ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ(၃)

ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ(၃)

"ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ မှ ၁၉၄၈ ခုနှစ်ကာအတွင်း ဥပဒေရေးဆွဲရေး တာဝန်အကြောင်းကို ဆက်လက်ဆွေးနွေးပါဦး ဆရာ"

"ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ မှ ၁၉၄၈ ခုနှစ်ကာအတွင်း ဥပဒေရေးဆွဲရေး တာဝန်အကြောင်း
ကို ဆက်လက်ဆွေးနွေးပါဦး ဆရာ"

"စစ်ပြေးအစိုးရ မြန်မာပြည်ကို ပြန်ဝင်လာ တော့ ၁၉၄၅ ခုနှစ်မှာ မြန်မာပြည်ဘုရင်ခံက "The
Crown Office Rules" ကို ထုတ်ပြန်ပြီး "Crown Office" ဆိုတဲ့ အမည်နဲ့ အစိုးရဌာန အသစ်
တစ်ခုကို ဖွဲ့စည်းခဲ့တာကို တွေ့ရတယ်။ ဒီဌာနရဲ့ သက်တမ်းက တစ်နှစ်ကျော်ကျော်လောက်ပဲ
ရှိခဲ့တာဆိုတော့ သိတဲ့လူ အလွန် နည်းတယ်"

"ဟုတ်ပါတယ် ဆရာ"

"ဒီဌာနရဲ့ အမည်ကို မြန်မာလိုပြန်ဆိုသုံး စွဲခဲ့ပုံလည်း မရဘူး။ "Crown" ဆိုတာက အဲဒီအချိန်က
ရှိခဲ့တဲ့ အင်္ဂလိပ်ဘုရင်ကို ရည်ညွှန်းတာဆိုတော့ 'ဘုရင့်ရုံးတော်' လို့ပဲ မြန်မာပြန် ဆိုရမှာပေါ့ကွာ။
ရုံးအမည် (ဌာနရဲ့အမည်)ကို ကြည့်ရုံနဲ့တော့ အဲဒီဌာနက ဆောင်ရွက်တဲ့ လုပ်ငန်းတာဝန်ဟာ
ဘာလဲဆိုတာ မသိနိုင်ဘူး"

"ဟုတ်ပါတယ် ဆရာ"

"အဲဒီရုံးရဲ့ ၀န်ထမ်းဖွဲ့စည်းပုံမှာ "Director" (ညွှန်ကြားရေးဝန်)နဲ့ ဒုတိယညွှန်ကြားရေးဝန် တို့အပြင်
ဥပဒေရေးဆွဲရေးအရာရှိတွေ၊ အစိုးရ လွှတ်တော်ရှေ့နေတွေရဲ့ ဦးရေတွေနဲ့ သူတို့ လစာတွေ၊
လုပ်ငန်းတာဝန်တွေကိုလည်း ဖော်ပြထားတယ်။ အဲဒီဌာနကို ဖွဲ့စည်းတဲ့ အမိန့် ကြော်ငြာစာရဲ့
နိဒါန်းမှာ ဒီစည်းမျဉ်းတွေဟာ အစိုးရရှေ့နေချုပ်မှအပ အစိုးရရဲ့ ဥပဒေ အရာရှိအားလုံးနဲ့
သက်ဆိုင်တဲ့အကြောင်း ဖော်ပြထားတယ်။ တစ်ခုထူးခြားတာက ဥပဒေ ရေးဆွဲရေးအရာရှိတွေဟာ
အဲဒီခေတ်က အရေးပိုင်(ခရိုင်ဝန်)ရဲ့ လစာနဲ့ တူညီတဲ့ လစာကို ပေးထားတဲ့ အစိုးရဝန်ထမ်းတွေ
ဖြစ်ပေမယ့် အစိုးရလွှတ်တော်ရှေ့နေတွေကိုတော့ အထက်မှာပြောခဲ့သလို ပုံသေလစဉ်
ထောက်ပံ့ကြေးနဲ့ အမှုလိုက်တဲ့နေ့အတွက် သတ်မှတ်ထားတဲ့ နေ့တွက်စရိတ်ကိုပဲ ပေးထားတယ်။
အဲဒီခေတ်ကတော့ အစိုးရလွှတ်တော်ရှေ့နေ တွေအတွက် အဲဒီနည်းက ၀င်ငွေပိုကောင်းလို့
ဖြစ်မှာပေါ့။ နောက်ပြီး သူတို့က အစိုးရဝန် ထမ်းမဟုတ်တော့ ပင်စင်ခံစားခွင့် မရှိခဲ့ဘူး"

"ဟုတ်ကဲ့ပါ ဆရာ"

"နောက်ပြီး အဲဒီ "Crown Office" ၀န်ထမ်း အဆင့်အတန်းလိုက် တာဝန်သတ်မှတ်ချက်တွေက
၂၀၁၀ ပြည့်နှစ်မတိုင်ခင်က ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်တို့ရဲ့ တာဝန်တွေအတိုင်းဖြစ်တာကို
တွေ့ရတယ်။ ဒါပေမယ်လို့ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေမှာတော့ လက်အောက်ခံ
ရုံးတွေ မရှိခဲ့ဘူး"

"အဲဒီလိုဆိုတော့ အဲဒီခေတ်က အစိုးရ ရှေ့နေချုပ်ရုံးနဲ့ ဘယ်လိုကွာခြားပါသလဲ ဆရာ"

"လစာနှုန်းအရဆိုရင်တော့ "Crown Office" ညွှန်ကြားရေးဝန်ရဲ့ လစာက အစိုးရ ရှေ့နေချုပ်
အောက်နိမ့်တာ တွေ့ရတယ်။ အဲဒီ အချိန်တုန်းက အစိုးရရှေ့နေချုပ်ရုံးရဲ့ ဖွဲ့စည်း ပုံက ပီပီပြင်ပြင်
မရှိသေးတဲ့အပြင် အစိုးရရှေ့နေချုပ်ရဲ့ အောက်မှာရှိတဲ့ အစိုးရလွှတ်တော် ရှေ့နေတွေဆိုတာ
ကလည်း အစိုးရဝန်ထမ်းတွေ မဟုတ်ကြဘူး။ အစိုးရရှေ့နေချုပ်ရဲ့ အောက်မှာ ဥပဒေရေးဆွဲရေး
အရာရှိ (Legal draftsman) ဆိုပြီး ခန့်ထားတာလည်း မရှိသေးဘူး"

"အမှန်က "Crown Office" ဆိုပြီး သီးခြား တည်ထောင်ဖွဲ့စည်းမယ့်အစား ရှေ့နေချုပ်ရုံးကို
ပီပြင်အောင် ဖွဲ့စည်းရမှာ မဟုတ်လား ဆရာ။ အဲဒီလို ခွဲခြားဖွဲ့စည်းရတဲ့ အကြောင်းရင်းက
ဘာပါလဲ ဆရာ"

"အဲဒါကိုတော့ အဲဒီတုန်းက ဘုရင်ခံနဲ့ သူ့အတွင်းဝန်ပဲ သိနိုင်မယ်ကွ။ စာရွက်စာတမ်း
အထောက်အထားနဲ့ ပြောဖို့ မဖြစ်နိုင်ဘူး။ ငါ့အယူအဆကို ပြောရမယ်ဆိုရင်တော့ အဲဒီတုန်းက
အစိုးရရှေ့နေချုပ်တွေက မြန်မာ လူမျိုးတွေ၊ အတိအကျဆိုရင်တော့ လွတ်လပ်ရေးခေတ်မှာ
တရားလွှတ်တော်ချုပ်တရား ၀န်ကြီးဖြစ်လာတဲ့ ဦးအေးမောင်(နောင် ဒေါက်တာ အေးမောင်)နဲ့
နောင်မှာ တရားလွှတ်တော် တရားဝန်ကြီးချုပ်ဖြစ်သွားတဲ့ ဦးထွန်းဖြူတို့က အစိုးရရှေ့နေချုပ်
တွေကွ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလအဖွဲ့ကိုလည်း ပြည်သူလူထု
က အင်တိုက်အားတိုက်ထောက်ခံနေတဲ့အချိန်၊ ဗြိတိသျှအစိုးရအနေနဲ့လည်း မြန်မာပြည်ကို
လွတ်လပ်ရေးပေးရတော့မယ့် အခြေအနေရှိနေတော့ မြန်မာပြည်ကို ဗြိတိသျှဓန သဟာယအဖွဲ့
(Commonwealth) ထဲမှာပါအောင်၊ တစ်နည်းအားဖြင့် အဲဒီတုန်းက လက်ဝဲအုပ်စုထဲ
ရောက်မသွားအောင် ဆွဲဆောင်နေတဲ့ အချိန်ဖြစ်တော့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
အစိုးရက ပြဋ္ဌာန်းမယ့် ဥပဒေတွေ ရေးဆွဲရာမှာ တတ်နိုင်သလောက် ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့တာ
ဖြစ်မယ်ကွ။ ဒါက ငါ့အထင်ကို ပြောတာပါ"

"နောက် အဲဒီ "Crown Office" ဘယ်လိုဖြစ် သွားပါလဲ ဆရာ"

"သိပ်အလုပ်ဖြစ်ခဲ့ပုံ မရဘူးကွ။ ၁၉၄၇ ခုနှစ်မှာ အစိုးရရှေ့နေချုပ်ရုံးထဲ သွတ်သွင်းပြီး ရှေ့နေချုပ်ရုံး
ကို ပြန်လည်ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီဖွဲ့စည်းပုံအရ ရှေ့နေချုပ်လက်အောက် မှာ ဥပဒေရေးဆွဲရေး
အရာရှိရာထူးတွေလည်း ပါ၀င်ခဲ့တယ်။ "Crown Office" ရဲ့ တာဝန်တွေကို ရှေ့နေချုပ်က
လွှဲယူခဲ့တယ်။ ဒါပေမယ်လို့ ၁၉၄၅ ခုနှစ်က ထုတ်ပြန်ထားတဲ့ "Crown Office Rules" ကတော့
ပျက်မသွားဘူးကွ။ ဘာကြောင့်လဲဆိုတော့ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှာ 'နိုင်ငံတော်
ရှေ့နေချုပ် ဥပဒေ' ကို ပြဋ္ဌာန်းခဲ့ပေမယ့် ရှေ့နေချုပ် လက်အောက်မှာရှိတဲ့ ဥပဒေအရာရှိတွေနဲ့
ပတ်သက်ပြီး နည်းဥပဒေတွေကို ထုတ်ပြန်ခဲ့ခြင်း မရှိဘဲ "Crown Office Rules" ကိုပဲ
ဆက်လက်သုံးစွဲခဲ့တဲ့ သဘောကို တွေ့ရတယ်"

"ရှေ့နေချုပ်အက်ဥပဒေအရ နည်းဥပဒေ တွေကို ထုတ်ပြန်ခဲ့တာ မရှိဘူးလား ဆရာ"

"၁၉၅၈ ခုနှစ်အထိ မရှိခဲ့ဘူးကွ။ ၁၉၄၅ ခုနှစ်ကနေ ၁၉၅၈ ခုနှစ်အထိ ကာလအတွင်းမှာတော့
လက်ထောက်ရှေ့နေချုပ်တွေ၊ ဥပဒေရေးဆွဲရေး အရာရှိတွေနဲ့ အစိုးရတရားလွှတ်တော်ရှေ့နေ
တွေကို တဖြည်းဖြည်းတိုးချဲ့ခန့်ထားခဲ့တာကို တွေ့ရတယ်။ အစိုးရတရား လွှတ်တော်ရှေ့နေတွေ
ဟာလည်း အရင်ကလို နေ့တွက်စရိတ်နဲ့ မဟုတ်တော့ဘဲ အဲဒီခေတ်က ခရိုင်ဝန်ရဲ့ လစာနဲ ့
တူညီတဲ့ လစာနှုန်းနဲ့ အချိန်ပြည့်အစိုးရဝန်ထမ်းတွေ ဖြစ်လာခဲ့တာကို တွေ့ရတယ်။ ၁၉၅၈ ခုနှစ်
မှာတော့ ၁၉၄၈ ခုနှစ်၊ နိုင်ငံတော်ရှေ့နေချုပ်ဥပဒေအရ 'ဥပဒေအရာရှိများဆိုင်ရာ နည်းဥပဒေများ'
ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီနည်းဥပဒေအရ 'ဥပဒေအရာရှိ'ဆိုရာမှာ လက်ထောက်နိုင်ငံတော်
ရှေ့နေချုပ်၊ ဥပဒေရေးဆွဲရေးအရာရှိ၊ အစိုးရ လွှတ်တော်ရှေ့နေ၊ လက်ထောက် အစိုးရ လွှတ်တော်
ရှေ့နေနဲ့ ဥပဒေသုတေသန အရာရှိတို့ ပါ၀င်ကြောင်း အဓိပ္ပာယ်သတ်မှတ်ထားတယ်"

"၁၉၄၈ ခုနှစ်၊ နိုင်ငံတော်ရှေ့နေချုပ် ဥပဒေအရ၊ ရှေ့နေချုပ်နဲ့ ဥပဒေအရာရှိတွေရဲ့ တာဝန်တွေထဲမှာ
ဥပဒေရေးဆွဲရေးတာဝန် မပါဘူးလား ဆရာ"

"အဲဒီလို တိုက်ရိုက်ဖော်ပြချက်တော့ မပါဘူး။ ဒါပေမဲ့ နည်းဥပဒေတွေအရ သတ်မှတ်ပေးတဲ့
အခြားတာဝန်တွေကိုလည်း ထမ်းဆောင်ရမယ်လို့တော့ပါတယ်။ ၁၉၅၈ ခုနှစ်မှာ ထုတ်ပြန်တဲ့
'ဥပဒေအရာရှိများဆိုင်ရာ နည်းဥပဒေများ'မှာတော့ ဥပဒေရေးဆွဲရေး အရာရှိတွေရဲ့
တာဝန်တွေထဲမှာ ဥပဒေကြမ်းတွေ၊ နည်းဥပဒေကြမ်းတွေ၊ စာချုပ်စာတမ်းတွေ၊ အမိန့်ကြော်ငြာစာ
မူကြမ်းတွေကို စစ်ဆေးကြည့်ရှု ပြင်ဆင်ခြင်းလို့ ပါတာကို တွေ့ရတယ်။ ရေးဆွဲပေးရမယ်လို့
သုံးနှုန်းထားတာ မရှိဘူး။ အဲဒါက ဒို့ဗဟိုဥပဒေရုံးမှာ တာဝန်ဆောင်ချိန်အထိ ပဲကွ။ လက်တွေ့
လုပ်ခဲ့ကြရာမှာတော့ တာဝန်ပေးရင် ဥပဒေကြမ်းတွေကို ကနဦးရေးဆွဲ ပေးရတာရှိသလို
၀န်ကြီးဌာနတွေက သူတို့ ရေးဆွဲတတ်သလို ရေးဆွဲပြီး ပေးပို့လာတဲ့ ဥပဒေကြမ်းတွေကိုလည်း
စိစစ်ပြင်ဆင်ပေးရတာပေါ့။ စိစစ်ပြင်ဆင်တယ်ဆိုပေမယ်လို့လည်း အမှန်မှာတော့ ဥပဒေကြမ်း
အသစ်ကို ပြန်ပြီး ရေးဆွဲပေးကြရတာဖြစ်တယ်ကွ"

"၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေး ကောင်စီခေတ်မှာရော ပြောင်းလဲမှုရှိခဲ့ပါသလား ဆရာ"

"အဲဒီကာလမှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကလည်း အာဏာမတည်တော့တဲ့အတွက်
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ရှေ့နေချုပ်ရာထူးတော့ မရှိတော့ဘူး။ နိုင်ငံတော်
ရှေ့နေချုပ်ဥပဒေဆိုတာလည်း မရှိတော့ဘူး။ ဒါပေမဲ့ တော်လှန်ရေး ကောင်စီရဲ့ ကြေညာချက်နဲ့
ရှေ့နေချုပ်တစ်ဦးကိုတော့ ခန့်ထားခဲ့တယ်။ ရှေ့နေချုပ်ရုံး ဖွဲစည်းပုံနဲ့ လုပ်ငန်းတာဝန်တွေကတော့
အရင်အတိုင်းပါပဲ။ ၁၉၇၃ ခုနှစ်မှာ အုပ်ချုပ်ရေးစနစ်သစ်ဆိုပြီး ပေါ်ပေါက်တဲ့အချိန်ထိပေါ့။
၁၉၇၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ စတင်ပေါ်ပေါက်လာမယ့် ဆိုရှယ်လစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့
အညီ ဆက်လက်ဆောင်ရွက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြရာမှာ ယခင်က မရှိခဲ့တဲ့
မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့် ဥပဒေရုံးတွေ ပေါ်ပေါက်လာခဲ့တယ် မဟုတ်လား။
နောက်တစ်ပတ် ဆက်ကြသေးတာပေါ့။"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021