ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၄)

ဥပဒေကြမ်းတွေကို ဘယ်သူတွေက ဘယ်လိုရေးဆွဲကြမလဲ (၄)

"၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရာမှာ ရှေ့နေချုပ်ရုံးကိုလည်း ဗဟိုဥပဒေရုံးအဖြစ် ၁၉၇၃ ခုနှစ်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တယ် မဟုတ်လား ဆရာ"

"၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို
အကောင်အထည်ဖော်ဖို့အတွက် အစိုးရဌာနတွေကို ပြင်ဆင်ဖွဲ့စည်းရာမှာ ရှေ့နေချုပ်ရုံးကိုလည်း
ဗဟိုဥပဒေရုံးအဖြစ် ၁၉၇၃ ခုနှစ်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့တယ် မဟုတ်လား ဆရာ"

"ဟုတ်တယ်။ လွတ်လပ်ရေး မရခင်က ဥပဒေကြမ်းတွေ ရေးဆွဲပေးဖို့ အဓိကတာဝန်ရှိတဲ့
ဌာနအဖြစ် 'Crown Office' ဆိုတာကို ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်မှာ အဲဒီဌာနကို အစိုးရ
ရှေ့နေချုပ်အောက် သွတ်သွင်းပြီး အစိုးရ ရှေ့နေ့ချုပ်ရုံးကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ပြောခဲ့ပြီးပြီ။
လွတ်လပ်ရေးရပြီးနောက်ပိုင်း တရားရေးဝန်ကြီးဌာနမှာ 'မြန်မာဘာသာပြန် ဥပဒေဝေါဟာရ
အကြံပေးကော်မတီ' ဆိုပြီး ဖွဲ့တယ်၊ နောက် အဲဒီကော်မတီကို ဖျက်သိမ်းပြီး 'ဥပဒေစိစစ်ရေး
ကော်မတီ'ဆိုပြီး ဖွဲ့ပြန်တယ်၊ နောက် အဲဒီကော်မတီကိုလည်း ဖျက်သိမ်းပြီး 'ဥပဒေပြင်ဆင်ရေး
ကော်မတီ' ဆိုတာ ကို ဖွဲ့ပြန်တယ်၊ အဲဒီကော်မတီကိုလည်း ဖျက်သိမ်းပြန်ပြီး
'ဥပဒေဘာသာပြန်နှင့် ဥပဒေ ပြင်ဆင်ရေးကော်မတီ' ကို ဖွဲ့ပြန်တယ်၊ ဒီကော်မတီတွေရဲ့
အဓိကတာဝန်ကတော့ အင်္ဂလိပ်ဘာသာနဲ့ ရှိတဲ့ဥပဒေတွေကို ဘာသာပြန်ဆိုဖို့နဲ့ လိုအပ်ရင်
ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်းတွေ ရေးဆွဲတင်ပြဖို့ပဲ"

"ဟုတ်ကဲ့ပါဆရာ"

"အဲဒီကော်မတီတွေရဲ့ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ပေးဖို့ အဲဒီတုန်းက တရားရေး ၀န်ကြီးဌာနမှာ
'ဥပဒေဘာသာပြန်နှင့် ဥပဒေ ပြင်ဆင်ရေးဆွဲရေးဌာနခွဲ' ဆိုပြီး ဖွဲ့စည်းထားတယ်၊ ၁၉၆၅ ခုနှစ်
ကျတော့ အဲဒီဌာနခွဲကို ရှေ့နေချုပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်ကို သီးခြားဘတ်ဂျက်နဲ့
လွှဲပြောင်းခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ ရှေ့နေချုပ်ရုံးကို ဗဟိုဥပဒေရုံးအဖြစ် ပြင်ဆင်ဖွဲ့စည်းတဲ့အခါကျတော့
ဗဟိုဥပဒေရုံးထဲကို သွတ်သွင်းဖွဲ့စည်းလိုက်တယ်။ ဆိုလိုတာက ၁၉၃၅ ခုနှစ် "The Government
of Burma Act" နဲ့ '၁၉၄၈ ခုနှစ်၊ နိုင်ငံတော်ရှေ့နေ ချုပ် အက်ဥပဒေ' တွေမှာ ရှေ့နေချုပ်ရုံးရဲ့
တာဝန်အဖြစ် ဥပဒေရေးဆွဲခြင်းလုပ်ငန်း မပါ၀င်ခဲ့ပေမယ့် အခုပြောခဲ့တဲ့ ရုံးနဲ့ဌာနတွေကို
ခေတ်အခါအလျောက် ရှေ့နေချုပ်ရုံး အောက်ကို သွတ်သွင်းလိုက်တော့ အဲဒီဌာနတွေရဲ့ အဓိက
တာဝန်ဖြစ်တဲ့ ဥပဒေရေးဆွဲရေး တာဝန်ဟာလည်း ရှေ့နေချုပ်ရဲ့ တာဝန် တစ်ရပ် ဖြစ်လာခဲ့တာပေါ့"

"၁၉၇၄ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ 'ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥပဒေ' မှာတော့ ပြည်သူ့ ဥပဒေ
အကျိုးဆောင်အဖွဲ့နဲ့ ဗဟိုဥပဒေရုံးတို့ရဲ့ တာဝန်တွေထဲမှာ ဥပဒေရေးဆွဲရေးတာဝန် မပါဘူး
မဟုတ်လား ဆရာ"

"အဲဒါကတော့ မှန်တယ်၊ ဒါပေမဲ့ စနစ်သစ် အုပ်ချုပ်ရေးအရ ရှေ့နေချုပ်ရုံးကို ဗဟိုဥပဒေရုံးအဖြစ်
ပြင်ဆင်ဖွဲ့စည်းခဲ့ရာမှာရော ၁၉၈၂ ခုနှစ်မှာ နိုင်ငံတော်ကောင်စီရဲ့ အတည်ပြုချက်နဲ့ ပြည်သူ့ဥပဒေ
အကျိုးဆောင်အဖွဲ့ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့ရာမှာရော ဗဟိုဥပဒေရုံးရဲ့
တာဝန် တစ်ရပ်အဖြစ် ဥပဒေရေးဆွဲခြင်း၊ ဥပဒေကြမ်းများကို စိစစ်အကြံဉာဏ်ပေးခြင်းနဲ့
ဥပဒေဘာသာပြန်ဆိုခြင်းဆိုပြီး ပါရှိခဲ့တယ်။ ၁၉၈၂ ခုနှစ်မှာ နိုင်ငံတော်ကောင်စီက အတည်ပြုခဲ့တဲ့
ဗဟိုဥပဒေရုံးဖွဲ့စည်းပုံမှာဆိုရင် အဲဒီ တာဝန်တွေကို ဆောင်ရွက်ဖို့ ဗဟိုဥပဒေရုံးရဲ့ ဌာန ၂၊
ဌာနခွဲ (၅) အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့တယ်"

"အခုထိ ဆရာပြောခဲ့တာတွေကိုကြည့်ရင် ရှေ့နေချုပ်ဥပဒေတွေနဲ့ ပြည်သူ့ဥပဒေ
အကျိုးဆောင်အဖွဲ့ ဥပဒေတွေမှာ ရှေ့နေချုပ်နဲ့ ဗဟိုဥပဒေရုံးရဲ့ တာဝန်အဖြစ် ဥပဒေရေးဆွဲခြင်း
လုပ်ငန်း မပါ၀င်ခဲ့ပေမယ့် ရှေ့နေချုပ်ရုံးရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ဒီလုပ်ငန်းကို ရှေ့နေချုပ်ရုံးနဲ့
ဗဟိုဥပဒေရုံးတွေက လုပ်ခဲ့ တယ်ဆိုတာကို သိခဲ့ရပါပြီ။ ဒါပေမဲ့ ဟိုအရင် တစ်ပတ်က
ဆရာပေးလိုက်တဲ့ စာတမ်းမှာ ဒီလုပ်ငန်းရဲ့သမိုင်းကြောင်းကို ဖတ်ကြည့်လိုက်တော့
ဥပဒေရေးဆွဲပေးဖို့ ရှေ့နေချုပ်ရုံး (ဗဟိုဥပဒေရုံး) မှာ တာဝန်မရှိတဲ့ သဘော၊ ဥပဒေကြမ်းတွေကို
စိစစ်ပြင်ဆင်ပေးဖို့သာ တာဝန်ရှိတဲ့သဘောမျိုးကို တွေ့ရပါတယ် ဆရာ၊ အဲဒါက
ဘယ်လိုကြောင့်ပါလဲ ဆရာ"

"အခုလို မင်းမေးတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစာတမ်းရေးခဲ့ရတဲ့၊
အဲဒီစာတမ်းဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းရင်းကို မသိရင် အဲဒီစာတမ်းက နိုင်ငံတော် ကောင်စီရုံး၊
ပြည်သူ့ဥပဒေ အကျိုးဆောင် အဖွဲ့ရုံးနဲ့ ဗဟိုဥပဒေရုံးအတွင်းမှာသာ ဖြန့်ဝေခဲ့လို့ စောင်ရေ ၂၅၊
၃၀ လောက်သာ ရှိခဲ့ပေမယ့် အဲဒီစာတမ်းကို အကြောင်းတိုက်ဆိုင်လို့ ဖတ်မိတဲ့သူအနေနဲ့
အခုမင်းပြောသလိုမျိုး မရှင်းမလင်းဖြစ်နိုင်တယ်။ ဒီအကြောင်းကို သိတဲ့သူကလည်း
သုံးဦးပဲ ရှိတယ်။ အဲဒီတုန်းက ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ရဲ့ ညွှန်ကြားချက်အရ
စာတမ်းတစ်စောင် ပြုစုရေးသားဖို့ ဗဟိုဥပဒေရုံး ညွှန်ချုပ်က ငါ့ကိုခေါ်တွေ့ပြီး တာဝန်ပေးတယ်။

"စာတမ်းရဲ့ အကြောင်းအရာ ခေါင်းစဉ်ကိုတော့ မပြောဘူး၊ စာတမ်းရေးလို့ပြီးမှ စာတမ်းကို
ခေါင်းစဉ်ပေးခဲ့ရတာ၊ စာတမ်းရေးရမယ့် အကြောင်းအရာက 'ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့နဲ့
ဗဟိုဥပဒေရုံးတို့မှာ ဥပဒေကြမ်း ရေးဆွဲပေးဖို့ တာဝန်မရှိကြောင်း'တဲ့ကွာ' "ဆရာပြုစုထားတဲ့
ဥပဒေရေးဆွဲရေး သမိုင်းကြောင်းအရဆိုရင် အတော်ခွကျတဲ့ လမ်းညွှန်ချက်ပေါ့ဆရာ၊ ဆရာလည်း
တော်တော် ပင်ပန်းခဲ့မှာပဲ၊ အတွေ့အကြံုလေးတွေ ကို ပြောပြပါဦးဆရာ"

"အဲဒီစာတမ်းကို မရေးခင်က အဲဒီအကြောင်းအရာကို ငါကလည်း ဘာမှသိထားတာ မရှိဘူးကွ၊
လိုက်ရင်းလိုက်ရင်းနဲ့ ပင်လယ်ကမ်းစပ်က ပင်လယ်ထဲ ဆင်းသွားသလို တဖြည်းဖြည်း
နက်သွားတာ၊ ကိုယ့် ရုံးစာကြည့်တိုက်မှာလည်း ရှေးဟောင်းမှတ်တမ်းတွေ မရှိတော့ တခြားဌာန
စာကြည့်တိုက်တွေကို လိုက်ရတာ၊ အဲဒီတုန်းက ဓာတ်ပုံ၊ မိတ္တူ ကူးစက်တွေလည်း ဒို့နိုင်ငံမှာ
ခေတ်မစားသေးတော့ ကူးရမယ့် စာရွက်စာတမ်းတွေ့ရင် လက်ရေးနဲ့ပဲ ကူးရတာ၊ စာတမ်းရေးဖို့
အချက်အလက် အထောက်အထား ထိုက်သင့်သလောက် ရပြီဆိုတော့ စာတမ်းကို စရေးကြည့်
တာပေါ့။ အဲဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ ဥပဒေရေးဆွဲရေးသမိုင်းက ရှေ့နေ ချုပ်ရုံးရဲ့ သမိုင်းနဲ့
ခွဲလို့မရဘူးဖြစ်နေတယ်၊ ရှေးစာစကားနဲ့ ပြောရမယ်ဆိုရင်တော့ ရှေ့နေချုပ်ရုံးနဲ့ ဥပဒေရေးဆွဲရေး
တာဝန်က 'ပူးတုံ၊ ခွာတုံ' ဖြစ်နေတာပေါ့ကွာ၊ ဒီတော့ ရှေ့နေချုပ်ရုံးရဲ့ သမိုင်းဖြစ်စဉ်အတွက်
ထပ်လိုက်ရပြန်ရော၊ ဒါနဲ့ အချိန်က ကြာသွားပြန်လို့ နောက်ဆုံးမှာတော့ ဘယ်နေ့နောက်ဆုံး
စာတမ်းတင်ရမယ်ဆိုပြီး ရက်ကန့်သတ်ပေးခဲ့တယ် ဆိုပါတော့ကွာ"

"အဲဒီတော့ ဆရာတင်တဲ့ စာတမ်းက အတည်ဖြစ်သွားရောလားဆရာ၊ အစည်းအဝေးလုပ်ပြီး
ဆွေးနွေးတာ၊ ပြင်ဆင်တာမျိုး မရှိဘူးလား ဆရာ"

"အဲဒီလိုတော့ မရှိဘူးကွ၊ အချိန်ကန့်သတ်ချက်ကြောင့်ဖြစ်မယ်၊ နှစ်ရက်သုံးရက်လောက်ပဲ
ကြာတယ်၊ စာတမ်းကို အချောရိုက်ဖို့ ခွင့်ပြုမိန့် ကျလာတော့ အဲဒီတုန်းက ဖယောင်းစက္ကူပေါ်မှာ
လက်နှိပ်စက်နဲ့ရိုက် စာကူးစက်နဲ့ မိတ္တူပွားပြီး စာအုပ်ချုပ်ရတဲ့ ခေတ်ကိုကွ၊ အဲဒီလိုလုပ်ရတော့
၀န်ထမ်းဘဝမှာ အမှတ်တရဖြစ်စရာလေး တစ်ခုကိုလည်း ခုထိသတိရတုန်းပဲကွ"

"ပြောပါဦးဆရာ"

"စာအုပ်တွေ ချုပ်ပြီးတဲ့ အခါကျတော့ အနှောင့်မှာကပ်ဖို့ တိပ်ခွေလိုတာကြောင့် ထောက်ပံ့ဌာနမှာ
သွားထုတ်ခိုင်းတော့ မရှိဘူး အပြင်မှာဝယ်ပါလို့ ပြောသတဲ့ကွာ၊ အဲဒါနဲ့ ကိုယ့်ပိုက်ဆံထုတ်ပြီး
၀ယ်ရတာပေါ့၊ ကျပ် ၃၀၀ လောက်ကျတယ်ကွ၊ ကိစ္စပြီးလို့ အဲဒီငွေကို ပြန်ထုတ်ပေးဖို့
စီမံ/ထောက်ပံ့ဌာနမှာ ဘီလ်နဲ့တင်တော့၊ ဖြေရှင်း ပါဆိုပြီး ညွှန်မှူး (စီမံ) ရဲ့ မှတ်ချက်နဲ့ အမှုတွဲ
ရောက်လာတယ်"

"ဘာကြောင့်ပါလဲဆရာ"

"အဲဒီတုန်းက အပြင်မှာ ရုံးသုံးပစ္စည်းဝယ်ရင် ညွှန်မှူး (စီမံ) ရဲ့ ကြိုတင်ခွင့်ပြုမိန့်ရပြီးမှ
၀ယ်ရတာကိုးကွ၊ မင်းတို့လည်းမှတ်မိမှာပါ။ ငါ့ကိစ္စကလည်း အရေးကြီးနေတော့ အဲဒီလို
လျှောက်လွှာတင်ပြီး အမိန့်တောင်းနေဖို့ကလည်း အချိန်မရလို့ လုပ်လိုက်ရတာကိုးကွ။
မသိလို့တော့ မဟုတ်ဘူး၊ အဲဒီတော့ ဥက္ကဋ္ဌကြီးက လမ်းညွှန်လို့ ညွှန်ချုပ်က တာဝန်ပေးထားတဲ့
ကိစ္စပါ၊ ကြိုတင်ခွင့်ပြုမိန့်တောင်းဖို့ အချိန် မရလိုပါ။ ဘာညာဆိုပြီး လုပ်ရတော့တာပေါ့ကွာ၊
ပိုက်ဆံ ၃၀၀ တော့ ပြန်ရပါတယ်။ နောင် ထောက်ပံ့ဒုညွှန်မှူးနဲ့ တွေ့တော့၊ 'ဖြေရှင်းချက် ရေးရတာ
အတော်လေးတော့ ကသိကအောက် ဖြစ်သွားမှာပေါ့' ဆိုပြီး ပြက်ရယ်ပြုတာကို ခံခဲ့ရသေး
တယ်ကွာ"

"ဆရာကရော ဘာမှပြန် မပြောခဲ့ဘူးလား"

" 'အေးဗျာ၊ အထက်လူကြီးတွေက အမြန် လိုနေလို့ လုပ်လိုက်ရတာဆိုတော့ ခင်ဗျားရဲ့
သောက်ကျင့်ကို မေ့သွာတယ်ဗျာ' လို့တော့ ပြောခဲ့သေးတယ်ကွ၊ အစိုးရဌာနတွေမှာ ဒီလို
ညစ်ကျယ်ကျယ်လုပ်တတ်တဲ့ လူတွေကလည်း ရှိတတ်တာပဲလေ၊ ကိုယ်ကလည်းဌာနရဲ့
စည်းကမ်းကို ဖောက်ဖျက်တဲ့သဘော ဖြစ်နေတော့ အလျှော့ပေးခဲ့ရတာပေါ့ကွာ"

"ဟုတ်ပါပြီဆရာ၊ ဆရာက အဲဒီလို စာတမ်း ရေးထားပေမယ်လို့ ၁၉၈၈ ခုနှစ်မှာ 'နဝတ' က
ပြဋ္ဌာန်းခဲ့တဲ့ ရှေ့နေချုပ်ဥပဒေမှာတော့ ရှေ့နေချုပ်၏ တာဝန်တစ်ရပ်အဖြစ် 'ဥပဒေများ စိစစ်ခြင်း၊
ရေးဆွဲခြင်း၊ ဘာသာပြန်ဆိုခြင်း၊ ခေတ်နှင့်လျော်ညီစေရန် ပြင်ဆင်ခြင်း' ဆိုပြီးပါတယ်
မဟုတ်လားဆရာ"

"အဲဒီကိစ္စကို သိတဲ့လူကလည်း အဲဒီတုန်းက ညွှန်ချုပ်ကြီးနဲ့ ငါနဲ့ နှစ်ယောက်ပဲရှိတယ်၊ ဒီလိုကွ၊
အဲဒီအချိန်တုန်းက လူထုအုံကြွမှုကြီး ပြီးခါနီးပေမယ့် သေနတ်သံတွေ မစဲသေးတဲ့ အချိန်၊ ငါက
၁၉ လမ်းမှာရှိတော့ တစ်နေ့မှာ ညွှန်ချုပ်ကြီးက စစ်ရုံးကနေ ငါ့ဆီကို ဖုန်းဆက်တယ်၊
ပန်းဆိုးတန်းမှာရှိတဲ့ ဗဟိုဥပဒေရုံးကို နေ့စဉ်ရုံးလာတက်လို့ရမလားတဲ့၊ ငါကလည်း
'သေနတ်သံတွေတော့ ကြားနေရတုန်းပဲ ဆရာ၊ လမ်းလေးလမ်းရှိတော့ သေနတ်သံ မကြားရတဲ့
လမ်းက လှည့်ပတ်လာရင် ဖြစ်ပါတယ်လို့ ပြန်ပြောရတာပေါ့။ ဒီတော့နေ့စဉ်ရုံးတက်ပြီး သူ့ရုံးခန်းမှာ
ထိုင်ပေးဖို့၊ သူစစ်ရုံးမှာနေ့စဉ် အလုပ်လုပ်နေပေမယ့် ကြည့်ရှုကိုးကားစရာ ဘာစာအုပ်မှ
မရှိတဲ့အတွက် တယ်လီဖုန်းနဲ့ သူမေးတဲ့အခါ စာအုပ်ကိုဖတ်ပြီး ဖြေပေးပါ။ ရုံးလုံခြံုရေးမှူးကိုလည်း
သူ့ရုံးခန်းကို ဖွင့်ပေးဖို့ ပြောထားပြီးပြီလို့ ပြောတယ်။ အဲဒီတုန်းက ညွှန်ချုပ်ကြီးက 'နဝတ'
အစိုးရအတွက် လိုအပ်တဲ့ ဥပဒေတွေကို သူကိုယ်တိုင် ရေးဆွဲပေးနေရတာကိုး၊ တစ်နေ့မှာတော့
အဲဒီတုန်းက အလံပြဘုရားလမ်းမှာ အခုဟိုတယ်ဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရုံးကို
လာလို့ရမလား ဆိုပြီးမေးတော့ ရပါတယ်၊ လာခဲ့ပါမယ်ဆိုပြီး ပန်းဆိုးတန်းကနေ အဲဒီစစ်ရုံးကို
သွားရတာပေါ့၊ သေနတ်သံတွေလည်း တစ်ခါတစ်ရံ ကြားနေရတုန်း၊ လမ်းတွေကိုလည်း
သစ်တုံးကြီးတွေနဲ့ ပိတ်ထားတုန်းပေါ့။ အဲဒီမှာ ညွှန်ချုပ်ကြီးက သူရေးဆွဲထားတဲ့ ဥပဒေကြမ်း
သုံး လေးခုလောက်ကိုပြပြီး လိုတာရှိရင် ဆွေးနွေးဖို့၊ အားမနာဖို့ ပြောတယ်"

"ကျွန်တော်တို့ရုံးမှာဆိုရင် အနည်းဆုံး အရာရှိ လေးငါးဦးလောက် အစည်းအဝေး ထိုင်ပြီး
ဥပဒေကြမ်းတွေကို စိစစ်ကြရတာ၊ အခုတော့ ဆရာတို့နှစ်ယောက်တည်း ဖြစ်နေတာပေါ့"

"တရားရေးဘက်ကလည်း သုံးယောက်ပါ သေးတယ်ကွ၊ ဒို့ညွှန်ချုပ်ကြီးက ကနဦး ဥပဒေကြမ်း
တွေကို ရေးဆွဲပြီး နောက်မှ အဲဒီအဖွဲ့မှာ ထပ်ဆွေးနွေးကြရတာ၊ အဲဒီနေ့က အဲဒီအဖွဲ့ က
ဥပဒေကြမ်း သုံးလေးခုလောက် စိစစ်ကြရာမှာ ငါလည်းပါသွားတာပေါ့။ အဲဒီအဖွဲ့မှာ မဆွေးနွေးမီ
ညွှန်ချုပ်ကြီးက သူရေးဆွဲထားတဲ့ ဥပဒေကြမ်းတွေကို ငါ့ကိုပြတာ၊ အဲဒီမှာ ရှေ့နေချုပ်ဥပဒေကြမ်း
ကို ဖတ်ကြည့်တဲ့အခါ ရှေ့နေချုပ်ရဲ့ တာဝန်တွေထဲမှာ အခုန မင်းပြောတဲ့ ဥပဒေရေးဆွဲရေး
တာဝန်ဆိုတာ မပါဘူး"

"အဲဒီမှာ ထည့်ဖြစ်သွားတာလား ဆရာ"

"ဟုတ်တယ်၊ အဲဒီတော့ ငါကဆရာ့ကို တင်ပြတယ်၊ 'ဆရာ ဒီကိစ္စကို ရှင်းလိုက်မှ ကောင်းမယ်၊
ဆရာခိုင်းလို့ ကျွန်တော်ရေးခဲ့တဲ့ စာတမ်းမှာလည်း ဒီလုပ်ငန်းကို တစ်သက်လုံး ရှေ့နေချုပ်ရုံးကပဲ
လုပ်ခဲ့ရတဲ့သဘောဆို တော့ ဒီကိစ္စပြတ်သွားအောင် အခုဥပဒေမှာ ထည့်လိုက်ရင်
မကောင်းဘူးလား၊ ကျွန်တော်တို့ ရုံးမှာလည်း အဲဒီတာဝန်အတွက် ဌာနခွဲ တစ်ခုတောင်
သတ်သတ်ရှိနေတာ ဆိုတော့' စသဖြင့်ပေါ့ကွာ၊ အဲဒီလို ငါတင်ပြတော့ ညွှန်ချုပ်ကြီးက
သဘောတူပြီး ထည့်လိုက်လို့ ပြောတဲ့အတွက် ရှေ့နေချုပ်ရဲ့ တာဝန်တွေထဲမှာ ဥပဒေရေးဆွဲရေးနဲ့
ဥပဒေဘာသာ ပြန်ရေးဆိုတဲ့ တာဝန်ပါလာတာ၊ မှန် မမှန်၊ ကောင်း မကောင်းတော့ ငါမသိဘူး၊
ဖြစ်စဉ်ကတော့ အဲဒီအတိုင်းပဲ"

"အခုမှ တရားခံပေါ်တော့တာပေါ့ ဆရာ"

"ဟာ ... ခွေးမသား 'ဆွဲချ' သောက်ကျင့်က မပျောက်သေးဘူး၊ 'လက်သည်' ပေါ်ပြီလို့
လုပ်ပါကွာ"

"ဆောရီးဆရာ၊ အခုလို သမိုင်းကြောင်း အမှန်ကို သိရလို့ ကျေးဇူးတင်ပါတယ် ဆရာ။
အစောပိုင်းတုန်းက ဆရာပြောခဲ့တဲ့ ဆာအာသာအဂ္ဂါရဲ့ ဥပဒေရေးဆွဲနည်း မှတ်စုအကြောင်းနဲ့
ဥပဒေရေးဆွဲရေးနဲ့ ပတ်သက်ပြီး ဆရာရဲ့ အတွေ့အကြံုတွေကိုလည်း ဗဟုသုတအဖြစ်
မျှဝေပါဦးဆရာ"

"အခုတစ်ပတ်တော့ စာမျက်နှာ မကျန်တော့ဘူးကွာ၊ နောက်တစ်ပတ်မှပဲ ပြောကြရအောင်"



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021