ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၂)

ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၂)

"Sir Arthur Eggar ရေးခဲ့တဲ့ "Digest of the Government of Burma Act" ဆိုတဲ့ စာအုပ်ထဲမှာ ဥပဒေရေးဆွဲနည်း (Drafting Bills) အကြောင်းလည်းပါတယ်လို့ ဆရာပြောခဲ့ပါတယ်။ ဆက်ပြောပါဦး ဆရာ"

"Sir Arthur Eggar ရေးခဲ့တဲ့ "Digest of the Government of Burma Act" ဆိုတဲ့ စာအုပ်
ထဲမှာ ဥပဒေရေးဆွဲနည်း (Drafting Bills) အကြောင်းလည်းပါတယ်လို့ ဆရာပြောခဲ့ပါတယ်။
ဆက်ပြောပါဦး ဆရာ"

"အဲဒီဥပဒေပုဒ်မ ၁၂ အရ နောက်ပိုင်းမှာ Mr. Arthur Eggar ကို အစိုးရရှေ့နေချုပ်အဖြစ်
ဘုရင်ခံက ခန့်ထားခဲ့ပေမယ့် အဲဒီစာအုပ်ကို ရေးတဲ့ အချိန်တုန်းကတော့ "Sir" ဘွဲ့လည်း
မရသေးဘဲ အစိုးရလွှတ်တော်ရှေ့နေတစ်ဦး အဖြစ်သာရှိခဲ့ပုံ ရတယ်။ ဘာကြောင့်လဲဆိုတော့
အဲဒီစာအုပ်ရဲ့ အစမှာ ဒီမှတ်စုတွေကို အစိုးရလွှတ်တော်ရှေ့နေက ရေးဆွဲခဲ့တာ ဖြစ်ကြောင်းနဲ့
တရားဝင်ထုတ်ဝေခြင်း မဟုတ်ကြောင်း ဖော်ပြထားလို့ပဲ"

"အဲဒီစာတမ်းက အဲဒီခေတ်က အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေအတွက် ရည်ရွယ်ပြီး
ရေးခဲ့တာဆိုတော့ အခုခေတ်မှာ အသုံးဝင်ပါဦးမလား ဆရာ။ အဲဒီစာတမ်းကို ကျွန်တော်
မတွေ့ဘူးလို့ မေးကြည့်တာပါ"

"အဲဒီလိုတော့ မဟုတ်ဘူးကွ။ အဲဒီစာတမ်းက ဥပဒေရေးဆွဲရာမှာ အသုံးပြုတဲ့ ဘာသာစကားနဲ့
မဆိုင်ဘူး။ ဥပဒေကို ဘယ်ဘာသာနဲ့ပဲ ရေးရေး လိုက်နာရမယ့် ယေဘုယျမူတွေကို သုံးသပ်
ဆွေးနွေးထားတာ။ အဲဒီမူတွေကလည်း အင်္ဂလန်နိုင်ငံမှာ နှစ်ပေါင်းရာနဲ့ချီပြီး အသုံးပြုခဲ့တဲ့
ခေတ်အဆက်ဆက် အင်္ဂလိပ် စီရင်ထုံးတွေမှာပါတဲ့ မူတွေကွ၊ ဆာအာသာ အဂ္ဂါရဲ့ ကိုယ်ပိုင်
စိတ်ကူးတွေ မဟုတ်ဘူး။ တချို့မူတွေကို စီရင်ထုံးတွေမှာ ဖတ်ရလို့ ဥပဒေသမားတွေ
သိပြီးသားတွေ ဖြစ်တယ်"

"အဲဒီမူတွေကို ဆွေးနွေးပေးပါဦး ဆရာ"

"ခဏ နေဦးကွ၊ အခုဒို့က ဥပဒေရေးဆွဲရေး သမိုင်းကြောင်းကို ပြောနေတာဖြစ်တော့ အဲဒါကိုပဲ
ဆက်ပြောရအောင်၊ ဥပဒေရေးဆွဲ ရေးကိစ္စတွေကို နောက်ပိုင်းမှာ အခြေအနေပေးသလောက်
ပြောကြသေးတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

"၁၉၃၇ ခုနှစ် မတိုင်မီအထိ ရှေ့နေချုပ်နဲ့ ရှေ့နေချုပ်ရုံးဆိုတာ မရှိခဲ့ပေမယ့် ၁၈၈၆ ခုနှစ်မှာ
"The Court of the Judicial Commissioner of Upper Burma" နဲ့ ၁၉၀၀ ပြည့်နှစ်မှာ
"The Chief Court of Lower Burma" ဆိုတဲ့ အယူခံမှုစီရင်ခွင့်အာဏာရှိတဲ့ ရုံးတွေ ပေါ်ပေါက်ခဲ့
ပြီးနောက် ၁၉၂၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ပဥ္စမမြောက်ဂျော့ဘုရင်ရဲ့ အမိန့်အရ ၁၉၂၃ ခုနှစ်မှာ
"The High Court of Judicature of Rangoon" လည်း ပေါ်ပေါက်လာခဲ့ပြီဆိုတော့ အဲဒီရုံးတွေ
က စစ်ဆေးတဲ့ မူလအမှုကြီးတွေနဲ့ အယူခံမှုတွေမှာ အစိုးရဘက်က လိုက်ပါဆောင်ရွက်ဖို့
"Government Advocate"(အစိုးရလွှတ်တော်ရှေ့နေ)တွေ ခန့်ထား ပေးဖို့ လိုလာပြီပေါ့။ ဒါပေမဲ့
သူတို့ကို အစိုးရ ၀န်ထမ်းအဖြစ် ပုံမှန်လစာနဲ့ ခန့်ထားတာ မဟုတ်ဘဲ "retaining fee" လို့ ခေါ်တဲ့
လစဉ် ထောက်ပံ့ကြေးအပြင် အမှုလိုက်တဲ့ နေ့မှာ နေ့တွက်စရိတ်ပေးပြီး ခိုင်းခဲ့တာ။ အဲဒီအတွက်
အစိုးရနဲ့ အဲဒီရှေ့နေတို့က ပဋိညာဉ် စာချုပ်ချုပ်ဆိုကြရတယ်။ ၁၉၄၅ ခုနှစ်လောက် အထိ
အဲဒီစနစ်ရှိသေးတာကို တွေ့ရတယ်"

"ဟုတ်ကဲ့ပါ ဆရာ"

"၁၉၃၇ ခုနှစ်မတိုင်မီအထိ ဥပဒေရေးဆွဲရေးလုပ်ငန်း (Legislative Drafting) ဆိုတာ ပီပီပြင်ပြင်
ပေါ်ပေါက်ခဲ့ခြင်း မရှိသေးပေမယ့် အစိုးရနဲ့ ချုပ်ဆိုတဲ့ စာချုပ်စာတမ်းတွေ ရေးဆွဲဖို့၊ အစိုးရမြေတွေ
ကို လွှဲပြောင်းတဲ့ စာချုပ်တွေ ရေးဆွဲဖို့၊ ဥပဒေအရအစိုးရက ထုတ်ပြန်တဲ့ အမိန့်တွေ ရေးဆွဲဖို့
လုပ်ငန်းမျိုးတွေကတော့ ရှိတာပေါ့။ အဲဒါတွေကလည်း ဥပဒေရေးဆွဲခြင်းမှာ အကျုံးဝင်တယ်လေ။
အဲဒီစာချုပ်နဲ့ အမိန့်တွေကို အဲဒီအစိုးရ လွှတ်တော်ရှေ့နေတွေက ရေးဆွဲပေးရတော့ အဲဒီအတွက်
သူတို့ကို သတ်မှတ်ထားတဲ့ အခကြေးငွေကိုတော့ ပေးရတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"

"၁၉၃၇ ခုနှစ်မှာ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရေးဆွဲရေးလုပ်ငန်း ပေါ်ပေါက်ခဲ့ပြီဆိုပေမယ့်လည်း
၁၉၃၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ "The Government of Burma Act" အရ၊ အစိုးရ ရှေ့နေချုပ်ရဲ့
တာဝန်တွေထဲမှာ ဥပဒေကြမ်း ရေးဆွဲရေး တာဝန်ဆိုပြီး အတိအလင်းဖော်ပြချက်တော့
မပါရှိခဲ့ဘူးကွ။ အစိုးရရှေ့နေချုပ်ရဲ့ တာဝန်အဖြစ် 'အစိုးရအား ဥပဒေရေးရာကိစ္စများတွင်
အကြံဉာဏ်ပေးရန်နှင့် ဘုရင်ခံက လွှဲအပ်တဲ့ ဥပဒေဆိုင်ရာ တခြားတာဝန်များကို ဆောင်ရွက်ရန်'
ဆိုပြီး ယေဘုယျသဘောပဲ သတ်မှတ်ပေးထားတယ်။ ဆာအာသာအဂ္ဂါက အစိုးရ
တရားလွှတ်တော်ရှေ့နေ ဘဝမှာ "Drafting Bills" ဆိုပြီး ဥပဒေရေးဆွဲခြင်းဆိုင်ရာ နည်းနာတွေကို
ရေးသားထုတ်ဝေခဲ့တာကို ထောက်ရင် အဲဒီတုန်းက အစိုးရရှေ့နေချုပ်ရဲ့ တာဝန်တွေထဲမှာ
ဥပဒေကြမ်းရေးဆွဲပေးရေး တာဝန်လည်း ပါခဲ့တယ်ဆိုတာ သေချာတာပေါ့"

"ရှင်းပါတယ် ဆရာ"

"ဒါပေမဲ့လို့ အဲဒီကာလက သိပ်မကြာလိုက်ဘူး။ ၁၉၃၇ ကနေ ၁၉၄၂ နှစ်အထိလောက် ဆိုတော့
ငါးနှစ်လောက်ပဲ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၁၉၄၁ ခုနှစ်မှာ ဒုတိယကမ္ဘာစစ် ဖြစ်ပြီး
၁၉၄၂ ခုနှစ်လောက်မှာ ဘုရင်ခံ ဦးဆောင်တဲ့ အဲဒီတုန်းက မြန်မာပြည်အစိုးရဟာ အိန္ဒိယပြည်
ဆင်းမလားမြို့ကို ထွက်ပြေးခဲ့ရတယ် မဟုတ်လား။ ဒါကြောင့် ဒို့အခုသုံးနေတဲ့ အင်္ဂလိပ်ခေတ်က
ဥပဒေတွေထဲမှာ "Burma Act" ဆိုတာ သိပ်မရှိဘဲ "India Act" တွေပဲ များနေတာပေါ့"

"ဟုတ်ပါတယ် ဆရာ"

"အမှန်ကတော့ "The Government of Burma Act" ဆိုတာက ဗြိတိသျှကိုလိုနီနိုင်ငံ တစ်ခုရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သဘောမျိုးပဲကွ။ အိန္ဒိယမှာလည်း "The Government of
India Act" ဆိုပြီး ရှိခဲ့တာပဲ။ ဒီဥပဒေ တွေအရ ဥပဒေပြုခွင့်အာဏာရှိတယ် ဆိုပေမယ့်လည်း
အဲဒီကိုလိုနီနိုင်ငံရဲ့ ဘုရင်ခံက သဘောမတူရင် ဘုရင်ခံက သဘောတူသည့်တိုင် ဗြိတိသျှဘုရင်က
သဘောမတူရင် ဥပဒေ ဖြစ်မလာနိုင်ဘူး"

"ဟုတ်ကဲ့ပါ ဆရာ"

"ဒုတိယကမ္ဘာစစ် ဖြစ်လာခဲ့အခါကျတော့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံသဘောဖြစ်တဲ့
"The Government of Burma Act" အာဏာတည်ခြင်းကို ရပ်စဲလိုက်ပြီး အဲဒီဥပဒေ ပုဒ်မ
၁၃၉ အရ၊ ဥပဒေပြုမှု အာဏာနဲ့ အုပ်ချုပ်မှုအာဏာတို့ကို ဘုရင်ခံက လွှဲပြောင်းယူလိုက်တော့
ဥပဒေပြုလွှတ်တော်တွေလည်း အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်သွားတာပေါ့"

"လက်နက်အားကိုးနဲ့ အာဏာသိမ်းတာ မဟုတ်ဘဲ ဥပဒေအရ အာဏာသိမ်းလိုက်တာပေါ့ ဆရာ။
အဲဒီပုဒ်မ ၁၃၉ ကို အဲဒီလိုရည်ရွယ်ချက်နှင့် ဗြိတိသျှပါလီမန်က ထည့်ခဲ့တုန်းက သူ့ကျွန်ဘဝ
ဆိုတော့ မြန်မာတွေအနေနဲ့ ဘာမှ ပြောရေးဆိုခွင့် မရှိခဲ့ဘူးပေါ့ ဆရာ"

"မြန်မာပြည်ဘုရင်ခံမှာ အဲဒီလိုဥပဒေပြုခွင့် အာဏာရှိနေတော့ စစ်ပြေးအစိုးရအဖြစ် အိန္ဒိယနိုင်ငံ၊
ဆင်းမလားမြို့မှာ ခိုလှုံနေတုန်းမှာလည်း မြန်မာပြည်အတွက် ဥပဒေတချို့ကို ပြဋ္ဌာန်းခဲ့သေးတယ်။
ဥပမာ "The Arbitration Act, 1944" ဆိုရင် ဆင်းမလားမှာ ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါ့။
ဒါပေမဲ့ အဲဒီအချိန်မှာ မြန်မာပြည်ကို ဒေါက်တာဘမော် အစိုးရ အုပ်ချုပ်နေချိန်ဆိုတော့ ဒီဥပဒေက
အာဏာ မတည်နိုင်ဘူး။ မြန်မာပြည်ရဲ့ စစ်ပြေးအစိုးရ မြန်မာပြည်ကို ပြန်ဝင်လာပြီးနောက်မှ
၁၉၄၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကစပြီး အာဏာတည်ကြောင်း ကြေညာခဲ့ရတာ"

"ဂျပန်ခေတ် ဒေါက်တာ ဘမော်အစိုးရ လက်ထက်မှာရော ဥပဒေတွေ ပြဋ္ဌာန်းခဲ့သေးသလား
ဆရာ"

"ဂျပန်ခေတ်အတွင်း ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဂျပန်အစိုးရက မြန်မာပြည်ကို
လွတ်လပ်ရေးပေးခဲ့တော့ 'ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေ' ဆိုပြီး ထုတ်ပြန်
ကြေညာခဲ့တာကို တွေ့ရတယ်။ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေသဘောပေါ့ကွာ။ အပြည့်အစုံတော့
မဟုတ်ဘူး။ အဲဒီစည်းမျဉ်းဥပဒေကို ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာ၊ စာမျက်နှာ ၃ နဲ့ ၄ မှာပါတာ တွေ့ရတယ်။ အဲဒီစည်းမျဉ်းဥပဒေကို ကူးထားတာ
ဖိုင်ဟောင်းတွေမှာ ပြန်ရှာရင်တော့ တွေ့ဦးမလား မသိဘူး။ အဲဒီစည်းမျဉ်း ဥပဒေမှာတော့
ရှေ့နေချုပ်နဲ့ ပတ်သက်တာ၊ ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်တာ မပါဘူးလို့ ငါမှတ်မိတယ်။
နောက်ပြီး ဂျပန်ခေတ်မှာ အစိုးရပြန်တမ်းကို မြန်မာဘာသာနဲ့ ထုတ်ပြန်တာကို အမျိုးသား
မော်ကွန်းတိုက်မှာ တွေ့ရ ဖူးတယ်။ ငါကြည့်မိတဲ့ ပြန်တမ်းမှာ ဥပဒေပါတာကိုတော့ မတွေ့မိဘူး။
ဂျပန်ခေတ်မှာ တရားဥပဒေစိုးမိုးမှုကလည်း မရှိတော့ ဥပဒေ ပြဋ္ဌာန်းဖို့လည်း မဖြစ်နိုင်ဘူး
ထင်တယ်။ ဂျပန်ခေတ်အစိုးရ ပြန်တမ်းတချို့မှာ မြို့အုပ်ခန့်ထားတဲ့ အမိန့်ကြော်ငြာစာတွေကို
တွေ့ရတဲ့အတွက် မှုခင်းနည်းနည်းပါးပါးကို အင်္ဂလိပ်ခေတ်က ဥပဒေတွေအရပဲ ဆုံးဖြတ်မယ်လို့
ထင်တယ်။ ဂျပန်စစ်ဗိုလ်တွေ သူတို့ သဘောအလျောက် ဆုံးဖြတ်တာတွေလည်း ရှိတာပေါ့။
စစ်အတွင်းကိုးကွ"

"ဂျပန်ကို ပြန်လှန်တိုက်ထုတ်နေတဲ့ ကာလမှာတော့ စစ်အတွင်းဖြစ်လို့ စစ်အုပ်ချုပ်ရေး ဖြစ်မှာပေါ့
ဆရာ"

"ဟုတ်တယ်၊ အဲဒီတုန်းက အရှေ့တောင် အာရှဆိုင်ရာ မဟာမိတ်တပ်များရဲ့ စစ်ဦးစီးချုပ် ဖြစ်တဲ့
ရေတပ်ဗိုလ်ချုပ်ကြီးမောင့်ဘက်တန်ရဲ့ စစ်အုပ်ချုပ်ရေး အမိန့်နဲ့ အုပ်ချုပ်ခဲ့တာဖြစ်ပြီး
သူ့လက်အောက်မှာ အဲဒီလိုအရပ်ဘက်အုပ်ချုပ်ရေးတာဝန်တွေကို ဆောင်ရွက်ဖို့အတွက် "Civil
Administration Service (Burma)" ဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်ခဲ့တာ ဖြစ်တယ်။
အဲဒီအဖွဲ့ကို အတိုကောက် CAS (B)၊ မြန်မာအသံထွက်နဲ့ 'ကက်စ်ဘီ' အုပ်ချုပ်ရေးလို့ ခေါ်တယ်။
အချိန်ကာလကို ဖော်ပြရာမှာလည်း 'ကက်စ်ဘီခေတ်' လို့ပဲ သုံးစွဲခဲ့ကြတာပေါ့"

"စစ်ကြီးပြီးတော့ ဆင်းမလားမှာ ခိုလှုံနေတဲ့ မြန်မာပြည်စစ်ပြေးအစိုးရ ပြန်ဝင်လာတယ်
မဟုတ်လား ဆရာ"

"ဟုတ်တယ်၊ အဲဒီလို ပြန်ဝင်လာပြီးနောက် ၁၉၄၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို
'မောင့်ဘက်တန်'က ပြန်လည် ရုတ်သိမ်းပေးပြီး စစ်ပြေးဘုရင်ခံက "The Government of
Burma Act" အရ ပြန်လည်အုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ လွှတ်တော်နှစ်ရပ်အတွက် အမတ်တွေကို
ရွေးကောက်တင်မြှောက်ခြင်း မပြုတော့ဘဲ ဘုရင်ခံကပဲ အုပ်ချုပ်ရေးအာဏာရော၊ ဥပဒေပြုရေး
အာဏာကိုပါ ယခင်အတိုင်း ကျင့်သုံးဆောင်ရွက်ခဲ့တယ်။ 'ဥပဒေပြု ကောင်စီ'ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို
ဘုရင်ခံရဲ့ အမိန့်နဲ့ ဖွဲ့စည်းခဲ့ပြီး 'ဥပဒေပြုကောင်စီ လုပ် ထုံးလုပ်နည်းများ' (The Legislative
Council Rules of Procedure, 1945) ဆိုတဲ့ အမိန့် ကိုလည်း ထုတ်ပြန်ခဲ့တယ်။ အစိုးရအဖွဲ့
ကိုလည်း ဘုရင်ခံက သဘာပတိအဖြစ် ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယသဘာပတိ
အဖြစ်နဲ့ ဘုရင်ခံက ခန့်ထားတဲ့ ၀န်ကြီးတွေနဲ့ ဖဆပလအဖွဲ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ ၀န်ကြီးတွေ
ပါ၀င်ဖွဲ့စည်းခဲ့တာပေါ့။ အဲဒီခေတ်မှာ လိုအပ်တဲ့ ဥပဒေအချို့ကို အင်္ဂလိပ်ဘာသာနဲ့ပဲ ပြဋ္ဌာန်းခဲ့တယ်။
အဲဒီကာလမှာ ဥပဒေရေးဆွဲရေးကိစ္စကိုတော့ နောက်တစ်ပတ်မှ ဆက်ပြီး ဆွေးနွေးကြတာပေါ့"

"ဟုတ်ကဲ့ပါ ဆရာ"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021