၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန်အမတ်တွေ ဘာကြောင့်စိတ်ပူလဲ

၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန်အမတ်တွေ ဘာကြောင့်စိတ်ပူလဲ

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကွန်ဂရက်အမတ် အယောက် ၄၀ ကျော်ဟာ ဒီမိုကရေစီ ဖော်ဆောင်နေမှု အချိန်ဆွဲနေတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးတောင်းဆိုဖို့ သမ္မတ အိုဘားမားဆီ စာရေးတောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကွန်ဂရက်အမတ် အယောက် ၄၀ ကျော်ဟာ ဒီမိုကရေစီ
ဖော်ဆောင်နေမှု အချိန်ဆွဲနေတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ဖိအားပေးတောင်းဆိုဖို့
သမ္မတ အိုဘားမားဆီ စာရေးတောင်းဆိုခဲ့ကြပါတယ်။

အဲဒီစာထဲမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေး အခုထက် ပိုတိုးတက်စေလိုတယ်ဆိုရင်
လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ရပ်ဆိုင်းပေးဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
ကျင်းပပေးဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပါဆိုပြီး ဖော်ပြထားပါတယ်။

တစ်ဆက်တည်း တခြားသတင်းတစ်ပုဒ်မှာ ဆိုရင် International Foundation for Electoral
System (IFES) အဖွဲ့ တာဝန်ရှိသူတွေက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်
စာရင်းကို ကွန်ပျူတာထဲမှာ အချက်အလက် ထည့်သွင်းခြင်းဆိုင်ရာ သင်တန်းတစ်ခု ရန်ကုန်မှာ
လာပြီးပို့ချနေတာကိုလည်း ဖတ်ရှုကြရပါတယ်။

အမေရိကန် အစိုးရဟာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဘယ်လောက်
အရေးထားနေသလဲ၊ ဘာကြောင့်လဲ၊ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က
လုပ်ကိုင်ဆောင်ရွက်နေတာတွေကရော အားရကျေနပ်စရာ ကောင်းပါရဲ့လားဆိုတာ
တင်ပြသွားပါ့မယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ တစ်နှစ်လောက်တောင် လိုသေးတယ်ဆိုပေမယ့်
အမေရိကန်ကွန်ဂရက် လွှတ်တော် အမတ်တွေက သမ္မတအိုဘားမားဆီ ပေးပို့တဲ့ စာထဲမှာ
အဲဒီအချက်ကို အဓိက ထည့်သွင်းထားတာကိုကြည့်ရင် သူတို့ဆီက အမတ်တွေရော၊
အစိုးရအဖွဲ့ကရော ၂၀၁၅ မြန်မာ့ ရွေးကောက်ပွဲကို ဘယ်လောက် အရေးထားတယ်ဆိုတာ
သိနိုင်ပါတယ်။

အကြောင်းကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲသာ ဖြစ်ခဲ့ရင်၊ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ အမတ်တွေက
ထပ်ဆင့် ရွေးချယ်ပေးမယ့် သမ္မတနဲ့ အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီး တိုင်းပြည်ကို စီမံခန့်ခွဲ
အုပ်ချုပ်ခွင့်ရခဲ့ရင် မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် စပြီး ခြေချမိပြီလို့ ဆိုနိုင်မှာကြောင့်
ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ရပ်ဖြစ်
ပေါ်လာဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

အရင် စစ်အစိုးရက ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ လွှတ်တော်က နည်းနည်းပါးပါးပဲ ပြင်ဆင်ထားတဲ့
ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ
စတာတွေ ရှိနေသလို ရွေးကောက်ပွဲ ကော်မရှင်ကို သမ္မတနဲ့ အလွန်ရင်းနှီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်း
တစ်ယောက်က ဦးဆောင်ပြီး အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်တွေမှာလည်း
စစ်ဗိုလ်ဟောင်းတွေကပဲ တာဝန်ယူထားတဲ့ ပြဿနာလည်း ရှိနေပါတယ်။

ဒါ့ပြင် အရေးကြီးတဲ့ နောက်ထပ်ပြဿနာတွေကတော့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းတိတိကျကျ
မရှိသေးတာ၊ မဲပေးခွင့်ရှိသူ ပြည်သူတွေအနေနဲ့ လွယ်လွယ်ကူကူ မဲပေးခွင့် ရ မရ မသေချာ
သေးတာ၊ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေကို ၀င်ရောက်ခွင့်ပေးမယ်၊ မပေးဘူး
ကတိပေးမှု မရှိတာ။ ယုတ်စွအဆုံး ရွေးကောက်ပွဲကို ဘယ်လို စနစ်နဲ့ ကျင်းပပေးမယ် ဆိုတာက
အစ တိတိကျကျ မသိနိုင်သေးတဲ့ အခြေအနေမို့လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
ဖြစ်နိုင်၊ မဖြစ်နိုင် အတတ်မပြောနိုင်သေးတာဖြစ်ပါတယ်။

လက်ရှိ IFES အဖွဲ့က ရန်ကုန်မှာ မဲစာရင်းကို ကွန်ပျူတာထဲ ထည့်တဲ့ သင်တန်းပေးတာဟာ
မြို့နယ် ၁၀ ခုအတွက် ၀န်ထမ်းအယောက် ၂၀ ကိုပဲ ပေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ ရှိတာမို့ အများကြီး လိုနေပါသေးတယ်။ ဒီထက် ပိုအရေးကြီးတာက
တိကျတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်း ကောက်ထားဖို့ပါ။

ပြောရရင် ၂၀၁၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို
ဖြစ်သလို ကောက်ထားသလို ရွေးကောက်ပွဲ ၀င်ပြိုင်တဲ့ ပါတီတွေ မစစ်ဆေးနိုင်အောင်လည်း
နည်းပေါင်းစုံနဲ့ ညစ်ထားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၅ မှာ အဲလို မဖြစ်ဖို့ဆိုရင် အခုကတည်းက မဲပေးပိုင်ခွင့်ရှိသူ စာရင်း အသေအချာ
ပြုစုထုတ်ပြန်ထားဖို့ လိုပြီး နိုင်ငံ ရေးပါတီတွေ၊ ကာယကံရှင် ပြည်သူတွေကိုယ်တိုင်လည်း
စောစောစီးစီး စစ်ဆေးထားနိုင်ဖို့ လိုအပ်နေပါတယ်။

ပြဿနာတွေ ပေါ်ပေါက်လာရင်လည်း စောစောစီးစီး ဖြေရှင်းထားဖို့ လိုပါတယ်။

နောက်အရေးကြီး ပြဿနာတစ်ခုက မဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံး မဲပေးခွင့် ရရေးပါ။ မဲရုံမှာ
မဲသွားပေးဖို့ နိုင်ငံသားစိစစ်ရေးကတ် ပြရမလား၊ အဲဒါ မရှိသေးရင် ဘာပြရင် မဲပေးခွင့်ရနိုင်မလဲ
စသဖြင့် အသေအချာ ပြင်ဆင်ထားဖို့ လိုပါတယ်။

အစိုးရ လူဝင်မှုကြီးကြပ်ရေးက လတ်တလော ထုတ်ပြန်ပေးတဲ့ စာရင်းတစ်ခုမှာဆိုရင် သူတို့
၀န်ကြီးဌာနဟာ ၂၀၁၁ ဇူလိုင် ၁ ရက်နေ့က စပြီး မိုးပွင့် စီမံချက် (၁) ကနေ (၆) အထိ ပြုလုပ်ကာ
နိုင်ငံသားစိစစ်ရေးကတ်ပြား လေးသန်းနီးပါး ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဓိပ္ပာယ်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းက အဲဒီ လူလေးသန်းလောက်မှာ
နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ရှိမနေဘူး ဆိုတာပါ။

အဲဒီအချိန်က အဲဒီ လူ လေးသန်း မဲပေးခွင့် ရခဲ့ကြမှာ မဟုတ်ပါဘူး။

အခုလည်း နိုင်ငံထဲမှာ နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူ အရေအတွက် ဘယ်လောက် ရှိနေမလဲ
မမှန်းဆနိုင်သေးပါဘူး။

အဲလိုလူတွေ ဘယ်လိုနည်းနဲ့ မဲပေးခွင့်ရမလဲ ကြိုတင် ပြင်ဆင်ထားဖို့ လိုပါပြီ။

အခုလို နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တဲ့အတွက် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ဟာ လာမယ့်
၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို
ပြည်တွင်းဝင်ခွင့်ပြုပြီး လေ့လာစောင့်ကြည့်ခွင့်ပြုပါမယ်ဆိုတဲ့ ကတိကို ပေးထားဖို့လည်း
လိုနေပါတယ်။ ဒါမှ စိတ်ချရမှာပါ။

နောက်တစ်ချက်က ၂၀၁၀ ရွေးကောက်ပွဲတုန်းကဆိုရင် ပြည်သူတွေဟာ သူတို့မဲပေးရမယ့် အမတ်
ဘယ်သူတွေဆိုတာ မသိကြသလို မဲရုံရောက်လို့ နာမည်ဖတ်ကြည့်ရုံနဲ့လည်း ဘယ်သူတွေဆိုတာ
တိတိ ကျကျ သိကြရတာ မဟုတ်ပါဘူး။

ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ ဘယ်ပါတီတွေ၊ ဘယ်အမတ်တွေ
၀င်ပြိုင်မယ်၊ အဲဒီ ပါတီတွေ၊ အမတ်တွေ ဘယ်လိုမျိုး တွေဖြစ်တယ်ဆိုတာ စောစောစီးစီးကတည်း
က သိထားကြဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့ ရွေးကောက်ပွဲ စနစ်ကလည်း အရေးကြီးပါတယ်။

တကယ်လို့သာ ပြည်ခိုင်ဖြိုးတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်က လက်ရှိရွေး ကောက်ပွဲစနစ်အစား
တခြားစနစ်တစ်မျိုးမျိုး ကျင့်သုံးဖို့ အတင်းအကျပ် လုပ်ကိုင်လာခဲ့ရင် ရွေးကောက်ပွဲ တရားမျှတမှု
ရှိရေး ပိုခက်ခဲဦးမှာ ဖြစ်ပါတယ်။

ဒီအတွက် မြန်မာ့ဒီမိုကရေစီရေး အကူးအပြောင်းမှာ အလွန်အရေးကြီးတဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး အမေရိကန် ကွန်ဂရက် အမတ်တွေ စိတ်ပူတာ သဘာဝကျပါကြောင်း၊ ဒီအတွက်
ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေ အခုကတည်းက ပြင်ဆင်ဖို့၊ ကော်မရှင်နဲ့
အစိုးရကို လိုအပ်တာတွေ တိုက်တွန်းနှိုးဆော်ဖို့ လိုနေပြီ ဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021