ပြီးပြီးသားကိစ္စတစ်ခု၊ ဖြစ်ပြီးသားဖြစ်ရပ် တစ်ရပ်ကို ပြန်ပြောတဲ့အခါ ကျွန်တော်တို့ မြန်မာစကားမှာ ကောင်းတဲ့ ကိစ္စဆိုရင် စမြှုံ့ ပြန်တယ်၊ မကောင်းတဲ့ကိစ္စဆိုရင် ချေးခြောက် ရေနှူးတယ်လို့ ဆိုရမှာပေါ့။
ပြီးပြီးသားကိစ္စတစ်ခု၊ ဖြစ်ပြီးသားဖြစ်ရပ် တစ်ရပ်ကို ပြန်ပြောတဲ့အခါ ကျွန်တော်တို့ မြန်မာစကားမှာ
ကောင်းတဲ့ ကိစ္စဆိုရင် စမြှုံ့ ပြန်တယ်၊ မကောင်းတဲ့ကိစ္စဆိုရင် ချေးခြောက် ရေနှူးတယ်လို့
ဆိုရမှာပေါ့။
ချေးဆိုတာ ခြောက်သွားရင် တဖြည်းဖြည်းနဲ့ အနံ့အသက်လည်း ပျောက်သွားသလို နင်းမိ၊
ထိမိရင်လည်း မပေကျံတော့ဘူး၊ ကြာတော့ သူ့အလိုလိုကြွေမွ အမှုန့်ဖြစ်ပြီး ပျောက်သွားတာ
သဘာဝပါ။
ဒါပေမဲ့ ခြောက်နေပြီးသား ချေးကို ရေပြန်နှူးတဲ့အခါမှာ အနံ့အသက်တွေ ပြန်ထွက်လာသလို
ထိမိ၊ ကိုင်မိရင်လည်း ပေရေညစ်ပတ်တော့တာပါပဲ။
အားမနာ လျှာမကျိုး၊ ညစ်တီးညစ်ပတ် ချေး အကြောင်း ဋီကာဖွင့်မိလို့ ပျို့ချင်သလို၊ အန်ချင်သလို
ဖြစ်သွားရင် စာရှုသူအပေါင်းကို ၀န္ဒာမိပါဗျာ။
ဒါပေမဲ့ အားလုံးသိတဲ့အတိုင်း လောကမှာ ချေးဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ ကိစ္စပါ။
ဗုဒ္ဓအလိုကျ အဘိဓမ္မာနည်းနဲ့ပဲ ကြည့်ကြည့်၊ သိပ္ပံအလိုကျ ဇီဝကမ္မနည်းနဲ့ပဲ ကြည့်ကြည့် ချေးဟာ
သက်ရှိတွေအတွက် အလွန်အရေးကြီးပါတယ်။
၀မ်းချုပ်ပြီးချေး မပါရင် နေထိုင်မကောင်းသလို ၀မ်းလျှောလို့ ချေးပါတာများရင် ဒုက္ခရောက်တတ်
ပါတယ်။ ထားပါတော့ဗျာ။ ဒီထက်ပိုပြီး ချေးဋီကာချဲ့ နေရင် ကျွန်တော့်ဆောင်းပါးကို
ဆက်မဖတ်ဘဲ နေဦးမယ်။
လူ့အဖွဲ့အစည်းမှာ ကြည့်မယ်ဆိုရင် လူတစ်ယောက်ရဲ့ မကောင်းသတင်း၊ အမနာပပြောတာ၊
ရေးတာဟာလည်း ချေးလို ပါပဲ။
မြင်ရ၊ တွေ့ရ၊ ကြားရတာ စိတ်မချမ်းသာစရာ အလွန်ကောင်းပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်
ဖြစ်စေ စိတ်မသက်မသာဖြစ်ရတာ၊ မသတီစရာဖြစ်ရတာကတော့ အတူတူပါပဲ။
ဒါပေမဲ့ ဒီလိုရေးတာ၊ ပြောတာ မလုပ်ရတော့ ဘူးလားလို့မေးရင် ဖြေရအလွန်ခက်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် "ဟေ့ဟေ့ သတိထား၊ ရှေ့မှာ ချေးပုံကြီး"လို့ (သည်းခံပါခင်ဗျာ)
သတိမပေးရင် တက်နင်းမိမှာပေါ့၊ ပေကျံကုန်မှာပေါ့၊ ညစ်ပတ်မှာပေါ့။ ဒါ့ကြောင့် ဒီလိုသတိပေးတဲ့
အပြောအဆိုအရေးအသာမျိုး စေတနာနဲ့ဆိုရင် လက်ခံရမှာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ လူတစ်ယောက်
ကို နင့်နင့်နဲနဲ ဝေဖန်ပုတ်ခတ်ပြီး ကန်တော့ပါရဲ့၊ ချေးနဲ့ ပက်သလို၊ ပြောမယ်၊ ရေးမယ်ဆိုရင်တော့
ဘယ်ကာယာကံရှင်ကမှ သည်းခံနိုင်မှာ မဟုတ်တာ သေချာပါတယ်။
ဒါပေမဲ့ ဒါဟာ ကာယကံရှင်နဲ့သာ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
ဥပဒေအရ ပြောရရင် နစ်နာတဲ့ ကာယကံရှင် ကိုယ်တိုင်ကသာ လိုအပ်သလို တုံ့ပြန်ရမှာ
ဖြစ်ပါတယ်။
တခြားတစ်ယောက်က၊ တခြားအဖွဲ့ အစည်းတစ်ခုက ကိုယ်စားတုံ့ပြန်တာ သိပ်ပြီး သဘာဝမကျ
ဘူးပေါ့။
ထားပါတော့လေ၊ ဒါက ဥပဒေပညာရှင်တွေ စဉ်းစားရမယ့်ကိစ္စမို့ မပြောလိုတော့ပါဘူး။
ကျွန်တော်ပြောချင်တာက လူတွေအားလုံး မေ့မေ့ပျောက်ပျောက်နဲ့ ပြီးနေတဲ့ ကိစ္စတစ်ခုကို အခုမှ
ပြန်အစဖော်လိုက်တဲ့အတွက် ကာယကံရှင်အတွက် ပိုပြီးနစ်နာသလို ဖြစ်သွားတဲ့အကြောင်းပါ။
ဩဂုတ်လ ၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်အတွဲ(၃)၊ အမှတ်(၂၂)မှာ ဖော်ပြခဲ့တဲ့
နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက ဂျာနယ်ကို
တရားစွဲဆိုမယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။
ဒီသတင်း ထုတ်ပြန်ချက်ကြောင့် မီဒီယာလောကမှာ ဂယက်ရိုက်ခတ်ပြီး ရေးစရာ၊ သားစရာ
အကြောင်းအရာ တစ်ခု ဖြစ်လာတာပေါ့ဗျာ။
ကျွန်တော့်အနေနဲ့တော့ ဒီအကြောင်းကို အသေးစိတ်ပြန် ဖော်ပြမနေတော့ပါဘူး။ အားလုံးသိပြီးမို့
ဖော်ပြစရာ လည်းမလိုပါဘူး။
ရှေ့ပိုင်းမှာ ပြောခဲ့သလို ဒီဇာတ်လမ်းက ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်ကစဖြစ်ခဲ့ပြီး ဩဂုတ်လ
၉ ရက်မှာ မြန်မာသံတော်ဆင့်က ဖော်ပြခဲ့တာ၊ ပြောရရင် လွန်ခဲ့တဲ့ သုံးလက ကိစ္စပါ။ ပြီးခဲ့ပါပြီ။
ဘယ်သူမှ သတိမရတော့ပါဘူး။
ကာယကံရှင်အနေနဲ့၊ ဒါမှမဟုတ် ဆက်နွှယ်ပတ်သက်သူတွေ အနေနဲ့တော့ မမေ့နိုင်စရာ
ဖြစ်မှာပေါ့။
တစ်ခု သတိထားရမှာက မီဒီယာဆိုတာ သတင်းပေးရမယ့် တာဝန်ကိုယူတာပါ။ Whistle Blower
ဆိုပါတော့။ ပြီးရင်တော့ ပြီးသွားတာပါပဲ။
ကာယကံရှင်က အရေးကြီး ပုဂ္ဂိုလ်ဖြစ်နေတဲ့အတွက် ဒါဟာ အလွန်သိမ်မွေ့ရမယ့် ကိစ္စတစ်ခု
ဖြစ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ ပြောတဲ့သူဘက်က ဆင်ခြင်ရမှာဖြစ်သလို
အပြောခံရသူကရော ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကောင်းကျိုးဆိုးကျိုး မျှော်မှန်းတွက်ချက်ရမှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားကိုတောင် စိ ဉ္စမာနက သူနဲ့ လွန်ကျူးလို့သူ့မှာ ကိုယ်ဝန်ရှိပါတယ်
လို့ ပြောခဲ့တာပဲ။
ဒီလိုပဲ၊ မင်းတုန်းမင်းတရားကြီးက ဗန်းမော်ဆရာတော်ဘုရားကြီးကို ဗန်းမော်ပို့စေလို့ အမိန့်ချတော့
ဗန်းမော်ဆရာတော်က "ဗန်းမော်ကို နှင်၊ မောင်လွင် လူမိုက်က၊ မြိုင်ရပ်ကိုဆီး"လို့ ကဗျာရေးခဲ့
တယ်။
မောင်လွင်ဆိုတာ မင်းတုန်းမင်းကြီးရဲ့ ငယ်နာမည်ပေါ့။ ရှင်ဘုရင်ကို လူမိုက်လို့တောင် ပြောခဲ့တာပဲ။
စိတ်မကောင်းစရာ ဖြစ်ရပုံကိုပြောပါမယ်။ ပြောတဲ့သူကပြောလို့ ရေးတဲ့သူက ရေးပြီးသွားပြီ။
ဖတ်တဲ့သူတွေကလည်း ဖတ်ပြီးလို့ သိပြီး သွားပြီ။ ကျွန်တော်တို့လည်း ဖတ်ခဲ့တာပဲ။ ပြောတဲ့သူနဲ့
အပြောခံရတဲ့သူ၊ ဘယ်သူက မင်းသား၊ ဘယ်သူက လူကြမ်းဆိုတာ ဖတ်တဲ့ သူရဲ့ ခံစားမှုနဲ့ပဲ
ဆိုင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ဒီကိစ္စပြီးသွားပါပြီ။
ဒါပေမဲ့ အခု တရားစွဲမယ် ဆိုလိုက်တော့ အသစ်ပြန် ဖြစ်လာတာပေါ့။ အသစ်ဆိုပေမယ့်
အဟောင်းကနေ ဖြစ်လာတဲ့ အသစ်ဆိုတာ အဟောင်းကို ပြန်ပြီး ဖော်ကြ၊ ရေးကြတာပေါ့။
အဲဒီမှာ ဘယ်တုန်းက၊ ဘယ်သူက ဘယ်သူ့ကို ဘယ်လို ပြောခဲ့တယ်ဆိုတာ မပါမဖြစ်
ပြန်ပါလာပါတော့တယ်။
စဉ်းစားကြည့်ပါဗျာ၊ ကာယကံ ရှင်အနေနဲ့ မကောင်းပြောခံရတဲ့ ကိစ္စ တစ်ခါတည်းနဲ့ ပြီးနေတာကို
အခုတော့ တစ်ခါမက၊ နှစ်ခါမက၊ တစ်ယောက်မက၊ နှစ်ယောက်မက ထပ်ကာထပ်ကာ
ပြောခံရသလိုဖြစ်မနေဘူးလား၊ အလွန်စိတ်မကောင်းစရာဖြစ်ပါတယ်။
"ထိုင်နေအကောင်းသား၊ ထသွားမှ အကျိုးမှန်းသိ" ဆိုတာလို ဘာမှမပြောဘဲထားရင် ပြီးနေတဲ့
ကိစ္စ၊ ပြောလိုက်တော့မှ ပိုအရှက်ရသလို ဖြစ်နေတာပေါ့။
ဒါကြောင့်မို့ ရှေးလူကြီးတွေက "မခုန်ခင် အရင်ကြည့်"လို့ ပြောကြတာပဲ။
ဘာမဆို မလုပ်ခင် အရင်ဆင်ခြင် စဉ်းစားသင့်တယ်။ အထူးသဖြင့် အခုကိစ္စက ကာယကံရှင်
အတွက် ကျွန်တော်တို့ပိုပြီး စဉ်းစားရမယ်။ ဖြစ်နိုင်ခြေအားလုံးကို တွက်ချက်စဉ်းစားပြီးမှ
ဆုံးဖြတ်ဆောင်ရွက်သင့်တယ်။
ဒီကိစ္စက ပန်းသတင်းမဟုတ်ဘူး။ ဆွတ်ပျံ့ကြည်နှူးဖွယ် ကိစ္စမဟုတ်ဘူး။ စိတ်ခံစားချက်ကို
ရှေ့တန်းမတင်သင့်ဘူး။
အခုတော့ အငြိမ့်ထဲက လူရွှင်တော်တွေ ပြက်လုံးထုတ်သလို "သူက ကျွန်တော့်ကို ဆဲတယ်ဗျ"
ဆိုတော့ တစ်ယောက်က "ဟုတ်လား၊ မင်းက သူ့ကိုဘယ်လိုဆဲသလဲ။
"ကျွန်တော်က မအေ(-----)၊ နှမပေး၊ ငါ (-----)မသားလို့ ဆဲတယ်"လို့ ပြန်ဖြေတယ်။
ဒါနဲ့ တစ်ယောက်က မေးလိုက်၊ နောက်တစ်ယောက်က မေးလိုက်၊ ဖြေတဲ့သူက ပြန်ဖြေလိုက်နဲ့
ကာယ ကံရှင်က "တော်ပါတော့ကွာ၊ သူဆဲတာက တစ်ခါတည်းပါ။ မင်းတို့ ၀ိုင်းရှင်းမှ ခဏခဏ
အဆဲခံရတယ်"လို့ တောင်းပန်ယူရတယ်။ အခုကိစ္စမှာလည်း ဒီလိုပါပဲဗျာ၊ ဒါဟာ သတင်းတစ်ခုပြန်
ဖြစ်လာပါတယ်။
မီဒီယာ အားလုံးက ရေးကြဦးမှာပါ။ ဒီလိုရေးကြမယ့် ရေးသားချက်တွေဟာ လူတွေဖန်တီးတဲ့
လူလုပ်ပစ္စည်းတွေ မဟုတ်ပါလား။
ဒါဆိုရင် ရေးတဲ့သူတွေရဲ့ အတ္တနောမတိဆိုတဲ့ ယူဆချက်တွေ၊ ခံစားချက်တွေ ပါလာမှာပေါ့။
ဒီနေရာမှာ သူတစ်ပါးကို ထိခိုက်နစ်နာမှာ စိုးတဲ့သူ၊ ကျင့်ဝတ်ကို နားလည်တဲ့သူတွေ ရှိသလို
ကြံုတုန်းဝင်ပြီး ဆွမ်းကြီးလောင်းမယ့်သူတွေလည်း ရှိမှာ မလွဲပါဘူး။
ကျွန်တော့် အထင်ပြောရရင် ဒီလိုပုဂ္ဂိုလ်တွေကတောင် ပိုများမယ် ထင်ပါတယ်။
ဖွဲ ခိုးစားတဲ့ ဘုရင်ကြီးပုံပြင်ကို အားလုံး ကြားဖူးကြပြီးသားပါ။ သိတဲ့လူက မပြောရဲလို့၊
ပြောခွင့်မရှိလို့၊ ပြောရင် အသတ်ခံရမှာကြောက်လို့ လူရှေ့သူရှေ့ မပြောဝံ့ဘူး။ မပြောဘဲကလည်း
မနေနိုင်တော့ သစ်ခေါင်းထဲ ခေါင်းထည့်ပြီး "ဘုရင်ကြီး ဖွဲခိုးစားတယ်"လို့ အူယားတိုင်း
သွားသွားအော်သတဲ့။ တစ်နေကျတော့ ဘုရင်ကြီးက အဲဒီသစ်ပင်ကြီးလုံးပတ်က ကောင်း၊
ဖြောင့်လည်းဖြောင့်တော့ လှဲပြီး စည် ထွင်းခိုင်းပါလေရော။
ဒီလိုနဲ့ ထွင်းထု၊ သားရေတွေဘာတွေ ကြက်ပြီးလို့ စည်းကြီးဖြစ်လာတော့ ပဟိုရ်စည်ဆိုပြီး
တီးလိုက်တာ စည်သံ ထွက်မလာဘဲ "ဘုရင်ကြီး ဖွဲခိုးစားတယ်"ဆိုတဲ့ အသံကြီးသာ
ဟိန်းထွက်လာပါသတဲ့ဗျာ။
ဒီတော့ သစ်ခေါင်းထဲမှာ ပျောက်နေပြီး ဘယ်သူမှ မကြားတဲ့ကိစ္စ စည်သွားထွင်းတော့မှ
ပဲ့တင်သံတွေ ဟိန်းထွက်လာမှာ စိုးရပါတယ်။
ဒီလို ဟိန်းထွက်လာရင် ဘယ်သူနစ်နာသလဲ။ ဘုရင်ကြီးပဲ နစ်နာတာပေါ့။ ဟိုက တကယ် ဖွဲခိုးစား
လို့ ခံရတာ။ ဒီမှာက အသားလွတ် ငါးပူးတင် တွတ်သလို ၀ိုင်းတွတ်တာ ခံရမှာ။ ဒါကြောင့်
ကျွန်တော်ပြောချင်တာက ဒါဟာ ပန်းခြောက် မဟုတ်ဘူး၊ ပန်းခြောက်ကို ရေစိမ်ရင် မွှေးမှာပေါ့။
ဒါပေမဲ့ ဒါဟာ ချေး ခြောက်ဖြစ်နေတယ်။ ဒါကို ရေနှူးရင် နံမှာပဲ။
တရားစွဲမယ်ဆိုရင် အမှုမပြီးသေးသ၍ ကာယကံရှင်ကို ထိခိုက်နေဦးမှာပဲ။ ပြန်ပြီး စဉ်းစားစေချင်ပါ
တယ်။
ချေးခြောက်ရေနှူးရင် အကျိုးရလဒ်ကတော့ ဘယ်လိုမှ မကောင်းပါဘူးလို့ ပြောချင်တယ်။
















