေးပေးပါဦး ဆရာ"
"ဥပဒေရေးဆွဲရေးလုပ်ငန်းနဲ့ ပတ်သက်လို့ သမိုင်းကြောင်းကစပြီး ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်
လက်ထက်ကစပြီး ပြောရမှာပေါ့ကွာ။ ဒို့ရဲ့ ဥပဒေစနစ်က အင်္ဂလိပ်ဆီက ရခဲ့တာဆိုတော့။ ဒါပေမဲ့
ဒီနေရာမှာတော့ အသေးစိတ်ပြောဖို့ အခြေအနေ မပေးတဲ့အတွက် အဓိကအချက်တွေလောက်ပဲ
ပြောနိုင်မယ်"
"ဟုတ်ကဲ့ပါ ဆရာ"
"အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲအပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးခဲ့တဲ့
အချိန်ကစပြီး မြန်မာနိုင်ငံကို ဗြိတိသျှက အိန္ဒိယပြည်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပူးပေါင်းခဲ့တယ်
မဟုတ်လား။ အတိအကျ ပြောရရင်တော့ ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ ကစပြီးပေါ့။ ဒါပေမဲ့
၁၈၈၆ က ၁၈၉၇ ခုနှစ်အထိ အိန္ဒိယမှာရှိပြီးဖြစ်တဲ့ ပြည်နယ် (Province) တွေနဲ့ အဆင့်အတန်းတူ
ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်တာ မဟုတ်ဘဲ အိန္ဒိယဘုရင်ခံချုပ် (The Viceroy of India) ရဲ့
တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ထားခဲ့ပြီးတော့ ၀န်ရှင်တော်မင်းကြီးလို့ ခေါ်ခဲ့တဲ့ 'Commissioner'
တွေနဲ့ မဟာဝန်ရှင်တော်မင်းကြီးလို့ခေါ်ခဲ့တဲ့ 'Chief Commissioner' တစ်ဦးကို ခန့်ထားပြီး
အိန္ဒိယဘုရင်ခံချုပ်က တိုက်ရိုက်အုပ်ချုပ်ခဲ့တာဖြစ်တယ်။ အခုခေတ်အခေါ်တော့ အရေးပိုင်
(ခရိုင်ဝန်)တွေနဲ့ တိုင်းမင်းကြီး တစ်ဦးကို ခန့်ထားပြီး အုပ်ချုပ်ခဲ့တာပေါ့ကွာ"
"ဟုတ်ကဲ့ပါ ဆရာ"
"၁၈၉၇ ခုနှစ်ကျတော့မှ မြန်မာပြည်အတွက် ဒုတိယဘုရင်ခံ (Lieutenant Governor) တစ်ဦးကို
စတင်ခန့်ထားပြီး မြန်မာပြည်ကို အိန္ဒိယပြည်ရဲ့ ပြည်နယ် (Province) တစ်ခုအဖြစ် သတ်မှတ်ပေး
ခဲ့တာ ဖြစ်တယ်။ အဲဒီမှာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ဥပဒေပြုကောင်စီဆိုတာ ပေါ်ပေါက်လာ
ခဲ့ပေမယ့် ဥပဒေပြုလုပ်ဖို့ အာဏာမရှိဘဲ ဘုရင်ခံကို အကြံပေးတဲ့ အဆင့်လောက်ပဲ ရှိခဲ့တယ်။
၁၉၃၇ ခုနှစ်အထိပေါ့"
"၁၉၃၅ ခုနှစ်မှာတော့ 'The Government of Burma Act' ဆိုတာကို ပြဋ္ဌာန်းပြီး မြန်မာပြည်ကို
အိန္ဒိယပြည်ကနေ ခွဲထုတ်ခဲ့တာ မဟုတ်လားဆရာ"
"အဲဒါတော့ မှန်တယ်။ ဒါပေမဲ့လို့ အဲဒီ ဥပဒေအရ နည်းဥပဒေတွေပြုလုပ်ပြီးတော့ ပြည်နယ်
ဥပဒေပြုကောင်စီအတွက် အမတ်တွေ ရွေးကောင်တင်မြှောက်ဖို့ ရွေးကောက်ပွဲတွေ လုပ်ရတာ၊
ပြင်ဆင်ရတာဆိုတော့ ၁၉၃၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကျမှသာ မြန်မာနိုင်ငံက သီးခြားဗြိတိသျှ
ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ရတာ"
"ဟုတ်ပါပြီ၊ ဆက်ပါဦး ဆရာ"
"ဆိုလိုတာကတော့ကွာ ၁၈၈၆ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ မြန်မာပြည်မှာ ဥပဒေပြုခွင့်
အာဏာရှိတဲ့ ဥပဒေပြုအဖွဲ့ဆိုတာမျိုး မရှိခဲ့သေးတော့ ဥပဒေရေးဆွဲရေး လုပ်ငန်းဆိုတာလည်း
မရှိခဲ့သေးဘူးပေါ့။ အိန္ဒိယရဲ့ အစိတ်အပိုင်း တစ်ခု၊ နောက်ပိုင်းမှာ ပြည်နယ် တစ်ခု အဖြစ်နဲ့သာ
ရှိခဲ့တာဆိုတော့ အိန္ဒိယဘုရင်ခံချုပ် ဦးဆောင်တဲ့ အိန္ဒိယဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းပေးတဲ့ ဥပဒေ
တွေကိုပဲ မြန်မာနိုင်ငံကလည်း လိုက်နာခဲ့ရတာဖြစ်လို့ ဒီနေ့အထိ ဒို့ ဥပဒေတွေထဲမှာ
အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့ 'India Act' ဆိုတာတွေ ရှိနေရတာ ပေါ့ကွာ"
"ဟုတ်ပါတယ် ဆရာ"
"၁၉၃၇ ခုနှစ်မှာတော့ ၁၉၃၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ 'The Government of Burma Act' အရ
ဥပဒေပြုအဖွဲ့များအဖြစ် 'အောက်လွှတ်တော်' လို့ ခေါ်တဲ့ 'House of Representatives' နဲ့
'အထက်လွှတ်တော်' လို့ ခေါ်တဲ့ 'Senate' ဆိုတာတွေ ပေါ်လာပြီဆိုတော့ အဲဒီအချိန်ကစပြီး
ဥပဒေရေးဆွဲရေးလုပ်ငန်း (Legistative drafting) ဆိုတာလည်း တစ်ပါတည်း ပါလာရတော့တာ
ပေါ့ကွာ။ အဲဒီဥပဒေပုဒ်မ ၁၂ အရ၊ မြန်မာပြည်ဘုရင်ခံက 'Advocate General'လို့ခေါ်တဲ့
'အစိုးရရှေ့နေချုပ်' တစ်ဦးကို ခန့်ထားခွင့်ရှိတယ်။ မြန်မာပြည်ရဲ့ ပထမဦးဆုံး ရှေ့နေချုပ်ကတော့
လွတ်လပ်ရေး မရမီကာလမှာ လူသိများခဲ့ပြီး လက်ရှိဒို့သုံးစွဲနေတဲ့ 'Burma Code' လို့ခေါ်တဲ့
'မြန်မာနိုင်ငံ ဥပဒေပေါင်းချုပ်' အတွဲ ၆ တွဲကို စတင်စီစဉ်ခဲ့တဲ့ 'Sir Arthur Eggar' ဆိုတဲ့
ပုဂ္ဂိုလ်ကြီးပေါ့။ သူရေးခဲ့တဲ့ 'Digest of the Government of Burma Act' မှာ 'Drafting Bills'
ဆိုတဲ့ ခေါင်းစဉ်နဲ့ ဥပဒေကြမ်း ရေးဆွဲနည်းတွေ ပါတယ်ကွ။ ကဲ ... ဒီနေ့တော့ ဒီလောက်နဲ့ပဲ
နားလိုက်ကြရအောင်"
















