ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

ရိုဟင်ဂျာလား၊ ဘင်္ဂါလီလား

အခုရက်ပိုင်း လပိုင်းဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးပါတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ သတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။

အခုရက်ပိုင်း လပိုင်းဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးပါတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့
သတင်းတွေနဲ့ ပြည့်နှက်နေတဲ့ ကာလဖြစ်ပါတယ်။ အမေရိကန် သမ္မတ အိုဘားမား နှစ်နှစ်အတွင်း
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ အလည်အပတ် လာပါတယ်။ နေပြည်တော်မှာ
အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပတော့ ကမ္ဘာ့ထိပ်သီးခေါင်းဆောင်ကြီးတွေ
နေပြည်တော်လာကြပါတယ်။ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ရေးကိစ္စ အပြင်းအထန်
ဆွေးနွေးနေကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင််ဟာ
သူ့ရဲ့ ပထမဦးဆုံးသော အင်တာဗျူးအဖြစ် ဗွီအိုအေမြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့
တွေ့ဆုံပါတယ်။

ဒီလို သတင်းတွေကြားထဲ ထိုးထွက်လာတာ က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
နေပြည်တော်ကို ရောက်လာချိန် ရိုဟင်ဂျာဆိုပြီး သုံးနှုန်းခေါ်ဝေါ်လိုက်တဲ့ ကိစ္စပါ။ ဒါနဲ့ပတ်သက်ပြီး
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက တရားဝင်ကန့်ကွက်ပါတယ်။ လွှတ်တော်ထဲ
မှာလည်း အဆိုတင်ပြီး ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးနှုန်းတာကို အချုပ်အခြာအာဏာကိုထိပါးတယ်
ဆိုပြီး ကန့်ကွက်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ
အရေး ဆွေးနွေး ဆုံးဖြတ်စဉ် ရိုဟင်ဂျာလို့ ထည့်သွင်းသုံးနှုန်းတာကိုလည်း မြန်မာကိုယ်စားလှယ်
က ကန့်ကွက်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ် မြို့တချို့မှာလည်း ကုလသမဂ္ဂအထွေထွေ
အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာလို့ သုံးတာကို ကန့်ကွက်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲတွေ
ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ထဲက လူဦးရေ တစ်သန်းကျော်ရှိတဲ့ အဲဒီလူအုပ်စုကြီးကို
ရိုဟင်ဂျာလို့ ခေါ်မလား၊ ဘင်္ဂါလီလို့ ခေါ်မလား ဒီကိစ္စ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတာ
ဆွေးနွေးတင်ပြသွားပါ့မယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ
ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုး ဖောက်ခံနေရတယ်လို့ အစဉ်တစ်စိုက် စွပ်စွဲထားပါတယ်။
အဲဒီအဖွဲ့အစည်းတွေ၊ နိုင်ငံတွေက စွပ်စွဲပြစ်တင်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့
အာဏာပိုင်တွေက လုံလောက်အောင် ဖြေရှင်းခြင်း မရှိသေးပါဘူး။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ
ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက် အဲဒီ ဘင်္ဂါလီရိုဟင်ဂျာ
တစ်သိန်းကျော်ဟာ အိုးအိမ်နေရပ်စွန့်ပစ်ပြီး ဒုက္ခသည်စခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။
ဒီကနေ့အချိန်ထိ သူတို့ နေထိုင်ရာ ရပ်ရွာတွေမှာ ပြန်အခြေချခွင့် မရသေးပါဘူး။

ဘင်္ဂါလီရိုဟင်ဂျာ ပြဿနာနဲ့ ပတ်သက်ရင် သက်ဆိုင်ရာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၊ သက်ဆိုင်ရာ
နိုင်ငံတွေမှာ သူ့အခွင့်အရေးနဲ့ သူ၊ သူ့စည်းကမ်းသတ်မှတ်ချက်နဲ့သူ ကိုယ်စီ ရှိကြပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကြေညာစာတန်းမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး
ထုတ်ဖော် ကြေငြာပြောဆိုပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး၊
လူသားမှန်သမျှ ရရမယ့် ရပိုင်ခွင့်ပါပဲ။ ဒီအတွက် ရခိုင်ပြည်နယ် က ဘင်္ဂါလီရိုဟင်ဂျာ
တစ်ယောက်ယောက်ဟာ သူတို့ကိုယ် သူတို့ ဘင်္ဂါလီဖြစ်တယ် ဒါမှမဟုတ် ရိုဟင်ဂျာဖြစ်တယ်
ထုတ်ဖော်ပြောဆိုပိုင်ခွင့် ရှိပါတယ်။ ဒါဟာ သူတို့ အခွင့်အရေးပါ။ သူတို့ အခွင့်အရေးကို
ပိတ်ပင်တားမြစ်ရင် လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။

နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း သူ့ကိုယ်ပိုင် လက္ခဏာတွေအရ စည်းကမ်းသတ်မှတ်ချက် ထားပိုင်ခွင့်
ရှိပါတယ်။ ဒီနေရာမှာ သမ္မတ ဦးသိန်းစိန် ပြောစကားကို ကိုးကားလို့ရပါတယ်။ သူက မြန်မာနိုင်ငံ
တိုင်းရင်းသား ၁၃၅ မျိုးမှာ ရိုဟင်ဂျာ လူမျိုး မပါဘူး၊ ရိုဟင်ဂျာ ဆိုတာ မြန်မာတိုင်းရင်းသား
မဟုတ်ဘူးလို့ ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီကမ္ဘာပေါ်မှာ ရိုဟင်ဂျာလူမျိုးဆိုတာ လုံးဝမရှိဘူးလို့
သူ ပြောမထားပါဘူး။ အဓိပ္ပာယ်က ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ် သူတို့
ဘယ်လို သတ်မှတ်သတ်မှတ် ကန့်ကွက်ဖို့ အကြောင်းမရှိသလို၊ တိုင်းရင်းသားလို့ သတ်မှတ်
မထားတဲ့အတွက် တိုင်းရင်းသား ဖြစ်လာမှာ မဟုတ်သလို တိုင်းရင်းသားအခွင့်အရေးလည်း
ရမှာမဟုတ်ပါဘူး။ နိုင်ငံသား ဖြစ်မဖြစ်ကတော့ ၁၉၈၂ ဥပဒေ ပြဋ္ဌာန်းချက်ပါအတိုင်းဖြစ်မှာပါပဲ။

ပြဿနာက ပြီးခဲ့တဲ့ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပိုကြီးလာပါတယ်။ ရခိုင်ပြည်နယ်မှာ
ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီရိုဟင်ဂျာတွေ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ထုတ်ပြောပြီး၊
သန်းခေါင်စာရင်း ကောက်သူတွေက ရိုဟင်ဂျာလို့ ဖြည့်စွက် ထည့်သွင်းပေးမယ်ဆိုရင်
ရခိုင်တိုင်းရင်းသားတွေ အားလုံး သန်းခေါင်စာရင်းကောက်ယူမှုကို သပိတ်မှောက်မယ်ဆိုပြီး
ဆန္ဒပြခဲ့ပါတယ်။ ဒီအခါ အာဏာပိုင်တွေ အကျပ်ရိုက်ခဲ့ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရေး
လုပ်ငန်း စီစဉ်ခဲ့စဉ် အချိန်တုန်းက မြန်မာ အာဏာပိုင်တွေဟာ နိုင်ငံတကာ မိသားစုတွေဆီမှာ
ကတိကဝတ် တချို့ ပြုခဲ့ရပါတယ်။ အဲဒီထဲမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဘာလူမျိုးဆိုပြီး
ထုတ်ဖော်ပြောဆိုတာကိုပဲ သန်းခေါင်စာရင်းထဲ ရေးဖြည့်ရမယ်ဆိုတဲ့ တစ်ချက်လည်း
ပါ၀င်ပါတယ်။ ဒါဟာ အခြေခံ လူ့အခွင့်အရေး ဖြစ်နေလို့ပါ။ အဲဒီအတွက် အာဏာပိုင်တွေဟာ
နိုင်ငံတကာ မိသားစုနဲ့ ကတိကဝတ်ဖျက်လိုက်မလား၊ လူ့အခွင့်အရေး လိုက်နာစောင့်ထိန်းပြီး
ရခိုင်တိုင်းရင်းသားတွေကို သပိတ်မမှောက်အောင် ဖျောင်းဖျနိုင်မလား နည်းလမ်းအမျိုးမျိုး
ရွေးချယ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ နိုင်ငံတကာ မိသားစုနဲ့ မျက်နှာအပျက်ခံပြီး
ရခိုင်တိုင်းရင်းသားတွေ ဆန္ဒလိုက်လျောခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီရိုဟင်ဂျာ
တစ်သန်းလောက် သန်းခေါင်စာရင်း ကောက်ခံရာမှာ မပါ၀င် ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ ဒီသန်းနဲ့ချီတဲ့ လူတွေကို အစိုးရအနေနဲ့ ရိုဟင်ဂျာတွေလို့ အသိအမှတ် မပြုဘူး
ဆိုလည်း မပြုပဲ ထားပိုင်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် အရေအတွက် ရှစ်သိန်းခွဲလောက်ရှိတဲ့
White Card ကိုင်ထားသူတွေကို စိစစ်ပြီး နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ
စိစစ်ပေးတဲ့ လုပ်ငန်းစဉ်လိုမျိုးမှာ ဖြစ်ပါတယ်။ ဒီလို White Card စိစစ်တဲ့ လုပ်ငန်းစဉ်ထဲမှာ
ရိုဟင်ဂျာဆိုတာ ထည့်သွင်းမပေးဘဲ အဆင့်တစ်ခုခု သတ်မှတ်ပေးတယ် ဆိုရင်၊ ဒီလုပ်ငန်းကို
မြန်မြန်ဆန်ဆန် လုပ်ပေးတယ်ဆိုရင် ရိုဟင်ဂျာ ဆိုတာ အစိုးရမှတ်တမ်းတွေထဲ ရှိနေမှာ
မဟုတ်ပါဘူး။ လက်ရှိ ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီရိုဟင်ဂျာတွေ လိုအပ်နေတာဟာ
လူ့အခွင့်အရေး၊ ဥပဒေကြောင်းအရ မြန်မာနိုင်ငံသား အဆင့်တစ်ခုခု ဥပဒေနဲ့အညီ စိစစ်ပေးရေး၊
စိစစ်ပြီးနောက် ရရှိတဲ့ အဆင့်အတန်းနဲ့ လျော်ညီစွာ နေထိုင်၊ လုပ်ကိုင်၊ သွားလာခွင့်ရရေးတွေပဲ
ဖြစ်ပါတယ်။ ဒီအတွက် ၁၉၉၃ ကတည်းက စခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်အထိ မပြီးမပြတ်
လုပ်ထားတဲ့ ဒီ White Card ဇာတ်လမ်းပြီးဆုံးအောင် အစိုးရအနေနဲ့ လုပ်ကိုင်ဖို့ လိုနေပါတယ်။
ကြာရှည်ကြာမျော ဆက်အချိန်ဆွဲ၊ ပြဿနာကို ဆက်မွေးထားဖို့တော့ မသင့်ပါဘူး။

အခုဆို ရခိုင်တိုင်းရင်းသား တချို့နဲ့ အာဏာပိုင်တချို့ဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ
မိသားစုနဲ့ အငြင်းပွား၊ အချင်းများနေကြပါပြီ။ ရိုဟင်ဂျာလို့ မသုံးနှုန်းနဲ့၊ ဒါဟာ တိုင်းပြည်ရဲ့
ပြည်တွင်းရေးကို စွက်ဖက်တာ ဖြစ်တယ်၊ အချုပ်အခြာ အာဏာကို ချိုးဖောက်တာဖြစ်တယ်
စသဖြင့် အချင်းများနေရုံနဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်
၀န်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့ ရိုဟင်ဂျာလို့ နာမည်တပ်ပြီး ပေးတဲ့ ဘယ်အကူအညီကိုမှလည်း
လက်မခံဘူးဆိုတာမျိုးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် နိုင်ငံတကာက ပိုပြီး
လက်ညှိုး ထိုးလာနိုင်ပါတယ်။

တကယ်တော့ ရခိုင်ပြည်နယ်ထဲက ဒီဘင်္ဂါလီ ရိုဟင်ဂျာတွေ လက်ထဲမှာ ဘာအာဏာမှ မရှိပါဘူး။
ဘာအုပ်ချုပ်ရေး ယန္တရားမှ မရှိပါဘူး။ ဘယ်လိုကြီးမားတဲ့ စီးပွားရေးမှလည်း မရှိပါဘူး။
ဆင်းရဲစုတ်ပြတ်နေတဲ့၊ ပညာကောင်းကောင်း မသင်ရတဲ့၊ ဘယ်ကိုမှ လွတ်လွတ်လပ်လပ်
သွားလာခွင့် မရှိတဲ့ ပိတ်လှောင် ခံထားရသူတွေပါ။ အင်အား အလွန်နည်းပါတယ်။

ဒါနဲ့ခြားနားပြီး အစိုးရဆီမှာ ကြီးမားတဲ့ တပ်မတော်ကြီးရှိသလို အုပ်ချုပ်ရေး ယန္တရား၊ စီးပွားရေး
အရင်းအမြစ် အားလုံးရှိနေပါတယ်။ ဒီလိုအင်အားကြီးသူတွေက အားနည်းတဲ့ လူအုပ်စုကြီးကို
ကိုယ့်ကိုယ်ကိုယ် ဘာလူမျိုးဆိုတာ မပြောနဲ့၊ ငါတို့ သတ်မှတ်သလိုပဲ ခံယူ၊ နိုင်ငံတကာကလည်း
အဲဒီနာမည် မသုံးနဲ့ ဆိုတာမျိုးဟာ နိုင်ငံ့ပုံရိပ်ကို ကောင်းလာစေမှာ မဟုတ်သလို ရခိုင်ပြည်နယ်က
လူမျိုးစု နှစ်စုအကြား ပိုပြီး ပဋိပက္ခ ပွားစရာ ဖြစ်လာနိုင်ပါတယ်။ တစ်ဆက်တည်း ရခိုင်ပြည်နယ်
အေးချမ်းတည်ငြိမ်ရေးအတွက်လည်း အထောက်အကူပြုမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြ
လိုက်ရပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021