၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ - ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်တော့်ကို ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ဓာတ်ပုံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်ဖို့ ကျွန်တော့်ဆရာက လှမ်းခေါ်ပါတယ်။ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှာ ရှစ်နှစ်ကြာခို အောင်းပြီး ဆေးပညာကိုဝါသနာမပါလို့ ကျောင်းက ထွက်ခဲ့ရပေမယ့် ဓာတ်ပုံပညာကိုတော့ ...
၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ
၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျွန်တော့် ကို ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ်မှာ ဓာတ်ပုံလုပ်ငန်းနဲ့
အသက်မွေးဝမ်းကျောင်းပြုလုပ်ဖို့ ကျွန်တော့်ဆရာက လှမ်းခေါ်ပါတယ်။ ဆေးတက္ကသိုလ် (၁)
ရန်ကုန်မှာ ရှစ်နှစ်ကြာခို အောင်းပြီး ဆေးပညာကိုဝါသနာမပါလို့ ကျောင်းက ထွက်ခဲ့ရပေမယ့်
ဓာတ်ပုံပညာကိုတော့ ဆေးတက္ကသိုလ်မှာ အတော်လေးလက်တွေ့ သင်ယူရရှိခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့် ဆရာက သူ့ကိုယ်ပိုင်ကင်မရာ၊ မှန်ဘီလူး၊ ဓာတ်ပုံကူးတဲ့ စက်တွေနဲ့
တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျွန်တော်တတ်တဲ့ ပညာလေးနဲ့ လုပ်ကိုင်စားသောက်ဖို့
အားပေးကူညီလိုက်တာ ဖြစ်ပါတယ်။ ၁၉၇၀ ပြည့်နှစ်၊ ရန်ကုန် တက္ကသိုလ်နှစ် ၅၀ ပြည့်
ရွှေရတုပွဲတော်ကြီး အတွက် လိုအပ်တဲ့ ဓာတ်ပုံတွေကို ကူညီရိုက်ကူးပေးခဲ့တဲ့အချိန်ကတည်းက
ခင်မင်ရင်းနှီးခဲ့တာမို့ ကျွန်တော်ကလည်း ဆရာ့အိမ်မှာ မိသားစုဝင်တစ်ယောက်လို ဖြစ်နေပါတယ်။
ဓာတ်ပုံရိုက်တဲ့အလုပ်က ကျွန်တော့် အတွက် အခက်အခဲမရှိလှပေမယ့် အစပိုင်းဆိုတော့
အလုပ်က သိပ်မရသေးပါဘူး။
ဒီလိုလုပ်ကိုင်နေစဉ်မှာ ၁၉၆၁ မှ ၁၉၇၁ အထိ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်ဟာ နယူးယော့ခ်မြို့ဆေးရုံမှာ ကင်ဆာရောဂါနဲ့ နိုဝင်ဘာလ
၂၅ ရက်နေ့က ကွယ်လွန်ကြောင်း သတင်းကြားသိရပါတယ်။ သူ မကွယ်လွန်ခင်က သူ့မိသားစုကို
မှာကြားခဲ့တဲ့အတိုင်း သူ့ဆန္ဒနဲ့အညီ မြန်မာနိုင်ငံမှာ သူ့ရုပ်ကလာပ်ကို သင်္ဂြိုဟ်ပေးမယ်ဆိုတဲ့
သတင်း ထွက်ပေါ်လာပါတယ်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့
၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်ကနေ
ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သယ်ယူသွားကြပါတယ်။
ဦးနေဝင်းအစိုးရရဲ့ အမိန့်နဲ့ ဦးသန့်ရုပ်ကလာပ်ကို ကြံတောသုသာန်မှာ သင်္ဂြိုဟ်ဖို့ စီစဉ်ထားကြောင်း
သိရပါတယ်။ ဒီသတင်းထွက်လာတာနဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းသား ကျောင်းသူ
တွေဆီက မကျေနပ်တဲ့အသံတွေ ထွက်ပေါ်လာပါတယ်။ အဓိက မကျေနပ်ချက်ကတော့
တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံပေါင်းများစွာက လေးစားမှုအပြည့်ရှိတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီး
ဦးသန့် ကို ဦးနေဝင်းအစိုးရက ထိုက်ထိုက်တန်တန် ဂုဏ်ပြုလက်ခံခြင်း မရှိတာကိုပါဘဲ။
ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့နဲ့
အဓိပတိလမ်းမကြီးပေါ်မှာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ လွမ်းသူ့ပန်းခွေတွေကို
ကိုင်ဆောင်ကာ ကျိုက္ကဆံမြင်းပြိုင်ကွင်းဆီသို့ ၀မ်းနည်းစွာနဲ့ ချီတက်ကြဖို့ စုဝေးနေကြပါတော့
တယ်။

ကျွန်တော်လည်း ဒီအခမ်းအနားကို သမိုင်း မှတ်တမ်းဓာတ်ပုံ ရိုက်ထားသင့်တယ်လို့ ဆုံးဖြတ်ပြီး
တက္ကသိုလ်ကျောင်းဝင်းထဲနဲ့ တက္ကသိုလ် ကျောင်းအဝင်ဂိတ်ပေါက်မှာ ရှိကြတဲ့ ကျောင်းသူ
ကျောင်းသားတွေကို မှတ်တမ်းတင်ဓာတ်ပုံ စရိုက်ခဲ့ပါတယ်။ ဖလင်လည်း ချွေတာ၊
အထင်အမြင်လည်း အမှားမခံရအောင် ဖလင်အကွက် နည်းနည်းနဲ့ မြန်မြန်ပဲ ရိုက်ခဲ့ပါတယ်။
အုပ်စုလိုက်ထွက်ကြတော့ ကျွန်တော်က ဆေးတက္ကသိုလ်(၁) ရန်ကုန်အုပ်စုနဲ့ ထွက်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းကိုရောက်တော့
လူထုပရိသတ် အတော်များများ ရောက်ရှိနေကြတာကို တွေ့ရပါတယ်။

အချိန်သိပ်မကြာပါ။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကြံတောသုသာန်ကို သယ်ဆောင်ဖို့ လုပ်ခါနီးမှာ
တက္ကသိုလ်ကျောင်းသား တစ်ယောက်က စင်ပေါ်တက်ပြီး "ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီး
ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကြံတောသုသာန်မှာ သင်္ဂြိုဟ်ဖို့ မသင့်တော်ကြောင်း၊ ဒါကြောင့်
သင့်တော်မယ့်နေရာမှာ အခမ်းအနားနဲ့ သင်္ဂြိုဟ်ကြမယ်"လို့ ကြွေးကြော်ပြီး ကျောင်းသား
ကျောင်းသူတွေ၊ ပြည်သူလူထု၊ ရဟန်းသံဃာ တော်တွေရဲ့ သဘောတူညီချက်ကို ရယူကာ
ဦးသန့်ရုပ်ကလာပ်ကို ဒေါ့ဂျစ်ကားပေါ်တင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲကို
ကျောင်းသားကျောင်းသူတွေက သယ်ဆောင်သွားကြပါတော့တယ်။
ဒီတဒင်္ဂ အဖြစ်အပျက်ကလေးကို ကျွန်တော် ဓာတ်ပုံရိုက်ယူလို့ ရခဲ့ပါသေးတယ်။ ဒါပေမဲ့
ကျွန်တော်ရဲ့ ပျောက်ဆုံးသွားတဲ့ ဖလင်တွေထဲမှာ ပါသွားခဲ့ပါတယ်။
အဲဒီအချိန်နောက်ပိုင်းကစပြီး ဓာတ်ပုံရိုက် ခွင့်မရတော့ပါ။ ဘယ်သူမှ ဓာတ်ပုံ မရိုက်ရ။
ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ခွင့်မပေး။ ဓာတ်ပုံ ရိုက်နေတာ တွေ့ရင်မလွယ်။ ဓာတ်ပုံဟာ
မျက်မြင်သက်သေအထောက်အထားမို့ ဓာတ်ပုံထဲမှာပါသွားရင် အချိန်မရွေးလာရောက်
ဖမ်းဆီးဖို့ လွယ်ကူနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ကျွန်တော်လည်း ကျိုက္ကဆံမြင်းပြိုင်ကွင်းဟောင်းက အပြန်ခရီးမှာ ဆေးတက္ကသိုလ်(၁) အုပ်စုနဲ့ပဲ
ရောပြီးပြန်ခဲ့တယ်။ ဓာတ်ပုံကတော့ လုံးဝရိုက်လို့ မရတော့ပါ။ အပြန်လမ်းမှာ
တက္ကသိုလ်ရိပ်သာလမ်းမပေါ်က စားသောက်ဆိုင် တစ်ဆိုင်နားက လူတစ်ယောက်က ဓာတ်ပုံ
လှမ်းရိုက်နေတာကို ကျောင်းသားတွေ မြင်သွားလို့ အဲဒီလူကို အသေအလဲ လိုက်ဖမ်းကြသေး
တယ်။ ကျွန်တော့်လက်ထဲမှာ ကင်မရာ တွေ့သွားရင် မသင်္ကာဖြစ်ပြီး ပြဿနာတက်မှာစိုးလို့
ကျွန်တော့် သူငယ်ချင်း ကုလားကြီး သိန်းဝင်း(ဒေါက်တာသိန်းဝင်း)က ကင်မရာကို
ယူသိမ်းထားလိုက်ပါတယ်။ ရန်ကုန်တက္က သိုလ်ကျောင်းဝင်းထဲရောက်မှ ပြန်ပေးပါတယ်။
ကျွန်တော်လည်း လုံခြံုတဲ့တစ်နေရာဆီ အမြန်သွားသိမ်းထားလိုက်ပါတယ်။ ကင်မရာကို
တွေ့လိုက်လို့ကတော့ မလွယ်။
ကျွန်တော် ကင်မရာကို သိမ်းထားခဲ့ပြီး ဘွဲ့နှင်းသဘင်ခန်းမ အရှေ့ကို ရောက်လာတော့ ဦးသန့်ရဲ့
ရုပ်ကလာပ်ကို ဘွဲ့နှင်းသဘင်ခန်းမရှေ့ရှိ စင်မြင့်ပေါ်မှာ ခေတ္တခဏတင်ထားတာကို တွေ့ရပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်တက်ပြီး စစ်အာဏာရှင်
အစိုးရရဲ့ ရက်စက်ဖိနှိပ်ပုံ၊ မတရားအုပ်ချုပ်ပုံတွေကို ဟောပြောနေကြပါတယ်။ ပရိသတ်တွေ
ကလည်း တဖြည်းဖြည်းများများလာကြပါတယ်။ ကျွန်တော့်မှာ လက်တွေယားနေပြီး ဓာတ်ပုံ
ရိုက်ချင်စိတ်တွေ နှိုးထလာပါတော့တယ်။ အဲဒီ အချိန်မှာ ဘယ်သူက ဘယ်သူမှန်းမသိကြတဲ့
အချိန်ဖြစ်နေတော့ ဓာတ်ပုံရိုက်ဖို့ကတော့ လုံးဝမလွယ်ပါ။
အဲဒီညနေပိုင်းမှာ ကျောင်းသားအုပ်စုထဲက အသိတစ်ယောက်ကို ကျွန်တော်က မှတ်တမ်း
ဓာတ်ပုံတွေ ရိုက်ထားသင့်ကြောင်း၊ သမိုင်းဖြစ်ရပ်အမှန် ကျန်ရစ်မှာဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမယ့် သူက ဓာတ်ပုံရိုက်ဖို့ မလွယ်ကူကြောင်းနဲ့ ဘယ်သူမှ တာဝန်ယူရဲမှာ မဟုတ်ကြောင်း
ပြန်ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော် လက်လျှော့ခဲ့ရပါတယ်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်နှင့် ရ ရက်
ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကြွေးကြော်သံ ဆိုင်းဘုတ်တွေကို ရန်ကုန်တက္ကသိုလ်ဂိတ်
အဝင်ပေါက်ထိပ်မှာ ချိတ်ဆွဲနေတာကို သိရပါတယ်။ ဆိုင်းဘုတ်ချိတ်တာကို ရိုက်ဖို့ကတော့
တက္ကသိုလ်အပြင်ဘက်ကနေ လှမ်းရိုက်မှရမယ်။ အပြင်ကို ကင်မရာသယ်ယူူဖို့ဆိုတာ
လုံးဝမလွယ်ပါ။ ဂိတ်အဝင်အထွက်ကို စစ်ဆေးတဲ့အဖွဲ့က အမြဲတမ်းရှိနေကြတယ်။ လွယ်တဲ့နည်း
တစ်နည်းပဲ ရှိတယ်။ ဆရာ့မော်တော် ကားဈေးဝယ်ထွက်ရင် လိုက်သွားဖို့ပါပဲ။ ကျောင်းဝင်းထဲက
ဆရာတစ်ယောက်ရဲ့ ကား ဆိုတော့ အစစ်အဆေးမရှိ။ ဈေးဝယ်ထွက်တော့ ကားထဲမှာ
ကင်မရာဝှက်ပြီး လိုက်သွားရပါတယ်။ ကားမောင်းသူ မိတ်ဆွေကိုတော့ အပြင်ဘယ်နေရာကနေ
ပြန်လိုက်မယ်လို့မှာ ထားလိုက်တယ်။ ပြီးတော့ လူတွေမမြင်နိုင်တဲ့ ချောင်ကျတဲ့ နေရာတစ်နေရာ
ကနေ ပုန်းပြီး အဝင်ပေါက်မှာ ဆိုင်းဘုတ်တွေ တင်နေတာကို အမြန်ရအောင် ခိုးရိုက်ခဲ့ရပါတယ်။
ဘာပြောပြော စိတ်ထဲမှာတော့ တော်တော်လေး ကျေနပ်သွားခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ လှုပ်ရှားမှုတွေကတော့ အများကြီးပါပဲ။ ဦးသန့်ရဲ့ ရုပ်ကလာပ်
ကို လာကြည့်ပြီး ဂါရဝပြုကြတဲ့ ပြည်သူလူထုနဲ့ ကျောင်းသားကျောင်းသူ လူဦးရေကလည်း
နေ့စဉ်နဲ့အမျှ များများလာပါတယ်။
ကျွန်တော်ကတော့ ကင်မရာမပါဘဲ ရိုက်ကွင်းတွေကို လိုက်ကြည့်နေပါတော့တယ်။ ပန်းချီ၊
ကာတွန်းဆွဲတဲ့ ပညာတစ်ခုသာ တတ်ထားရင် ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ။ ကျောင်းထဲက
မြင်ကွင်းတွေကို ဘယ်လိုမှ ဗြောင်ရိုက်လို့ မရပါ။ ကိုယ့်ကိုမမြင်နိုင်တဲ့ တစ်နေရာရာကနေ
ခိုးရိုက်မှသာရမယ်ဆိုတဲ့ အသိပဲ ၀င်လာပါတယ်။
နောက်ဆုံးရိုက်လို့ရနိုင်တဲ့ နေရာကနေ မြင်ကွင်းကို ကြည့်လိုက်ပါတယ်။ သိပ်အကောင်းကြီး
မဟုတ်ပေမယ့် မဆိုးလှပါ။ ဓာတ်ပုံလုံးဝ မရတာထက်စာရင် နည်းနည်းပါးပါးလေး ရထားရင်လည်း
ကောင်းပါတယ်။
ကျောင်းထဲမှာ ၀င်လိုက်၊ ထွက်လိုက်သွား လာနေကြသူတွေ။ တစ်ယောက်တစ်ဆင့် အုတ်ချပ်တွေ
ကို လက်ဆင့်ကမ်းပေးနေကြတဲ့ ကျောင်းသားကျောင်းသူတွေ။ သဲနဲ့ ဘိလပ်မြေတွေကို
တွန်းလှည်းနဲ့ သယ်ဆောင်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ။ ကျွန်တော်လည်း
တိုက်အပေါ်ထပ်ကနေရသလောက် ဓာတ်ပုံတွေ ရိုက်ယူထားလိုက်တယ်။ အုတ်၊ သဲ၊ ဘိလပ်မြေနဲ့
ပစ္စည်းတွေကိုတော့ တက္ကသိုလ်စာကြည့်တိုက်အသစ် ဆောက်လုပ်တဲ့နေရာကနေ ဦးသန့် ဂူဗိမာန်
တည်ဆောက်မယ့် ကျောင်းသားသမဂ္ဂဟောင်းနေရာကို သယ်ယူကြတာ ဖြစ်ပါတယ်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်
ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ဒေါ့ဂျစ်ကားပေါ်တင်ပြီး ဘွဲ့နှင်းသဘင် ခန်းမကနေ အဓိပတိ
လမ်းမကြီးပေါ်ကို ကျောင်းသား၊ ကျောင်းသူ၊ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူလူထုတွေက
သယ်ဆောင်လာကြပါတယ်။
ဆရာနဲ့ ကျွန်တော်တို့နှစ်ယောက် ကင်မရာ တစ်ယောက်တစ်လုံးစီနဲ့ အိမ်အပေါ်ထပ်
တစ်နေရာဆီမှာ ဓာတ်ပုံတွေရိုက်ဖို့ အဆင်သင့် စောင့်နေကြပါတယ်။ ဆရာကတော့
ကာလာဆလိုက်ဖလင်နဲ့။ ကျွန်တော်ကတော့ အဖြူအမည်း ဖလင်။ ဆရာနဲ့ အတူရှိနေတဲ့
သူ့တပည့်ကတော့ ဆရာ့ရှေ့ကနေ ဓာတ်ပုံရိုက်တဲ့အခါ ဆရာကို လှမ်းမမြင်ရအောင်
သူ့ခန္ဓာကိုယ်နဲ့ ကွယ်ပေးဖို့ အဆင်သင့်ရှိနေပါတယ်။
ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူလူထုနဲ့ ရဟန်းသံဃာတော်တွေက
ဒေါ့ဂျစ်ကားနဲ့ တဖြည်းဖြည်း သယ်ဆောင်လာကြပါတယ်။ ကျွန်တော်လည်း ကျွန်တော့်
မြင်ကွင်းထဲဝင်လာတဲ့ ပုံရိပ်တွေကို ရသလောက် ရိုက်ယူခဲ့ပါတယ်။ ကျွန်တော့် ရှေ့ဘက်မှာတော့
သစ်ပင်တစ်ပင်က ခံနေတာမို့ တစ်ခါတစ်ခါမြင်ကွင်းပြတ်သားမှုကို ချိန်ရိုက်လို့မရဘဲ
အခက်အခဲတွေ့ခဲ့ရပါတယ်။
ဓာတ်ပုံရိုက်နေကြတုန်းမှာပဲ ဦးသန့်စျာပန ပို့ဆောင်ကြတဲ့ ကျောင်းသားတချို့က "တိုက်ပေါ်က
လူတွေ အောက်ကို ဆင်းကြ၊ အိမ်ပေါ် ကလူတွေ အောက်ကိုဆင်းကြ" လို့ အောက်က
အော်နေကြတာကို ကြားလိုက်ရတယ်။ ဂါရဝပြုတဲ့သူတွေအနေနဲ့ အပေါ်စီးကနေဆိုတော့
မသင့်တော်ဘူး။ အောက်ဆင်းပြီး ဂါ၀ရပြုတာက ဦးသန့် လိုပုဂ္ဂိုလ်မျိုးကို လေးစားရာ ပိုရောက် တယ်ဆိုတဲ့ စေတနာနဲ့ အော်ဟစ်သတိပေးခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ မစဉ်းစားမိ။
ကျွန်တော်တို့ ဓာတ်ပုံရိုက်နေတာတွေ့သွားလို့ အော်ကြတာပဲ ထင်ပြီး အတော့်ကို ထိတ်လန့်သွား
ကြပါတယ်။ ဘာလုပ်ရမှန်း မသိအောင်ကို ထူပူသွားပါတယ်။ တွေ့သွားလို့ကတော့ ပြီးပြီ။
ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်။ အမှန်အတိုင်းပြောပြတာကိုလည်း လက်ခံလိမ့်မယ်မထင်။

နောက်စက္ကန့် အနည်းငယ်ကြာမှ ဘေးတိုက်အပေါ်ထပ်က ကြည့်နေကြတဲ့ လူတွေကို
အောက်ဆင်းကြဖို့ အော်ဟစ်နေကြတာဖြစ်ကြောင်း သိရပါတယ်။ ကျွန်တော်တို့လည်း
နောက်ထပ် ဓာတ်ပုံနည်းနည်းပဲ ဆက်ရိုက်ပြီး ရပ်လိုက်ကြပါတော့တယ်။
ဓာတ်ပုံဆက်ရိုက်လို့ မရတော့ ကင်မရာကို ထားခဲ့ပြီး ကျောင်းသားသမဂ္ဂဟောင်းနေရာကို ကြည့်ဖို့
ထွက်လာခဲ့ပါတယ်။ ဦးသန့်ရဲ့ ရုပ်ကလာပ်ကို ကျောင်းသားသမဂ္ဂဟောင်းနေရာမှာပဲ
ဂူသွင်းသင်္ဂြိုဟ်ဖို့ ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူလူထုနဲ့ ရဟန်းသံဃာတော်တွေက
သဘောတူဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။
ကျွန်တော်လည်း လူအုပ်ကြီးကြားမှာ ရောနှောပြီး နောက်ဆက်တွဲမြင်ကွင်းတွေကို အမြင်အာရုံနဲ့ပဲ
သိမ်းဆည်းထားခဲ့ ရပါတော့တယ်။
နောက်တစ်ရက်မှာတော့ အာဏာပိုင် အစိုးရက တက္ကသိုလ်ကျောင်းဝင်းထဲကို ၀င်ရောက်ပြီး
တွေ့တဲ့လူတွေမှန်သမျှကို ဖမ်းဆီး တော့မယ်ဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီ သတင်းကြောင့်
ပြန်တဲ့လူတွေလည်း ပြန်ကြပေမယ့် မပြန်ဘဲဆက်နေကြတဲ့ လူတွေလည်း ကျောင်းထဲမှာ
ကျန်ရှိခဲ့ပါတယ်။ ကျောင်းထဲမှာ ဆက်နေပြီး တိုက်ပေါ်ကနေ ဓာတ်ပုံတွေ ရသလောက်
ဆက်ရိုက်ချင်သေးပေမယ့် ဆရာနဲ့ ဆရာမတို့က သူတို့အိမ်မှာ ရှိနေကြတဲ့ ကျောင်းသား
မိတ်ဆွေတွေကို ၀င်ဖမ်းတော့မယ်ဆိုတဲ့ သတင်းရလို့ အတင်းပြန်ခိုင်းပါတယ်။ ကျွန်တော့်ကိုလည်း
"မင်းမပြန်ရင် အိမ်ပေါ်က ကန်ချမယ်" ပြောလို့ ကျွန်တော်လည်း အိမ်ပြန်ခဲ့ရပါတယ်။
အဲဒီအတွက် ဆရာနဲ့ ဆရာမတို့ကို ကနေ့ အထိ ကျွန်တော်ကျေးဇူးတင်နေရပါတယ်။
သူတို့ကျေးဇူးကြောင့် ကျွန်တော် အင်းစိန်ထောင်နဲ့ ဝေးခဲ့ရတာပါ။
ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မနက် ၂ နာရီ ၀န်းကျင်မှာ အာဏာပိုင်အစိုးရက ရန်ကုန်တက္ကသိုလ်
ကျောင်းဝင်းထဲကို အင်နဲ့အားနဲ့ ၀င်ရောက်စီးနင်းပြီး တွေ့ရှိသမျှလူတွေကို ဖမ်းဆီးခဲ့တဲ့သတင်းကို
ကြားသိရပါတယ်။

လွန်ခဲ့တဲ့ လေးငါးနှစ်ကမှ ကျွန်တော်ရိုက် ခဲ့တဲ့ (၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ) ဦးသန့်ဈာပန
အဖြူအမည်းဓာတ်ပုံအချို့ကို ပြန်လည်တွေ့ရှိတယ်ဆိုတာကို မိတ်ဆွေသူငယ်ချင်း
တစ်ယောက်ဆီက ကြားသိရပါတယ်။
ကျွန်တော်အတော် ၀မ်းသာသွားပါတယ်။ စိတ်မကောင်းဖြစ်မိတာကတော့ ကျွန်တော့်ဆရာ
ရိုက်ခဲ့တဲ့ ကာလာ ဆလိုက်ဓာတ်ပုံတွေ ပျက်စီးသွားတယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဆရာရိုက်ခဲ့တဲ့
အထဲက တကယ့် ရှားရှားပါးပါး ဓာတ်ပုံ ၁၁ ပုံကို ပြန်တွေ့ရပါတယ်။ အဲဒီဓာတ်ပုံတွေကတော့
ဒီဇင်ဘာ ၁၁ ရက်နေ့၊ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျောင်းသားတွေ၊ ရဟန်းသံဃာတော်
တွေနဲ့ ပြည်သူလူထုတွေကို ရဲတွေက ဖမ်းဆီးခေါ် ဆောင်သွားနေတဲ့ ဓာတ်ပုံတွေပါပဲ။
ဓာတ်ပုံအတော်များများကတော့ ဓာတ်ပုံ အရည်အသွေး၊ အလင်းအမှောင်၊ ကြည်လင် ပြတ်သားမှု၊
ဓာတ်ပုံဖွဲ့စည်းမှုတွေ မကောင်းလှပါဘူး။ ဒါပေမဲ့ အခက်အခဲတော်တော်များများကြားက
စွန့်စွန့်စားစားကြိုးစားပြီး မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်အောင် ရိုက်ခဲ့ရတဲ့ မှတ်တမ်းဓာတ်ပုံတွေ
ဖြစ်ပါတယ်။
အမှန်အတိုင်း ၀န်ခံရရင် "ဓာတ်ပုံတွေက ကောင်းလှတယ် မဟုတ်ပေမယ့် ဒါလေးပဲ
ကျွန်တော့်မှာရှိပါတယ်။"

















