ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က တင်ပြလာတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်ပြီး သူ့သဘောထားအမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု
လွှတ်တော် နာယက သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်က
တင်ပြလာတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနဲ့ ပတ်သက်ပြီး သူ့သဘောထားအမြင်ကို ထုတ်ဖော်
ပြောဆိုခဲ့ပါတယ်။
လက်ရှိ လွှတ်တော်ထဲ အင်န်အယ်လ်ဒီနဲ့ တပ်မတော် တင်းတင်းမာမာ ဖြစ်နေတဲ့ ပုဒ်မ ၄၃၆ နဲ့
ပတ်သက်ပြီး သူရဦးရွှေမန်း ဘာပြောလိုက်သလဲ၊ အင်န်အယ်လ်ဒီဘက်က ပုဒ်မ ၄၃၆ ကို
ဘယ်လို ပြင်ချင်တာလဲ၊ ဒါကို တပ်မတော်ဘက်က ဘယ်လို သဘောထားသလဲ၊ သူရ ဦးရွှေမန်းရဲ့
မှတ်ချက်ဟာ နဂိုကတည်းကမှ ခပ်တင်းတင်းဖြစ်နေတဲ့ အင်န်အယ်လ်ဒီ ပါတီနဲ့
ကာကွယ်ရေး ဦးစီးချုပ်၊ သမ္မတတို့နဲ့ ရန်တိုက်ပေးလိုက်သလို ဖြစ်မနေဘူးလားဆိုတာ
ဆွေးနွေးတင်ပြသွားပါ့မယ်။
သတင်းစာရှင်းပွဲမှာ သူရဦးရွှေမန်း ပြောတာက အခုလိုပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ အဆင့်ဆင့်ကြိုးစားတဲ့ နေရာမှာ တပ်မတော်သား
ကိုယ်စားလှယ်တွေက ၄၃၆ ကို မပြင်ဆင်လိုဘူးလို့ ပြောပါတယ်။
ဒါက သူတို့ အပိုင်းဖြစ်ပါတယ်။ မိမိတို့ လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို ပြင်တဲ့ နေရာမှာ ၄၃၆ ကို အဓိက ထားစဉ်းစားရမယ်လို့ မှတ်ယူကြိုးစားဆောင်ရွက်နေ
ပါတယ်။
အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ မိမိတို့ ကလည်း
အောင်မြင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။
သို့ရာတွင် အောင်မြင်ဖို့ အတွက်ကတော့ တပ်မတော်သား ကိုယ်စားလှယ်တွေကို ဦးဆောင်တဲ့
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ အစိုးရအဖွဲ့ကို ခေါင်းဆောင်တဲ့ နိုင်ငံတော် သမ္မတကြီး၊
နိုင်ငံတော် သမ္မတကြီးအနေနဲ့ တကယ်တမ်းကျတော့ တပ်မတော်အပေါ်မှာ ထိုက်သင့်တဲ့
ဩဇာရှိတဲ့အတွက် အောင်မြင်ရေး၊ မအောင်မြင်ရေးဟာ သူတို့အပေါ်မှာ မူတည်တယ်လို့
ပြောချင်ပါတယ်ဆိုပြီးဖြစ်ပါတယ်။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အဖွဲ့က တင်တဲ့ ပုဒ်မ ၄၃၆ ပြင်ရေးကို
အရင်ရှင်းပြဖို့ လိုလာပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဖွဲ့စည်းပုံထဲက ပြဋ္ဌာန်းချက် တချို့ကို ပြင်ချင်ရင်
လွှတ်တော်အမတ်တွေရဲ့ ရ၅ ရာခိုင်နှုန်းကျော် ထောက်ခံမှ ပြင်နိုင်မယ်၊ တချို့ပုဒ်မတွေကိုဆိုရင်
ရ၅ ရာခိုင်နှုန်းကျော်တင်မက ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲပါ ကျင်းပ၊ မဲပေးပိုင်ခွင့်ရှိသူ
ထက်ဝက်ကျော် ဆန္ဒမဲရမှ ပြင်နိုင်မယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။
ဒါကို ထပ်ပြီးအဓိပ္ပာယ်ဖွင့်ဆိုရရင် ဘယ်ပြဋ္ဌာန်းချက်ကိုမဆို ပြင်ချင်ရင် တပ်မတော်သား
အမတ်တွေရဲ့ ထောက်ခံမှု ရဖို့ လိုအပ်ပြီး တကယ်လို့ တပ်မတော်သား အမတ်အားလုံးကသာ
ထောက်ခံရင် ရွေးကောက်ခံအမတ် အားလုံးရဲ့ ၆၇ ရာခိုင်နှုန်းက သဘောတူရင် ပြင်နိုင်မယ်ဆိုတဲ့
အဓိပ္ပာယ် ထွက်ပါတယ်။
ဒီပြဋ္ဌာန်းချက်ကို အင်န်အယ်လ်ဒီဘက် က မကြိုက်ပါဘူး။ ဒါကြောင့် အဲဒီ ပုဒ်မ ၄၃၆ ကို
ပြင်ချင်တယ်လို့ဆိုပြီး လူထုစည်းရုံးမှု တွေလုပ်ပါတယ်။
သူတို့ ပြင်ချင်တာက လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော် မဲနဲ့ ဖြစ်စေ၊ ဒါမှမဟုတ်
စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေရဲ့ ၆၅ ရာခိုင်နှုန်းထောက်ခံချက်နဲ့ဖြစ်စေ
ပြင်ချင်တယ်လို့ ဆိုပါတယ်။
အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တစ်ခုခုကို တပ်မတော်သား အမတ်တွေ
သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ပြင်လို့ ရချင်တယ်ဆိုတာမျိုးပါ။
၄၃၆ ပြင်ရေး လူထုဟောပြောပွဲတွေ လုပ်တဲ့ အချိန်တုန်းကဆို ဒေါ်အောင်ဆန်းစုကြည် က
တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျား ပြန်သွားရေး လုပ်တာဆိုပြီး အတိအလင်း
ပြောဆိုခဲ့ပါတယ်။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းဟာ
တပ်မတော်ရဲ့ ကံကြမ္မာကို ရွေးကောက်ခံ အမတ်တွေ လက်ထဲထည့်ဖို့ တောင်းဆိုတာနဲ့
အတူတူပါပဲ။
အခု ဒီကိစ္စ လွှတ်တော်ထဲ ရောက်လာတာ ဖြစ်ပါတယ်။
အင်န်အယ်လ်ဒီဘက်က အဲဒီလို ပြင်ချင်တာကို တပ်မတော် ဒါမှမဟုတ် ကာကွယ်ရေး ဦးစီးချုပ်
ဘက်က လက်မခံနိုင်ဘူးဆိုတာကတော့ အတော်လေးကို ရှင်းပါတယ်။
သူတို့ ကံကြမ္မာကို ရွေးကောက်ခံအမတ်တွေ လက်ထဲ မထည့်လိုပါဘူး။ ဒါကြောင့်လည်း
လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေက ပုဒ်မ ၄၃၆ မပြင်ချင်ဘူး ခါးခါးသီးသီး
ပြောဆိုကြသလို၊ တပ်မတော်ဘက်က နိုင်ငံရေးထဲမှာ ပိုလွှမ်းမိုးနိုင်မယ့် အချက်တွေ
ထည့်သွင်းချင်ပါတယ် ဆိုပြီးတော့တောင် ပြောဆိုလာကြတာ ဖြစ်ပါတယ်။
တစ်ဆက်တည်း ပုဒ်မ ၄၃၆ ကိုပြင်၊ တပ်မတော်ကို နိုင်ငံရေးက ဖယ်ထုတ်ဖို့ ကြိုးစားတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ရရေး ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကိုလည်း
မပြင်ချင်ဘူး ပြောလာကြတာ ဖြစ်ပါတယ်။
ပြောရရင် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ တပ်မတော်နဲ့ အင်န်အယ်လ်ဒီ ဆန့်ကျင်ဘက်
အနေအထားနဲ့ ထိပ်တိုက်တိုးနေကြတာပါ။
ကောင်းပါပြီ။
၄၃၆ ပြင်ရေး လွှတ်တော်ထဲ ၂၅ ရာခိုင်နှုန်း ရှိတဲ့ တပ်မတော်နဲ့ ခုနစ် ရာခိုင်နှုန်းပဲ ရှိတဲ့
အင်န်အယ်လ်ဒီပါတီ ထိပ်တိုက်တိုးနေချိန် ၅၄ ရာခိုင်နှုန်းလောက်နဲ့ အများစုနေရာယူထားတဲ့
ပြည်ခိုင်ဖြိုးပါတီရဲ့ ရပ်တည်ချက် ဘယ်လိုရှိမလဲ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီဟာ ပုဒ်မ ၄၃၆ ပြင်ရေး ပြောဆိုပေမယ့် အင်န်အယ်လ်ဒီ က ပြင်ဆင်ဖို့
လိုလားသလို ပုံစံမျိုးမဟုတ်ပါဘူး။ တပ်မတော်သားတွေ မပါဘဲ ရွေးကောက်ခံ အမတ်တွေရဲ့
သဘောထားသက်သက်နဲ့ ပြင်ဆင်နိုင်ရေးဆိုတာကိုလည်း ထောက်ခံတာ မဟုတ်ပါဘူး။
သူရဦးရွှေမန်း ပြောပုံဆိုပုံအရ ဆိုရင်ဖြင့် ပုဒ်မ ၄၃၆ နဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ က ပြင်ချင်တဲ့
ပုံစံအတိုင်း ပြည်ခိုင်ဖြိုးပါတီကလည်း ပြင်ချင်နေပြီး တပ်မတော်ဘက်ကပဲ တင်းခံနေသယောင်၊
ကာကွယ်ရေးဦးစီးချုပ်နဲ့ သမ္မတကပဲ တစ်ဖက်သတ် တင်းခံနေသယောင် သတင်းစာရှင်းလင်းပွဲမှာ
ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နိို၀င်ဘာ ၁၈ သတင်းစာရှင်းလင်းပွဲမှာ ၄၃၆ ပြင်ရေးနဲ့ ပတ်သက်ပြီး သူရ ဦးရွှေမန်း
ပြောဆိုခဲ့တာတွေဟာ အဖြစ်မှန် မဟုတ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ
ဘက်က ပြင်ချင်တဲ့ ပုံစံကို သူနဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ထောက်ခံထားတာလည်း
လုံးဝမရှိပါကြောင်း၊ ဒါကြောင့် သူ့ရဲ့ ပြောဆိုချက်ဟာ လက်ရှိ တင်းမာနေတဲ့ အင်န်အယ်လ်ဒီ
ပါတီနဲ့ တပ်မတော်အကြား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် အကြား နားလည်မှု ပိုပြီးလွဲစရာ ရန်တိုက်ပေးသလို
ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
















